18 February 2013

ပုဂ္ဂလိက သတင်းစာလျှောက်ထားမှု ခုနစ်စောင်ရှိပြီ

ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်အတွက် ယနေ့အထိ လျှောက်ထားမှုက ခုနစ်စောင်ရှိပြီလို့ ပြန်ကြားရေး ဝန်ကြီးဌာန စာပေစိစစ်နှင့် ဗဟိုမှတ်ပုံတင်ဌာနက စုံစမ်းသိရပါတယ်။ ပုဂ္ဂလိက နေ့စဉ်ထုတ် လျှောက်ထားတဲ့ သတင်းစာတွေက အင်ပါယာနေ့စဉ် သတင်းစာ၊ ခေတ်မိုး နေ့စဉ်သတင်းစာ၊ ရွှေနိုင်ငံ နေ့စဉ် သတင်းစာ၊ နေရှင်နယ်တိုင်း(မ်) နေ့စဉ်သတင်းစာ၊ မြန်မာနယူးဝိခ် နေ့စဉ်သတင်းစာ၊ မဇ္ဈိမ(မြန်မာ) နေ့စဉ်သတင်းစာနဲ့ ကမ္ဘာ နေ့စဉ်သတင်းစာတို့ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့် ဗဟိုမှတ်ပုံတင်ဌာန၊ ခေတ္တညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ‘နေ့စဉ်သတင်းစာ လျှောက်တာ လောလောဆယ် ခုနစ်စောင်ရှိပါပြီ၊ စိစစ်နေပါပြီ၊ သတ်မှတ်ပုံစံတွေနဲ့ စာနယ်ဇင်းကျင့်ဝတ်တွေနဲ့ တိုက်ကြည့်ဦးမှာပါ၊ ကျွန်တော်တို့ဆီက ethic (ကျင့်ဝတ်) တွေနဲ့မတူဘူးဆိုရင်လဲ မသွေဖည်ဘူးဆိုရင် ရပါမယ်၊ လုံးဝမပေးတာမျိုး မဟုတ်ပါဘူး၊ ညှိနှိုင်းပေးမှာပါ’ လို့ တယ်လီဖုန်းနဲ့ ပြောပါတယ်။ လွတ်လပ်သော ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့် လျှောက်ထားနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ကြေညာပါတယ်။ ထုတ်ဝေခွင့် လျှောက်လွှာတွေကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားရမယ့် လိပ်စာ၊ လျှောက်လွှာပုံစံစတဲ့ အသေးစိတ်ကို ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတယ်။ ထုတ်ဝေခွင့်ရတဲ့ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေဟာ ၂၀၁၃ ခုနှစ်ဧပြီလ ၁ ရက်နေ့ စတင် ထုတ်ဝေနိုင်မှာဖြစ်တယ်။ အဲသည်နေ့ဟာ လက်ရှိ အစိုးရသက်တမ်း နှစ်နှစ်ပြည့်မယ့်နေ့လို ဆိုပါတယ်။ ပုဂ္ဂလိက နေ့စဉ် သတင်းစာထုတ်ဝေခွင့် ရမယ်ဆိုတဲ့ သတင်းထွက်ပေါ်ခါစက ပြည်တွင်း အပတ်စဉ်ဂျာနယ်ကြီးအချို့ သတင်းစာထုတ်ဖို့ စိုင်းပြင်းပြင်ဆင်နေကြောင်း သတင်းတွေလည်း ကြားသိရပါတယ်။ သည်နေ့အထိ လျှောက်ထားမှုတွေမှာတော့ နာမည်ကြီး အပတ်စဉ်ဂျာနယ်ကြီးအချို့ မပါဝင်သေးတာတွေ့ရကြောင်း မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ "