16 August 2013

ရန်ကုန်တိုင်းဒေသကြီးတွင် ကလေးပျောက်ဆုံးမှုများ ပြန်ဖြစ်နေ၍ မိဘများ အထူးသတိထားရန်လို

ရန်ကုန် တိုင်းဒေသကြီးရှိ အချို့မြို့နယ် များတွင် ကလေးပျောက်ဆုံးမှုများ ပြန်လည်ဖြစ်ပေါ်လာနေကြောင်း သိရသည်။
လွန်ခဲ့သော သုံးလေးရက် အတွင်းက မြောက်ဥက္ကလာကြိုး တံတားအနီးနှင့် လှိုင်သာယာ၊ ရွှေ ပြည်သာမြို့နယ်တို့၌ ဆယ်ကျော် သက်အရွယ်ကလေး လေးဦးပျောက် ဆုံးခဲ့ကြောင်း၊ မိဘဆွေမျိုးများအ နေဖြင့်လည်း သက်ဆိုင်ရာရဲစခန်း များသို့မတိုင်ကြားဘဲ ရှာဖွေမှုများ ပြုလုပ်နေကြောင်း အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းက ''ကျွန်တော်တို့ အဲ ဒီသတင်းကို စုံစမ်းပြီးသွားပြီ။ ကာယကံရှင်တွေကိုယ်တိုင်က ရဲ ကိုမတိုင်ကြသေးဘူး။ ရှာနေကြ တုန်း။ အသက်ကိုးနှစ်အရွယ် ယောက်ျားလေးတစ်ဦးနဲ့ မိန်းက လေးတစ်ဦး၊ ရှစ်နှစ်အရွယ် မိန်း ကလေးတစ်ဦးပါ။ သူငယ်ချင်း တွေနဲ့ ကစားနေရင်းပျောက်သွား တာလို့သိရတယ်။ နောက် လှိုင်သာ ယာက ယောက်ျားလေးတစ်ဦးက တော့ အသက် ၁၂နှစ်ပါ။ အပြင် သွားရင်းနဲ့ အိမ်ပြန်မရောက်လာ တော့ဘူး။ သူတို့ကို ရဲစခန်းမှာ လာအမှုဖွင့်ဖို့ ပြောထားတယ်''ဟုပြောသည်။
ကလေးပျောက်မှုများသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က လွန် စွာအဖြစ်များခဲ့ပြီး ယခုတစ်ဖန် ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ် သည်ဟု သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန် ရှိသူက ''ကျွန်တော်တို့အစိုးရအ ဖွဲ့အနေနဲ့ကတော့ မကြားမိပါ ဘူး။ ကောလာဟလတစ်ခုလဲ ဖြစ် နိုင်ပါတယ်။ တကယ်ပျောက်ရင် လဲ သက်ဆိုင်ရာကိုတိုင်ပါလို့ပြော ချင်ပါတယ်။ ပြန်တွေ့မှာပါ''ဟု ပြောသည်။
ကလေးငယ်များကို ဖမ်းဆီး ကာ အတွင်းကလီစာများကိုထုတ် ပြီး ပြည်ပနိုင်ငံများသို့ ရောင်းစား သည့်ဂိုဏ်းတစ်ခုရှိကြောင်း၊ လွန် ခဲ့သည့် ခြောက်လ၊ တစ်နှစ်ခန့်က သတင်းများပေါ်ထွက်ခဲ့ဖူးသည်။
ကလေးပျောက်မှုများ ပြန် လည် ပေါ်ပေါက်လာခြင်းများနှင့် ပတ်သက်ပြီး ပုဇွန်တောင်မြို့နယ် နေဒေါ်ထွေးကြည်က ''အရင်တုန်း က ကလေးပျောက်မှုတွေ ခဏခဏ ဖြစ်တော့ ကျွန်မတို့က ကျောင်းရှေ့ အထိ သွားစောင့်တယ်။ ဆရာ၊ ဆရာမတွေအနေနဲ့လဲ ကလေး တွေကို မသိတဲ့သူတွေနဲ့ မလိုက်ဖို့ သတိပေးပြောဆိုတာတွေ ရှိပါ တယ်''ဟုပြောသည်။
၂၀၁၁ခုနှစ်နှောင်းပိုင်းနှင့် ၂၀၁၂ခုနှစ်အတွင်းက ရန်ကုန် တိုင်းဒေသကြီး၌ ကလေးပျောက် မှု၊ လူပျောက်မှုပေါင်း ၁၀ဝကျော် ဖြစ်ခဲ့ပြီး ပြန်လည်တွေ့ရှိသည့်ဖြစ် ရပ်များလည်းရှိကြောင်း သိရသည်။

ရင်းမြစ်... Yangon Media Group

12 August 2013

မြန်မာမိန်းကလေးများ ရောင်းစားခံနေရသော ဘ၀မှ လွတ်ကင်းကြပါစေ



“ဒိုင်း၊ ဒိုင်း”

လင်မယားနှစ်ယောက်လုံးရဲ့ ရင်ဘတ်ကိုယ်စီမှာ သွေးစအသီးသီး စွန်းထင်းသွားချိန်တွင် ကျနော့်လက်တွေ တုန်တုန်ရီရီဖြစ်နေသည်။ ငယ်စဉ်ကတည်းက ရွာဦးကျောင်းဆရာတော်ခြေရင်းမှာမှီခိုပြီး သင်လာသမျှဘုန်းကြီးကျောင်းပညာသည် သူ့အသက်မသတ်ဖို့၊ အထူးသဖြင့် လူ့အသက်မသတ်ဖို့ကို အတန်တန်ဆုံးမခဲ့သည်။ သို့သော် ကျနော့်ကို ဤဒွန္နယာထဲအရောက်ပို့ဆောင်ပေးခဲ့သူမှာ အခြားမဟုတ်၊ ကျနော့်ရဲ့ မခံချင်စိတ်။ ဒီစိတ်ကြောင့်ပင် ကျနော် လူသတ်သမားဘ၀ကို ကျေကျေနပ်နပ် ခံယူခဲ့မိသည်။ ကျနော်လူသတ်ခဲ့သည်။ တစ်ယောက်တည်းမဟုတ်။ နှစ်ယောက်တောင်မှ။ မယားကိုလည်းသတ်သည်။ လင်ကိုလည်းသတ်သည်။ အဘယ့်ကြောင့်ပါနည်း။ ဒီလင်၊ ဒီမယားအသက်ရှင်နေသေးသမျှ များစွာသောသမီးပျိုတို့၏ ဘ၀ပန်းလေးများ ဆက်လက် ကျေနွမ်းနေကြရပေဦးမည်။ ကျနော် သူတို့လေးတွေ၏ ဘ၀ပန်းများ ဆက်လက်လန်းဆန်းခွင့်ရကြစေဖို့ သွေးစွန်းသော လက်ပိုင်ရှင်တစ်ယောက်အဖြစ်ကို ခံယူလိုက်သည်။ ကျနော် နောင်တမရပါ။ လုပ်သင့်သည်ကို ကျနော်လုပ်ခဲ့ခြင်းမျှသာဖြစ်သည်။ ဒီအတွက် သူရဲကောင်းအဖြစ်ကိုလည်းမခံယူလို၊ လူမိုက်ဖြစ်သည်ဟုလည်း ဆိုချင်ဆို။ ကျနော့်အကြောင်းနှင့် ကျနော်ပင်။
ပြောရလျှင် ကျနော့်ဘ၀၏ ဆင်းရဲမွဲတေမှုကိုပင် အပြစ်တင်ရတော့မည်ထင့်။ ကျနော်လူပျင်းတစ်ယောက်မဟုတ်သည်ကို ကျနော့်ရွာတစ်ရွာလုံးသိသည်။ မိသားစုဆင်းရဲပုံကို အကျယ်မချဲ့လိုတော့။ အဖေက ပျံကျအလုပ်သမား။ အမေက ခေါင်းရွက်ဗြတ်ထိုးဈေးသည်။ ဖရဲသီးပေါ်ချိန်ဖရဲသီး၊ ကြံပေါ်ချိန် ကြံ၊ ရရာအလုပ်လုပ်ရင်း မိသားစုဘ၀လေး ပြိုကွဲမသွားအောင် ရှာကျွေးသည်။ တစ်နေ့လုပ်မှ တစ်နပ်စာမျှရသောဝင်ငွေသည် မိသားစုတစ်ခုလုံး၏ ၀မ်းဗိုက်ကို ကြာလေကပ်လေ ဖြစ်လာစေသောအခါ ကျနော်မနေနိုင်တော့။ အိမ်ထောင်ပြုလေပြီဖြစ်သော ကျနော့်အမတွေက ယောင်နောက်ဆံထုံးပါ ယောက္ခအိမ်ပေါ် အခန့်သားတက်နေနိုင်ကြချိန်တွင် လူပျိုလူလွတ်ဖြစ်သော ကျနော့်တစ်ယောက်တည်း မိဘနှစ်ပါး၏ အရိပ်အောက်က မခွါနိုင်သေး။ တစ်သက်လုံး မိဘလုပ်စာကို ချို့ချို့ငဲ့ငဲ့ကပ်စားခဲ့ရသမျှ အရွယ်ရောက်လာသောအခါ ရှက်တတ်လာသည်။ ထို့ကြောင့် လက်ကျန်မိသားစု၏ စားဝတ်နေရေးကို တာဝန်ယူဖို့ ကျနော်ဆုံးဖြတ်လိုက်သည်။ သို့သော် သို့သော်------။

ဆင်းရဲသောနုံချာသော ကျနော့်ဘ၀ကို အဘယ်သူက ကယ်တင်ပါ့မည်နည်း။ ရွာမှာ အရွယ်ရောက်သူတိုင်း နိုင်ငံခြားပိုးထိုးနေချိန်တွင် ကျနော့်မှာ စိတ်ပင်မကူးရဲသေး။ စင်ကာပူ၊ မလေးရှား၊ ယိုးဒယား ဆိုတဲ့ အသံတွေ နားနှင့်မဆံ့ ကြားနေရပေသည့် ကျနော့်နှင့် လားလားမျှသက်ဆိုင်သည်ဟု မအောင့်မေ့ခဲ့။ ရွာမှာပင် ရရာအလုပ်လုပ်ရင်း ၀င်ငွေရှာဖို့ ဆုံးဖြတ်လိုက်သည်။ သို့နှင့် ထမင်းကျွေးမည့်အလုပ်လိုက်ရှာဖြစ်သည်။ လူဖြစ်လောက်တဲ့ အလုပ်တစ်ခုမှ ရွာမှာမရှိ။ ရရစားစား ကုန်သွားသည်ချည်းပင်။ တစ်ခါတစ်ရံ အကြွေးပင် တင်လိုက်သေးသည်။ ထိုရောအခါ အကြွေးဆပ်ဖို့ပါ အလုပ်ပိုလုပ်လာရတော့သည်။ သမင်မွေးဘိ၊ ကျားစား၏သို့ ကျနော်လုပ်သမျှ လုပ်အားခသည် အိပ်ကပ်ထဲ ခိုအောင်းနေသည်ဟု တစ်ခါဖူးမျှမရှိခဲ့။ မနက်စာ၊ နေ့လည်စာ၊ ညစာဆိုသော ထမင်းသုံးနပ်အတွက် ရှာရသည်မှာ မသက်သာလှ။

အလုပ်ကပြန်လာတိုင်း အမေက ကျနော့်နဖူးပေါ်က ယိုစီးကျနေသောချွေးစလေးများကို ယုယညင်သာစွာသုတ်ပေးရှာသည်။ အမေ့မေတ္တာတစ်ခုတည်းကသာ ကျနော့်ဘ၀ရဲ့ အမောမှန်သမျှကို ပြေပျောက်စေသည်ဟု ခံစားရသည်။ အမေ့ကို သနားသည်။

“အမေ ဈေးထဲထွက်ပြီး ဖရဲသီးမရောင်းပါနဲ့တော့လား၊ ကျနော်လုပ်ကျွေးနိုင်နေပြီပဲဟာ”။ အမေ့ကို မချိတင်ကဲ ပြောဖြစ်သည်။

“အော် သားရယ်၊ ဒီအလုပ်က အမေ့အတွက် မပင်ပန်းပါဘူးကွဲ့၊ ငါ့သားလေး မမွေးခင်ကတည်းက အမေဒီအလုပ်လုပ်ပြီး ရှာကျွေးလာခဲ့တာပဲဟာ၊ သားလည်း သားလုပ်နိုင်သလောက်ပဲလုပ်ပါ၊ အမေလည်း အလုပ်လုပ်မှာပေါ့ကွယ်၊ ဒီအလုပ်က အမေ့တို့ကို ဂုဏ်မငယ်စေပါဘူး သားလေးရယ်၊ ဒီအလုပ်နဲ့ပဲ အမေတို့ မိသားဘ၀လေး ရပ်တည်ခဲ့တာပဲ မဟုတ်လား”။ အမေရဲ့ တုန့်ပြန်စကား။

ကျနော့်နှလုံးသားက မခံယူနိုင်သော စကားများပင်။ အမေ့အသက် ခြောက်ဆယ်ကျော်ပြီ။ အခုထိ မနားရသေး။ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်ကတည်းက လုပ်ခဲ့သောအလုပ်ကို အမေ့ခမျှာ အခုထိ မစွန့်လွှတ်နိုင်သေး။ တခြားလည်း အမေဘာမှ မလုပ်တတ်။

ကျနော်ဒီအတိုင်းနေလို့ မဖြစ်မှန်း တဖြေးဖြေးသိလာသည်။ နေ့စဉ်နှင့်အမျှ နားမဆံ့ကြားနေရသည့် စင်ကာပူ၊ မလေးရှား၊ ယိုးဒယားဆိုသော စကားလုံးများကို သတိပြုမိလာသည်။ “ရွာက ဘယ်သူက ယိုးဒယားမှာ အလုပ်သွားလုပ်ပြီး အိမ်ကို ပိုက်ဆံဘယ်လောက်ပြန်ပို့နိုင်သတဲ့” ဆိုသော သတင်းများကို အားကျလာသည်။ နုံချာလွန်းတဲ့ ကျနော့်မိသားစုနှင့် ကျနော့်ဘ၀၏ ရှေ့ရေးကို တွေးကြည့်လိုက်သောအခါ ထိုသတင်းများသည် ကျနော့်အတွက် အားဆေးသဘွယ်ဖြစ်လာခဲ့ရသည်။ ကျနော်ဆုံးဖြတ်ချက်တစ်ခု မရဲတရဲချမိသည်။ “ငါ ယိုးဒယား သွားအလုပ်လုပ်မည်” ဟူ၍။ သို့သော် အဘယ်သို့ သွားရမည်နည်း။ နုံချာတဲ့ ကျနော့်ဘ၀မှာ အပေါင်းအသင်းဆိုသူများမှာလည်း ကျနော့်နှင်နှင် ချာတူးလန်များပင်ဖြစ်လေရာ သူတို့ကိုလည်း အားကိုးလို့ မဖြစ်နိုင်။ ထိုရောအခါ ကျနော်ကိုယ်တိုင်ပင် လိုက်စုံစမ်းရတော့သည်။

“မေးပါများ စကားရ” ဆိုသလို ရွာတစ်ပတ်လည် ဟိုမေးသည်မေးလုပ်လိုက်သောအခါ လမ်းစတစ်ခု သွားတွေ့သည်။ ကော့သောင်ကို သွားတဲ့အဖွဲ့နဲ့လိုက်သွားပြီး ယင်းမှတစ်ဆင့် ဟိုဘက်ကမ်း ကူးနိုင်သတဲ့။ ဟုတ်ပေပြီ။ ဒီလမ်းကြောင်းသည် ငါ့ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းပင်ဖြစ်ချေမည်။ ကျနော် မလိမ်မိုးမလိမ်မာ ဆုံးဖြတ်သည်။ ယင်းဆုံးဖြတ်ချက်အရ အမေ့ကို အရင်တိုင်ပင်သည်။ အမေ့က မသွားစေလို။ သို့သော်လည်း အတန်တန်ပြောဖန်များသောအခါ အမေလည်းမတားနိုင်တော့။ ကျနော့်သဘောဟု အခွင့်ပေးလိုက်သည်။ အမေ့ခါးကြားမှာ ကျစ်ကျစ်ပါအောင်လိပ်ထားသောဈေးရောင်းရငွေ အနည်းငယ်ကို ကျနော့်လက်ထဲထည့်ပေးသည်။ ကျနော်မယူချင်ပါ။ သို့သော် ငြင်းဆိုဖို့ရန် ခွန်အားလည်း ကျနော့်မှာမရှိ။ ကျနော်သွားမည့်ခရီးက ငွေလိုသည်။ ကျနော့်လက်ထဲ ဘာမှမယ်မယ်ရရ စုဆောင်းထားသည်ဟုမရှိ။ ထို့ကြောင့် အမေ့ချွေးနည်းစာကိုပင် စိတ်မကောင်းခြင်းကြီးစွာဖြင့် လက်ဖျန့်ယူခဲ့ရသည်။

အိမ်အိုပေါ်ရှိ ဘုရားကျောင်းဆောင်အိုလေးထဲတွင် ဗုဒ္ဓရုပ်ပွားတော်လေးတစ်ဆူ သီတင်းသုံးတော်မူသည်။ ကိုးကွယ်သူက ဆင်းရဲရှာသဖြင့် ဘုရားစဉ်သည်လည်း တောက်ပခွင့်မရရှာပေ။
“တပည့်တော် မိဘနှစ်ပါးကို ချမ်းသာစွာထားနိုင်ဖို့အတွက် နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်မှာမို့ တပည့်တော်အား သနားသဖြင့် စောင့်ရှောက်တော်မူပါဘုရား”။ ဘုရားရှေ့ ကျုံ့ကျံ့လေးထိုင်ကာ လေသံတိုးတိုးဖြင့် မရဲတရဲ အသနားခံလိုက်သည်။

ဘုရားကို ဦးသုံးကြိမ်ချပြီး ပြန်အထတွင် အမေနောက်က ရပ်နေသည်။ အမေ့မျက်နှာကို မော်ကြည့်လိုက်မိသည်။ အမေ့မျက်ဝန်းမှာ မျက်ရည်စတွေ စိုနေသည်။ ကျနော်အမေ့ကို ပထမဦးဆုံးအကြိမ် ခွဲခွါခြင်းဖြစ်သည်။ အမေ့ကို ကန်တော့လိုက်သည်။

“ငါ့သားလေး သွားလေရာမှာ ဘေးမသီရန်မခပါစေနဲ့ကွယ်”။ အမေဆုပေးသည်။
အဆုံးသတ်စကားလုံးမှာ အမေ့အသံအနည်းငယ် တိတ်ဝင်သွားသည်ကို သတိပြုမိသည်။ ကျနော်ရင်ဘတ် ကွဲအက်သည်သို့ ခံစားရသည်။ သို့သော် ဒီမေ၊ ဒီရေနဲ့ ဒီမြေကို စွန့်ခွါပြီး ကျနော့်ဘ၀ရဲ့ အနာဂတ်ကို ထူထောင်ဖို့ ဒီခရီးကို ကျနော်သွားရတော့မည်။

“သား သွားတော့မယ်နော် အမေ”။ အမေ ခေါင်းညိတ်လိုက်သည်။

အ၀တ်အစားအနည်းငယ်ထည့်ထားသော အိပ်အဟောင်းလေးကိုလွယ်ပြီး အိမ်ပေါ်ကနှေးကွေးသော ခြေလှမ်းများဖြင့် ကျနော်ဆင်းလာခဲ့သည်။ ကော့သောင်သို့ ထွက်မည့်ကားရှိရာသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ကျနော့်ကျောပြင်ကို အမေကြည့်နေမည်မှာသေချာသည်။ ကျနော်နောက်ပြန်မလှည့်ဖြစ်အောင် အားတင်းပြီး ဆက်သွားခဲ့ရသည်။ ဤသည်ပင် ကျနော့်ဘ၀ရဲ့ ခရီးအစ မဟုတ်ပါလော။

ကားပေါ်တွင် ထိုင်လိုက်သောအခါ ကျနော့်နည်းတူ ရည်ရွယ်ချက်ကိုယ်စီဖြင့် ဘ၀ကြမ်းကို ဖြတ်သန်းမည့်သူများကို တွေ့လိုက်ရသည်။ ထိုအထဲတွင် မိန်းကလေးများလည်းပါသည်။ ဘာသွားလုပ်ကြမည်နည်း၊ ကျနော် မသိ။ မေးလည်း မမေးမိ။ ကျနော့်ရွာသားများကိုလည်းတွေ့ရသလို အခြားရွာမှလာသော မိန်းကလေးများကိုလည်းတွေ့ရသည်။ အားလုံးစွန့်စားကြမည့် မျက်နှာကိုယ်စီရှိကြသည်ချည်း။ ကျနော် အားတက်လာသည်။ လူစုံသလောက်ရှိသောအခါ ကားစက်စနှိုးသည်။ ကားထွက်ခါနီးမှ အပြေးအလွှားရောက်လာသူများကိုလည်း တွေ့ရသည်။ ကားတစ်စီးလုံးပြည့်ညပ်သွားသည်။

ကားဘီးစလိမ့်ချိန်တွင် အမေ့ကို စိတ်ထဲက မှန်းပြီး ဦးချလိုက်သည်။ “နေရစ်ပေဦးတော့ အမေရယ်”။စိတ်ထဲက ရေရွတ်ဖြစ်သည်။ ကားပေါ်ပါလာသူများအားလုံး ပျော်ရွှင်နေသည်ကိုတွေ့ရသည်။ ကျနော့်တစ်ယောက်တည်းကသာ ကျန်ရစ်သောအမေအိုကို စိတ်မချနိုင်ဖြစ်ပြီး တွေဝေနေသည်။ လမ်းတစ်လျှောက် လှပလွန်းသော ရှုမျှော်ခင်းများကိုလည်း အာရုံမ၀င်စားနိုင်ခဲ့။ ရှေ့ဆက်ရမည့် ခရီးကို မည့်သို့ရှိလေမည်နည်း၊ ကျနော် တွေးကြည့်နေမိသည်။ မျက်လုံးများ တဖြေးဖြေး မှေးစင်းလာသည်။ ဘေးက ဟေးလားဝါးလား ရယ်သံမောသံများလည်း နားထဲမ၀င်လာတော့။

“အမေရေ့----အမေ၊ သားပြန်လာပြီ၊ အမေ့အတွက် သား ပိုက်ဆံတွေ အများကြီးရှာလာခဲ့တယ်သိလား။ အမေ အပြင်ထွက်ပြီး ဈေးရောင်းစရာမလိုတော့ဘူး သိလား၊ သားရှာလာတဲ့ ပိုက်ဆံနဲ့ အိမ်မှာပဲ ကုန်စုံဆိုင်လေးတစ်ခုဖွင့်မယ်နော်၊ အမေ အပြင်ထွက်ပြီး ဈေးရောင်းစရာ မလိုတော့ဘူးနော်၊ အေးအေးဆေးဆေး အိမ်မှာနေပြီး အရိပ်ထဲ ဈေးရောင်းလို့ရပြီ၊ သိလား အမေ”။ ရောက်ရောက်ချင်း ကျနော်မနားတမ်း အားရ၀မ်းသာ ပြောလိုက်သည်။ ကျနော့်ကို မြင်တော့ တုန်တုန်ရီရီဖြစ်နေသည်။ ကျနော့်ဦးခေါင်းကို ဖက်ထားပြီး “ငါ့သားလေး ဘေးမသီရန်မခ ပြန်ရောက်လာတာကိုပဲ အမေ၀မ်းသာလှပါပြီကွယ်”။ အမေစကားဆိုသည်။ ၀မ်းသာလွန်းသော အမေ့မျက်ဝန်းတစ်စုံက ကျနော့်ကို နွေးထွေးစေသည်။ ဘေးပတ်ဝန်းကျင်က အိမ်နီးချင်းများလည်း ကျနော်ပြန်ရောက်ကြောင်း ကြားသဖြင့် လာမေးကြသည်။ အမေ့ရဲ့ အိမ်အိုလေး ကျနော်ပြန်ရောက်တဲ့မှာ ပြန်လည်စိုပြေလာသည် ဟုခံစားလိုက်ရသည်။ တစ်ယောက်တစ်ပေါက် မေးခွန်းများကို ကျနော်ဖြေနေရသည်။ အားလုံးပျော်နေကြသည်။

ဆူဆူညံညံအသံဗလံများကြောင့် လန့်နိုးလာသည်။ “အော်---ငါအိမ်မက် မက်နေတာပါလား”။ အိမ်မက်လေးကို ပြန်တမ်းတနေမိသည်။ အိမ်မှုံစုတ်ဖွါးဖြင့် အပြင်ဘက်ကြည့်လိုက်သည်။ ကော့သောင်သို့ပင် ရောက်နေချေပြီကော။ ကားဂိတ်တွင် အသားဖြူဖြူနှင့် မွန်လူမျိုးဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက်က လာကြိုနေသည်။ သူနှင့်အတူ ရနောင်းကမ်းဘက် လိုက်မည့်သူများကို စာရင်းယူသည်။ ကျနော်လည်း စာရင်းပေးလိုက်သည်။ မိန်းကလေးအများစုဖြစ်သည်ကို တွေ့ရသည်။ ကျနော်တို့အုပ်စု အားလုံးဆယ်ရောက်ခန့်ရှိမည် ထင်သည်။ ထိုအမျိုးသမီးခေါ်ဆောင်ရာသို့ လိုက်ပါသွားကြသည်။ အိမ်ကြီးတစ်လုံးပေါ်သို့ ရောက်ကြသည်။ ကျနော်တို့အုပ်စုကို မိန်းမ၊ ယောက်ျားခွဲခြားထားသည်။ နှစ်အုပ်စုဖြစ်သွားသည်။ သွားရမည့်ခရီးစဉ်ကို ပြောပြသည်။ ဟိုဘက်ကမ်းရောက်က မည်သို့မည်ပုံနေထိုင်ရမည်ကိုလည်း ပြောပြသည်။ အထူးသဖြင့် မိန်းကလေးများကို သီးသန့်ခေါ်တွေ့သည်။ ဘာတွေပြောသလဲ ကျနော်မမေးမိ။ ကျနော်နှင့် မဆိုင်ဟု တွက်ထားခဲ့သည်။ ကျနော့်ပန်းတိုင်မဟုတ်။ ကျနော့်ပန်းတိုင်က ဟိုဘက်ကမ်း ရောက်လျှင် အလုပ်ကောင်းကောင်းရှာမည်၊ ငွေစုမည်၊ ရသမျှ အမေ့ဆီ ပြန်ပို့မည်။ ကျနော့်ပန်းတိုင်က ဤမျှသာ။

ဟိုဘက် ရနောင်းကမ်းသွားမည့် မော်တော်တစ်စီးပေါ်သို့ တက်ကြရသည်။ မိန်းမကြီးလည်းပါသည်။ ကျနော်တို့အားလုံးကို လှေဝမ်းဗိုက်ထဲသို့ ၀င်စေပြီး အပေါ်က တာလပတ်များဖြင့် အုပ်လိုက်သည်။ လှေဝမ်းထဲ ဘာမှမမြင်ရ။ မှောင်မည်းနေသည်။ မိန်းမယောက်ျားမကွဲတော့။ အတူတူပူးကပ်နေကြရသည်။ ဤလှေဝမ်းမှာ ငါးထည့်သော နေရာဖြစ်သည်။ ကော့သောင်ကမ်းမှ ဖမ်းရသမျှ ငါးများကို ဤလှေဝမ်းဗိုက်အတွင်းထည့်ပြီး တစ်ဘက်ကမ်းသို့ ပို့ရသည်။ အခုတော့ ငါးနေရာတွင် မနုဿလူသားများ အစားဝင်ယူနေရသည်။ ငါးပုတ်အနံ့ဖြင့် လှေဝမ်းတစ်ခုလုံး နံစော်နေသည်။ အထဲရောက်ရောက်ချင်း အော့အံချင်စိတ်ပင် ပေါက်သွားသည်။ သို့သော် ကျနော်ရွေးချယ်ခဲ့သော လမ်းပင် မဟုတ်ပါလား။ သည်းခံရပေဦးတော့မည်။ ဒုက္ခ၏ ဦးစွာနှုတ်ဆက်သံကို ကျနော်မနာခံလို့ မဖြစ်။ ရှေ့ဆက် ဒိထက်ဆိုးမည်ကို တွေးမိလိုက်သည်။

လှေစထွက်သောအခါ မော်တော်စက်သံကြောင့် နားကွဲမတတ်အူသည်။ အချို့မိန်းလေးများ လှိုင်းမူးသဖြင့် အော့အံနေကြသည်။ လေကောင်းလေသန့်ရှူရှိုက်ခွင့်မရ။ လှေဝမ်းဗိုက်ကျဉ်းကျဉ်းလေးထဲ
တွင် ငါးပိသိပ်ငါးချဉ်သိပ် လိုက်ပါခဲ့ရသည်။ တာမောစခန်းခေါ် ကြားခံစစ်ဆေးရေးစခန်းသို့ ရောက်သောအခါ ကျနော်တို့ကို ခေါ်လာသောမွန်မကြီးက သက်ဆိုင်ရာကို ဘာတွေသွားပြောနေသည်မသိ။ သက်ဆိုင်ရာက လှေပေါ်ဆင်းလာပြီး စစ်ဆေးခြင်းမပြု။ အပေးအယူတစ်ခုခုရှိမည်ဖြစ်ကြောင်း ကျနော်တွေးမိသည်။ ခဏနေသောအခါ မော်တော်ပြန်ထွက်လာသည်။ ရနောင်းကမ်းဘက်သို့ တဖြေးဖြေးဆိုက်ကပ်နေကြောင်း သိရသည်။

တစ်ဘက်ကမ်းသို့ မော်တော်ဆိုက်ကပ်လေပြီ။ ကမ်းနဖူးတွင် မွန်အမျိုးသားတစ်ယောက် ရပ်စောင့်နေသည်။ ဟိုအမျိုးသမီး၏ ယောက်ျားဖြစ်ကြောင်း နောက်မှသိရသည်။ ကျနော်တို့အဖွဲ့ကို သူတို့နေထိုင်ရာ အိမ်ကြီးသို့ ခေါ်ဆောင်လာခဲ့သည်။ အိမ်ကြီးဆိုသော်လည်း သူတို့ပိုင်သည်တော့ ဖြစ်ဟန်မတူ။ အငှါးအိမ်ဖြစ်ပုံရသည်။ အိမ်ပေါ်သို့ရောက်သောအခါ မွန်လင်မယားက ဇာတိစပြသည်။ ကျနော်တို့ယောက်ျားလေးများကို စပ်ဆိုင်ရာမှာ အလုပ်သွင်းပေးမည်၊ လုပ်အားခ သုံးပုံတစ်ပုံကို ပေးရမည်ဟုဆိုသည်။ ဘာမှမတတ်နိုင်၊ သူ့လက်ခုပ်ထဲကရေဘ၀ရောက်သွားလေပြီမို့ သွန်လိုသွန် မှောက်လိုမှောက်ချေတော့။ ပြုသမျှ နုရတော့မည်။ နောက်တစ်နေ့တွင် မနီးမဝေးရှိ ငါးအလုပ်ရုံတစ်ခုတွင် အလုပ်ရသည်။ မြန်မာအလုပ်သမား အများစုဖြစ်ကြောင်းတွေ့ရသည်။ ထိုင်းအလုပ်သမားအနည်းငယ်ကိုလည်း တွေ့ရသည်။ မိန်းကလေးများကိုမူ မည်သည့်အလုပ်ပေးသည်ဟု မသိရသေး။

ငါးအလုပ်ရုံတွင် အလုပ်လုပ်ရင်း အပေါင်းအသင်းရလာသည်။ အလုပ်သမားအများစုမှာ စုဖို့ဆောင်းဖို့ သတိမရကြ။ ရလာသမျှ လုပ်အားခကို သုံးပစ်ဖြုန်းပစ်သည်ချည်း။ ကျနော့်မှာ အလွန်ခင်စရာကောင်းသော ထိုင်းမိတ်ဆွေတစ်ယောက်ရသည်။ အစစအရာရာကူညီသည်။ စိတ်သဘောကောင်းသည်။ သို့သော် ကျနော့်ခမျှာ ပျော်ရွှင်ခွင့်မရ။ တပင်တပန်းလုပ်ပြီး ရလာသောလုပ်အားခ သုံးပုံတစ်ပုံကို မွန်လင်မယားလက်ထဲ ထည့်ထည့်ပေးနေရသည်။ မပေးလျှင် ထိုင်းရဲလက်ထဲအပ်မည်ဟု ချိန်းခြောက်သည်မှာလည်း အခါခါ။ ထောင်ထဲနေပြီး ဘ၀သေနေသည်နှင့်စာလျှင် အပြင်မှာ ရှင်သန်ခွင့်ရသည်ကို အမြတ်ဟု ယူဆကာ ဖြစ်သမျှကို ကျိတ်မှိတ်ခံရင်း ကျနော်နေခဲ့ရသည်။

ရက်အတန်ကြာသောအခါ သတင်းတစ်ခု ကြားရသည်။ ကျနော်နှင့်အတူပါလာသော မိန်းကလေးများကို ဇိမ်ခန်းပို့မည် တဲ့။ ယင်းအတောအတွင်း ကျနော်တို့အဖွဲ့ထဲက ရုပ်သန့်သန့်မိန်းကလေးသုံးယောက်ကိုလည်း ထိုင်းရဲလက်သို့အပ်ကာ ပျော်ပါးစေသည်ဟုကြားရသည်။ ဤသို့သော နည်းလမ်းဖြင့် လူကုန်ကူးသော မွန်လင်မယားတို့သည် ထိုင်းရဲနှင့် အပေးအယူမျှလျှက်ရှိကြောင်းလည်း ကြားသိလိုက်ရသည်။ မြန်မာမိန်းကလေးများအတွက် ကျနော့်ရင်တွေ နာကျင်လာသည်။ နှမချင်းစာနာစိတ်က ကျနော့်ကို သွေးအေးခွင့်မပြုတော့။ ကျနော့်သွေးတွေ ဆူဝေလာသည်။ မွန်လင်မယားကို ဆုံးမချင်စိတ်ပေါက်လာသည်။ အနိုင်ကျင့်လွန်းသည်ဟု ခံစားရသည်။ ကိုယ့်မြန်မာအချင်းချင်း လုပ်ရက်ပလေတယ် ဆိုသည့်အတွေးက ကျနော့်ဦးဏှောက်ကို အဆင်အခြင်မဲ့သွားစေသည်။ ထို့ကြောင့် ထိုင်းသူငယ်ချင်းကို အကူအညီတောင်းရသည်။ သေနတ်တစ်လက်ရှာပေးဖို့။

လျောလျောလျှူလျှူပင် ကူညီသည်။ ပစ်နည်းခတ်နည်းကိုပါ ကျကျနနသင်ပေးသည်။ စိတ်တည်ငြိမ်အောင်ထားဖို့ အရေးကြီးကြောင်းပြောသည်။ တစ်ပတ်ခန့်ကြာသောအခါ ကျနော့်ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ဖို့ လုပ်ရတော့သည်။ သေနတ်နှင့်လက်ကို ရင်းနှီးအောင် မကြာခဏလေ့ကျင့်ရသည်။ လွဲချော်၍မဖြစ်။ သူ့အသက်မပါလျှင် ကိုယ့်အသက်ပေးလိုက်ရမည့်ကိစ္စဖြစ်သည်။ ကျည်ဆံတစ်တောင့်မှာ အသက်တစ်ချောင်းပါရမည်။ အချိန်၊ နေရာ၊ ကွက်တိဖြစ်အောင် စဉ်းစားစီစဉ်ရသည်။ တစ်ခါဖူးမျှ လုပ်ခဲ့ဖူးခြင်းမရှိသော စွန့်စားမှုမျိုးကို ကျနော်လုပ်ဖို့ ဆုံးဖြတ်ထားလေရာ တွေးမိတိုင်း ကြက်သီးမွှေးညင်းများပင် ထူထူထောင်ထောင်ဖြစ်လာသည်အထိ ကျောစိမ့်မိသည်။ ကြောက်သည်လော၊ လန့်သည်လော ဝေခွဲမရသော ခံစားချက်မျိုးလည်း ခဏခဏပေါ်ပေါ်လာတတ်သည်။

ညသည် လရောင်မှုံပြပြအလင်းရောင်အောက်တွင် အိပ်မောကျနေသည်။ ခပ်ဝေးဝေးမှ ခွေးအူသံသဲ့သဲ့ကြားရသည်။ ကျနော်စတည်းချရာ တဲစုတ်လေးထဲမှ အပြင်ထွက်ကြည့်လိုက်သည်။ ခါတိုင်းထက် ပိုမိုတိတ်ဆိတ်နေသယောင်။ ပတ်ဝန်းကျင်က ပုရစ်အော်သံဖြင့် စည်ဝေနေသည်။ လူသံသူသံကား ဘာမှမကြားရ။ တစ်နေ့တာ အလုပ်ပင်ပန်းလွန်းသဖြင့် ၀န်းကျင်ရှိလူသားအားလုံး အိမ်မောကျနေချိန်ဖြစ်သည်။ မွန်လင်မယားလည်း အခုလောက်ဆို သျှူးနေလောက်ပြီဖြစ်ကြောင်းတွက်ဆမိသည်။ ဒီလောက်တောင် လူစိတ်ကင်းမဲ့လွန်းသောလူများ ဒီဘ၀မှာ ဆက်လက်နေထိုင်ခွင့်မပေးသင့်ကြောင့် ကျနော့်ဘ၀အသိက နိုးဆော်နေသည်။ ကိုယ့်လုပ်အားခကို ခေါင်းပုံဖြတ်မှု၊ မြန်မာအချင်းချင်း ရောင်းစားမှုဆိုသော ပုဒ်မများဖြင့် ကျနော် ဖြေရှင်းရတော့မည်။ ခြောက်လုံးပြူးသေနတ်ကို လက်ဖြင့်ကျစ်ကျစ်ပါအောင် ကိုင်လိုက်သည်။ ကျည်ဆန်ခြောက်တောင့် ပြည့်မပြည့်ပြန်စစ်လိုက်သည်။ သေချာပြီဆိုသောအခါ မွန်လင်မယားနှစ်ယောက် အိပ်မောကျရာ အိမ်ကြီးဆီ အသာချဉ်းကပ်သွားသည်။

ရင်ဘတ်ထဲ တဒိတ်ဒိတ်ခုန်နေသည်။ သည်နေ့မှ သေနတ်ကလည်း ခါတိုင်းထက် ပိုလေးနေသလို ခံစားရသည်။ လက်ဖြင့် မကြာခဏ ဆဆပြီး ကိုင်ကြည့်သည်။ ချိန်ကြည့်သည်။ မောင်းဖြုတ်လုလု စမ်းကြည့်သည်။ အိုကေ။ အိမ်ထဲဝင်ပြီး မွန်လင်မယားနှစ်ယောက်တို့စံမြန်းရာ အိပ်ခန်းတံခါးကို အသာတွန်းဖွင့်လိုက်ရာ ကံအားလျော်စွာ အတွင်းက ဂျက်ထိုးမထား။ သို့သော် တံခါးဖွင့်သံကြောင့် လင်မယားနှစ်ယောက်လုံးနိုးသွားသည်။ ကျနော့်လက်ထဲမှာ ကိုင်ထားသော သေနတ်ကို တွေ့သောအခါ ပြူးကျယ်သော၊ အသနားခံသော မျက်လုံးလေးလုံး ကျနော့်ကို စုပြုံကြည့်နေကြသည်။ စဉ်းစားချိန်များများ ပေး၍မဖြစ်။ ဆုံးဖြတ်ပြီးသည့်အတိုင်း အကောင်အထည်ဖေါ်လိုက်သည်။ ယောက်ျား၏ ရင်ဝသို့ ချိန်ကာ ကျည်တစ်တောင့် ပစ်ထည့်လိုက်သည်။ ထထိုင်နေတဲ့ သူ့၏ ကိုယ်လုံးမှာ ကျည်တွန်းအားကြောင့် အိပ်ခန်းနံရံသို့ ကပ်သွားသည်။ ထို့နောက် သူ့မယား၏ ရင်ဘတ်သို့ နောက်ကျည်တစ်တောင့် ထည့်ပေးလိုက်သည်။ လွဲစရာအကြောင်းမရှိ။ လေ့ကျင့်ထားသော လက်ဖြင့် အနီးကပ်ဖြုတ်ရခြင်းဖြစ်သည်။ လင်မယားနှစ်ယောက်လုံး ပွဲချင်းပီး လျောသွားသည်။ အနားမှာ အိပ်ပျော်နေသော ငါးနှစ်အရွယ် သမီးလေးတစ်ယောက် အိမ်ယာမှ လန့်နိုးလာသည်။ သေနတ်ပြောင်းကို ကလေးဆီ ဦးတည်လိုက်သည်။ သို့သော် “သူ့မှာ အပြစ်မရှိ”ဆိုသောအသိက ကျနော့်ကို တားဆီးလိုက်နိုင်သည်။ နေပစေတော့။ သူ့ကံနဲ့သူ ရှိပစေတော့။ ဒီမိသားမှာမှ ညီးကလေးလာပြီး လူဖြစ်ရှာပေသကိုး။ ကျနော် ထားခဲ့သည်။ အိမ်ပေါ်က ဆင်းလာသည်။

သူ့နာမည်က “မြတ်မြတ်”။ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ သမင်မျက်လုံးပိုင်ရှင်လေး တစ်ယောက်။ ကျနော်တို့အုပ်စုထဲမှာ ရုပ်အချောဆုံးမိန်းကလေးဖြစ်သည်။ အပြောအဆို သွက်လက်ချက်ချာပြီး လူရည်လည်ဟန်လည်းတူသည်။ မွန်လင်မယားနှစ်ယောက်၏ ထိုင်းနယ်ခြားစောင့်ရဲတွေကို မျက်နှာလို မျက်နှာရ လာဒ်ထိုးမှုတွင် သားကောင်ဖြစ်ခဲ့ရသူလေး။ ထိုင်းရဲများ၏ အသုံးတော်ခံတဖြစ်လဲ အများနည်းတူ မကြာမီ ဇိမ်ခန်းသို့ အပို့ခံရတော့မည့်ဆဲဆဲ။ ကျနော် ကယ်တင်နိုင်ခဲ့သည်။ သူ့တစ်ယောက်တည်းကို မဟုတ်။ အခြားမိန်းကလေးများကိုလည်း ကျနော် ကယ်တင်လိုက်နိုင်သည်။ အပင်ပေါ်က ကြွေကျလို့ မြေသို့ခရရှာလင့်ကစား နင်းခြေခံဘ၀မျိုးသို့ မရောက်သေးသည့်အတွက် ပန်ဆင်လိုသူအဖို့ တော်ဝင်ထိုက်နေဆဲ။ အဖတ်ဆည်နိုင်သေးတဲ့ဘ၀နဲ့ ဆက်လက်ရပ်တည်နိုင်သေးတဲ့အတွက် ကျနော်သည် သူတို့လေးတွေ၏ ကယ်တင်ရှင်ဖြစ်ခဲ့ရသည်။

“ကျေးဇူးတင်လိုက်တာ ကိုသက်ရယ်၊ ဒီတစ်သက်တော့ ကျမတို့ဘ၀က ကိုသက်ပေးတဲ့ အရှက်နဲ့ပဲ ဆက်ပြီး ရှင်သန်ကြရတော့မှာပါ၊ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူးရှင်”။ မြတ်မြတ်က ဆိုလာသည်။
“မင်းတို့ဘာသာ ရှေ့ဆက်ပြီး ကြည့်လုပ်ကြပေတော့၊ ငါကတော့ ဒီမှာနေလို့ မဖြစ်တော့ဘူး”။ ဗလုံးဗထွေးပြောလိုက်မိသည်ထင့်။ ကျနော့်မှာ စကားများများပြောဖို့ အချိန်မရှိ။ ပြေးရပေဦးမည်။ အားပေးစကားအနည်းငယ်ပြောပြီး အသင့်စောင့်နေသော သူငယ်ချင်းလက်ထဲ သူ့သေနတ်ပြန်အပ်ကာ မိုးမလင်းခင် ရနောင်းကမ်းက လစ်ထွက်လာခဲ့သည်။ ကံအားလျော်စွာ ကော့သောင်သို့ ထွက်မည့် မော်တော်တစ်စီးနှင့်တွေ့သဖြင့် တက်လိုက်လာခဲ့သည်။

အကျည်းတန်သော၊ ယုတ်မာသော၊ ကိုယ်ချင်းမစာသော၊ ကိုယ့်အမျိုးကို တိုင်းတစ်ပါးသို့ပြန်ရောင်းစားသော မွန်လင်မယားကို ကလဲ့စားချေခွင့်ရခဲ့သော ကျနော့်နှလုံးသားသည် အပြန်လမ်းတွင် ပေါ့ပါးနေသယောင်။ ကျနော့်အိပ်ကပ်ထဲတွင်ကား သုံးစရာငွေတစ်ပြားသားမှ မရှိ။ အမေ့ကို ဘယ်သို့ပြောရမည်နည်း။ ကိစ္စမရှိ။ အမေသည် သားပြောသမျှ ယုံသည်ချည်း။ အမေစိတ်မဆင်းရဲအောင် ညာရဦးတော့မည်။
“ချစ်စွာသောအမေနဲ့ အေးအတူ၊ ပူအမျှ နေထိုင်ဖို့ သားပြန်လာပါပြီအမေ”၊ ကျနော့်ရင်ထဲက တိတ်ဆိတ်စွာ ဆိုဖြင့်သောစကား။ စထွက်လာစဉ်က ကားပေါ်တွင် မက်ခဲ့ရသော အိမ်မက်လှလှလေးကို ပြန်လည် သတိရနေမိသည်။
“အော် အိမ်မက်တွေသာ တကယ်ဖြစ်လာခဲ့ရင်-------------”။

မြန်မာမိန်းကလေးများ ရောင်းစားခံရသော ဘ၀မှ လွတ်ကင်းကြပါစေကြောင်း ဆန္ဒပြုလျှက်--------------။

မှတ်ချက်။ ကြေကွဲစရာကောင်းလှသော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဘလော့ဂ်ပို့စ်ရှည်မည်စိုးသောကြောင့် အကျဉ်းချုပ်ရေးထားခြင်းမျှသာဖြစ်ပါသည်။ ဓာတ်ပုံကို အင်တာနက်မှ ယူထားပါသည်။


ထိုအဖြစ်အပျက် ဇာတ်လမ်း လေးကို ပြန်လည်ရေးသား ပေးပို့ ပေးသော ကိုမင်းထက် အားကျေးဇူးတင်ရှိပါသည်.။

08 August 2013

ရန်ကုန်မြို့ မင်းဓမ္မလမ်း MCCခန်းမမှာ ကျင်းပနေတဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၂၅)နှစ်ပြည့် ငွေရတုအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား

ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသွားခဲ့သော မင်းကိုနိုင်၏ နှုတ်ခွန်းဆက်စကားမှ ကောက်နှုတ်ချက်အချို့ ...



'ကျွန်တော်တို့ သမိုင်းရဲ့သဘောကို ဆင်ခြင်မိပါတယ်။ ကာလတစ်ခုတော့ အင်အားရှိတဲ့သူတွေဟာ သမိုင်းကိုလိုသလို ဆိုင်းဘုတ်တင်လို့ ခေါင်းစဉ်ပေးလို့ရပါလိ့မ်မယ်။ ဒါပေမယ့် သမိုင်းဟာ ရှည်ကြာစွာတော့ ရုပ်ဖျက်ခံထားလို့မရပါဘူး။အချိန်တန်ရင် အမှန်တရားဟာအောင်ပွဲခံရမယ်ဆိုတာ ဒီကနေ့.....အခုလို ခမ်းမထဲလျှံကျသွားအောင် အပြင်မှာဆိုရင်လည်း နောက်ထပ် ဒီ့ထက်မက အခမ်းအနားတက်ရောက်လာကြတဲ့ ကျနော်တို့ပြည်သူတွေရဲ့ ရဲရင့်မှု တက်ကြွမှုနဲ့ ကျနော်တို့ အရေးတော်ပုံကြီးကို တန်ဖိုးဘယ်လောက်ထားတယ်၊ ဘယ်လောက်ပေးဆပ်ခဲ့ရတယ်ဆိုတာကို အသိအမှတ်ပြုတဲ့အင်အားကိုတွေ့ရင် သိသာနေပါပြီလို့ ပြောလိုပါတယ်။'

 'ကျွန်တော်တို့ အဓိကကျေးဇူးတင်ရမယ့်သူတွေဟာ မိဘပြည်သူတွေပါ ဒီအရေးတော်ပုံကို ကျောင်းသားတွေစခဲ့တယ်ဆိုပေမယ့် မိဘပြည်သူတွေမပါရင် အရေးကြီးတဲ့ သမိုင်းအချိုးအကွေ့ကြီးတစ်ခုကို ဘယ်လိုမှဖန်တီးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရှေ့က လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ နောင်တော် အစ်မတော်မျိုးဆက်များအားလုံး ရဲ့ လွတ်မြောက်ရေးကြိုးပမ်းမှုအားလုံးကိုလည်း ကျွန်တော်တို့တလေးတစားမှတ်တမ်းတင်ပါတယ် ... သူတို့ခေတ် သူတို့အခါ ထောင်ကျခံ အနှိပ်စက်ခံ နောက်ဆုံး အသက်တွေ ဆုံးရတဲ့အထိ သူတို့ ယုံယုံကြည်ကြည် ကိုင်ဆောင်ခဲ့တဲ့ ဒေါင်းအလံကို သူတို့ခေတ် တာဝန်ကျေခဲ့တဲ့အလျှောက် ကျွန်တော်တို့ခေတ်ရောက်တဲ့အခါ လက်ကမ်းပေးခဲ့တာကိုလည်း အသိအမှတ်ပြုပါတယ်။ သူတို့ရဲ့ပေးဆပ်မှုတွေနဲ့ခင်းခဲ့တဲ့ လမ်းမှာ ကျွန်တော်တို့ဆက်လျှောက်ခဲ့ရတာပါ။ '

 'ကျွန်တော်တို့ချည်းပဲ ဘယ်တော့မှ အချိုးအကွေ့တွေကို မဖန်တီးနိုင်ခဲ့ကြပါဘူး။ အဲဒီ့ ရှစ်လေးလုံးမစခင်မှာကတည်းက ကျောင်းသားလှုပ်ရှားမှုတွေကို ကိုယ်ဖိရင်ဖိအားပေးခဲ့တဲ့ မိဘပြည်သူတွေ ကျွန်တော်တို့ဒီကနေ့ကောင်းစွာ ပြန်မြင်ယောင်ပါတယ်။ ပြည်သူတွေဟာ ကျွန်တော်တို့ကို နံပါတ်တစ် စိတ်ဓါတ်ရေးရာအရအားပေးခဲ့ပါတယ်။ အင်မတန်မှဘဝကို ဖျက်ဆီးချေမှုန်းတာခံရနိုင်တဲ့ အန္တရာယ်တွေ ချိမ်းခြောက်မှုတွေကြားထဲကပဲ ကျောင်းသားတွေကို အကူအညီပေးခဲ့တယ် ကျွန်တော်တို့တွေ ကြေညာစာတမ်းတွေရေးဖို့ ကြွေးကြော်သံပိုစတာတွေကပ်ဖို့ သိပ်ဆင်းရဲနေတဲ့ ခေတ်မှာ အိမ်မှာရှိတဲ့ ပြက္ခဒိန်အဟောင်းလေးတွေကို ဖြုတ်ပြီးတော့ ရေးကြကွာ ကပ်ကြကွာ ဆိုပြီးကူညီခဲ့တဲ့ မိဘပြည်သူတွေဟာ အင်မတန်အရေးပါပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေလမ်းတွေပေါ်ဆန္ဒပြချီတက်ကြ ဆာလောင်မွတ်သိပ်တဲ့အခါမှာ အိမ်မှာရှိတဲ့ ထမင်းကြမ်းခဲလေးတစ်ခဲ၊ ငှက်ပျောသီးလေးတစ်ဖီးကျွေးခဲ့တဲ့ မိဘပြည်သူတွေကိုလည်း ဒီကနေ့ အဲဒီ့ကျေးဇူးတွေ သတိရပါတယ်။ ကျွန်တော်တို့လုံလောက်ပါတယ်။ ကျွန်တော်တို့ အန္တရာယ်တွေကြားမှာ ပြေလွှားပြီးတော့ ပုန်းအောင်းတဲ့အခါမှာ အားလုံးသော ကျောင်းသားတွေကို ကိုယ့်သားသမီးတွေလို အိမ်မှာ ဖွက်ပေးခဲ့တဲ့ အန္တရာယ်နဲ့ရင်းပြီးတော့ အကာအကွယ်ပေးခဲ့တဲ့ တကယ့်ကို ကြက်သားအုပ်မကြီးက ကြက်သားကလေးတွေကို အကာအကွယ်ပေးခဲ့ကြသလိုပဲ ကျွန်တော်တို့ ဒီကနေ့ဒီအချိန် အသက်ရှင်တဲ့သူတွေ ဆက်ပြီးတော့ အလုပ်လုပ်နိုင်တာဟာ ရှစ်လေးလုံးကြီးကိုလည်း ဆင်နွှဲနိုင်ခဲ့တာ နောက်ဆုံး ကျောင်းသားတွေ အစည်းအဝေးလုပ်မယ်ဆိုရင်တောင် အန္တရာယ်ကြီးလှတဲ့ကြားက ကိုယ့်အိမ်တွေမှာ နေရာပေး ကိုယ်တိုင်ကိုယ်ကျကင်းစောင့်ပေးခဲ့ကြတဲ့ ပြည်သူတွေကို ဒီကနေ့ အမှတ်တရမှတ်တမ်းတင်ပါရစေ။'

 

8888 silver jubilee

၈၈၈၈ ငွေရတု အထိမ်းအမှတ် အတွက် ပီတိ မြင်ကွင်း


" ငွေရတုမော်ကွန်း " (By ဒေါ်အောင်ဆန်းစုကြည်)




၂၅နှစ်ဆိုတာ သက်ရှိထင်ရှားလူတစ်ယောက်အတွက်အရွယ်ရောက်ပြီး၊ပညာစုံပြီးလူ့ဘောင်လောကမှာ ထိုက်သင့်သလောက် လည်း အတွေ့အကြုံရှိပြီးတဲ့ လူငယ်တစ်ယောက် ဖြစ်နေပါပြီ။ ၁၉၈၈ခုနှစ်က စလိုက်တဲ့ ကျွန်မတို့ရဲ့လှုပ်ရှား မူအရေးတော်ပုံဟာ အခုဆိုရင်အရွယ်ရောက်ပြီး ရင့်ကျက်နေပါပြီ။ ကျွန်မတို့ရဲ့အဖေ၊ အမေ၊အဘိုးအဘွားတွေ လက်ထက်က ဆင်နွဲခဲ့ကြတဲ့၁၃၀၀ပြည့် အရေးတော်ပုံဆိုတာကို ငယ်ငယ်ကဖတ်ခဲ့ရ၊မှတ်ခဲ့ရ၊ တဆင့်စကား၊တဆင့်နားနဲ့ လေ့လာခဲ့ဖူးပါတယ်။ ၁၃၀၀ပြည့်အရေးတော်ပုံကြီး ကြောင့်တခါတည်း လွတ်လပ်ရေးမရခဲ့ပေမယ့်လို့ လွတ်လပ်ရေးအတွက် အရေးကြီးတဲ့ အချိုး အကွေ့တစ်ခုဖြစ်ခဲ့တယ်လို့ သိခဲ့ရပါတယ်။ ၁၃၀၀ပြည့် အရေးတော်ပုံကြီးအပြီး နှစ်ပေါင်း၅၀လောက်အကြာ ရွှေရတုအခါသမယ ကျွန်မတို့လက်ထက်မှာ ၁၃၅၀ပြည့်အရေးတော်ပုံကြီးကို ကိုယ်တိုင်ကိုယ်ကျပဲြ့ကုံတွေ့ရပါတော့တယ်။ ကျွန်မတို့ ဆင်နွဲခဲ့ကြတဲ့ ၁၃၅၀ပြည့် အရေးတော်ပုံကြီးဟာလည်း ဒီမိုကရေစီရေး၊လွတ်လပ်မူ အခွင့်အရေးတွေအတွက် အရေးပါတဲ့ အချိုးအကွေ့ကြီးတစ်ခုဖြစ်ခဲ့ပါ တယ်။ မပြီးဆုံးနိုင်တဲ့ ဒီအရေးတော်ပုံကြီးဟာ အခုဆိုရင်ငွေရတုတောင် တိုင်ခဲ့ပါပြီ။ ၁၃၀၀ပြည့် အရေးတော်ပုံကြီးကစလို့ လွတ်လပ်ရေးရဲ့ ရွှေရတု၊ငွေရတု ကာလတွေကို ဖြတ်သန်းခဲ့ရတဲ့ကျွန်မတို့ တိုင်းပြည်ဟာ တကယ်ပဲ လွတ်လပ်ရေးရဲ့အနှစ်သာရတွေ၊ ဒီမိုကရေစီစနစ်ရဲ့ အခွင့်အရေးတွေ ခံစားရရှိပြီလားလို့ မေးစရာရှိပါတယ်။အမှန်တော့ ဒီမိုကရေစီစနစ်ဆိုတာ ကျွန်မတို့နှိုင်ငံမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့၊ ပြဿနာတွေကို ဖြေရှင်းဖို့ အခွင့်အရေး ပေးနိုင်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ်အောက်မှာ ဖြေရှင်းခွင့်မရခဲ့တဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ ဘာသာရေး၊ အခက်အခဲတွေ၊ အတားအဆီးတွေ၊ ပြဿနာတွေကို စနစ်တကျဖြေရှင်းဖို့၊ညှိနှိုင်းတိုင်ပင်ဖို့၊ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ကျွန်မတို့ ဒီမိုကရေစီကို လိုအပ်ပါတယ်။ဒီမိုကရေစီစနစ်နဲ့ ညီညွှတ်တဲ့ လွတ်လပ်မူ၊ အခွင့်အရေးတွေ လိုအပ်ပါတယ်။ ဒီလိုလွတ်လပ်မူအခွင့်အရေးတွေ မရသရွေ့၊ ဒီလိုညှိနှိုင်းဆွေးနွေးအဖြေရှာမူ အလေ့အကျင့်ကို တစ်ခုကို မထူထောင်နိုင်သရွေ့ ကျွန်မတို့ဟာ လွတ်လပ်ရေးရဲ့ အနှစ်သာရနဲ့ ဒီမိုကရေစီရဲ့ အရသာကို ခံစား၊စံစား နိုင်ဦးမှာ မဟုတ်ပါဘူး။၈၈ အရေးတော်ပုံဟာ ကျွန်မတို့ပြည်သူတွေရဲ့နား၊မျက်စိတွေကို ဖွင့်ပေးခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အထီးကျန်နေရာက ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြန်ရခဲ့ပါတယ်။ အရေးအကြီးဆုံးက ကျွန်မတို့ရဲ့ တိုင်းရင်းသားတွေအပါအ၀င် ပြည်သူလူထု တစ်ရပ်လုံးက မိမိတို့အလိုရှိတဲ့စနစ်၊ ထူထောင်ချင်တဲ့လူ့ဘောင်၊တည်ဆောက်ချင်တဲ့ ပြည်ထောင်စုကို ရှင်းလင်းထင်ရှားစွာ ထုတ်ဖော် ပြသဖို့ အခွင့်အရေးတွေ ရလိုက်တာပါပဲ။ အမျိုးသားရင်ကြားစေ့ရေးကို လျှောက်ခြင်းအားဖြင့် အားလုံးပါဝင်တဲ့ တည်ဆောက်ရေးဖြစ်စေနိုင်မယ့် အခွင့်အရေးကိုလည်း ရလိုက်ပါတယ်။သမိုင်းကြောင်းနဲ့ ယှဉ်ရင် ၂၅ နှစ်ဆိုတာ သိပ်ကြာလှတာမဟုတ်တဲ့ အတွက် ကျွန်မအနေနဲ့ မပြီးဆုံးသေးတဲ့ အရေးတော်ပုံ တစ်ခုကို ဆက်လက်ဆင်နွဲနေတယ်လို့ပဲ သဘောထားပါတယ်။ ဒီမိုကရေစီရဲ့အရသာကို မြည်းစမ်းကြည့်ခွင့်ရရုံနဲ့ ၈၈ အရေးတော်ပုံမှာ အသက်တွေ၊ဘ၀တွေ စည်းစိမ်ဥစ္စာတွေ၊ ရာထူးနန္တရတွေ၊ အခွင့်အလမ်းတွေ အဆုံးရှုံးခံခဲ့တဲ့သူတွေအပေါ် တာဝန်ကျေ ပြီလို့ မပြောနိုင်သေးပါဘူး။ ကျွန်မတို့ လိုချင်တဲ့စနစ်၊လူ့ဘောင်၊ပြည်ထောင်စုကို တည်ဆောက်ဖို့ အခွင့်အရေးရမယ် ကြံရုံရှိသေးတယ်လို့ပဲ ပြောနိုင်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ငွေရတုကနေ ရွေရတုမတိုင်မီ ကျွန်မတို့စိုက်ခဲ့သမျှ နောင်လာနောက်သားများ ရိတ်သိမ်းခွင့်ရဖို့ ကျွန်မတို့ဟာ ကမ္ဘာပေါ်မှာ အများက အထင်မကြီးတောင် အထင်သေးမခံရတဲ့ တိုင်းပြည်တစ်ခုဖြစ်ဖို့၊ ကျွန်မတို့ တိုင်းရင်းသားပြည်သူလူထုအားလုံး တကယ်လွတ်လပ်ပြီးဒီမိုကရေစီအခွင့်အရေး၊ လွတ်လပ်ခွင့်၊ အခွင့်အလမ်းတွေ စစ်စစ်မှန်မှန် ရရှိခံစားနိုင်ဖို့ ဆက်လက်ကြိုးစားကြရပါဦးမယ်။ ကျွန်မလည်း လွန်ခဲ့တဲ့ ၂၅နှစ်က ယူခဲ့တဲ့ တာဝန်တွေ ပြီးပြတ်ကျေပွန်အောင် ဆက်လက် ကြိုးစားပါဦးမယ်။

ဒေါ်အောင်ဆန်းစုကြည် —

(၈. ၈. ၂၀၁၃) မှာ ကျင်းပမယ့် အစီအစဉ်များ










 သတင်း..ဓာတ်ပုံ ko Ant Bwe Kyaw

"တပ်မတော်အစိုးရလက်ထက် အမှားဝန်ခံရန် သမ္မတကို ဦးမြင့်ပြောပေးမည်ဟုဆို" သတင်းကို ဦးမြင့်ပြန်လည်ငြင်းဆို




 
 ယနေ့ (သြဂုတ် ၇ ရက်) ထုတ် The Voice Daily သတင်းစာ မျက်နှာဖုံးသတင်းပါ "တပ်မတော်အစိုးရလက်ထက် အမှားဝန်ခံရန် သမ္မတကို ဦးမြင့်ပြောပေးမည်ဟုဆို" သတင်းကို ဦးမြင့်ပြန်လည်ငြင်းဆို

မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိနေသော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအထိမ်းအမှတ် ဆွေးနွေးပွဲအခမ်းအနား ဒုတိယနေ့၊ ယနေ့ (သြဂုတ် ၇ ရက်) ညနေပိုင်း ဆွေးနွေးပွဲတွင် သမ္မတအကြံပေးဖြစ်သူ ဦးမြင့်က ၄င်းသည် ယမန်နေ့က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းမဟုတ်ကြောင်း ငြင်းဆိုသွားခဲ့သည်။

လယ်ယာမြေ ပြဿနာရပ်ဆိုင်ရာများကိုသာ သမ္မတထံ ပြောကြားသွားမည်ဟု ၄င်းအနေဖြင့် ပြောခဲ့ခြင်းသာဖြစ်ကြောင်း၊ တပ်မတော်အစိုးရလက်ထက် အမှားဝန်ခံရန် သမ္မတကိုပြောပေးမည်ဟု ၄င်းအနေဖြင့် မပြောခဲ့ကြောင်း ဦးမြင့်မှ ငြင်းဆိုသွားခဲ့သည်။

သတင်းဓာတ်ပုံ.....ko  Ant Bwe Kyaw

မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ရှစ်လေးလုံး အရေးတော်ပုံဂုဏ်ပြုကဗျာ "

မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ရှစ်လေးလုံး အရေးတော်ပုံဂုဏ်ပြုကဗျာ "

"အသက်များစွာ စတေး၊ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတို့ရဲ့သွေးများနဲ့ နီမောင်းမောင်း အရောင်ဖြာ ဟောဟိုမှာ ဒီမိုကရေစီရောင်နီပျို့တက် အရုဏ်တက်ပြီ လက်တစ်ကမ်းမှာ အလင်းဖြာတဲ့ အရုဏ်ကို ရိုကျိုးမြတ်နိုးစွာ ထိန်းသိမ်း၊ ငြိမ်းချမ်း စွာစောင့်ရှောက်၊ ဤကမ္ဘာမှာ ပြည်သူလောက် ကြီးမြတ်သော အရာရှိသည်မရှိ ပြည်သူ၏ဆန္ဒလောက် စူးရှသောကဗျာသည်မရှိ၊ ပြည်သူ၏ လှုပ်ရှားမှုမြင် ကွင်းလောက်ကောင်းမွန်သော ပန်းချီသည်မရှိ၊ ပြည်သူသည် ပြည်သူ့အတွက် လက်နဲ့မရေး အသက်နဲ့ရေး၏ ဆေးနဲ့မခြယ်သွေး နဲ့ခြယ်၏၊

ဘယ်သူကြည့်ကြည့် ညွှတ်တုံ့မိစရာ ဇာတိမာန်ထက်၊ ကြက်သီး ထစရာဟောဒီမှာ မဟာသူရဲကောင်းများ ပန်းချီကား"

26 July 2013

လွန်ခဲ့သည့် ၂၅နှစ်တိတိက ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည် ၏ စကား


ဗမာ့နိုင်ငံရေး ဘယ်လောက်ရှုပ်ထွေးတယ်ဒီရှုပ်ထွေးမှုဒါဏ်ကို ဖေဖေ ဘယ်လောက်ခံခဲ့ရတယ်ဆိုတာ
ကျမတို့ မိသားစု အသိဆုံးပါပဲ။

ဖေဖေဟာ စိတ်ပန်းကိုယ်ပန်းနဲ့ ဒီနိုင်ငံရေးကို လုပ်ဆောင်လာတာဟာဘာ အကျိုးစည်းစိမ်မှ မခံစားခဲ့ရပါဘူး။

ဒါကြောင့်မို့လို့လဲ လွတ်လပ်ရေးရပြီးတဲ့အခါကျလို့ရှိရင်ထပ်ပြီးတော့ အာဏာလုတဲ့ နိုင်ငံရေးမျိုးကို ဆက်မလုပ်ချင်ဘူးဆိုတာဖေဖေအတိအလင်း ပြောသွားပါတယ်။

ဒီလို ပြောသွားတာမျိုးကြောင့်မို့လို့ ကျမလည်းနိုင်ငံရေးလောကနဲ့ ဝေးဝေးကင်းကင်း နေခဲ့ချင်ပါတယ်။
အဲဒီလို ဝေးဝေးကင်းကင်း နေချင်ခဲ့လျက်သားနဲ့အခုမှ ဘာလို့ ဒီအရေးအခင်းထဲမှာ ၀င်ပါနေရသလဲလို့
မေးစရာလည်း ရှိပါတယ်။

အဲဒီဟာကတော့ ဒီအရေးအခင်းဟာ တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အရေးအခင်း ဖြစ်နေပါတယ်။
ကျွန်မမှာလည်း ဖေဖေ့ရဲ့သမီး လုပ်ပြီးတော့ခေါင်းရှောင်ပြီးတော့ နေလို့ မဖြစ်တော့ဘူး။
ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးလို့ ခေါ်ရင်လည်း ဖြစ်ပါတယ်။

[၁၉၈၈ သြဂုတ်လ ၂၆ရက်နေ့တွင် ရွှေတိဂုံအနောက်မုဒ်တွင် ကျင်းပသော ဒီမိုကရေစီရရှိရေး လူထုအစည်းဝေးပွဲကြီးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်တင်ပြသည်။]