22 November 2011

ကိုယ်တိုင်ရွေးကောက်ပွဲဝင်ခြင်းသည်ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်သည်ဟုပြောသောစကားကို လက်မခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်တုန်ပြန်ပြော


ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲဝင်ခြင်းသည် ၎င်း၏ ဂုဏ်သိက္ခာကိုထိခိုက်စေနိုင် သည်ဟု ပြောသောစကားကို လက်မခံနိုင်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပသော လူငယ်ရေးရာ တာဝန် ခံဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ်/တိုင်း လူငယ်အကူ အညီပေးရေး အဖွဲ့များအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့သည်။

“သိက္ခာဆိုတာ ကျမပြောခဲ့ဖူးပါတယ်။ တစ်ချို့ကပြောတယ် ရွေးကောက်ပွဲမှာကျွန်မဝင်ခဲ့လို့ရှိရင် ကျွန်မရဲ့ ဂုဏ်သိက္ခာများထိမလားပေါ့။ ဒီလိုမျိုးစဉ်းစားတာကိုပြောတာမဟုတ်ဘူး။ အဲဒါမျိုးက ကိုယ့်ရဲ့အကျိုးကို လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးလမ်းစဉ်ထက် ပိုပြီးတော့ အလေးထားရာရောက်ပါတယ်။ အဲလိုသိက္ခာမျိုးဆိုတာ တကယ်တော့ အမှန်ပြောရရင် အင်မတန်မှ တစ်ကိုယ်ကောင်းဆန်တဲ့ သိက္ခာမျိုးပါ။ ကလေးစကားနဲ့ပြောရရင် ငါအကောင်ကြီးဖြစ်ရေးပေါ့နော်။ အဲလိုဟာမျိုးဟာ မရှိသင့်တဲ့စိတ်ဓာတ်မျိုးပါ ” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လူ့ဘဝ၏အရေးကြီးဆုံးကိစ္စမှာ မွေးလာကတည်းကကိုယ့်တာဝန်ကိုယ်ကျေဖို့ပင် ဖြစ်ကြောင်း ဂုဏ်သိက္ခာဆိုသည်မှာ တာဝန်ကျေခြင်းပင်ဖြစ်ကြောင်း ကိုယ်ထင်ပေါ်ကျော်ကြားမှုအတွက် ကိုယ်ပေါ်ပြူလာဖြစ်ဖို့အတွက် ဆိုသောစိတ်များကို ငယ်ငယ်ကတည်း ကဖျောက်ထား ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသွားသည်။


“ နိုင်ငံရေးလုပ်တယ်ဆိုတာ ကိုယ် တစ်ယောက် နာမည်ရရေးအတွက် လုပ်တာမဟုတ် ပါဘူးဆိုတာကို ခေါင်းထဲမှာသေသေချာချာထားစေချင်တယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လစ်လပ်နေရာအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်စေလိုကြောင်း လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်တိုင် ဝင်၊ မဝင် ဆိုသည်ကို ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း သိရသည်။

“ရွေးကောက်ပွဲကို ကိုယ်တိုင် ဝင်၊ မဝင်ဆိုတာ အခုမပြောသေးဘူးဆုံးဖြတ်ပြီးမှ ပြောမယ် ” ဟု နိုင်ငံခြားသတင်းထောက်တစ်ဦး၏အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အားတရားဝင် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းနှင့် နောင်လာမည့် ရွေးကောက်ပွဲများ
တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပသော ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှ ကန့်ကွက်သူမရှိပဲ ညီညွတ်စွာဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။


သတင်းများ ပြန်လည်မျှဝေပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။
ဓာတ်ပုံ..AP