12 December 2012

ပြင်ပဈေးကွက် နိုင်ငံခြားငွေ ရောင်းဝယ်သူများ တရားဝင် လိုင်စင်အား အထူးစိတ်ဝင်စား

လိုင်စင်များအား ကုမ္ပဏီနှင့် အဖွဲ့အစည်းများကိုပါ  ချပေးတော့မည် ဆိုသော်လည်း လုပ်ငန်းနှင့် စပ်လျဉ်းကာ ပေးဆောင်ရမည့် အခွန်အနေအထားအား ရှင်းလင်းစွာ မသိရှိသေးခြင်းကြောင့် တရားဝင် လိုင်စင်လျှောက်ထား လုပ်ကိုင်ရန် မဝံမရဲဖြစ်နေရကြောင်း နိုင်ငံခြားငွေ ရောင်းဝယ်ရေး ပြင်ပဈေးကွက်မှ လက်ကြီးသမားများက ပြောကြားသည်။ လိုင်စင်ရရှိရေးအတွက် မတည်ရင်းနှီးငွေအတွက် စတင် စာရင်းဖွင့်ရမည့် ငွေပမာဏသည် ပြင်ပဈေးကွက်တွင် လုပ်ကိုင်နေသူ အားလုံးနီးပါး တတ်နိုင်သည့် ပမာဏဖြစ်ခြင်းကြောင့် တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်ရန် အလွန်စိတ်ဝင်စားလျက်ရှိကြောင်း ယင်းတို့က ဆိုသည်။ နိုင်ငံခြားငွေ ရောင်းဝယ်သူ ကိုနိုင်(အမည်လွှဲ) က “တင်ရမယ့် Deposit က သိန်း ၃၀၀ ပဲဆိုတော့ အားလုံးတက်နိုင်တဲ့ အနေအထားပါ။

 ဆိုင်ခန်းငှားမယ် ဘာညာဆိုရင်လဲ သိန်းတစ်ထောင်လောက်ဆိုရင် စလုပ်လို့ ရပါတယ်။ အများစုက အရမ်းကို စိတ်ဝင်စားကြပါတယ်။ ဒါပေမယ့် လုပ်ငန်းနဲ့ ပတ်သက်တဲ့ Tax (အခွန်)ကိုက ဘာမှ ရှင်းရှင်းလင်းလင်း မသိရဘူးလေ။ သွားလုပ်မှ တစ်ခုခုဆိုရင် နောက်ဆုတ်ဖို့ မလွယ်ဘူး။ ဒီတော့ စောင့်ကြည့်နေတုန်းပါပဲ” ဟု ပြောကြားသည်။ နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် ဘဏ် ၁၈ ဘဏ်ကိုသာ ခွင့်ပြုပေးထားရာမှ ကုမ္ပဏီများမှတ်ပုံတင် အက်ဥပဒေအရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများနှင့် တရားဝင် မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းများအနေဖြင့် ဘဏ်တစ်ဘဏ်တွင် မတည်ရင်းနှီးငွေ ကျပ်သန်း ၃၀ စာရင်းဖွင့်ကာ လိုင်စင်လျှောက်ထားနိုင်ပြီး ငွေလဲကောင်တာတစ်ခု ထပ်မံတိုးချဲ့လိုပါက ကျပ်ငွေဆယ်သန်း ထပ်မံပေးသွင်းရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားငွေ စီမံခန့်ခွဲရေးဌာန (FMD) က ပြောကြားသည်။ ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက “လာလျှောက်တဲ့သူတွေကို လုပ်နိုင်မယ့် အနေအထားရှိ မရှိ၊ စနစ်တကျ ဆောင်ရွက်နိုင်မယ့် အနေအထားရှိ မရှိကို သွားရောက်စစ်ဆေးမှာ ဖြစ်ပါတယ်။ ပြီးမှပဲ ဖြစ်နိုင်မယ့်သူကို လိုင်စင်ချထားပေးမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေ ရောင်းဝယ်နေသူ လက်ကြီးသမား ကိုတင့်လွင် (အမည်လွှဲ) က “လက်ရှိ ကုမ္ပဏီမှတ်ပုံတင် ရှိပြီးသားသူတွေ ထဲကနေလဲ ဒီလုပ်ငန်းလိုင်စင် လျှောက်မယ့်သူတွေ အများကြီးရှိပါတယ်။ သူတို့ကနေပဲ တစ်ဆင့် အခွန်ကိစ္စကို သေချာစုံစမ်းရမှာပဲ။ အရမ်းစိတ်ဝင်စားပါတယ်။ 

 ဒါပေမယ့် အချိန်ယူပြီးတော့ ကြည့်ရဦးမယ်” ဟု ပြောကြားသည်။ ဗဟိုဘဏ် အငြိမ်းစား ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က အထက်ပါကိစ္စရပ်နှင့် စပ်လျဉ်းကာ “ဒီလိုလုပ်ဖို့ အကြံပေးနေတာ ကြာပါပြီ။ အခုတော့ ဖြစ်လာပြီပေါ့။ ဒီ့ပြင်နိုင်ငံတွေမှာ Money Changer ကို ဘဏ်တွေက သိပ်လုပ်တာ မရှိဘူး။ စတိုးဆိုင်လေးတွေ၊ ကုမ္ပဏီ အသေးလေးတွေက သူတို့လုပ်ငန်းလေး တွေနဲ့ တွဲလုပ်ကြတာ။ နေရာတိုင်းမှာ မှိုလိုပေါက်နေတဲ့ လုပ်ငန်းဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလဲ ကျယ်ကျယ်ပြန့်ပြန့်ကို ရှိနေဖို့လိုတယ်။ လုပ်ငန်းအသေးလေးတွေ အနေနဲ့ လက်ရှိလုပ်ငန်းနဲ့ တွဲပြီး အပိုလုပ်ငန်း အနေနဲ့ တွဲလုပ်နိုင်တဲ့အထိ ဖြစ်လာဖို့ လို တယ်။ နိုင်ငံခြားခရီးသွားတွေက ဘဏ်တွေကို ဘယ်သွား လဲချင်ပါ့မလဲ။ ဈေးဝယ်မယ့်နေရာ၊ ကားစီး၊ ရထားစီးမယ့်နေရာ စသဖြင့် သူများနိုင်ငံတွေလို နေရာတိုင်းမှာ ရှိတဲ့အထိဖြစ်အောင် လုပ်ရမယ်” ဟု သုံးသပ် ပြောကြားခဲ့ကြောင်း   ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

11 December 2012

လူ့အခွင့်အရေးနေ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း


အပြည်ပြည် ဆိုင်ရာ လူ့ အခွင့် အရေးနေ့ အထိမ်း အမှတ် ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ်မှာ ကုလ သမဂ္ဂ ကျင်းပတဲ့ အခမ်းအနားကို သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက် ခဲ့ကြ ပါတယ်။

အများနဲ့ သက်ဆိုင်တဲ့ အလုပ်တွေမှာ အားလုံး ပူးပေါင်း ပါဝင်ခွင့် ဆိုတဲ့ ခေါင်းစဉ် နဲ့ ကျင်းပတဲ့ ဒီနှစ်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က လူ့ဂုဏ် သိက္ခာအတွက် အပြန်အလှန် ပြောဆိုခွင့်တွေ ရှိဖို့လိုတယ်၊ တဖက်ကပြောတာကို နားထောင်ဖို့ အရေးကြီးတယ် ဆိုတာ အဓိက ပြောသွားခဲ့ ပါတယ်။

လူ့အခွင့်အရေးကို လေးစား လိုက်နာ တယ်ဆိုတာ ကိုယ့်အမြင် အယူအဆကို ပြောရုံနဲ့ မပြီးဘဲ တခြားလူတွေရဲ့ အမြင်ကိုလည်း နားထောင်ဖို့ လိုကြောင်း၊ အဲဒီလို နားထောင်တာ၊ သူများ အမြင်ကို နားလည်အောင် ကြိုးစားတာ၊ အလေးထား တာတွေ မရှိလျှင် လူ့အခွင့်အရေးကို ခိုင်ခိုင်မာမာ တည်ဆောက်လို့ မရနိုင်ဘူးလို့ ဒေါ်အောင် ဆန်းစုကြည်က ပြောသွားတာပါ။

လူသိများ ထင်ရှားသူ မဟုတ်တဲ့ သာမန် လူတွေရဲ့အမြင်ကိုလည်း လူအများ သိအောင် ပြောနိုင်ဖို့ လိုကြောင်းနဲ့ အဲဒီလို ဖြစ်လာဖို့ ပညာရေး အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ကတော့ တချိန်က နိုင်ငံတကာက လက်ညိုးထိုး အပြစ်တင် ခဲ့တဲ့ မူဝါဒတွေကို သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြုပြင် ပြောင်းလဲ နေပုံကို ခြုံငုံ ပြော သွားခဲ့ပါတယ်။

၂ဝ၁၁ ခုနှစ် မတ်လက စပြီး ဦးသိန်းစိန် အစိုးရ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ၊ လူအများကို နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ပါဝင် နိုင်အောင် ဆောင်ရွက် ပေးတာ အပြင် သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက်လည်း ဆောင်ရွက် ပေးခဲ့ကြောင်း ဦးအောင်မင်းက ပြောပါတယ်။

ဒါ့အပြင် ကချင်ဒေသမှာ ပဋိပက္ခတွေ ပြန်စခဲ့ တာကြောင့် ၁၇ နှစ်လုံးလုံး တည်ဆောက် ခဲ့ကြတဲ့ နှစ်ဘက် ယုံကြည်မှု ပျက်ပြားသွား ခဲ့ရတာကို ပြောရင်း နိုင်ငံ တည်ဆောက်ရေး အတွက် လွတ်လပ် ပွင့်လင်းစွာ ပြောဆို ဆွေးနွေးခွင့် ရှိရမယ်လို့လဲ ဦးအောင်မင်းက ဆိုပါတယ်။

09 December 2012

အမလေးဗျာ..ကျောင်းဆရာတဲ့ အံ့ဖွယ်သရဲပါဘဲ

 



 




 






 

 
 

 


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လယ်ဘူးမြို့နယ်၊ ကနီအုပ်စု၊ ဆားတောင်ပုံကျေးရွာရှိ မူလတန်းကျောင်းလေးမှ ကျောင်းအုပ်ကြီး ဦးဇေယျဆိုသူသည် နိုင်ငံဝန်ထမ်း၊ နိုင်ငံအနာ ဂတ်လေးတွေ ကိုပြုစုပျိုးထောင်ပေးတဲ့ဥယျဉ်မှူးကျောင်းဆရာဆိုတဲ့ ဂုဒ်ပုဒ်နဲ့ တစက်မှကို မတန်ပါ ဘူး။  နိုင်ငံအနာဂတ်ခေါင်းဆောင်လေးတွေဖြစ်လာမဲ့ ကလေးတွေကို စာသင်ပေးတဲ့ ဆရာတဲ့ဗျာ ...တိုင်းပြည်အတွက်တော့ရင်နာစရာပါပဲ....အဲ့ရွာလေးမှာ သူမူလတန်းကျောင်းအုပ် အဖြစ်နဲ့စရောက်က တည်းက တရားမ၀င် သုံးလုံးထီလောင်း ကစားဒိုင်လုပ်စားပါ သတဲ့...ဒါကို ကျေးရွာ လူကြီးတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ခေါ်ပြောပေမဲ့လည်း ဆက်လုပ်တာ ပါပဲ..။ နောက်ဘယ်လိုမှမတတ်သာတဲ့အဆုံး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ သူ့အိမ်ကိုဝင်ရှာပြီးဖမ်း လိုက်တော့တာပေါ့.အဲ့မှာဖမ်းတော့ ခုပုံထဲမှာတင်ထားတဲ့ သုံးလုံးထီစာရွက်စာတမ်းတွေ အသုံးပြုတဲ့ဖုန်းတွေ ဘာတွေကို ဖမ်းမိတာပေါ့..အဲ့လိုလည်းဖြစ်ရော ကျောင်းအုပ်ကြီးက “ဒီဟာတွေကို ပင်လယ်ဘူးရဲစခန်းအပ်ပြီးအမှုမဖွင့်ပါနဲ့...ကျနော် ကျောင်းအုပ်အဖြစ်ကနေ နှုတ်ထွက်ပေးပါမဲ့ ..နှုတ်ထွက်စာတင်လက်မှတ်ထိုးပါ့မယ်လို့ပြောပါတယ်” ဒါပေမဲ့ ခုချိန်ထိ နှုတ်ထွက်ခြင်းလည်းမရှိတဲ့အပြင် ကျွန်းသစ်တွေခိုးခုတ်ပြီး သစ်စက်လည်တဲ့လုပ်ငန်းပါ ထပ်လုပ်လာပါတော့ တယ်..ဒါ့အပြင်ပုံထဲမှာ ပါတဲ့ နိုင်ငံတော်က အခမဲ့ပေးထားတဲ့ စာအုပ်တွေကိုပါ ငွေကြေးနဲ့ရောင်းချပြီး အလွဲသုံးစားလုပ်တဲ့ အဆင့်ပါရောက်လာတယ်... သူ့နေရာမယ် အရပ်သားတခြားလူ တယောက်ဆို ရင်တော့ ပြောမိမှာမဟုတ်ဘူး...ခုဟာက သူလိုကျောင်းဆရာတယောက်က လုပ်တာဖြစ်တဲ့ အတွက် ကျောင်းအတွက်လည်းမကောင်း ရွာအတွက်လည်းမကောင်း လို့ ပြောတာ ပါ..။ နောက်ဆုံး ဘယ်လိုမှ ပြောမရတဲ့အဆုံးတော့ မြို့နယ်အုပ်ချုပ်ရေးရယ်....မြို့နယ်ပညာရေးမှူးဆီရယ်ကို ၀ိုင်းဝန်းပြီးတိုင်တန်းကြပါတယ်...အဲ့ကျမှပိုဆိုးတော့တာ..လုံးဝအရေးမယူပေးခဲ့ပါဘူး။ အဲ့တော့ ဦးဇေယျက ပိုဆိုးသွားပြီပေါ့ အရက်မူးပြီး ရွာထဲကိုပါစိန်ခေါ်တဲ့အထိဖြစ်လာတယ်..ဒါနဲ့မဖြစ်တော့ပြန်ပြီးဆိုပြီး (ကျနော်တို့ကတော့ဘာမှဗဟုသုတလည်းမရှိတော့ အစိုးရအဖွဲ့ကိုဘယ်လို စာရေးရလည်းဘယ်လို လိပ်မူရလည်းဆိုတာလည်းမသိပါဘူး သိသလိုပဲရေးလိုက်တာ) နိုင်ငံတော်အစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီးပညာရေးမှူးကို ထပ်တိုင်ကြတယ်..အဲ့မှာ နေပြည်တော်က စစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ရောက်လာတယ် ခေါင်းဆောင်က ဦးခင်မောင်အေး တဲ့ ဘာအဆင့်လဲတော့မသိပါဘူး။ သူတို့က ရွာသူရွာသားတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေ ကို နေ့ည မပြတ်စစ်ကြဆေးကြနဲ့ပေါ့..ဒါပေမဲ့ ထူးဆန်းတာ ကျန်တဲ့လူတွေ ကိုလျှောက် စစ်ဆေးပြီး ကျောင်းအုပ်ကြီးဦးဇေယျကိုတော့ လုံးဝမစစ်ဆေးပါဘူး..အဲ့လိုနဲ့ တရက်တော့ နေပြည်တော် ကအဖွဲ့ခေါင်းဆောင် ဦးခင်မောင်အေးက “နေပြည်တော်က အရေးကြီးဖုန်းဝင်လာတယ်..ခုပြန်ရမယ်” ဆိုပြီး ပြန်သွားကြရော။ ကျောင်းအုပ်ကြီးဦးဇေယျကိုတော့ အရေးယူဖို့နေနေသာ လက်ဖျားနဲ့တောင် တို့မသွားကြပါဘူးခင်ဗျား...၊ အဲ့မှာ ဦးဇေယျက ပိုသောင်းကျန်း လာတော့ တာပဲ အရက်တွေနေ့တိုင်းမူး..မူးပြီးရွာထဲမှာ “မင်းတို့ကောင်တွေဘာ တတ်နိုင်သေးလည်း...တိုင်ချင် ရာတိုင်...ငါကမပြုတ်ဘူး..ကုတ်နဲ့ကော်ထုတ်တောင်မပြုတ်ဘူး၊ ငါ့နောက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနဲ့...နေပြည်တော်က ဦးခင်မောင်အေးရှိတယ်ကွ...ရှင်းလား” ဆိုပြီး မကြားဝံ့မနာသာတွေကို ကျောင်းဆရာတယောက်နဲ့မတန်အောင်ပြောဆိုကြိမ်းမောင်းနေတော့တာပါဘဲ.. အဲ့တော့က သူ့အနေနဲ့ဘာပဲလုပ်လုပ် လုပ်လို့ရသွားပြီ...ဥပဒေဆိုတာ သူ့အောက်ရောက်သွားပြီ သူလုပ်သမျှကို ရွာသားတွေက လည်စင်းခံကြပေတော့ပေါ့လို့.....

 (အဲ့ဒီ ဆားတောင်ပုံကျေးရွာမှာနေတဲ့ ကျေးရွာသား)

မူရင်းလင့်..http://www.facebook.com/media/set/?set=a.198270590309716.49730.100003803307261&type=1

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖြည့်စွက်အလှူရှင်များမှ မကွေးမြို့ဆေးရုံကိုယ်ပိုင်ထရိန်စဖောမာတပ်ဆင်နိုင်ရေးအတွက် သန်း၈၀ လှူဒါန်း



 


 
 


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၅နာရီ ၃၀တွင်နေပြည်တော်ရှိ နေအိမ်မှ မကွေးမြို့သို့ထွက်ခွာခဲ့ရာ ဆတ်သတောကျေးရွာသို့ ၈နာရီ ၄၅ မိနစ်တွင်ရောက်ရှိခဲ့ပြီး အသင့်ဆောက် လုပ်ထားသော ဟောပြောစဉ် မှဒေသခံပြည်သူ လူထုကိုမိန့်ခွန်းပြောကြားခဲ့သည်။ ထိုနောက် ဆတ်သတောမှ ဆက်လက် ထွက်ခွာခဲ့ ရာချောင်းနက်အရှေ့ရွာသို့ရောက်ရှိပြီး ဒေသခံများနှင့်တွေ့ဆုံခဲ့ပြီး နောက် မကွေးမြို့ပြည်သူ့ဆေးရုံတွင်လိုအပ်လျက်ရှိသော လျှပ်စစ်အတွက် မတည်လှူဒါန်းငွေ သိန်း၈၀အားပေးအပ်လှူဒါန်းခဲ့သည်။

သတင်း၊ဓာတ်ပုံ...NLD

07 December 2012

နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည် နှင့် အင်တာဗျူး - ၂


မေး။ ။ လက်ရှိတက္ကသိုလ် ပညာရေးကိုရော ဘယ်လိုပြင်ဆင်ဖို့ ရည်ရွယ်ထားပါသလဲ ခင်ဗျာ။

ဖြေ။ ။ ဒါကတော့ အမေတစ်ယောက်တည်း ပြင်ဆင်မှာလည်း မဟုတ်ဘူး၊ ဒါအားလုံးကျွမ်း ကျင်တဲ့ သူတွေ ၊ တကယ်စိတ်ပါဝင်စားတဲ့ သူတွေ နဲ့ဆွေးနွေးပြီး လုပ်ရမယ့် ကိစ္စပါ၊ အဓိကကတော့ တက္ကသိုလ်ပညာရေး ဆိုတာက ကျယ်ပြန့်ရမယ်၊ နက်နဲရမယ်၊ တက္ကသိုလ် ပညာရေးဆိုတာ ဒီ လူငယ်တွေကို ဘဝစိန်ခေါ်ချက် တွေကို ရင်ဆိုင်နိုင်အောင်လို့ သင်ပေး တာပဲ ဖြစ်ရမယ်၊ ဒီလိုဘွဲ့ တံဆိပ်လေး ရရုံနဲ့မရဘူး၊ ဒါကြောင့်မို့ အမေ့တို့ အနေနဲ့ ဒီတက္ကသိုလ်ဘဝ ရှင်သန်ရေးပေါ့နော်၊ campus Life ပေါ့၊ အဲဒါ သိပ်အရေးကြီးတယ်၊ ဘာလို့လဲဆိုတော့ အဲဒီလိုနေရာမှာ ဒီလိုဘဝ စိန်ခေါ်မှုတွေ ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ တတ်လာမယ် ၊နောက်ပြီးတော့ Social Skill လူမှုရေး ကျွမ်းကျင်မှု တွေလည်း ရလာတာပေါ့၊ Lecture တွေ ကိုလည်း အခန်းထဲမှ မဟုတ်ဘူး၊ ကျောင်းခန်းထဲမှ ရတာ မဟုတ် ဘူး၊ ကျောင်းပြင် ကလည်းရတာ၊ အဲဒီအတွက် ဦးတည် ပြီးတော့ တက္ကသိုလ် ပညာရေးကို ပြန်ပြီးထူထောင်ရမှာ ပါ၊

မေး။ ။လက်ရှိ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်လူငယ် တွေကြားထဲမှာ အားရကျေနပ်မှု ရှိပါသလား၊ မြင်ရတာရော၊ ကြားရတာရောတွေ့ရ တာရောပေါ့။

ဖြေ။ ။ အားရကျေနပ်မှုရှိပါတယ်၊ အမေတို့ ဒီကြားဖြတ် ရွေးကောက်ပွဲ အတွက် စည်းရုံးတဲ့အခါ လူငယ်တွေ တက်ကြွစွာ ပါဝင်လာကြတယ်၊ လူငယ်တွေမှာ အန္တရာယ်တော့ ရှိတာပေါ့နော်၊ လူငယ်ဆိုတော့ စိတ် က နုသေးတာပေါ့၊ စိတ်ကနုတဲ့ အခါကျတော့ တစ်ခါတစ်ခါ ဆွဲဆောင်ရာကို ပါသွားတတ်ကြတယ်။ အဲဒါကတော့ လူငယ် တွေ မပြောပါနဲ့ လူကြီးတွေ တောင် စိတ်ကခိုင်မာတာ မဟုတ်ဘူး။ အဲဒီတော့ လူငယ်တွေမှာ အပြစ်ကြီး တယ်လို့တော့ အမေမမြင်ဘူး၊ ဒါပေမဲ့ ဒါကို ထိန်းကွပ်ဖို့တော့ အရေးကြီးတာပေါ့၊

မေး။ ။အရှေ့တောင်အာရှ နိုင်ငံတွေမှာ မြန်မာနိုင်ငံက ယောက်ျား မိန်းမ ခွဲခြားဆက်ဆံမှု နည်းတယ်လို့ပြောကြတယ်၊ အဲဒါမှာ အမေ့ အနေနဲ့ ဘယ်လို သုံးသပ် ထားတာ ရှိပါသလဲ၊ အဲဒါလေး ပြောပေးပါ။

ဖြေ။ ။ နည်းတယ် ဆိုပေမယ့်လည်း ရှိတော့ရှိ သေးတာပဲ ၊ယောက်ျား မိန်းမ ခွဲခြားမှုဟာ ရှိသေးတာပဲ၊ အမြဲပဲပြောတယ်၊ ဟို…သားကို သခင်၊ လင်ကိုဘုရား.. ဆိုတာဒါ ဘယ်လို အဆို လဲ (ပြုံးလျက်) လုံးဝ လက်မ ခံနိုင်ဘူး။ ဒါလက်ခံ နိုင်တဲ့ဟာ မဟုတ်၊ အဲဒါဆိုရင် ခွဲခြားမှု ရှိတယ်ဆို တာတွေပဲ၊ နောက်ပြီးတော့ ကျန်းမာရေး အရ လေ့လာ လိုက်တဲ့အခါဆိုရင် .။ ချို့တဲ့တဲ့ မိသားစုတွေထဲမှာ အာဟာရဓာတ် မပြည့်ဆုံးက အဲဒီ အမျိုး သမီးတွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်၊ သူ့ရဲ့သားသမီးတွေ၊ သူ့ရဲ့ ခင်ပွန်း သည် အတွက် အမြဲပဲ ဦးစားပေးတယ်၊ သူက အကျန်လေးတွေကို စားတယ်၊ အသားနှစ်တုံး သုံးတုံးရှိတယ် ဆိုလို့ ရှိရင်လည်း သူက မစားဘူး။ ကျန်တဲ့ မိသားစုတွေ ကျွေးတယ်။ စသဖြင့် နောက်ပြီးတော့ မိသားစု တော်တော် များများမှာလည်း သားယောက်ျားလေး တွေကို မျက်နှာသာပေးတာ ခုထက်ထိ ရှိနေပါတယ်။ နောက်ဆေး တက္ကသိုလ်ကိစ္စ အမေ ခဏ ခဏ ပြောတာလေ ။ အမှတ် ..၊ မိန်းကလေးတွေဆို အမှတ်ပိုများဖို့ လိုတယ် ဆိုတာ၊ ဒါလည်း မိန်းမ ယောက်ျားခွဲခြားဆက်ဆံမှုပဲ။

မေး။ ။ နိုင်ငံအတွက် တာဝန်ကျေတဲ့ နိုင်ငံ့ ခေါင်းဆောင် တစ်ယောက်ဟာ သူ့ရဲ့မိသားစု အပေါ်မှာ တာဝန်ကျေဖို့ရာနှုန်းအားဖြင့် ဘယ်လောက် ရှိမယ် လို့ အမေ ယူဆပါသလဲ။

ဖြေ။ ။ ဒါကတော့ ကိုယ်က ဆုံးဖြတ်ရမှာပေါ့။ တိုင်းပြည်တာဝန်ကို ယူမှာလား၊ ကိုယ့်မိသားစု တာဝန်ကိုယူမှာလား၊ ကံကောင်းတဲ့ နိုင်ငံတွေ မှာက ဒီဟာကိုရွေးစရာ မလိုဘူး။ ကိုယ်ကလည်း ကိုယ့် နိုင်ငံရဲ့ တာဝန်ကို ယူရင်းနဲ့ မိသားစုတာဝန်ကို ယူသွားလို့ရတယ်၊ ဒါပေမဲ့ အင်မတန်မှ ခက်ခဲတဲ့ အခြေအနေမှာဆိုရင် ဒီနှစ်ခုတည်းက တစ်ခုကို ရွေးရတာပဲ ၊ ရွေးတဲ့ အခါ ပြတ်ပြတ်သားသား ရွေးပေါ့။ ကိုယ်က အိမ်ထောင်ဦးစီး အနေနဲ့ပဲနေ မှာလား၊ နိုင်ငံရေး သမားတစ်ယောက် အနေနဲ့ နေမှာလား၊ နိုင်ငံရေး သမား တစ်ယောက် အနေနဲ့ နေမယ်ဆိုရင် နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ ရပ်တည်မယ် ဆိုလို့ ရှိရင်တော့ နိုင်ငံကိုပဲ ရွေးရမှာပဲ။

မေး။ ။ မြန်မာ အမျိုးသမီးတွေက မညံ့ကြပေမယ့် ထိပ်တန်း နေရာတွေ ရောက်တဲ့ နေရာမှာ နည်းနည်း မရှိသလောက် နည်းတယ်လို့ ယူဆရတဲ့ အတွက် ဘယ်လိုပြုပြင် ထိန်းသိမ်းမှုတွေနဲ့ ကြိုး စားအားထုတ်မှုတွေ လိုအပ်မယ်လို့ ထင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ အဲဒါကလေ လူမှုရေးတွေနဲ့ ဆိုင်တာ ပေါ့နော်၊ လူမှုရေးစံနှုန်း ထားတွေနဲ့ ဆိုင်တာပေါ့၊ နောက်ပြီး ဥပဒေတွေနဲ့ ဆိုင်တယ်လို့ အမေ ထင်တယ်။ ဘာလို့လဲဆိုတော့ အခု တချို့နိုင်ငံတွေ တော်တော်များများမှာ အမျိုးသမီးတွေ လွှတ်တော် အတွင်း ပါဝင်ရေးအတွက် လုပ်ထားတာ ကာလ အတိုင်းအတာ တစ်ခုအထိ လိုတယ်။ တစ်ခါ တလေ အမျိုးသမီး တစ်ယောက် အနေနဲ့ တိုးတယ်ဆိုလို့ ရှိရင် တိုးတယ်လို့ မြင်တယ်၊ အမျိုးသား တစ်ယောက် အနေနဲ့ကျလို့ရှိရင်တော့ လုပ်ရဲကိုင်ရဲ တယ်လို့ မြင် ကြ တယ်၊ တာဝန်ယူရဲတယ်။ အမျိုးသမီးကျတော့ တွန်းတယ်၊ တိုးတယ်၊ နေရာယူတယ်။ ဒါပေမဲ့ နေရာယူတဲ့နေရာမှာ အမျိုးသား တွေ ကတော့ ဇော်ပဲ။ (ရယ်လျက်)

မေး။ ။ အမေ့အနေနဲ့ တစ်ယောက်တည်း နေခဲ့ရစဉ် အတွင်းမှာ သားတွေ အပေါ် လွမ်းဆွတ်မှု အတိုင်းအတာ ဘယ်လောက်ရှိခဲ့ပါသလဲ။

ဖြေ။ ။အမေက ကိုယ့်ကိုယ်ကိုယ် မလွမ်းအောင် နေတတ်တယ် ၊ ဒါ ငယ်ငယ်တည်းကပါ။ လွမ်းတယ် ဆိုတဲ့ အလုပ်မလုပ်ဘူးလို့ ဆုံးဖြတ် ထားတယ်။

မေး။ ။ စိတ်ခွန်အားနဲ့ ဥာဏ်စွမ်းအားမှာ ဘယ်အရာက အမေ့အတွက် အလိုအပ်ဆုံးလို့ ယူဆပါ သလဲ ခင်ဗျ။
ဖြေ။ ။ စိတ်ခွန်အားကတော့ အခြေခံဖြစ်ရမှာပဲ၊ ပညာက အလွဲသုံးစား လုပ်လို့ရတယ်။ မမှန်ကန်တဲ့ စိတ်ရှိတဲ့ ပညာရှိ ဆိုရင် အင်မတန် အန္တရာယ် များတယ်။ အဲဒီတော့ စိတ်ဓာတ်က အဓိကလို့ ထင်ပါတယ်။

မေး။ ။ THE LADY ဇာတ်ကားဟာ အမေ့ရဲ့ ဘဝပုံရိပ် ကို ဖော်ပြပေးနိုင် မယ်လို့ ထင်ပါသလား၊ အစစ်အမှန် အငွေ့အသက်လေးပါသလား ခင်ဗျ။

ဖြေ။ ။ မသိဘူး၊ လုံးဝလည်းမကြည့်ဘူး၊ ကြည့် ဖို့လည်း ရည်ရွယ်ချက် မရှိဘူး၊

မေး။ ။ ဗိုလ်ချုပ်ရဲ့ ဇာတ်ကားကို ရိုက်တဲ့အခါ အမေ ဘယ်လို အခန်းကဏ္ဍ ကနေပြီး ပါဝင်မယ်လို့ ယူဆထားပါသလဲ၊ ဇာတ်ကား ဖန်တီးမှုပီပြင်ပါ့ မလားဆိုတဲ့ စိုးရိမ်စိတ်ရော ရှိပါသလားခင်ဗျ။

ဖြေ။ ။အဲဒါကတော့ ပီပြင်ပါ့မလား ဆိုတဲ့ အတွေးလေးက အတိုင်းအတာ တစ်ခုထိ ရှိတာပေါ့၊ ဒါပေမဲ့လည်းတော်တဲ့ အနုပညာရှင်တွေကို အားကိုးနေ တယ်ဆိုတော့ ဒါကိုဖြစ်မြောက်မယ်လို့ထင်တယ်။ တခြားနိုင်ငံတကာ ကလည်း ကူညီချင်တဲ့ စိတ်တွေရှိတဲ့ အခါကျတော့ဒါ အောင်မြင်မယ် လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အမေ့ အနေနဲ့ အနုပညာရှင်တွေ အလုပ်ကို ဝင်ပြီးတော့ နှောင့်ယှက်တာမျိုး မလုပ်ပါဘူး၊ ဝင်ပြီတော့ ချုပ်ချယ်တာမျိုး မလုပ်ပါဘူး၊ ဒါပေမဲ့လည်း တချို့နေရာတွေမှာ အမေ့ကိုလည်း အကြံ ဥာဏ် တောင်းတာတွေတော့ ရှိမှာပေါ့၊ အဲဒီအခါကျလို့ ရှိရင်တော့လည်း အမေမြင်တာတွေ ပြောပြမှာပေါ့။

မေး။ ။ ဒီအသက်အရွယ်မှာ အမြဲတမ်း လန်းဆန်းပြီး သွက်သွက် လက်လက် နေထိုင်နိုင်အောင် ဘယ်လိုများကျင့်ကြံနေထိုင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ စည်းကမ်းနဲ့နေတယ် (ရယ်လျက်)။ နောက်ဆုံး ဒါပါပဲ။ စည်းကမ်း ရှိရှိ နေလို့ရှိရင် ကျန်းမာရေးကောင်းပါတယ်။

မေး။ ။ အခု အမေရေးတဲ့စာတွေကို စာဖတ် ပရိသတ်က သဘောကျ တာတွေ များတယ် ဆိုတော့ စာအုပ်တွေ ဘာတွေရော ထွက်ဖို့ရှိပါသလား ခင်ဗျ၊

ဖြေ။ ။ စာအုပ်..၊ ခု သတ်သတ် လုံချင်း စာအုပ်ထုတ် ဖို့တော့ အချိန်လည်း မရှိဘူး၊ အဲဒီတော့ အစီအစဉ် လည်း မရှိသေးပါဘူး၊

မေး။ ။ အမြဲပဲကျင့်သုံးနေထိုင်တဲ့ ဘဝနေနည်း လေးတစ်ခု၊ အဲဒီနည်းလေး တစ်ခုကို စာဖတ် ပရိသတ်အတွက် မျှဝေပေးနိုင်မလားခင်ဗျ။

ဖြေ။ ။ ဘဝနေနည်း…၊ ဘဝနေနည်း ဆိုတော့ ပြောရတော့ ခက်တယ်၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်နော်။ အမေကတော့ အဖြစ်ကို အဖြစ်အတိုင်း ရင်ဆိုင်မယ်လို့ပဲ စိတ်ထဲမှာ ထားတယ်၊ အဖြစ်ကို အဖြစ်အတိုင်း မရင်ဆိုင် ဘဲနဲ့ ရှောင်လို့ရှိရင် ဘဝမှာ တိုးတက်မှုမရှိနိုင်ဘူး၊ ရှင်သန်ဖို့လည်း မရှိနိုင် ဘူး၊ အဲဒီတော့ ဘာမဆိုရင်ဆိုင် ရဲရမယ်၊ အဲလို ရင်ဆိုင်တဲ့ အခါကျလို့ရှိရင် ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချ၊ ဒီဆုံးဖြတ်ချက်အတွက် ကိုယ်တိုင် တာဝန်ယူ ရမယ်၊ ဟိုလူ့ကို လွှဲချ ဒီလူ့ကိုလွှဲချ ဒီလို မလုပ်ရဘူး။ တာဝန်ယူတဲ့ တာဝန်ယူစိတ်ရှိရ မယ်။

မေး။ ။ နိုင်ငံတော်သမ္မတကြီးက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြော သွားတာပါ၊ သူ့ အနေနဲ့ သမ္မတ ဒုတိယသက်တမ်းကို ပြည်သူ့ဆန္ဒ ရှိရင် သူက အရွေးချယ် ခံမယ်လို့ ပြောထားတာ ကြောင့် အမေ့ရဲ့အမြင် သဘောထားလေး တစ်ချက်လောက်တော့ သိပါရစေ။

ဖြေ။ ။ အဲဒါ နောက်သက်တမ်းမှာ အရွေးချယ်ခံ ချင်တဲ့ ဘယ်သူမဆို အားလုံးကနေပြီးတော့ မျှမျှတတ အခြေခံပေါ် ကနေပြီးတော့ အရွေးချယ် ခံနိုင် အောင်လို့ ကြိုး စားပေးသင့်တယ်။ အခုပြိုင်ရမှာပဲ၊ အခုဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေက တရားမှ မတရားတာ၊ တရားမမျှတတဲ့ ဥပဒေ အရတော့ ခေါင်းဆောင်လုပ်ချင်တဲ့ စိတ်မရှိသင့်ဘူးလို့ ဒီလို ပဲ မြင်ပါတယ်။

မူရင်း..Yati Magazine

ဝမ်ပေါင်ကုမ္ပဏီ ၀က်ဆိုဒ်မှာဖော်ပြထားတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး လက်မှတ်ရေးထိုးမှုဓါတ်ပုံ။



http://mywanbaocopper.wordpress.com/

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားသောဆောင်းပါးဖြစ်ပါသည်။ ယုံကြည်မှုဖြင့် ရင်ဆိုင်ကျော်လွှားခြင်း



``ဖေဖေရဲ့ ဇာတိမြို့ဖြစ်တဲ့ နတ်မောက်ကိုရောက်တော့ ဖေဖေ ငယ်ငယ်တုန်းက စာသင်ခဲ့တဲ့ ဘုန်းကြီးကျောင်းကို ကျွန်မသွားခဲ့ပါတယ်။ အဲဒီမှာ ဆရာတော်က ကျဆုံးပျက်စီးခြင်းအကြောင်းတရားလေးပါး ကို ဟောကြားခဲ့ပါတယ်။ ဆုံးရှုံးသွားတဲ့အရာတွေကို ပြန်ရအောင် ကြိုးပမ်းမှုမရှိခြင်း၊ ပျက်စီးသွားတဲ့အရာတွေကို ပြုပြင်ရန်ပျက်ကွက်ခြင်း၊ သင့်တင့်လျောက်ပတ်သော ခြိုးခြံချွေတာ မှုပြုလုပ်ဖို့လို အပ်တာကို အလေးဂရုမပြုခြင်း၊ အကျင့်သီလ ဒါမှမဟုတ် စာပေပညာမရှိတဲ့ သူတွေကို ခေါင်းဆောင်တင်မြှောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာ တရားမျှတပြီး သာယာဝပြောတဲ့ လူ့ဘောင်အဖွဲ့ အစည်းကို ထူထောင်နိုင်ဖို့ရာအတွက် အဲဒီရိုးရာအစဉ်အလာ ဗုဒ္ဓဘာသာ အဆုံးအမတွေကို ဘယ်လိုအဓိပါယ်ကောက်ယူပြီး နားလည်သင့်တယ်ဆိုတာကိုလည်း ဆရာတော်က ရှင်းပြလိုက်ပါသေးတယ်။´´
 
 Eternal Light Magazine

06 December 2012

နိုဗယ်ငြိမ်းချမ်းဆုရှင်ဒေါ်အောင်ဆန်းစုကြည် နှင့် အင်တာဗျူး

Add caption

တည်နေရာအရပ်ရပ်တွင် လူများစွာ ဖြတ်သန်းခဲ့ နေကြသည်။ သို့သော် အသွင်သဏ္ဌာန် ကွဲပြားမှုကိုယ်စီ ရှိကြမည်ထင်၏။ ဘဝသည် လိုချင်သော သရုပ်ဖော်ပုံတူရေးဆွဲ ရနိုင်ဖို့ရာ ခက်ခဲမည်ဖြစ်ရကား လှုပ်ရှား ရုန်းကန် နေကြရသော လူ့လောက၏ ပုံသေမဟုတ်သော ကားချပ်များကို အသွင်ကူးပြောင်းရေး ကာလများတွင် အသက်ဆက် ရှင်သန်နေနိုင်ရေး အတွက် မည်သည့်ခေတ် မည်သည့်ကာလ၊ မည်သည့် အချိန်မဆို ရှင်သန် အားထုတ် နေကြရသည် မဟုတ်ပါလား။ လန်းဆန်းသည် (သို့မဟုတ်) ပင်ပန်းသည်။ ချမ်းသာသည် (သို့မဟုတ်) ဆင်းရဲသည် အစစ သော လူတစ်ဦး တစ်ယောက်၏ လှုပ်ရှားရုန်းကန် နေရသော ဘဝအချိုး အကွေ့ များစွာ..။ နောက်ပြန်လှည့် ကြည့်ပါက ကျန်နေခဲ့ သော သက္ကရာဇ် များကို လက်ချိုးရေတွက်ရုံဖြင့် မပြီးသာ…။ ကမ္ဘာ ၊မြို့ ၊ ရွာ၊ကျေးလက် သက်ရှိ လူတို့၏ အချို့ အချို့သော အားထုတ်ရုန်းကန်နေ မှုတို့သည် သမိုင်း တစ်စ ၊အနာဂတ်တစ်ခု၊ မှတ်သားလောက် စရာအချို့အဖြစ် ကျန်နေရစ်မည်မှာ အချိန် ကာလတစ်ခုအထိ သေချာမည်ထင်၏။

မလျှောက် ရသေးသော လမ်းကို ရွေးချယ်လျှောက်လှမ်းနိုင်စွမ်း ကိုယ်စီရှိကြသော်လည်း လျှောက်ခဲ့ ပြီးသော ဘဝလမ်းဟောင်းများ အတွက် မွမ်းမံ ပြင်ဆင်ဖို့ရာ မဖြစ်နိုင်သည် မှာ ထို့ထက်ပင်သေ ချာ၏။ ပင်ကိုစွမ်းရည် ပင်ကိုစိတ်ဓာတ်ဖြင့် အား ထုတ်ကြိုးပမ်းရေး အတွက် လှုပ်ရှား ရုန်းကန်နေ ခြင်းတို့တွင် စိတ်ဓာတ်၊ ဥာဏ်၊ ခွန်အား တစ်ခုခုသော ရသတို့ကို ရရှိစေဖို့ ရာ ရည်ရွယ်၍ ယခုလထုတ် ရတီမဂ္ဂဇင်း၏ Beyond The Women ကဏ္ဍ အတွက် မြန်မာ့ ဒီမိုကရေစီ လူထုခေါင်း ဆောင် ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် (တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ)နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ရပ်နားချိန် (အောက်တိုဘာလ ၂၃ရက်နေ့) တွင်တွေ့ ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်။

မေး။ ။ပထမဦးဆုံးအနေနဲ့ မျိုးချစ်စိတ်ဆိုတာ ဘယ်အချိန်က စပြီး ခံစား မိတာလဲဆိုတာ သိပါရစေ ခင်ဗျာ။

ဖြေ။ ။ အဲဒီမျိုးချစ်စိတ် ၊ မျိုးချစ်စိတ်ဆိုတဲ့ အကြောင်းကို သိပ်မပြော ချင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့တချို့က မျိုးချစ်စိတ်၊ မျိုးချစ်စိတ်ဆိုပြီး ကိုယ်လုပ်ချင်တာ လုပ်တာ မျိုးကို မျိုးချစ်စိတ်နဲ့ အကြောင်းပြပြီး မျိုးချစ် စိတ်နဲ့ လုပ်တယ်လို့ ပြောတယ်၊လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ ပတ်ဝန်းကျင်က ကိုယ့်အမျိုးအဆွေ ကိုယ့်မောင်နှမသား ချင်းတွေကို ချစ်သလို ကိုယ့်ရဲ့ လူမျိုးချစ်တဲ့ စိတ် ကတော့ အမြုတေအားဖြင့်တော့ ရှိနေမယ်လို့ ထင်ပါတယ်။

မေး။ ။ အမေ့ရဲ့ မပြောင်းလဲခဲ့တဲ့ မြန်မာဝတ်စုံ နဲ့ပတ်သတ်ပြီး တစ်ခုလောက် မေးပါရစေ၊ အမေ က မြန်မာပြည်က အမျိုးသမီးထုကို လမ်းပြပေးခဲ့တဲ့ ပုံစံမျိုးလား။

ဖြေ။ ။မဟုတ်ပါဘူး၊ အမေ့ဘာသာ အမေ ကြိုက်လို့ ဝတ်တာပါ၊

မေး။ ။ အမေ့အနေနဲ့ ပြည်ပ ခရီးစဉ်တွေ မှာဝတ်ခဲ့တာကို ကမ္ဘာ မှာ မြန်မာ ဝတ်စုံနဲ့ ပတ်သတ်ပြီး သတိထား လာကြတယ်လို့ ပြောလာကြ တယ်၊ အဲဒါနဲ့ ပတ်သတ်ပြီး ဖန်တီးပေးထားတဲ့သူ၊ ဒီဇိုင်နာပေါ့ ၊ခုလည်း လွှတ်တော် မှာ ဝတ်ဆင်နေတဲ့ အဝတ်အစားတွေနဲ့ ပတ်သက်ပြီးတော့ပါ။ ပြောလို့ ရရင်ပြောပေးပါဗျ၊

ဖြေ။ ။ ခုဝတ်ထားတာက ကရင်လုံချည်ပေါ့၊ (ရယ်လျက်)၊ အင်း….ဒီဇိုင်နာ ရယ် လို့ မရှိပါ ဘူး၊ ဒီလိုပဲ ..၊ တချို့တွေကျတော့ သူများတွေ ချုပ်ပြီးပေး လည်း အမေဝတ်တာပဲ၊ သူများပေးတာ ဝတ်တာ များတာပေါ့နော်၊ နောက် ထပ် ကိုယ့်ဟာ ကိုယ်လည်း ဒီလိုပဲ ချုပ်ဝတ်တာပဲ၊ ဒီဇိုင်နာရယ်လို့ တော့ မဟုတ်ပါဘူး။

မေး။ ။ ဘဝမှာ အတွေ့အကြုံ အပြောင်းအလဲ တွေ ကြားမှာ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ကျော်ဖြတ်ခဲ့တာလဲ၊ အဓိက စိတ်ဓာတ်လေး တစ်ခု သိပါ ရစေ။

ဖြေ။ ။ အဲ့ဒါပြောရခက်တယ်၊ စိတ်ဓာတ်ဆိုတာ တစ်မျိုးတည်းမှ မဟုတ် တာဘဲ၊ ကိုယ်တွေ့ကြုံရတဲ့ ဖြစ်ရပ်တွေပေါ်မှာ မူတည်ပြီးတော့ စိတ်ဓာတ် က ပြောင်းလဲတာပေါ့၊ ပျော့ပျောင်းသင့်တဲ့ နေရာမှာ ပျော့ပျောင်းတယ်။ တင်းမာသင့်တဲ့နေရာမှာ တင်းမာတယ်၊ အဲဒီတော့ အမေအမြဲပဲပြောတယ် တင်းမာတာမဟုတ်ဘူး၊ခိုင်မာတာပေါ့၊ ပျော့ ပျောင်းတာနဲ့ ပျော့ညံ့တာ မတူဘူး၊ ခိုင်မာတာနဲ့ တင်းမာတာနဲ့ မတူဘူး၊လိုအပ်ရင် လိုအပ်သလိုပေါ့၊ အမြဲပဲ ဒါပျော့ပျောင်းနေ လို့လည်း မရဘူး၊ ပြောရမယ် ဆိုရင် တိုက်ဖို့ လိုရင်လည်း တိုက်ရမှာပဲ၊ ခံဖို့လိုရင် လည်းခံရမှာပဲ၊ချော့ဖို့လိုရင်လည်း ချော့ ရမှာပဲ၊ လျှော့ဖို့လိုရင်လည်း လျှော့ရမှာပဲ(ရယ်လျက်)။ ဒါက ကိုယ့်ရဲ့ မူအရလုပ်သင့် တာတွေ လုပ်နိုင်ဖို့ စိတ်ဓာတ်ကို ပြောင်းသွားရမှာပါ။

မေး။ ။မိသားစုနဲ့ ခွဲခွာခဲ့ရတဲ့ အချိန်မှာ ကြံ့ကြံ့ ခိုင်နေထိုင်နိုင်ခဲ့တဲ့ သတ္တိကိုလည်း တစ်ချက် လောက်သိပါရစေ။

ဖြေ။ ။ အဲဒါကတော့ တာဝန်သိစိတ်လို့ပဲ ပြောရ မှာပဲ၊ အမေတို့ ငယ်ငယ် တည်းက မေမေ (ဒေါ်ခင်ကြည်) က အင်မတန်မှ တာဝန်သိတယ်၊ မေ့မေ့ရဲ့ တာဝန်သိစိတ်က အင်မတန်မှလည်း ကြီးတယ်၊ ကလေးတွေကိုလည်း တာဝန်သိစိတ်ရှိဖို့ သင်ထားတယ်။ အဲတော့ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအရ ခံစားချက်တွေထက် ကိုယ့်တာဝန်လို့လက်ခံတဲ့ ကိစ္စကို ရှေ့တန်းတင် ရမယ်ဆိုတဲ့ ဟာကိုတော့ ဒါငယ်ငယ်က ပြုစုပျိုးထောင်ထားခဲ့တာပါ။

မေး။ ။ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း အဓိပ္ပာယ်ကို ကျတော့ ဘယ်လို အဓိပ္ပာယ် ဖွင့်ချင်ပါသလဲ ခင်ဗျ။

ဖြေ။ ။မှန်ကန်ခြင်း ဆိုတာကတော့နော်၊ တစ်ယောက်နဲ့ တစ်ယောက် ဘယ်ဟာက မှန်ကန်သလဲ ဆိုတာ တစ်ခါတလေ အငြင်းပွားကြတာပေါ့၊ ဒါပေမဲ့လည်း ကိုယ့်ရဲ့ ဖေဖေပြောခဲ့တဲ့ အသုံး အနှုန်းဆိုရင်တော့ ကိုယ့်လိပ်ပြာခုံ ရုံးရှေ့မှာ ကိုယ်မားမားမတ်မတ် ရပ်တည်နိုင်မှ။ မှန်ကန်လား မမှန်ကန်လား ဆိုတာ အဲ့ဒါနဲ့ ဆုံးဖြတ်ရမှာပေါ့၊ ရဲရင့်တယ် ဆိုတာက ကိုယ် မှန်ကန်တဲ့ ကိစ္စအတွက် ထိမယ်ထင်ရင်လည်း၊ နာမယ် ထင်ရင်လည်း ထိမှာ နာမှာကို ရင်ဆိုင်မယ်ဆိုတဲ့ သတ္တိကို ထုတ်တာဟာ ..ဒါ ရဲရင့် တာပေါ့၊

မေး။ ။ အခု ပြုပြင်ပြောင်းလဲရေး ကာလမှာ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးအရေး တွေပေါ့။ အဲဒါမှာ ဘယ်အရာက မြန်မာနိုင်ငံ အတွက် ပထမဆုံး အဓိက လိုအပ်မယ်လို့ ထင်မိ ပါသလဲ ။

ဖြေ။ ။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှာ ပညာရေး ကတော့ အဓိက အရေးကြီးတယ်။ ပညာ ရေးကို အခြေခံမှ မှန်ကန်တဲ့ စီးပွားရေး မူတွေ လည်း ချနိုင်မယ်၊ မှန်ကန်တဲ့ စီးပွားရေးလမ်းကိုလည်း လျှောက်နိုင် မယ်။ နောက် ..လူမှုရေးက လည်း ပညာရေးက အများကြီး အကျုံးဝင် တာပေါ့လေ၊ ပညာရေးက မှန်ကန်လို့ရှိရင် မှန်ကန်တဲ့ လူမှုရေး ဆက်ဆံ မှုတွေကလည်း မှန်ကန် လာမှာပေါ့၊ အမေတို့ ငယ်ငယ်တုန်းကဆိုလို့ရှိရင် စိတ် ဓာတ်ကောင်းမွန်ဖို့ ..။ ဒါမျိုးတွေက အများကြီး သင်တာတွေ ရှိတယ်၊ သား တို့ခေတ်မှာ ဒါ တွေက ကျောင်းတွေမှာ သိပ်မသင်ဘူးပေါ့။ အဲတော့ ပညာရေးက စိတ်ဓာတ်မှန်ကန်ဖို့နဲ့ ဆက်စပ်တယ် ဆိုတော့ လူမှုရေးနဲ့လည်း ဆက်စပ်သွားတာပေါ့။

အောင်ထက် (NYK)

ဆက်လက်ဖော်ပြပါမည်။
မူရင်းလင့် Yati Magazine

05 December 2012

ကျေးဇူးရှင်တွေ ပေါတယ် များတယ် ဆပ်လို့ရယ် ကုန်နိုင်ပါ့မလားကွယ်



ကျုပ်ဆိုတဲ့ ကျုပ်ကလည်း သေ..... မသေနိုင်ဘူးဗျာ။ ရှစ်ဆယ်ကျော်လှပြီ။ သေပါတော့လား ။ မသေသေးဘူးဗျ။
ဘယ်တန်ခိုးရှင်ကများ ညိုမာန်နဲ့ အပိုအလျှံ အိုဒဏ်ပေးလေတယ် မသိပါဘူးဗျာ။တကယ်ပါပဲ။ ၂၀၁၂ ကုန်ခါနီးပြန်ပြီ။ ကျူပ်ကမသေရေးချ မသေသေးဗျ ဖြစ်နေတယ်ဗျာ။

ဘယ်တန်ခိုးတော်ရှင်ကများ “ဟဲ့နိုင်ငံရေးကောင်။ နင်မသေရသေးဘူး။ နင်တို့ကို ထောင်စာကျွေး ခဲ့တဲ့ ပေါင်ဒါအဖွေးသား စစ်အာဏာရှင် ကိုယ်တော်ချောတွေရဲ့ နာရေးကြော်ငြာ အကြီးအကျယ် တွေကို ဖတ်ပြီးမှ သေကြဟဲ့” လို့ အမိန့်တော်မြတ် ချမှတ်တော်မူလေသလား မသိပေါင်ဗျာ။

ကျုပ်တို့နိုင်ငံရေး အကျဉ်းသားဟောင်းတွေကထောင်ကြိုခေတ် ထောင်ပြင်မှာလည်းငတ်ခဲ့ပြီဗျာ။ ထောင်တွင်းခေတ်မှာ ထောင်ထဲမှာလည်း ငတ်ခဲ့ပြီဗျာ။ အခု ထောင်လွတ်ခေတ် ထောင်ပြင်မှာလည်း ငတ်နေဆဲဗျာ။ ဗမာတစ်ခွင် မဟာသခင်ဆိုတဲ့ အာဏာရှင်ဟောင်းတွေကတော့ လက်ညှိုးညွှန်ရာ ငွေဖြစ်နေကြတဲ့ သူတွေဗျ။

ဘယ်သူ ဘယ်ဝါ ဘယ်ကလောက် ငွေဖြစ်ခဲ့ကြသလဲ။ ကျုပ်မသိပါဘူး။ စစ်အာဏာရှင်ဟောင်းတွေ ကတော့ လက်ညှိုးတထိုးထိုး လုပ်နေကြလေရဲ့ဗျာ။ ငွေတွေကလည်း ဖြစ်-ဖြစ်နေလေသကိုး။

ကြားကြမှာပေါ့။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့အပေါင်းပါတစ်စုရဲ့ အိမ်တော်ပါတွေအတွက် အပိုထောက်ပံ့ကြေးဆိုတာ တောင်းထားတာလေ။ လူကလည်း သိပ်မများပါဘူး။ ထမင်းချက်၊ တံမြတ်လှည်း၊ ဥယျာဉ်ထဲ ရွက်ကြွေကောက်၊ ထဘီခေါက်၊ ဆံပင်ဆိုး၊ ဘိုးဘိုးကြီးအနှိပ်တော်ဆက်၊ အဘက်ဘက်အဖုံဖုံ လုပ်ငန်းတွေ စုံတကာစေ့အောင် ခိုင်းထားတဲ့လူတွေလေ။ နည်းတော့ မနည်းဘူးပေါ့။ များတော့ကော ဘာဖြစ်ရဦးမှာလဲဗျာ။

အခု ပြည်ထောင်စု လွှတ်တော်မှာ တောင်းထားတာက လူပေါင်း ၄၀၀ ကျော်လောက်အတွက်ပါ။ ငွေကလည်း ကျပ်သိန်းပေါင်း ၁၇၀၀ လောက်ပါ။ ဒါလေးများ စကားထဲ ထည့်ပြောနေရဦး မှာလားဗျာ။ ဟဲ.......ဟဲ။

လူကြီးတွေ၊ လူကြီးကတော် တွေ၊ လူကြီး သားတော်သမီးတော်တွေကို ရေပူရေချမ်း ကမ်းနေသူတွေ မဟုတ်လား။ လူကြီးတွေက ကျေးဇူးရှင်တွေဆိုတော့ သူတို့လည်း ကျေးဇူးရှင် ကြီးတွေရဲ့ ကျေးဇူးရှင်လေးတွေလေဗျာ။

အဲ့ဒီ ကျေးဇူးရှင်ကြီးတွေတို့ ဆိုတာက အခုနိုင်ငံတော်သမ္မတကြီးတို့ဆိုသူတွေရဲ့ ကျေးဇူးရှင်တွေ လေဗျာ။ ကျေးဇူးသိရမှာပေါ့။ မင်္ဂလာ တရားတော် မမေ့ကြနဲ့နော်။

နိုင်ငံတော် သမ္မတကြီးတို့ကတော့ မမေ့လို့ပဲ အဲ့ဒီလို ကျေးဇူးရှင်တွေကို ထောက်ပံ့ဖို့သူ့ရဲ့ လစာရိက္ခာ တော်တွေကိုတောင် ဖြစ်ညှစ်လျှော့ပေါ့ ယူနေရှာတယ်ဗျ။ တစ်လမှ တစ်ဆယ့်ငါးသိန်း လောက်ပဲယူရှာတာ ကြည့်လေ။ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေက သာခွေယိုင် မဟုတ်လား။ ကောင်းလှတာ မဟုတ်ဘူးလေဗျာ။ သူတို့ အလိုက်ကမ်းဆိုး သိရှာပါတယ်။

ကျူပ်ကတော့ ခေါင်းသုံးလုံးရွယ် ဆိုတော့ခါးကုန်းလေ၊ အကျယ်မြင်လေ၊ အရှည်တွေးလေ ဖြစ်နေ တယ်ဗျာ။

ကျေးဇူးသိတတ်တဲ့ သမ္မတအစိုးရရဲ့ ဝန်ကြီးတစ်ပါးက လက်ပံတောင်းကြေးနီတောင်မှာ ကယောင်က တမ်းအပြေးအလွှား မိန့်ခွန်းစကားတွေ ခြွေခဲ့တယ်ဗျာ။ ဘာတွေပြောမှန်းမသိပါဘူး။ ဝန်မင်းရဲ့ စကားတစ်ချို့ ကိုတော့ ဟိုက၊ ဒီက ကြားလိုက်ရသဗျ။ ဝန်းမင်းကပြောတယ်တဲ့။ တရုတ်ပေါက်ဖော်တွေရဲ့ ကျေးဇူးတော်ကို မ မေ့ကြနဲ့တဲ့။ တရုတ်နိုင်ငံဟာ ကျေးဇူးရှင်ကြီးတွေတဲ့။ တရုတ်ကျေးဇူး ဧရာမကြီးသတဲ့။ ကြေးစင်တောင်ထက် ကြီးတယ်။ မြင်းမိုရ်တောင်လောက် ကြီးတယ်လို့ ဆိုလိုတာနဲ့တူပါရဲ့။

ကျုပ်က ဒီလို တွေးကြောက်မိသဗျာ။

တရုတ်မွေးလို့ အမွေး-အတောင်ပေါက်တဲ့ စစ်အာဏာရှင်ကြီးတွေကိုတောင် ကျုပ်တို့ ဒီလောက် ကျေးဇူးသိနေကြ ရမှာလား။ တရုတ် ကိုယ်တော်ကြီးတွေကိုဆို ဘယ်ပြောကောင်းမလဲ။ တော်ကြာ သမ္မအစိုးရမင်းများက တရုတ်ပေါက်ဖော် ကျေးဇူးတော်ကို သိကြဟဲ့၊ ဆပ်ကြဟဲ့ဆိုပြီး လွှတ်တော်တင်လား၊ တောင်းလား ဆိုလား၊ ဆုံးမလား လုပ်လာရင်၊ သက်သာမှာ မဟုတ်ဘူးဗျို့။

ကျုပ်ခမျာ ဒီလိုတွေးကြောက်တာတွေလည်း ရှိသဗျ။

စစ်အာဏာရှင်ကြီးတွေဟာ ကျုပ်တို့ရဲ့ ကျေးဇူး ရှင်တွေလား၊ မဟုတ်ရေးချ မဟုတ်ဗျ။ စစ်အာဏာရှင်ကြီးတွေက စစ်အာဏာရှင် အသေးစားတွေ၊ ချွတ်တားဝါး လားတွေရဲ့ ကျေးဇူးတော် ရှင်တွေသာ ဖြစ်ကောင်းဖြစ်မှာ ပေါ့ဗျာ။ ဒီအတိုင်းပဲ။ တရုတ်ပေါက်ဖော်တွေဆိုတာ စစ်အာဏာရှင် ကြီးတွေရဲ့ ကျေးဇူးတော်ရှင်တွေသာ ဖြစ်ပေမှာပေါ့ဗျာရယ်လို့ မကြောက်မတမ်း ပြောချင်သဗျ။

ဘာပြောပြောဗျာ။ ကျုပ်ကတော့ ပူမိတယ်ဗျာ။ အစိုးရက တရုတ်ကျေးဇူးတော်ကို ဆပ်ကြရမဟဲ့ ဆိုပြီး အမိန့်တော်မြတ် ချမှတ်မယ်ဆိုပါတော့။ ငါမသေခင် ထမင်းမှ ဝအောင်စားသွားရပါ့မလား ရယ်လို့ ဗိုက်တပွတ်ပွတ် ဖြစ်နေမိသဗျာ။

ကျုပ်ရဲ့ ဥာဏ်တစ်မိုက်တစ်ထွာနဲ့ မိုက်ရာကျကျ ပြောလိုက်မယ်။ စစ်အာဏာရှင်တွေရဲ့ ကျေးဇူး ဆိုတာ တိုင်းပြည်အပေါ်မှာ မူးလို့တောင် ရှူစရာမရှိဘူးဗျ။ နေပြည်တော် ဆောက်တာ ဘာညာတွေ လာဖြီးမနေနဲ့။ လမ်း၊ တံတားဆောက်တာ ဘာညာတွေ လာဖိန်းမနေနဲ့။ အဲ့ဒါ တိုင်းပြည်ရဲ့ သယံဇာတ ရင်း မြစ်တွေကို တူးဆွခြေမွ အမှုန့်ကြိတ်ရောင်းရလို့ ငွေတွေနဲ့ ဆောက်တာ၊ဖောက်တာတွေဗျ။ နှောက်တာ၊ ဖျောက်တာတွေတောင် လုပ်ခဲ့ကြသေးမဟုတ်လားဗျ။

ကျေးဇူးဆပ်ဖို့ ကျေးဇူးရှင်တွေကိုစာရင်းတင်စမ်းဟေ့လို့ ကျုပ်ကို ခိုင်းကြည့်။ ရှစ်လေးလုံး အရေး တော်ပုံကြီးမှာ သွေးချောင်းစီးခဲ့သူတွေကို ကျုပ်စာရင်းတင်မှာပဲ။ အရေးတော်ပုံ အဆက်ဆက် ဘဝပျက်ခဲ့သူတွေ ကို ကျုပ်စာရင်းတို့မှာပဲ။

ဒီနေ့ ကျုပ်တို့ စစ်ကျွန်ဘဝကလွတ်မြောက်၊ စစ်အာဏာရှင်အောက်က ရုန်းထွက်၊ လွတ်လပ်မှုအ သက် မျှင်းမျှင်းလေးရှူနိုင်တဲ့ ဘဝရောက်ကြရတာဟာ အဲ့ဒီ အရေးတော် ပုံတပ်သားတွေရဲ့ ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တကြောင့်ဗျ။

အဲ့ဒီ ကျေးဇူးရှင်တွေကို ဘယ်သူကျေးဇူးသိမှာလဲ။ ဘယ်လို ကျေးဇူးဆပ်မှာလဲ။

အဲ့ဒါတွေကတော့ ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ သွားဖြီးတမြမြအားကြီးတပြပြ လုပ်နေကြတဲ့ လွှတ်တော်တွေက ပဲ ရုပ်လုံးဖော်နိုင်ကြမှာပါဗျာ။ ။

ဟံသာဝတီဦးဝင်းတင် - ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၆) မှ ကူးယူဖေါ်ပြပါတယ်။

03 December 2012

သမ္မတကြီးဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေး နိုဗယ် ဆုရှင် ဒေါ် အောင်ဆန်းစုကြည် တို့ အာဆီယံ ခေါင်းဆောင်မှု ဖိုရမ်တွင် မိန့်ခွန်းပြောမည်


အာဆီယံ နိုင်ငံများ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် အရပ်ဘက် အဖွဲ့အစည်း များမှ ခေါင်းဆောင်များ ပါဝင်သည့် အာဆီယံ ခေါင်းဆောင်မှု ဖိုရမ်သို့ ကမ္ဘာ့ထိပ်တန်း တွေးခေါ် မြော်မြင်သူ စာရင်းတွင် ထိပ်ဆုံး နေရာ၌ ပူးတွဲ ရရှိထားသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေး နိုဗယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တို့ တက်ရောက် မိန့်ခွန်း ပြောကြား သွားမည် ဖြစ်ကြောင်း ယင်းဖိုရမ်ကို ဦးစီး ကျင်းပသူ Dato Timothy Ongက ပြောကြားသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် "မြန်မာနိုင်ငံ ၏ စိန်ခေါ်မှု များနှင့် အခွင့်အလမ်းများ" ကို ပြောကြားမည် ဖြစ်ပြီး နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က "အကျပ်အတည်း ကာလ အတွင်း ကြံ့ကြံ့ ခံနိုင်မှု" ခေါင်းစဉ်ဖြင့် မိန့်ခွန်း တစ်ရပ် ပြောကြားမည် ဖြစ်သည်။
"နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင် နေသော မြန်မာနိုင်ငံ အတွက် အရေးပါတဲ့ အချိန် ဖြစ်သလို အာဆီယံ အသိုက်အဝန်း အတွက်လည်း ပထဝီ နိုင်ငံရေးနှင့် စီးပွားရေး ပကတိ အခြေအနေ အရ ပူးပေါင်း ဆောင်ရွက် ရမယ့် အရေး ပါတဲ့ အချိန်ပါပဲ" ဟု Dato Timothy Ong က ဆိုသည်။

ယင်းဖိုရမ်ကို မြန်မာ နိုင်ငံရှိ ဆီဒိုးနား ဟိုတယ်တွင် ဒီဇင်ဘာ ၅ရက်မှ ၆ရက်ထိ နှစ်ရက်တိုင် ကျင်းပ သွားမည် ဖြစ်သည်။ ယင်းဖိုရမ်သို့ နောက် ငါးနှစ်တာ ကာလ အတွင်း အာဆီယံ အသိုက်အဝန်းကို ဦးဆောင်မည့် အတော်ဆုံးနှင့် အထက်မြက်ဆုံး လူငယ်နှင့် အမျိုးသမီးများ တက်ရောက်ပြီး အာဆီယံ ဒေသတွင်း အဓိက အရေးပါသော စီးပွားရေး၊ နိုင်ငံရေး၊ လူမှု အဖွဲ့အစည်း များနှင့် သက်ဆိုင်သည့် ကိစ္စရပ် များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း ယင်းဖိုရမ် ထုတ်ပြန်ချက် အရ သိရသည်။

The Voice Weekly

02 December 2012

တရုတ် တီဗီချယ်နယ်က လွှင့်ထုတ်သွားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘဝဇာတ်ကြောင်း ရုပ်သံမှတ်တမ်း

တရုတ် တီဗီချယ်နယ်က လွှင့်ထုတ်သွားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘဝဇာတ်ကြောင်း ရုပ်သံမှတ်တမ်း

ရုပ်သံ ခေါင်းစဉ်ကတော့ တရုတ်လို 缅甸军政府算有节制 未暗杀昂山素季 ဘာသာပြန်ကြည့်တော့ အင်္ဂလိပ်လို ဘာသာပြန်ကြည့်တော့ Myanmar military government counted restraint not to assassinate Aung San Suu Kyi မြန်မာစစ်အစိုးရရဲ့ အကြိမ်ကြိမ် ဖမ်းဆီးထိမ်းသိမ်းခြင်းကို ခံရပေမယ့်လည်း လုပ်ကြံလို့ မရတဲ့ ဒေါ်အောင်ဆန်းစုကြည်လို့ ဘာသာပြန်မလားပဲ...

ဒေါ်အောင်ဆန်းစုကြည် ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး(ရုပ်သံ) နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ဖွဲ့စည်း.....

ဒေါ်အောင်ဆန်းစုကြည် ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး... (ရုပ်သံ ဆင်ပေါက်)
သမ္မတဦးသိန်းစိန် အမိန့်နဲ့ထုတ်ပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင်လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ဖွဲ့စည်း

01 December 2012

ရန်ကုန်သံဃာတော်များနှင့် ပြည်သူအချို့ ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချသည့် ဆန္ဒဖော်ထုတ်မှုတစ်ခုကို နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီမှ ၅ နာရီခန့်အထိ သံဃာတော်အပါး ၃၀ ကျော်ခန့်နှင့် ပြည်သူတို့မှာ ဆူးလေဘုရား ရင်ပြင်တော်ပေါ်တွင် တစ်ပတ်ပတ်ပြီး မဟာဗန္ဓုလလမ်းအတိုင်း လမ်းလျှောက်ကာ လမ်း ၅၀ ရှိ မြန်မာ့စီးပွားရေး ဦးပိုင်ရုံးချုပ်ရှေ့တွင် သံဃာတော်များ ဒဏ်ရာများရရှိခဲ့သည့်ပုံများကို ကိုင်ဆောင်ပြီး ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

 
 



 

 

 

 

 Eleven Media Group