14 September 2011

မြန်မာ့စွမ်းအင်များ တရုတ်လုယူ

(Asia Sentinel မှ 9 Sept 2011 ရက်စွဲပါ Nava Thakuria ရေးသားသော “China’s Energy grab in Burma” ကို Y C မှ ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရက အုပ်ချုပ်လျက်ရှိပြီး ပြောင်းလဲမှု၏ လက္ခဏာတချို့ ထွက်ပေါ်လာသော်လည်း အရပ်သားအစိုးရ ထိပ်တန်း ပုဂ္ဂိုလ်များနှင့် သဘောထားတင်းမာသော စစ်တပ်တို့အကြား မူဝါဒအရ အက်ကြောင်းများ သိသာစွာ ထွက်ပေါ်လာပြီး သာမန်ပြည်သူများ၏ ဘဝများ ပိုမို ကောင်းလာမည့် လက္ခဏာ အနည်းသာ ရှိနေသည်။

လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်ကတည်းက စစ်အစိုးရများ ချမှတ်ခဲ့သော မူဝါဒအများစုသည် ယနေ့ နေပြည်တော်ရှိ အစိုးရ အစီ အစဉ်များ အပေါ် လွှမ်းမိုးနေဆဲဖြစ်သည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် အစိုးရ၏ လုပ်ဆောင်မှုများနှင့် စစ်တပ် အင်အား ပိုကောင်းရေးအတွက်သာ ရည်ရွယ်ပြီး ပြည်သူတို့ဘဝများ တိုးတက်ရေးအတွက် ဘာမျှ လုပ်မပေးနိုင်ပေ။

ဩဂုတ်လအတွင်းက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ နှစ်ဆယ့်သုံးနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဆောင်းပါး ပြည်တွင်းတွင် ပုံနှိပ်ဖော်ပြခွင့် ရခဲ့သည်။ ထိုသို့ ဖော်ပြခွင့် ရရန် အစိုးရထံ (၁ဝ)လခန့် တင်ပြခဲ့ရပြီး ဖော်ပြအပြီး၌လည်း အစိုးရ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

သို့သော် လူ့အခွင့်အရေးကော်မရှင်အပေါ် ပြုပြင်ပြောင်းလဲရေးအတွက် အမှန်တကယ် အခွင့်အလမ်းရရှိနိုင် ပါ့မလား ဟု သံသယများ ကြီးစွာ ရှိနေဆဲဖြစ်သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲကို ဒီမိုကရေစီအစိုးရအတွက် လမ်းခင်းပေးတာလို့ မြင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ရယ်စရာလုပ်ဇာတ်ကြီးပါ။ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီဖြစ်တဲ့ NLD ကို မပါနိုင်အောင် လုပ်ထားတယ်။ စစ်အစိုးရရေးတဲ့ ၂ဝဝ၈ အခြေခံဥပဒေဟာ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။” ဟု နယူးဒေလီတွင် နေထိုင်သော ဒေါက်တာတင့်ဆွေက ပြော သည်။

ဒေါက်တာတင့်ဆွေက Asia Sentinel သို့ နယူးဒေလီမှ စကားပြောရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော မူဝါဒများသည် ယခင် စစ်အစိုးရ ချမှတ်ထားခဲ့သည်များနှင့် အတူတူဖြစ်ကြောင်း ပြောသည်။ “လက်ရှိ အစိုးရဟာ ဆင်းရဲမွဲတေမှုတွေ လျှော့ချရေးဆိုင်ရာ မူဝါဒတွေ ရေးဆွဲ ရခြင်း မရှိသေးပါဘူး၊ ယင်းတို့ရဲ့ မူဝါဒဟာ တရုတ်ရဲ့ ဘီလျံချီတန်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကဲ့သို့သော စီမံကိန်းမျိုးကိုသာ ဦးတည်နေ ကြောင်း” ဒေါက်တာတင့်ဆွေက ပြောသည်။

အဆိုပါပရောဂျက်သည် ၂ဝ၁၃ ပြီးစီးမည်ဟု ခန့်မှန်းထားပြီး ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုသည် ကီလိုမီတာ (၁ဝဝဝ)ခန့် ရှည်ပြီး ကီလို မီတာ (၈ဝဝ)ခန့်မှာ မြန်မာနိုင်ငံအတွင်းတွင် တည်ရှိသည်။ သဘာဝဓာတ်ငွေ့မှာ ရခိုင်ပြည်နယ်ရှိ ရွှေကမ်းလွန်ဓာတ်ငွေ့လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့ များကို ပို့လွှတ်မည်ဖြစ်ပြီး ရေနံများမှာ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံတင်သင်္ဘောများ ရခိုင်တွင် ဆိုက်ကပ်၍ ပိုက်လိုင်းသို့ ပို့လွှတ်မည်ဖြစ် သည်။ ယင်းတို့ကို ယူနန်ပြည်နယ် ကူမင်းရှိ ရေနံချက်စက်ရုံသို့ ပို့ဆောင်မည်ဖြစ်သည်။

ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်သည် အိမ်နီးချင်းနိုင်ငံများမှ ရေနံကုမ္ပဏီများကို များစွာ ဆွဲဆောင်နေသည်။ နိုင်ငံတကာအရေးယူမှုများကြောင့် အနောက်နိုင်ငံများမှ ကုမ္ပဏီများ မလာရောက်နိုင်ခြင်းကို အခွင့်ကောင်းယူ၍ အာရှတိုက်မှ ဒေဝူးအင်တာနေရှင်နယ် (တောင်ကိုရီးယား)၊ Oil and Natural Gas Corporation; Videsh (India)၊ Gas Authority of India Limited (အိန္ဒိယ) တို့သည် ရွှေလုပ်ကွက်တွင် အသီးသီးပါဝင်ထားကြသည်။

အဆိုပါ စီမံကိန်းအရ တစ်နှစ်လျှင် ရေနံစိမ်းတန်သန်းပေါင်း (၁၂)သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ (၁၂) သန်းကို တရုတ်သို့ ပို့လွှတ်နိုင် မည်ဖြစ်သည်။ လူ့အခွင့်အရေးနှင့် မြန်မာအုပ်စုများက ကန့်ကွက်နေသည့်ကြားမှ အဆိုပါ စီမံကိန်းကို ၂ဝဝ၉ ခုနှစ်ကတည်းက အိန္ဒိယသမုဒ္ဒရာရှိ မြန်မာ နိုင်ငံ၏ မဒေးကျွန်းတွင် လုပ်ငန်းများ စတင်ခဲ့သည်။

အဆိုပါစီမံကိန်းသည်ဒေါ်လာ (၁.၅) ဘီလျံတန်ဖိုးရှိပြီး တရုတ်နိုင်ငံပိုင် China National Patroleum Corporation နှင့် မြန်မာအစိုးရ၏ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ဖက်စပ် ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာအစိုးရက နှစ်စဉ်ဒေါ်လာ တစ်ဘီလျံခန့် နောင်နှစ် သုံးဆယ် ရရှိမည်ဖြစ်သည်။

“ဒါပေမဲ့ ပိုက်လိုင်းသွားရာ လမ်းကြောင်းတစ်လျှောက် ထောင်ပေါင်းများစွာသော မိသားစုများ ရွှေ့ပြောင်းပေးရပါလိမ့်မယ်။ အစိုးရက ရခိုင်၊ ရှမ်း၊ မကွေး၊ မန္တလေးတို့မှာ လယ်ယာမြေပေါင်းများစွာ သိမ်းပြီးသွားပြီ။ မြန်မာနိုင်ငံတွင်းက ရတဲ့ သတင်းတွေအရ မိသားစု နှစ်သောင်းလောက် နေရာ ရွှေ့ပြောင်းပြီးသွားပြီလို့ သိရပါတယ်” ဟု ချင်းမိုင်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ ဝင်းအောင် (မူရင်းဆောင်းပါးတွင် Wong Aung ဟု ဖော်ပြထားပါသည်-အယ်ဒီတာ) က ပြောသည်။

“အစားထိုး ပြန်ပေးတဲ့ လုပ်ငန်းစဉ်တွေမှာလည်း ခေါင်းပုံဖြတ်ခံရတာတွေ ရှိပါတယ်။ အလုပ်သမားတွေ လုပ်ခနည်းနည်းပဲ ရတယ်။ အမျိုးသမီး တွေ လုပ်ခကလည်း မညီမျှတာတွေ ရှိပါတယ်။ စီမံကိန်းဒေသဝန်းကျင်မှာ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းတွေ ကြီးထွားလာနေပါတယ်” ဟု ဝင်းအောင်က ပြောသည်။

ဝင်းအောင်သည် ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုခေါင်းဆောင်လည်း ဖြစ်ပြီး အစိုးရသည် ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရသော ဝင်ငွေများကို အစိုးရ စက်ပစ္စည်းများအတွက် သုံးခြင်း၊ ကာကွယ်ရေးကဏ္ဍတွင် အသုံးပြုခြင်းများသာ ရှိကြောင်း ပြောသည်။ ကာကွယ်ရေးဘတ်ဂျက်သည် အစိုးရ ဘတ်ဂျက်၏ ၄ဝ% ကျော်အသုံးပြု ထားသည်။ အံ့ဩဖွယ်ကောင်းသော အချက်မှာ ဆင်းရဲလှသော မြန်မာ့လူဦးရေ သန်း (၅ဝ) အတွက် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်မှာ ၂% သာ ရှိခြင်းဖြစ်သည်။ ၇၉% သော လူဦးရေမှာ လျှပ်စစ်မီးမရဘဲ နေထိုင်ကြရခြင်း ဖြစ်ပါသည်ဟု ဝင်းအောင်၏ အဆို အရ သိရသည်။

အစိုးရသည် ပိုက်လိုင်းလုံခြုံမှုအတွက် တာဝန်ရှိသည်ဖြစ်ရာ စင်္ကြန်တစ်လျှောက်နှင့် ကမ်းလွန်ဆောက်လုပ် ရေး လုပ်ငန်းတွင် တပ်ရင်း (၃၃) ခုတွင် စစ်သားအင်အား ခြောက်ထောင်ကျော် ချထားခဲ့သည်။ စစ်တပ်သည် ကချင်နှင့် ရှမ်းပြည်နယ်တွင် အေးချမ်းရေးအတွက် စစ်ပွဲများ တိုက်ခိုက်ခဲ့ သည်။

ဝင်းအောင်က ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက် မြေသိမ်းယူမှုများကြောင့် လယ်သမားများ အလုပ်လက်မဲ့ ဖြစ်ကုန်ခြင်း၊ ငါးဖမ်းဒေသများ ကန့်သတ်ခံရခြင်းများကြောင့် ရွှေ့ပြောင်းမှုများ တိုးပွားလာမည်ဟု ဆိုခဲ့ရာ အဆိုပါ အရေးကိစ္စများကို လူ့အခွင့် အရေးကော်မရှင်က ဘာမျှ လုပ်ပေးနိုင် လိမ့်မည် မဟုတ်ပေ။

“ဒေသခံတွေဟာ လုပ်ခနည်းနည်းပဲ ရပါတယ်။ စီမံကိန်းက ယာယီ၊ လုံခြုံမှုမရှိတဲ့ အလုပ်တွေပဲ ရှိပါတယ်။ ဘာမှလည်း အတွန့်တက်လို့ မရ ဘူး။” ဟု ယင်းက ပြောသည်။ စက်တင်ဘာ (၆) ရက်နေ့က ထုတ်ပြန်သော ရွှေဓာတ်ငွေ့ လှုပ်ရှားမှုအစီရင်ခံစာဖြစ်သော Launch of China Pipeline Project Unleashes Abuse Across Burma တွင် ပိုက်လိုင်းစီမံကိန်းတွင် အလုပ်လုပ်နေသော အမျိုးသားများအား လိင်ပိုင်းဆိုင်ရာ အတင်းအဓမ္မ စေခိုင်း မှုများ ရှိလာကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာ၌ အကယ်၍ ဓာတ်ငွေ့ကို ပြည်တွင်းတွင် အသုံးပြုပါက တိုင်းပြည်တွင်း လိုအပ်သော စွမ်းအင် လျော့နည်းမှုကို ဖြည့်ဆည်းပေးရာ ရောက်ပြီး ကျဆုံးနေသော စီးပွားရေးကို ပြုပြင်နိုင်မည်ဟု ဖော်ပြထားသေးသည်။