25 January 2013

၂၀၀၇ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင် ရန်ကုန်စီးပွားရေးတက္ကသိုလ် B.Econ(stat) တတိယနှစ် ပုံမှန်အတန်းမှာ ဆက်လက်ပညာသင်ကြားခွင့် ငြင်းပယ်ခံခဲ့ရ.

ယနေ့ ၂၄.၁.၂၀၁၃ တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကို ရောက်ရှိခဲ့ပါသည်။အကြောင်းမှာ တတိယနှစ် B.Econ(stat) သင်တန်းကို Y.I.E (ရန်ကုန်စီးပွားရေး) တက္ကသိုလ်တွင် ဆက်လက် တက်ရောက်ခွင့်နှင့်ပတ်သက်ပြီး မော်ကွန်းထိန်းအဆင့်(၁) ဦးသန်းစိုးဦး နှင့်သင်တန်းရေးရာ မှ မော်ကွန်းထိန်းဦးတင်အောင်မှ ခေါ်ယူတွေ့ဆုံစကားပြောခဲ့ပါသည်။ 

ထိုသို့တွေ့ဆုံရာတွင် ကျနော့်အား တတိယနှစ်ပုံမှန်အတန်းမှာ ဆက်လက်တက်ရောက်ခွင့်နှင့် ပတ်သတ်ပြီး ငြင်းပယ်ခံခဲ့ရပြီးအဝေးသင် တက္ကသိုလ်သို့ ပြောင်းရန်အတွက် ပညာရေးဝန်ကြီး ဌာန နှင့်အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ ညွန်ကြားချက်စာ အားပေး ခဲ့ပါ သည်။ အဘယ်အတွက်ကြောင့် နေ့သင်တန်း(Day)အား တက်ရောက်ခွင့်မပြုခဲ့ရပါသနည်း ဟု မေးမြန်းကြည့်သော အခါ အကြောင်းပြချက်ကို ဆရာတို့အနေနှင့် မသိပါကြောင်း ယခုညွန်ကြားစာကိုသာ လက်ခံ ရရှိပါကြောင်းနှင့် အဝေးသင်တက္ကသိုလ်တွင် စီးပွားရေးဘာသာရပ်ဖြင့် ဆက်လက်ပညာသင်ကြားခွင့်ပေးထားပါကြောင်း၊ ထိုသို့တက်ရောက်ခွင့်ပြုသောလည်းကျောင်းပြန် လည်အပ်နှံသည့်အခါ မိဘများ ကိုယ်တိုင်လိုက်ပါ အပ်နှံပြီးခံဝန်ကတိလက်မှတ် ရေးထိုးဖို့ လိုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်အဝေးသင်တက္ကသိုလ်သို့ ဆက်လက်ဆက်သွယ်ဆောင်ရွက်ပါရန် အသိပေးလိုပါကြောင်းပြောကြားခဲ့ပါသည်။ ကျွန်တော့်အနေဖြင့်၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကျောင်း သားလှုပ်ရှားမှု ဖြင့် စစ်အစိုးရမှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ်က မပြီးပြတ်သေးသော နေ့သင်တန်းကိုသာ ဆက်လက်တက်ရောက်နိုင်ရေး ထပ်မံကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဝေးသင်တက္ကသိုလ်စီးပွားရေးဘာသာရပ်မှာ ကျွန်တော့်၃နှစ်တိတိကြိုးစားသင်ယူခဲ့ရသော Institute မှပေးမည့် B.Econ(stat) မေဂျာလုံးဝမရှိပါကြောင်းနှင့် သင်ကြားရမည့် ဘာသာရပ်များ သင်ရိုးများ လုံးဝမတူညီသည့်အတွက်ကြောင့် ကျွန်တော့်အနေဖြင့် ၄င်းအဝေးသင်တက္ကသိုလ် ကိုလုံးဝ(လုံးဝ) တက်ရောက်လိမ့်မည်မဟုတ်ဟု ငြင်းပယ်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီးမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးခေတ် ဟု ကြွေးကြော်၍ ပြည်ပ သို့ရောက်ရှိနေသော သူများကိုပင် နာမည်ပျက်စာရင်း(BlackList)မှပယ်ဖျက်ပေးပြီး ပြည်တွင်းသို့ပြန် လည်ဖိတ်ခေါ်ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေး အတွက် ပြုလုပ်
နေသည်ဆိုသော်လည်း ယ္ခုကဲ့သို့ပညာရေးဝန်ကြီးဌာန အပါအဝင်သက်ဆိုင်ရာ အာဏာပိုင်များမှ အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသော တက္ကသိုလ်ကျောင်းသားများ ပညာဆက် လက်သင် ယူနိုင်ရေးအားငြင်းပယ်လိုက်ခြင်းသည် တိုင်းပြည်အတွက် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာထိခိုက်နိုင်ပါသည် ဟု ယူဆမိပါသည်။

ယ္ခု ဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းထောင်အတွင်းမှ လွတ်မြောက်လာသောယုံကြည်ချက်ဖြင့် အကျဉ်းကျခံရသည့် ကျောင်းသား/ကျောင်းသူများစုပေါင်း၍ သက်ဆိုင်ရာကျောင်းများတွင် သင်ကြားနေ ဆဲဘာသာရပ် အတန်းများတွင်ဆက်လက် သင်ကြားခွင့်ရရေးအတွက် လက်တွဲဆောင် ရွက်သွားမည် ဖြစ်ပါသည်။ သက်ဆိုင်ရာသတင်းမီဒီယာများ၊ နိုင်ငံတော်သမ္မ အပါအဝင်အာဏာပိုင်အဖွဲ့ အစည်းများ၊ လွတ်တော်များ၊ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာနေ သူများအားလုံး ထံသို့ ထပ်မံအသိပေးသွားမည်ဖြစ်ပါသည်။ 
 
စည်သူမောင် 3rdyear B.Econ(stats.)Y.I.E 2007.Sep