17 March 2013

မကြာမီ လွှတ်တော်ရုပ်မြင်သံကြား လိုင်းတစ်လိုင်း ထုတ်လွှင့်ရန်ရှိ

ယခုနှစ် နိုဝင်ဘာလမတိုင်မီ လွှတ်တော်ရုပ်မြင်သံကြားလိုင်း တစ်လိုင်း ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားသည်။ လွှတ်တော် ရုပ်မြင်သံကြား ထုတ်ထုတ်လွှင့်မှု အစီအစဉ်အား အခမဲ့ ရုပ်သံလိုင်းအဖြစ် သီးသန့် အစီအစဉ်ဖြင့် ထုတ်လွှင့်ပြသရန် အစီအစဉ်ရှိ၊ မရှိနှင့် ပတ်သက်၍ အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်၏ ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၄ ရက်မြောက်တွင် မေးမြန်းချက်အပေါ် ဒုတိယဝန်ကြီးက ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။ ပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေးက ၂၀၁၃ ခုနှစ် နိုဝင်ဘာလ မတိုင်မီ ထုတ်လွှတ်မည့် ရုပ်မြင်သံကြား လိုင်းသစ်များတွင် လွှတ်တော် ရုပ်မြင်သံကြားလိုင်း တစ်လိုင်းကို ထည့်သွင်းထုတ်လွှင့်သွားမည် ဖြစ်သည်ဟု ပြောသည်။ လွှတ်တော် ကျင်းပပုံများနှင့် ပတ်သက်၍ လက်ရှိအချိန် တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဖက်စပ်ဖြစ်သော Sky Net က လွှတ်တော် Channel တစ်ခုကို ပထမ အကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး စတင်ပြုလုပ်သည့် ၂၀၁၂ ခုနှစ် ဇူလိုင် ၄ ရက်မှ စတင်၍ ၂ နာရီခန့် နောက်ကျသည့် စနစ်ဖြင့် လွှတ်တော် အစီအစဉ် အစအဆုံးအား ထုတ်လွှင့်ပေးလျက် ရှိသည်။ လက်ရှိ ထုတ်လွှင့်နေသော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်စက်ရုံများ အားလုံးမှာ Analogue လွှင့်စက်များဖြင့် တပ်ဆင်ထုတ်လွှင့်နေခြင်း ဖြစ်သဖြင့် Analogue စနစ်မှာ Channel တစ်ခုသာဖြစ်၍ တစ်ပြိုင်တည်း ထုတ်လွှင့် မရကြောင်း၊ MRTV အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ အဆင့်ဆင့် Digital စနစ် ထူထောင်ပြီးပါက ရုပ်မြင်သံကြား Channel လေးလိုင်းခန့်ကို Free to Air (အခမဲ့) တိုးမြှင့်ထုတ်လွှင့် ပေးနိုင်မည်ဖြစ်ကာ ထိုကဲ့သို့ ထုတ်လွှင့်နိုင်ရေး အတွက် Digital လွှင့်စက်အလုံး ၂၀ ကို ဝယ်ယူတပ်ဆင်ရန် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် ထည့်သွင်းလျာထားကြောင်း  News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "