20 October 2011

နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်အောင် ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု

(AFP သတင်းမှ 19 Oct 2011 ရက်စွဲပါ “ Suu Kyi vows fight to free Myanmar dissidents” သတင်းကို yangonchronicle မှဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ အဓိကသော့ချက် အတိုက်အခံ နိုင်ငံရေးသမားများစွာကို သံတိုင်များနောက်တွင် ချန်ထားခဲ့သော လတ်တလော လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ်အပြီးတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်အောင် ကြိုးစားမည်ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ကတိပြုလိုက်သည်။

နိုင်ငံရေးအကျဉ်းသား ၂၂၇ ဦးကို အစိုးရက လွှတ်ပေးလိုက်သော်လည်း ၁၉၈၈ ခုနှစ် ကျောင်းသားများ ဦးဆောင်သော လူထုအုံကြွမှုတွင် လုပ်ရှားခဲ့ကြသော သော့ချက်ပုဂ္ဂိုလ်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ နီးပါး ထောင်ထဲတွင် ကျန်ရှိနေသည်ဟု NLD ၏ အဆိုအရ သိရှိရ သည်။

“ကျောင်းသားခေါင်းဆောင် အများစုဟာ ခုထိ မလွှတ်သေးပါဘူး၊ သူတို့ လွတ်မြောက်လာအောင် ကျွန်မတို့ ဆက်ပြီးကြိုးပမ်းသွားမှာပါ” ဟု ထောင်ဒဏ် ၆၅ နှစ် ကျနေသူ “၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်” မင်းကိုနိုင်၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် က သတင်းထောက်များအား ပြောကြားခြင်းဖြစ်သည်။

ရန်ကုန်မြို့ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ပြုလုပ်သော အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “ဘာကြောင့် နိုင်ငံရေး အကျဉ်း သားတွေကို လွှတ်စေချင်တာလဲဆိုရင် ကျွန်မတို့နိုင်ငံကို တကယ် လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံ ဖြစ်လာစေချင်လို့ပါ” ဟု မှတ်ချက်ပေး ပြောဆိုခဲ့ သည်။

၂၀၀၇ ခုနှစ်က သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ပတ်သက်မှုဖြင့် ထောင်ဒဏ် ကျခံနေရသူ မင်းကိုနိုင်သည် ၎င်း၏ ၄၉ နှစ်မြောက် မွေးနေ့ကို ရှမ်းပြည်အရှေ့မြောက်ပိုင်း ကျိုင်းတုံ အကျဉ်းထောင်ထဲတွင် ဖြတ်သန်းခဲ့ရသည်။

ယခင်သီတင်းပတ်က အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား မဆိုစလောက်သာ ပါဝင်ခဲ့ခြင်းကြောင့် စိတ်အနှောင့် အယှက် ဖြစ်ရကြောင်း NLD က ထုတ်ဖော်ပြောကြားသည်။

ယခုနောက်ဆုံး လွတ်မြောက်လာသူများထဲတွင်ပါဝင်သော “နာမည်တစ်လုံးဖြင့် ထင်ရှားကျော်ဇောသူ” ဇာဂနာကလည်း နိုင်ငံရေးအကျဉ်းသား များစွာကို ဆက်လက် ထိန်းသိမ်းထားသည့် အစိုးရ၏ ဆုံးဖြတ်ချက်ကို ဝေဖန် ပြောဆိုခဲ့သည်။

ယခုအခါ နိုင်ငံတစ်ဝှမ်း အကျဉ်းထောင်များထဲတွင် ကျန်နေသော နိုင်ငံရေးအကျဉ်းသားများထံ သွားရောက်တွေ့ဆုံအားပေးရန်အတွက် သရုပ် ဆောင်များ၊ လူရွှင်တော်များ ပါဝင်သော အဖွဲ့တစ်ခုကို ဇာဂနာက စုစည်းစီစဉ်လျက်ရှိသည်။

“ထောင်တွေထဲမှာ ကျန်နေသေးတဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီ သွားရောက်တွေ့ဆုံနိုင်ဖို့ ကျွန်တော် ကြိုးစားသွားမှာပါ” ဟု အထက်ပါ မွေးနေ့ အခမ်းအနားတွင် ဇာဂနာက AFP သို့ ပြောကြားခဲ့သည်။

အကယ်၍ တွေ့ခွင့်မရပါကလည်း ပါဆယ်ပစ္စည်းများ ထားခဲ့မည်ဟု ဇာဂနာက ဆိုသည်။ “ကျွန်တော်တို့ လူချင်း တွေ့ခွင့်မရရင်တောင် သူတို့ ကို ထောင်ဝင်စာတွေ့ဖို့ ကျွန်တော် လာခဲ့တယ်ဆိုတာကို သိရရင် သူတို့ ပျော်သွားကြမှာပါ” ဟု ယင်းက ပြောကြားသည်။

မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စသည် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားကြသော အနောက်နိုင်ငံအစိုးရ များ အဓိက စိုးရိမ်ပူပန်နေသည့် ကိစ္စတစ်ခုဖြစ်သည်။

ယခု လွတ်ငြိမ်းချမ်းသာခွင့်သည် အပယ်ခံဘဝကို အဆုံးသတ်လိုသည့် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများစွာထဲမှ တစ်ခုဖြစ်သော်ငြားလည်း ဆူပူ အုံကြွမှုများ ဖြစ်လာနိုင်ခြင်းကို အစိုးရက စိုးရိမ်နေခြင်းဖြစ်သည်ဟု အကဲခတ်လေ့လာသူ အချို့က သုံးသပ်ပြောကြားထားသည်။