11 June 2011

လမ်းဘေးဆိုင်များ၏ အမှိုက်ရမှဗိုက်ဝနေရတဲ့ မြန်မာပြည်ကသန့်ရှင်းရေး ဝန်ထမ်းများ၏ဘဝ



ရန်ကုန်မြို့ရှိ သန့်ရှင်းရေးဝန် ထမ်းများသည် ၄င်းတို့၏စားဝတ် နေရေးအတွက် လမ်းဘေးဈေးဆိုင် များ၏ စွန့်ပစ်အမှိုက်များအပေါ်သာ မှီခိုနေရကြောင်း အဆိုပါ ဝန်ထမ်းများ က ဆိုသည်။”စည်ပင်ကပေးတဲ့ တစ်နေ့ လုပ်ခ ၁၅ဝဝ ရတယ်။ အဲဒါကို ၅ ရက်တစ်ခါရှင်းပေးပါတယ်။

ကျွန်မက ထန်းတပင်က လာတာ ဆိုတော့ ဆိုက်ကားခ ၂ဝဝ၊ ကားခ ၄ဝဝနဲ့ဆို စုစုပေါင်းအသွားအပြန်စရိတ် တစ်နေ့ ၆ဝဝ ကုန်ပါတယ်။ ကျန်တဲ့ ၉ဝဝ က လက်ဖက်ရည်သောက်တာ နဲ့ နေ့လယ် ထမင်း ဝယ်စားတာနဲ့ဆို ရင်ပဲ ကုန်ပါပြီ။ လုပ်ခနဲ့ ပဲဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဈေးဆိုင်တွေကို အမှိုက်သိမ်းပေးရလို့ မုန့်ဖိုးတစ်ဆိုင် ကနေ ၂ဝဝ ရရင် ၁ဝ ဆိုင်ဆို တစ်နေ့၂ဝဝဝ ရတယ်။

ဒါကြောင့်ပဲ ဒီအလုပ်က မထွက်နိုင် ဖြစ်နေရတာပါ” ဟု လုပ်သက် ၁၂ နှစ်ခန့်ရှိပြီဖြစ်သည့် သန့်ရှင်းရေး ဝန်ထမ်းတစ်ဦးက ပြောသည်။ ယခုလမှစ၍ ရန်ကုန် စည်ပင် နယ်နိမိတ်မြို့တွင်း ၆ မြို့နယ်၌ ပလက်ဖောင်းများပေါ်တွင် ဈေးရောင်း ချခြင်းကန့်သတ်တော့မည် ဆိုပါက ၄င်းတို့အတွက် ရရှိမည့် အပိုဝင်ငွေမှာ ထိခိုက်မှုများ ကြုံလာ နိုင်ကြောင်း သန့်ရှင်းရေး ဝန်ထမ်း များက ဆိုသည်။”အခုလို လမ်းတိုင်းမှာ ဈေးသည်ရှိနေတဲ့ အချိန်တောင် ဈေးသည်ရှားတဲ့ နေရာမှာကျတဲ့ ဝန်ထမ်း တွေက အဆင်မပြေတာ။ လမ်းဘေး ဈေးသည်တွေကို ကန့်သတ်တော့ မယ်ဆိုရင်တော့ ကျွန်မတို့အတွက်ပါ ထိခိုက် မှုတွေရှိလာမှာပါ။

ဈေးသည် တွေဆီက မဟုတ်တဲ့ပုလင်းခွံ၊ ဘူးခွံ နဲ့ ဖိနပ်စုတ်တွေ တွေ့လို့ရောင်းရတဲ့ အပိုငွေတော့ရှိပါတယ်။ ဒါပေမဲ့ အဲဒါက ပုံမှန်အပို ဝင်ငွေ မဟုတ်ပါ ဘူး။ ပြီးတော့ ဈေးသည်တွေဆီက လောက်လည်းမရပါဘူး”ဟု လသာ မြို့နယ်မှ သန့်ရှင်းရေးဝန်ထမ်းတစ် ဦးက ဆိုသည်။အဆိုပါ သန့်ရှင်းရေးဝန်ထမ်း မျးအား ၆ လတစ်ကြိမ် သို့မဟုတ် တစ်နှစ် တစ်ကြိမ် စသဖြင့် ဝန်ထမ်း လခတိုးပေးမှုမရှိသည့်အပြင် ဝင်ဝင် ချင်းလုပ်သားများနှင့် လုပ်သက်ရင့် လုပ်သားများ၏ လခမှာလည်း ကွာ ဟချက်မရှိသည့်အတွက် ၄င်းတို့မှာ ပြင်ပမှအပိုငွေကိုသာ အားကိုးနေရ သည်ဟု ဝန်ထမ်းများက ဆိုသည်။”အခု စစဝင်တဲ့အလုပ်သမား လည်း ဒီလုပ်ခပဲ။ ၉ နှစ် ၁ဝနှစ်ကြာ တဲ့ဝန်ထမ်းလည်း ဒီလုပ်ခပါပဲ။

ရုံးက ပေးတဲ့လုပ်ခကတော့ ဘာမှ ကွာဟ ချက်မရှိပါဘူး။ ဒီအလုပ်ကိုလုပ်လာ တာ ၁၄ နှစ် ၁၅ နှစ်ရှိပြီ။ တစ်နေ့ ၂၅ဝ ပေးတဲ့ခေတ်ကတည်းက လုပ် လာတာ။ ဒါပေမဲ့ လုပ်သက်ရင့်တဲ့ အတွက် အပိုထပ်ဆောင်းပေးမှု ဘာမှမရရှိပါဘူး”ဟု ပန်းဘဲတန်းမြို့ နယ်မှသန့်ရှင်းရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။ လုပ်သက် ၁၅ နှစ်အထက် ဝန်ထမ်းများသည် လခစားသဘော ဖြင့် တစ်လလျှင် ၄ သောင်း ၉ ထောင်ရရှိ၍ စဝင်ခါစမှ ၁၅ နှစ် အထိ ဝန်ထမ်းများမှာ ငါးရက်ရှင်း တစ်ခါ ၇၅ဝဝ ကျပ် ရရှိသည့်အ တွက် အဆိုပါအုပ်စု ၂ စုအတွက် လုပ်ခကွာဟမှုမှာ တစ်လလျှင် ကျပ် ၄ဝဝဝ မျှသာရှိပြီး ၃၁ ရက်နှင့် ဆုံးသောလများတွင် ယင်းထက် နည်းသော ပမာဏ သာ ကွာဟ ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါသန့် ရှင်းရေးအလုပ်မှာ အလုပ်ပြတ် တောက်သည့်အချိန် မရှိသည့်အ ပြင် အသက်အရွယ်အားဖြင့်လည်း ကန့်သတ်ချက်ကြီးမားစွာ မရှိသည့် အတွက် ပညာအရည်အချင်း နည်း ပါးသူများမှာ ယင်းအလုပ်အား ရွေးချယ်မှု များပြားကြောင်း သိရသည်။

”ဥပမာ ပန်းရန်အလုပ် ဆိုရင် မိုးတွင်းနားရတယ်။ အလုပ်မရှိတဲ့ အခါ ဒီလိုမျိုးတွေရှိပါတယ်။ ပြီးတော့ ဒီအလုပ်ထက်လည်း ပို ပင်ပန်းတယ်။ အခု အလုပ်က နေ့ တိုင်းဆင်းလို့ရတယ်။ ပိတ်ရက်မရှိ တော့ နေ့စဉ်ဝင်ငွေရပါတယ်”ဟု ဝန်ထမ်းတစ်ဦးက ယင်းအလုပ်အပေါ် ရွေးချယ်ဖြစ်မှု အကြောင်းကို ပြောပါ သည်။ ယင်း ဝန်ထမ်းများ၏ အလုပ် ချိန်မှာ မနက်ပိုင်းတာဝန် ကျသူ များအနေဖြင့် မနက် ၆ နာရီမှ ညနေ ၅ နာရီအထိဖြစ်ပြီး ညပိုင်း တာဝန်ကျသူများမှာ ညနေ ၆ နာရီ မှ မနက် ၈ နာရီအထိဖြစ်သည်။

ဝေမာထွန်း