07 January 2012

အမေရိကန် ဘီလျံနာသူဌေးကြီး ဂျော့ ဆိုရော့စ်ကမြန်မာနိုင်ငံတွင်အခြေစိုက်ရုံးခန်းဖွင့်တော့မည်

မြန်မာနိုင်ငံတော် သမတ ဦးသိန်းစိန်၊ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန် ဘီလျံနာသူဌေးကြီး ဂျော့ ဆိုရော့စ်က သူ၏ ပရဟိတလုပ်ငန်းများဆောင် ရွက်ရန်အတွက် မြန်မာနိုင်ငံအခြေစိုက် ရုံးခန်းဖွင့်လှစ်ရန် သဘောတူညီခဲ့သည်ဟု ပြောကြားကြောင်း အေအက်ဖ် ပီ သတင်းတစ်ရပ်အရ သိရသည်။

၂၀၁၁ ဒီဇင်ဘာ ၂၆ မှ ၂၀၁၂ ဇန်န၀ါရီ ၃ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်မှ အပြန်တွင် ဆိုရော့စ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ “တံခါးပိတ်ထားတဲ့ အခြေအနေကနေ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ပြောင်းလဲနေတာပါ”ဟု သူကပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်နှင့်ပတ်သက်၍ ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြောင်း ယင်းကပြောပါသေးသည်။ “ကျွန်တော်ရဲ့ ဖောင်ဒေးရှင်းဟာ ဒီမိုကရေစီအရေးတွေ အတွက် နှစ်၂၀လောက်ပံ့ပိုး ပေးခဲ့ပေ မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖြစ်တာကတော့ ခုမှ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပွင့်လင်းမှုနဲ့ပတ်သက်တဲ့ အရိပ်နိမိတ်တွေအတွက် ကျွန်တော် အင်မတန်မှကိုကြေနပ်အားရမိပါတယ်။ လောလောဆယ်မှာတော့ ထိပ်ပိုင်းရဲ့ စေတနာကောင်းတွေ နဲ့ အောက်ခြေပိုင်းရဲ့ အခြေအနေတွေအကြားမှာ တော် တော်လေး ကွာဟမှုရှိနေပါသေးတယ်”ဟု ဂျော့ ဆိုရော့စ်ကပြောသည်။

သတင်း....popularmyanmar.com

နောက်များ နောက်နေသလားဗျာ . . . .

လွတ်လပ်သော ရုပ်ရှင်ပြိုင်ပွဲမှာ ပရိသတ်အားပေးဆုံး ဆု ရရှိသွားတဲ့ ဒါရိုက်တာ ၀ိုင်းရဲ့ "အဲဒီ့အခန်းဖြတ်" ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောချင်တာ အချက် (၃) ချက်ရှိတယ်။

ပထမအချက်က - ဇာတ်ကားရွေးချယ်ရေးမှာ အဓိကပါဝင်တဲ့ ကိုဇာဂနာက အရင်တုန်းက ဆင်ဆာ လုံးဝ မတင်ဘူးလို့ပြောထားတယ်။ ဒါကြောင့် ပါဝင်သူတွေအားလုံး တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့တယ်။ နောက် ဆင်ဆာအဖွဲ့ကို တင်လိုက်တယ်ဆိုတာကို ကြားရလို့ ကျွန်တော်ရဲ့ ပြိုင်ပွဲဝင်ဇာတ်ကားကိုပါ ပြန်လည်နှုတ်ထွက်ခဲ့တယ်။
(ဒါကြောင့် ..... ကိုဇာဂနာ နောက်များ နောက်နေသလားဗျာ)

ဒုတိယအချက်က - အင်တာနက်မှာ ကြိုတင်ပြီးတော့ ပြသွားတဲ့ ဇာတ်ကားတွေကို ပယ်ဖျက်တယ်၊ ရွေးတဲ့အထဲ မပါတော့ဘူးလို့ ပြောတယ်။ နောက် ပယ်ဖျက်ထားတဲ့ ဇာတ်ကားတွေကိုပဲ ဆု ပေးတဲ့အထဲ ပါလာတယ်။
(ဒါကြောင့် ..... ကိုဇာဂနာ နောက်များ နောက်နေသလားဗျာ)

တတိယအချက်က - ဒေါ်အောင်ဆန်းစုကြည်က ဆုပေးပွဲအခမ်းအနားမှာ တွေးခေါ်ရတဲ့ဇာတ်ကားမျိုး၊ စကားလုံးဝမပြောတဲ့ ဇာတ်ကားမျိုးကို ကြိုက်တယ်လို့ ပြောသွားတယ်။ အခု ပရိသတ်အကြိုက်ဆုံး ဇာတ်ကားဆုကို ရသွားတဲ့ ဇာတ်ကားက စကားတွေအများကြီးပြော၊ မတွေးမခေါ်ရဘဲ ဒဲ့ဖော်ပြတဲ့ ဇာတ်ကားဖြစ်တဲ့ ဒါရိုက်တာ ၀ိုင်းရဲ့ "အဲဒီ့အခန်းဖြတ်" ဇာတ်ကားဖြစ်နေတယ်။


အချုပ်ဆိုရရင် ..... ဒေါ်အောင်ဆန်းစုကြည်ကို ပိုပြီးတော့ ကျွန်တော် လေးစားသွားတယ်။ မြန်မာပရိသတ်က စဉ်းစားတွေးခေါ်မှုကို မလိုချင်ကြ၊ ဒဲ့ဖော်ပြတဲ့ ဒဲ့ရိုက်ချက်တွေကို သာ နှစ်သက်အားပေးကြတာ ကို တွေ့မြင်ရတယ်။ ဒါကြောင့် ဒီမိုကရေစီ ဖော်ဆောင်ရာမှာ အများရဲ့ဆန္ဒကို အတည်ပြုပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပိုပြီးလေးစား၊ ပိုပြီးချစ်ခင်မိတယ်။

(ကျော်သူ)။

.....................................................................................။



06 January 2012

ဝါရင့်သရုပ်ဆောင် ကျော်သူ ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်မည်

ရုပ်ရှင်လောကနှင့် လေးနှစ်ကျော်ကြာ အလှမ်းဝေးနေခဲ့သော ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ပြန်လည် ဝင်ရောက်လာမည် ဖြစ်ကြောင်း သရုပ်ဆောင် ကျော်သူကိုယ်တိုင် The Voice Weekly သို့ပြောကြားသည်။

အဆိုပါ ရုပ်ရှင်နှင့် ပတ်သက်၍ ဒါရိုက်တာအဖြစ် ပါဝင်ကူညီမည့်အပြင် လိုအပ်မည့် သမိုင်း အထောက်အထားများ အတွက်လည်း ရှားပါးမှတ်တမ်း ဓာတ်ပုံများ လှူဒါန်းပြီးကြောင်း ဦးကျော်သူထံမှ သိရသည်။

“ဗိုလ်ချုပ် ဇာတ်ကားရိုက်တဲ့အတွက် ဗိုလ်ချုပ်ရဲ့ ဇာတ်ရုပ် မပျောက်သွားအောင် ဒီဇာတ်ကားမှာပါဝင်တဲ့ ဝါရင့်သရုပ်ဆောင်တွေက သရုပ်ဆောင်ပိုင်းကို ထိန်းသင့်တယ်။ ဒါမှ ဗိုလ်ချုပ်ဇာတ်ရုပ် ရုပ်လုံးကြွမှာ” ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ဇာတ်ကားသည် မြန်မာ့ရုပ်ရှင် လောကအတွက် သာမက မြန်မာသမိုင်းကြောင်း အတွက်ပါ မှတ်တမ်းတင်ထားအပ်သော ရုပ်ရှင်ကား ဖြစ်သောကြောင့် အစစအရာရာ သတိထားကာ အကောင်းဆုံး ဖန်တီးကြရမည် ဖြစ်ကြောင်း၊ ရုပ်ရှင်လောကအတွက် အလွန်သတိထား ဆောင်ရွက်သင့်သော ရုပ်ရှင်ကားဖြစ်ကြောင်း၊ ပြည်သူတိုင်း ပါဝင်ဖြည့်ဆည်း ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။

ရုပ်ရှင်လောကနှင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှစ၍ ဝေးကွာခဲ့ရာမှ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစ၍ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်တွင် ဇာတ်လမ်းတို ရုပ်ရှင်ကားနှင့် ပြန်လည် ဝင်ရောက်ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားမှာ ဒုတိယခြေလှမ်း ဖြစ်ကြောင်း ဝါရင့်သရုပ်ဆောင် ဦးကျော်သူက ရှင်းလင်း ပြောကြားသည်။


.................................................................


ရုပ်ရှင်လောကနှင့် လေးနှစ်ကျော်ကြာ အလှမ်းဝေးနေခဲ့သော ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ပြန်လည် ဝင်ရောက်လာမည် ဖြစ်ကြောင်း သရုပ်ဆောင် ကျော်သူကိုယ်တိုင် The Voice Weekly သို့ပြောကြားသည်ဆိုသော်သတင်းမှာ လုံးဝ မမှန်ကန်ပါဟု ကိုကျော်သူ မှ ကျမ မြတ်လေးငုံ အား ယခုလိုရှင်းပြပြောဆိုသွားပါသည်.။


မြတ်လေးငုံရေ....

The Voice Weekly က သတင်းမှား နေတယ်။ ရုပ်ရှင်ပြန်ရိုက်ခွင့်လည်း မပြုသေးပါ။ ကျွန်တော် အဲဒီလောကထဲပြန်ဝင်ဖို့ လုံးဝ (လုံးဝ) စိတ်မကူးပါ။

ခင်မင် လေးစားစွာဖြင့်...

ကျော်သူ

မီးလောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့သောကူးတို့ဆိပ်ရပ်ကွက်"အတွင်းရှိ နေအိမ်များအတွက် ယင်းနေရာ၌ပင်ပြန်လည်ဆောက်လုပ်ပေးနေ

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်အတွင်းရှိ မီးလောင်ပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးခဲ့ရသော နေအိမ်များအတွက် ဇန်န၀ါရီလ ၃ ရက်နေ့မှ စတင်ကာ ယင်းနေရာ၌ပင် အိမ်များပြန်လည် ဆောက်လုပ်ပေးနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုမှ မြို့နယ်များခွဲကာ အဆိုပါ မီးဘေးသင့် ပြည်သူများအတွက် နေအိမ်များကို တစ်မြို့နယ်လျှင် နှစ်အိမ်မှ သုံးအိမ်အထိ တာဝန်ယူကာ တည်ဆောက်ပေးနေကြောင်း သိရှိရသည်။ “ကျွန်မတို့ သိရသလောက် ဒီကူးတို့ဆိပ်ရပ်ကွက်မှာ ပျက်စီးသွားတဲ့ အိမ်ခြေပေါင်း တစ်ရာကျော် ရှိပါတယ်။ အဲဒီအိမ်တွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် အိမ်အကြီးအသေးအပေါ် မူတည်ပြီး နှစ်အိမ်၊ သုံးအိမ်လောက်အထိ တာဝန်ယူပြီး ပြန်ဆောက်ပေးနေပါတယ်။ ကုန်ကျစရိတ် အားလုံးကို တာဝန်ယူဆောက်နေတဲ့ မြို့နယ်က လက်သမားတွေက တွက်ချက်ပြီး ကွပ်ကဲရေးရုံးကို တင်ပြရပါတယ်။ အိမ်ကိုတော့ အရင်ပုံစံအတိုင်း အရင်နေရာမှာပဲ ပြန်ဆောက်ပေးတာပါ” ဟု တာဝန်ယူ တည်ဆောက်ပေးနေသည့် မြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

“ကျွန်မတို့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက နေရထိုင်ရတာ အဆင်မပြေပါဘူး၊၊ အိမ်မှာက အမိုးလည်း မရှိတော့ မလုံခြုံပါဘူး။ ဒီလို သက်ဆိုင်ရာ ကနေပြီးတော့ ကျွန်မတို့အိမ်တွေကို ပြန်ဆောက်ပေးမယ်ဆိုတော့ ၀မ်းသာပါတယ်။ ကျွန်မတို့က ကယ်ဆယ်ရေး စခန်းကို မသွားဘဲ ရပ်ကွက်ထဲမှာ နေခဲ့တာပါ။ ကယ်ဆယ်ရေး စခန်းကိုတော့ အလှူပစ္စည်းတွေ ရောက်ပေမယ့် ကျွန်မတို့ဆီကိုတော့ သိပ်မရောက်ဘူး” ဟု ကူးတို့ဆိပ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

နအဖအစိုးရလက်ထက် အမှုဟောင်းများတိုင်ကြားနိုင်

ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က မည်သည့် အမှုဟောင်းများကိုမဆို အထောက်အထားခိုင်လုံစွာ တင်ပြ၍ တိုင်ကြားနိုင်ကြောင်း သိရသည်။

အမှုကိစ္စများနှင့်ပတ်သက်၍ “ အခုဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ပြန်လွှတ်လာတော့မှာပါ၊ မှန်ကန်ပါလျက်နဲ့ နစ်နာမှုတွေရှိခဲ့တဲ့ အမှုဟောင်းတွေကို ကျွန်တော်တို့ဆီ ပြန်တင်ပေးပါ။ အဲဒီအမှုဟောင်းတွေက ငါးနှစ်ပဲကြာကြာ၊ ဆယ်နှစ်ပဲကြာကြာ ပြန်တင်ပေးပါ။ တစ်ခုတော့ရှိပါတယ်၊ ကာလစည်းကမ်းသတ်မှတ်ချက်ရှိတဲ့ တရားမမှုမျိုး၊ စည်ပင်သာယာ အက်ဥပဒေနဲ့ဆိုင်တဲ့ ဥပမာ- လမ်းပိတ်ဆို့မှုမျိုး စတာတွေကလွှဲရင် ဘယ်အမှုဟောင်းတွေပဲဖြစ်ဖြစ် တင်ပေးလာရင်ဆောင်ရွက်ပေးပါမယ်” ဟု သက်ဆိုင်ရာကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်းသိရသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအပါအဝင် မည်သည့်အမှုဟောင်းများဖြစ်စေ မှန်ကန်မှုမရှိခြင်း၊ တရားမျှတမှုမရှိခြင်းနှင့် အဂတိတရားများ ရှိသည်ဟု အထောက်အထားများ ခိုင်လုံစွာတင်ပြနိုင်ပါက တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်ဟု လိပ်မူပြီးလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်ဟု လိပ်မူပြီး လည်းကောင်း တိုင်ကြားနိုင်ကြောင်း သိရသည်။

သတင်း.... မြန်မာတိုင်း(မ်)

နိုင်ငံရေး အကျဉ်းသားမိသားစုဝင် အချို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

ဇန်န၀ါရီလ ၂ ရက်နေ့တွင်ကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက်လာသည့်အထဲတွင် နိုင်ငံရေး အကျဉ်းသားအနည်းငယ်သာ ပါဝင်ခဲ့ပြီးနောက် နိုင်ငံရေး အကျဉ်းသားမိသားစုဝင်အချို့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နေ့လည်တွင် သွားရောက်တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံရာတွင် မသက်သက်အောင် ၏ မိခင်၊ မင်းဇေယျာ၏ ဇနီး၊ ကိုဋ္ဌေးကြွယ်၏ညီမ၊ မားကီးခေါ် ကျော်ကျော်ထွန်း၏ မိခင်၊ ကိုကိုကြီး၏ ညီအစရှိသည့် နိုင်ငံရေး အကျဉ်းသား ၁၁ ဦး၏ မိသားစုဝင်များ ပါဝင်၍ ရွှေဂုံတိုင် အန်အယ်လ်ဒီရုံးချုပ်၌ တနာရီခန့်တွေ့ဆုံခဲ့ကြသည် ဟု မသက်သက်အောင်၏ မိခင် ဒေါ်စုစုကြည်က YPI သို့ပြောသည်။

နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များအား ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့သည်ကို ဒေါ်စုစုကြည်က ပြန်လည်
ပြောပြရာတွင် “ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုတခေါက်မှာ နိုင်ငံရေး သမားတွေ ပါလာလိမ့်မယ်လို့ သူမတွက်ထားသေးဘူး၊ ဘာလို့ဆို အေအေပီပီ၊ ပြည်ထဲရေး နဲ့ အန်အယ်လ်ဒီရုံးနဲ့ စာရင်းက မကိုက်သေးဘူး။ ဦးသိန်းစိန်အနေနဲ့ အကုန်လုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတာကို ညှိနေရသေးတယ်။ သူတယောက်ထဲ အနေနဲ့ တယောက်ထဲ သဘောနဲ့ လုပ်လို့မရသေးဘူး။ တပ်မတော်ကနဲ့ညှိနေရလို့ မလွှတ်ပေးနိုင်သေးတာလို့ သူထင်တယ်လို့ ပြောတယ် ” ဟု ဒေါ်စုစုကြည်က ပြန်လည်ပြောပြသည်။

ကိုကိုကြီးညီ ဖြစ်သူ ကိုအောင်က ပြောဆိုရာတွင် ဒေါ်စုအနေနဲ့ ဥပဒေ စိုးမိုးရေးက အရေးကြီးတယ်လို့ပြောထားကြောင်း၊ နိုင်ငံရေး အကျဉ်းသားများအား ဒီနေ့လွှတ်ပြီးခဏနေ ပြန်ဖမ်းတယ်ဆိုတာမျိုးဖြစ်မှာစိုးသည်ဟု သူ့စိုးရိမ်မှုကို ထုတ်ဖေါ်ပြောဆိုသည်ဟု ၎င်းကပင် ပြောသည်။

ဒေါ်စုစုကြည်က ဒေါ်အောင်ဆန်းစုကြည်အား သူ့အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ မလွှတ်ခဲ့ပါက တစုံတခုခု ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ရှိမရှိ မေးမြန်းသည့်အခါ ”ဒါကတော့ ရှိတာပေါ့၊ ဒါပေမယ့် ဘာလဲဆိုတာတော့ သူမပြောပြနိုင်ကြောင်း” ပြောဆိုသည်ဟု လည်း မသက်သက်အောင် မိခင်က ပြောသည်။

သူ့အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ လာမည့် နှစ်ဆန်း ၁ ရက် (ဧပြီ ၁၇ ရက်နေ့) လောက်မှ လွတ်တော့မည်ဟု ထင်မြင်ယူဆကြောင်းလည်း YPI သို့ ပြောဆိုသည်။

ယခုလ ၂ ရက်နေ့ ကြေညာသည့် လွတ်ငြိမ်းချမ်းသာခွင့် အရ နိုင်ငံရေး အကျဉ်းသား ၃၀ ကျော်သာ ပါဝင်ခဲ့သည်။ ရန်ကုန်အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်းသားဟု ယူဆထားသူ ၃၀၀ ကျော်ရှိသည့်အနက် ယခု လွတ်ငြိမ်းချမ်းသာခွင့်ဟု ခေါ်ဆိုသည့် ပြစ်ဒဏ်လျှော့ပေါ့ခွင့်ဖြင့် အကျုံးဝင်သူ ၃ ဦးသာ လွတ်မြောက်ခဲ့သည်။

တနိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ထောင်တွင် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၉၀၀ ကျော်မှ အများဆုံး တထောင်ကျော်ဝန်းကျင် ကျန်ရှိနေဦးမည်ဟု နိုင်ငံရေး အကျဉ်းသား အကျိုးဆောင်ကွန်ရက်နှင့် မဲဆောက်အခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPPB တို့မှ ထုတ်ပြန်သည့် စာရင်းအရ သိရှိရသည်။

သတင်း....Yangon Press International

အမျိုး ​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အန်အယ်လ်ဒီ) ပါတီတရားဝင်မှတ်ပုံတင်ခွင့်ရ


NLD ပါတီဟာ လာမယ့်​ ဧပြီလ ၁ ရက်​နေ့​ ကျင်း​ပမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အာဏာရ ကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ပါတီရဲ့​အမာခံနယ်​မြေ ဖြစ်တဲ့​ ​နေပြည်​တော် ၄​နေရာ အပါအဝင် လစ်လပ် ၄၈ ​နေရာလုံး​မှာ ပါဝင်ယှဉ်ပြိုင်မယ်လို့​ကြေညာထား​ပါတယ်။အမျိုး ​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အန်အယ်လ်ဒီ) ပါတီကို ​ရွေး​ကောက်ပွဲ​ကော်မရှင်က မှတ်ပုံတင် ခွင့်​ပြုချက် ချ​ပေး​လိုက်ပြီလို့​ သတင်းရရှိ ​ပါတယ်။ပါတီအ​နေနဲ့​ လာမယ့်​ ဇန်နဝါရီ ၉ ရက်ကစလို့ တပြည်လုံး​မှာ ဝင်ခွင့်​လျှောက်လွှာ ပုံစံ​တွေ​ပေး​ပြီး​ ပါတီဝင်အသစ်​တွေ လက်ခံမယ်လို့သိရပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ




နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး မြန်မာနိုင်ငံကိုသွားတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အဖြစ်နဲ့ နိုင်ငံခြားရေးဝန်ကြီး William Hague မြန်မာနိုင်ငံမှာ ရောက်ရှိ လာပြီး မြန်မာ့ ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပါသည်.။

ဓာတ်ပုံ...AP

05 January 2012

ဒေါ်အောင်ဆန်းစုကြည် နဲ့ မေခလာ ပြောဖြစ်သမျှ


ဒီဇင်ဘာ ၂၄ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်း ပြည်ထောင်စုတိုင်းရင်းသားများ ရန်ပုံငွေဖျော်ဖြေပွဲမှာ ပါဝင်သီဆိုကြမယ့် အဆိုတော်များနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံပွဲမှာ ရန်ကျော်နဲ့ မေခလာတို့ဇနီးမောင်နှံ(၂)ယောက်လည်း ပါဝင်ခဲ့ကြပါတယ်။

ဒေါ်အောင် ဆန်းစုကြည် နဲ့ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေရေးနဲ့ပတ်သက်တဲ့ အကြောင်းတွေ၊တေးစီးရီးထုတ်လုပ်မှု အကြောင်း တွေကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်း မေခလာကပြောပါတယ်။ ဂီတသမားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ဆုံဖို့ရှိတယ်ဆိုတာ ကိုဆောင်းဦးလှိုင်နဲ့ ကိုသားထွေးတို့က လှမ်းပြီးအကြောင်းကြားတဲ့အတွက် တအားဝမ်းသာခဲ့ရ ပြီး၊ဒေါ်အောင်ဆန်းစုကြည်နဲ့ရအောင်တွေ့မယ် ဆိုတဲ့စိတ်နဲ့ အလုပ်ကိစ္စတွေကိုတောင်ရွှေ့ဆိုင်းပြီးညနေ ၃နာရီ အရောက်ခြံထဲကိုသွားခဲ့ကြောင်းမေခလာ ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး ပြောဖြစ်ကြသမျှကို မေခလာက…

”အမေစုက မေးတယ်။အဆိုတော် လောကသားတွေမှာ လည်းနိုင်ငံရေး သမားတွေ လိုတစ်ေ ယာက် နဲ့တစ်ယောက်အတိုက်အခိုက်တွေရှိကြလားတဲ့။

အမေစုကပြောတယ်။ ခွင့်လွှတ်လိုက်ပါ။ သည်းခံလိုက်ပါ။ အဲဒီလူက ကိုယ့်ကို ပြန်ပြီးလက်တွဲလာ လိမ့်မယ်။

နောက်ထပ်ပြောတယ် မနာလိုစိတ်မရှိဖို့။ မနာ လိုစိတ်ရှိတဲ့လူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလို့တဲ့။

ဒီစကားတွေကို အစ်မတွေးရင်း တွေးရင်းနဲ့ တအားမှန်တာပဲလို့ သိလာတယ်။ ပညာရစေမယ့် စကားတွေလေ။ ပြောသွားတာတွေက တအားကို ကွက်တိမှန်တဲ့ စကားတွေပါပဲ။ အမေစုက တကယ်ကို လေးစားထိုက်တဲ့သူပါ။

ဒီအချိန် မှာ အမေစုနားမှာ လူတွေဝိုင်းနေမယ်။ အမေစု ဒုက္ခရောက်ရင် လည်းအမေစုနောက်မှာရော၊ ရှေ့မှာရော လူတွေအားလုံးက ဝိုင်းဝန်းနေကြမယ်ဆိုတာကိုလည်း အစ်မယုံ ကြည်ပါတယ်”လို့ပြောပါတယ်။

ဒေါ်အောင် ဆန်းစုကြည်ကို စာစောင်တွေထဲမှာ တွေ့ရပေမယ့် အနီးကပ်ကတော့ တစ်ခါမှမတွေ့ခဲ့ရဖူးဘဲ၊ အဲဒီနေ့ကအနီးကပ်လည်ြး မင်ပြီး၊ အမေစုရဲ့ လက်ကိုလည်း ကိုင်ခဲ့ရတယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုမြင်မြင်ချင်း ကန်တော့ဖြစ်ခဲ့မိတဲ့အကြောင်း ကိုလည်း မေခလာက …”အမေစု ကိုတော့ မြင်မြင်ချင်းလက်အုပ်ချီကန်တော့ မိလိုက်တယ်။ အလိုလိုဖြစ်သွားတာ။ဒါသူညှို့ယူတာ မဟုတ်ဘူး။ သူ့ရဲ့အနစ်နာခံမှု၊ သူ့ရဲ့စိတ်ဓာတ်၊ သူ့ရဲ့မေတ္တာတရားကြောင့် လူတွေအားလုံးက သူ့ဆီကို ရောက်သွား တာ ပါ။

ဒါကြောင့် အမေစုရဲ့ပွဲမှန်သမျှ အစ်မရှိရင် ဘာပွဲမဆိုဆိုမယ်။ ဘယ်တာဝန်ပဲ ထမ်းရွက်ရ၊ ထမ်းရွက်ရပါ။ အမေစုကို ထပ်မံတွေ့ဆုံချင်ပါတယ်။ တွေ့ဆုံတိုင်း လည်း ပညာတွေရလိမ့်မယ်လို့ အစ်မမျှော်လင့်ပါ တယ်”လို့ပြောပါတယ်။

သတင်း...Popular News

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုရစာရင်း

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားကို ယနေ့ (ဇန်နဝါရီလ ၄ ရက်နေ့) ညနေ ၆ နာရီက တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်လျက် ခဲ့ပါသည်.။

ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆု - အဲဒီအခန်းဖြတ် (ဒါရိုက်တာ ဝိုင်း) ရရှိသွားပါသည်။

အကောင်းဆုံး Animation ဆု - Unity & Freedom (ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း)ရရှိသွားပါသည်။

အကောင်းဆုံး မျက်နှာသစ် ဒါရိုက်တာဆု - ဒါရိုက်တာ အောင်ဇော်မိုး (Still in Dark)ရရှိသွားပါသည်။

အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတို (Short Film) ဆု - ကြိုး (String) (ဒါရိုက်တာ မင်းသိုက်)ရရှိသွားပါသည်။

အကောင်းမှတ်တမ်းရုပ်ရှင် (Documentry) ဆု - Click in Fear ဆုံး (ဒါရိုက်တာ စိုင်းကျော်ခန့်)ရရှိသွားပါသည်။


" မင်္ဂလာပါ ဒီမိုကရေစီ " ဟူသော အမည်ဖြင့် ရုပ်ရှင်ပြိုင်ပွဲ တစ်ရပ် ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားတွင် နိုင်ငံကျော် ဟာသ အနုပညာရှင် ဦးသူရ ခေါ် ဇာဂနာက မီဒီယာများသို့ ပြောကြားသည်။


အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတို (Short Film) ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ဒါရိုက်တာ မင်းသိုက်၏ “ကြိုး (String)” ရုပ်ရှင်ကား။

လွတ်လပ်ရေး၏ အရသာနှင့်တန်ဖိုးကို ခံစားသိရှိနိုင်ရန် စွဲမြဲသောယုံကြည်ချက်နှင့် သန္နိဋ္ဌာန်ချ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း


ယနေ့ပြုလုပ်သည့် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ပြုလုပ်သည် ။ ထိုအခမ်းအနားတွနိုင်ငံရေးအကျဉ်းသားအားလုံး ဆက်လက်လွှတ်ပေးရန် တိုက်တွန်း ပြောဆိုရမည်ဖြစ်ကြောင်း၊ အစိုးရနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ စေတနာကို ယုံကြည်သော်လည်း လူတဦးတယောက်တည်းဖြင့် သွား၍ မရကြောင်း၊ အားလုံးတွင် တာဝန်ရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျမတို့က ယုံကြည်ချက်နဲ့ လုပ်နေတဲ့သူတွေပါ။ ယုံကြည်ချက်ဆိုတာက မူတွေကို ယုံကြည်တာလည်း ရှိတယ်။ ကိုယ့်ရဲ့ အစွမ်းအစကို ယုံကြည်တာလည်း ရှိတယ်။ အဖွဲ့ချုပ်က ဒီမိုကရေစီမူတွေကို ယုံကြည်လို့ နှစ် ၂၀ ကျော် ရုန်းကန်ခဲ့တာဖြစ်တယ်။ ကျမတို့က ဒီမိုကရေစီမူတွေနဲ့ ကိုက်ညီတဲ့ နိုင်ငံတခု ထူထောင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်လည်း ရှိစေချင်ပါတယ်။ အခက်အခဲတွေကြားက ဆက်လုပ်သွားမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်.။

(၆၄)ကြိမ်မြောက် မလွတ်လပ်သေးသော လွတ်လပ်ရေးနေ့ မှာ တစ်ချို့ကလည်း ဒီလိုမေးခွန်းထုတ်နေကြတယ် ။


ဓာတ်ပုံ....ကို Ah Bayah

ဇန္န၀ါရီ ၂ ရက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အား အနှစ်သာရမဲ့သော ပြစ်ဒဏ်လျှော့ပေးခြင်းအဖြစ်သာ အေအေပီပီမှ ရှုမြင်

သတင်းထုတ်ပြန်ချက်
၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် ကြံ့/ဖွံ့ အစိုးရ သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးပြီး နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ကြေညာသွားခဲ့သည်။ ထိုအမိန့်အရ သေဒဏ်ကျခံရသူများ အား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသက်မရှိ)၊ - နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ် ၃၀၊ - နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊ - နှစ် ၂၀ အောက် ကျခံနေရသူများအား ၄င်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုသည် ဟု ဖေါ်ပြထားပေသည်။

ထိုကြေညာချက်သည် လွတ်ငြိမ်းချမ်းသာခွင့်ဟု မခေါ်ဆိုနိုင်ဘဲ ပြစ်ဒဏ်လျှော့ပေါ့သည့် အမိန့်သာဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ၃ ကြိမ် ကြေညာပြီးဖြစ်သည်။ ပထမအကြိမ် ၂၀၁၁ ခုနှစ် မေလတွင် အကျဉ်းသား ၁၄၀၀၀ ကျော် လွှတ်ပေးရာတွင် အေအေပီပီ၏ မှတ်တမ်းအရ နိုင်ငံရေးအကျဉ်းသား ၇၂ ဦးသာပါဝင်ခဲ့ပြီး ဒုတိယအကြိမ် ၂၀၁၁ အောက်တိုဘာလတွင် အကျဉ်းသား ၆၃၀၀ ကျော် လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၂၄၁ ဦးသာ ပါဝင်ခဲ့သည်။ ရာခိုင်နှုန်းအရ ၁.၅ ရာနှုန်းသာ ပါဝင်ခဲ့သည်။ ယခုကြေညာချက်အရဆိုလျှင် ပျမ်းမျှအားဖြင့် နိုင်ငံရေးအကျဉ်းသား ၁၀၀ အောက်သာ လွတ်မြောက်လာနိုင်မည်ဖြစ်ပြီး ထိုသူများထဲတွင်လည်း မကြာမီ ပြစ်ဒဏ်ကုန်ဆုံးကာ လွတ်ရက်စေ့တော့မည့် သူများအများအပြားပါဝင်မည်ဖြစ်သည်။ ယခုကြေညာချက်အရ လွတ်မြောက်သူများထဲတွင် ယနေ့အထိ အေအေပီပီမှ စုဆောင်းထားသော မှတ်တမ်းအရ ၃၄ ဦးသာ လွတ်မြောက်လာခဲ့သည်။ ဦးခွန်ထွန်းဦးအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နှစ်ရှည်အကျဉ်းကျခံနေရသော ရဟန်း၊ သံဃာကျောင်းသား ပြည်သူများ ပါဝင်မည်မဟုတ်ပေ။

ယခုကြေညာချက်သည် လက်ရှိအစိုးရ ထိပ်တန်းတာဝန်ရှိသူများ ပြောဆိုနေသော ကတိက၀တ်များကို မိမိတို့ကိုယ်တိုင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်သည့် လုပ်ရပ်ဖြစ်သည့်အပြင် နိုင်ငံတကာ မိတ်ဆွေများသို့ စိန်ခေါ်လိုက်သည့် လုပ်ရပ်ပင်ဖြစ်သည်။

ယနေ့အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများသည် ယခင်အစိုးရလက်ထက် အာဏာပိုင်များမှ နိုင်ငံရေးနှင့် ဆက်စပ်၍ ဖမ်းဆီးထောင်ချထားသူများပင်ဖြစ်သည်။ တရားဥပဒေနှင့်အညီ ချမှတ်ထားသော ပြစ်ဒဏ်များ မဟုတ်ပေ။ တရားဥပဒေကို လေးစားလိုက်နာသော အစိုးရဖြစ်လိုပါက ထိုအမှုများကို ချေဖျက်ပစ်ပြီး ချွင်းချက်မရှိ လွှတ်ပေးခြင်း၊ နိုင်ငံတော် ပြန်လည်ထူထောင်ရာတွင် ထိုလူများကို လွတ်လပ်စွာ ပါဝင်ခွင့်ပြုခြင်း စသည့် အခင်းအကျင်းများကို မဖြစ်မနေ ဖန်တီးပေးရမည်သာဖြစ်သည်။

သို့သော်လည်း ယခုကဲ့သို့ ၈၈ မျိုးဆက်အပါအ၀င် နှစ်ရှည်ထောင်ဒဏ်များချမှတ်ထားသော နိုင်ငံရေး အကျဉ်းသားများကို စနစ်တကျ ချန်လှပ်၍ ထုတ်ပြန်လိုက်သော ထိုကြေညာချက်ကြောင့် လက်ရှိ ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များအား တိုင်းရင်းသားပြည်သူများ၊ အတိုက်အခံများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ သံသယရှိလာမည်ဖြစ်သည်။ အယုံအကြည်ကင်းမဲ့ လာမည်သာဖြစ်သည်။

ထို့ကြောင့် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ တိုးတက် ဖြစ်ထွန်းရေးအတွက်၊ ပြည်သူများ ယုံကြည်ကိုးစားသော အစိုးရတရပ်ဖြစ်ပေါ်ရေးအတွက် ပထမအဆင့်အနေဖြင့် နိုင်ငံရေး အကျဉ်းသားများရှိသည်ကို အသိအမှတ်ပြုပြီး အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်လိုအပ်ကြောင်း ထပ်မံ သတိပေးလိုက်ပါသည်။ သို့မှသာ ကျန်ရှိနေသေးသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို တက်လှမ်းနိုင်မည် ဖြစ်သည်။


နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

03 January 2012

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းခွင့်ကြေညာ နိုင်ကျဉ်းမိသားစုဝင်များ စိတ်ပျက်

သဘက်ခါတွင်ကျရောက်မည့် လွတ်လပ်ရေးနေ့ကို ကြိုဆိုသည့်အားဖြင့် အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာပြီးနောက် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများ စိတ်ပျက်လျှက်ရှိကြောင်ုး ပြောဆိုကြသည်။

ယနေ့ညနေ ၄ နာရီတွင်ကြေညာသည့် ကြေညာချက်အရ သေဒဏ်ကျခံရသူများအား ထောင်ဒဏ် တသက်သို့၎င်း၊ နှစ် ၃၀ နှင့် အထက်ဆိုပါက နှစ် ၃၀ သို့၎င်း၊ နှစ် ၂၀ မှ ၃၀နှစ် အထိ ဆိုပါက ၂၀ နှစ်သို့၊ နှစ် ၂၀ အောက် ဆိုပါက ၄ပုံ၁ ပုံလျော့ပေါ့ မည်ဟု ပါရှိသည်။

ယနေ့ ညနေ ကြေညာချက် ထွက်ပေါ်လာခါစတွင် ကြေညာချက်အပေါ် ရှင်းလင်းစွာ နားမလည်ပဲရှိရာမှ နောက်တကြိမ် သတင်းကြေညာပြီးနောက်တွင်မူ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များက စိတ်ပျက်ကြောင်း ပြောဆိုကြသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် လွတ်မြောက်မည့်အထဲ မပါဝင်နိုင်ခြင်းနှင့် ပတ်သက်ပြီး မမီမီလွင်က “ မပါပါဘူးရှင် မပါပါဘူး၊ ဒီအတိုင်းဆို နှစ် ၄၀ လောက် ကျန်ဦးမယ်” ဟု YPI သို့ပြောသည်။

ထို့အတူ ကျောက်ဖြူထောင်သို့ ထောင်ဝင်စာ သွားတွေ့လျှက်ရှိသူ နိုင်ငံရေး အကျဉ်းသား ကိုဝင်းမော် (ရွှေသံစဉ်) ၏ ဇနီးဖြစ်က “ စိတ်ဓါတ်ကျသွားပြီ၊ တော်ပြီ ပြန်တော့မယ်၊ ကျောက်ဖြူထောင်မှာတော့ နိုင်ငံရေး အကျဉ်းသား တယောက်မှ မလွတ်ဘူး” ဟု ပြောသည်။ ကိုဝင်းမော်၏ ဇနီးနှင့် သမီးဖြစ်သူတို့မှာ လွတ်လပ်ရေးနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုမည် ဆိုသည့်သတင်းကြောင့် ကြိုဆိုရန် ရည်ရွယ် သွားရောက် ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ၂ ကြိမ်ကြေညာခဲ့သော်လည်း ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားအများအပြား လွတ်မြောက်လာခြင်းမရှိသေးပေ၊ မလွတ်မြောက်လာသည့် အထဲတွင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်အချို့၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ နှင့် သတင်းထောက်များပါဝင်သည်။

သတင်း...
Yangon Press International