06 June 2013

မြန်မာများ အကြမ်းဖက်ခံရမှု သတိပေးအပြီး မလေးရှားတွင် စတင်အရေးယူ

 
 
 မလေးရှားရောက် မြန်မာအချို့ အကြမ်းဖက် ခံရမှုများကို အရေးယူပေးရန် မြန်မာအစိုးရက မလေးရှား အစိုးရထံ သတိပေးပြီး တစ်ရက်အကြာ ဇွန်လ ၅ ရက် နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်တွင် စစ်ဆင်ရေး တစ်ရပ်အနေနှင့် မြန်မာ အပါအဝင် နိုင်ငံခြားသားများကို စတင် ဖမ်းဆီးနေပြီ ဖြစ်ကြောင်း ကပုန်း နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။

ယင်းစစ်ဆင်ရေး (အော်ပရာစီ) တွင် မြန်မာနိုင်ငံသား ၅၀၀ ကျော် ဖမ်းဆီး ခံခဲ့ရပြီး ယင်းသည် လွန်ခဲ့သော ရက်ပိုင်းက ဆာလာယန်းနှင့် အန်းပန်းရွာသစ် တို့တွင် မြန်မာနိုင်ငံသားများ အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရ မှုများနှင့် ဆက်စပ်နေကြောင်း ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံ The Star သတင်း ဌာနတွင် ဖော်ပြထားချက် အရမူ မြန်မာ နိုင်ငံသား ၁၀၀၀ ကျော် ကို ဖမ်းဆီးထား ကြောင်း သိရသည်။

ကွာလာလမ်ပူ မြို့တော်ရှိ မြန်မာ စားသောက်ဆိုင်များ အများအပြား တည်ရှိသည့် Kota Raya အဆောက်အအုံ တွင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့် တွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်မှုများ ဖြစ်ပွား ခဲ့သည့် ဆာလာယန်းနှင့် မြန်မာ အများစု နေထိုင်သည့် နေရာများ တွင်လည်း ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမား များကို မေးမြန်းချက်များ အရ သိရှိရသည်။

မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်သမားများကို တရားဝင် ပြုလုပ် ပြီးနောက် တစ်နှစ်ကျော် အကြာတွင် ပထမ ဆုံး တရားမဝင် နိုင်ငံခြားသား များကို ပြန်လည် ဖမ်းဆီးသည့် စစ်ဆင်ရေး ဖြစ်ကြောင်း ၎င်းတို့ ထံမှ သိရှိရသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ဇွန်လ ၄ ရက် နေ့တွင် မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ခေါ်ယူကာ အကြမ်းဖက် မှုများကို ချက်ချင်း စုံစမ်း စစ်ဆေးပြီး အရေးယူပေးရန်၊ အကြမ်းဖက်မှုများ ထပ် မဖြစ်ပွားရေး လုပ်ဆောင် ပေးရန် သတိထောက်လွှာ ပေးအပ်ခဲ့သည်။

မလေးရှားနိုင်ငံ ဆာလာယန်းနှင့် အန်းပန်းရွာသစ် တို့တွင် လွန်ခဲ့သော ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် အုပ်စုလိုက် ဝင်ရောက် အကြမ်းဖက်မှု များကြောင့် မြန်မာနိုင်ငံသား သုံးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့ ထားသူများ အနက် လေးဦးမှာ အရေးပေါ် ကုသမှု ခံယူနေရသည်။

မလေးရှားနိုင်ငံတွင် တရားဝင် မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိပြီး တရားမဝင် လေးသောင်းကျော် ရှိကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၏ အဆိုအရ သိရကြောင်း
The Voice Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်.။

တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းတစ်စုံတည်း ဖြေရမည်

 ၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင် စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အားလုံးအတွက် မေးခွန်းတစ်စုံနှင့် နိုင်ငံခြား စာစစ်ဌာနအတွက် မေးခွန်းတစ်စုံပြုစုစစ်ဆေးရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

 လက်ရှိတွင် တိုင်းဒေသကြီး၊ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနတို့အတွက် တက္ကသိုလ် ၁၀ ခုက မေးခွန်း ၁၀ စုံ ထုတ်ဝေစစ်ဆေးလျက် ရှိနေပြီး ၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်တွင် မေးခွန်း ထုတ်ဝေမည့်ပုံစံပြောင်းလဲရန် ရည်ရွယ်ထားကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူကပြောသည်။ “ကျောင်းသား၊ ကျောင်းသူတွေရဲ့ သင်ယူတတ်မြောက်မှုကို စစ်ဆေးတဲ့စနစ်ကိုပြောင်းလဲဖို့ အချိန်ကောင်း အခါကောင်း ဖြစ်ပါတယ်။ အဲဒီလို စဉ်းစားတဲ့အခါ ၂၀၁၅-၂၀၁၆ ခုနှစ်ကစပြီး တက္ကသိုလ် စာမေးပွဲကို တိုင်းဒေသကြီး၊ပြည်နယ် အားလုံးအတွက် မေးခွန်းတစ်စုံ၊ နိုင်ငံခြားစာစစ်ဌာနအတွက် မေးခွန်းတစ်စုံပြုစုစစ်ဆေးရန် ရည်ရွယ်ထားပါတယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။

ထို့ပြင် အခြေခံပညာ မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ ကူးပြောင်းရန်၊ ကျောင်းမိသားစုအလိုက်၊ အခြေခံပညာ အလယ်တန်းအဆင့်မှ အထက်တန်းအဆင့်သို့ ကူးပြောင်းရန် မြို့နယ်/ခရိုင်အလိုက် နှစ်ဆုံးစာမေးပွဲများ ကျင်းပပြီး ကျောင်းသားများ တတ်မြောက်မှုကို စိစစ်အကဲဖြတ်သွားမည် ဖြစ်သည်ဟု ဆိုသည်။မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် တက္ကသိုလ်ဝင်ခွင့်ရရှိရန် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရလဒ်အပေါ် အခြေခံနေခြင်းကိုပြောင်းလဲပြီး သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ကျောင်းသားများ၏ ဝါသနာနှင့် စိတ်ဝင်စားမှုအပေါ် မူတည်၍ ဝင်ခွင့်များ စစ်ဆေးနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့်ပြင်ပပညာရှင်များက ဆွေးနွေးတိုင်ပင်နေကြကြောင်း သတင်းရရှိသည်ဟု  7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

04 June 2013

ဒေါ်လာအစား ကျပ်ငွေဖြင့်သာ အခွန်ဆောင်ရတော့မည်

 အစိုးရ ၀န်ကြီးဌာန/ အဖွဲ့အစည်းများသို့ အခွန်အခများအား နိုင်ငံခြားငွေဖြင့် ပေးချေရန် မလိုတော့ဘဲ မြန်မာကျပ်ငွေဖြင့်သာ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း သိရသည်။ 

 နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန်ဒေါ်လာဖြင့် အခွန်အခ များ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများ သည်ပြည်တွင်းဈေးကွက် တွင် ဒေါ်လာလိုအပ်ချက် ပမာဏမြင့်မားစေသည့်အပြင်ပြည်တွင်းသုံး ကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကိုလည်း လျော့ကျစေကြောင်း နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်၏ မေ ၃၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။ “အခုလို မြန်မာကျပ်ငွေနဲ့ ပေးရတော့မယ်ဆိုရင် အရမ်းကောင်းတာပေါ့။ လုပ်ရကိုင်ရတာ တော်တော် အဆင်ပြေသွားမယ်” ဟု ဆိုသည်။ ယင်းသို့ အခွန်ပေးဆောင်ခြင်းဆိုင်ရာ စနစ်တစ်ခုပြောင်းလဲလိုက်ခြင်းကပြည်တွင်းလုပ်ငန်းရှင်များ နိုင်ငံခြားငွေကို တစ်ဆင့်ပြန်ဝယ်ပြီး အခွန်ဆောင်းခြင်း အခက် အခဲတစ်ခုကို ပြေလည်စေသည့်အပြင် အခွန်ဆောင်ရန်အတွက် နိုင်ငံခြားငွေ ကို တရားဝင် ငွေလဲကောင်တာ များအပြင်ပြင်ပဈေးကွက်မှ လုပ်ငန်းရှင်များက ၀ယ်ယူနေ ရသဖြင့် နိုင်ငံခြားငွေ ၀ယ်လို အား မြင့်လာသဖြင့် နိုင်ငံခြားငွေ တန်ဖိုး တက် လာပြီး ပြည်တွင်းငွေတန်ဖိုး ကျဆင်း သွားခြင်း ပြဿနာ ကို ဖြေရှင်းရာ ရောက်သည်။ နိုင်ငံခြားငွေ ကိုင်ဆောင်ထားသော လုပ်ငန်းရှင်များအနေဖြင့်မြန်မာငွေနှင့်ပြည်လဲ ရသည့်အတွက် အခက်အခဲများရှိနိုင်ကြောင်း စီးပွားရေး လေ့လာသူ တချို့က သုံးသပ်သည်။ ယင်းသို့ ပြည်သူ့ရေးရာ ၀န်ဆောင်မှု လုပ်ငန်း များ ဆောင်ရွက်ရာတွင်မြန်မာငွေဖြင့်သာ ကောက်ခံရန် နိုင်ငံတော် သမ္မတကပြည်ထောင်စု ၀န်ကြီးဌာနများ အားလုံးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့အားလုံးသို့ ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း သာသာနာရေး ၀န်ကြီးဌာန မပါဝင်ကြောင်း  Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Facebook မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်မည်

 မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ လူသိများပြား ကျော်ကြားလှသော လူမှုရေးဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည့် Facebook မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်ကြရန် အစီအစဉ်ရှိသည်ဟု သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် Facebook မှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြောဆိုမှုများ ရှိခဲ့ကြောင်း၊ ၄င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သော်လည်း အချိန်ကာလကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိသေးကြောင်း သိရသည်။ “သူတို့လာရင် အကျိုးရှိအောင် တစ်ခုခုတော့ လုပ်ရမှာပဲ။ လူမှု့အဖွဲ့အစည်းတွေနဲ့လည်း တွေ့မှာပဲ။ အကျိုးရှိအောင် ဘယ်လိုအသုံးပြုရမယ် ဆိုတာမျိုးတွေလည်း ပညာပေးမယ်။ ဒီအချိန်က မြန်မာနိုင်ငံကို လူတိုင်းလာချင်နေကြတဲ့ အချိန်ပါ” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။ Facebook သည် လူဦးရေ ၁.၁၁ ဘီလီယံခန့် အသုံးပြုနေသည့် လူမှုရေးဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုသူများအနေဖြင့် နေ့စဉ် အသုံးပြုနေသည့် လူမှုရေးဝက်ဘ်ဆိုက်လည်း ဖြစ်သည်ဟု  Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Facebook တွင် Like တစ်ကြိမ်ပြုလုပ်ရုံဖြင့် ငွေသုံးရာကျပ် လှူဒါန်းခြင်းနှင့် ညီမျှနိုင်မည့် အစီအစဉ်တစ်ရပ်ကို ပြုလုပ်

 Facebook စာမျက်နှာတစ်ခုအား Like တစ်ကြိမ်ပြုလုပ်ရုံဖြင့် ငွေသုံးရာကျပ် လှူဒါန်းခြင်းနှင့် ညီမျှနိုင်မည့် အစီအစဉ် တစ်ရပ်ကို ပြုလုပ်လိုက်ကြောင်း သိရသည်။ ရန်ကုန်အခြေစိုက် Web Development၊ Hosting နှင့် Design များ ဖန်တီးရေးဆွဲသော Mspiral Creative Media မှ အဆိုပါအစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း CEO ဖြစ်သူ ကိုကျော်ကျော်ထွန်းက ပြောသည်။ Mspiral Facebook Page အား Like ပြုလုပ်သူတိုင်းအတွက် Like တစ်ခုလျှင် သုံးရာကျပ်နှုန်းဖြင့် Mspiral Creative Media မှ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။ “Like အစီအစဉ်ကို မေလ ၁၂ ရက်နေ့ကနေပြီး နှစ်လတာ ကြာမြင့်တဲ့ အချိန်ထိ သတ်မှတ်ထားပါတယ်” ဟု ကိုကျော်ကျော်ထွန်းက ပြောသည်။ ဂေဟဟိတ (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လူငယ်များအသင်း) သို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ပုံငွေ မြှင့်တင်ရေးအတွက် Facebook Application တစ်ခု ဖန်တီးပြုလုပ်ခဲ့ပြီး Green Like Drive ဟု အမည်ပေးထားကြောင်း၊ Like ပြုလုပ်၍ လှူဒါန်းနိုင်မည့် ငွေများအား မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ဂေဟဟိတသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ၄င်း Green Like Drive Application ကို ဇူလိုင်လ ၁၂ ရက်နေ့အထိ www.facebook.com/mspiral တွင် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။ နှစ်လအတွင်း Like စုစုပေါင်း သုံးထောင်အထိ သတ်မှတ်ထားကြောင်း သိရသည်။ Mspiral ကုမ္ပဏီ၏ ဦးတည်ချက်မှာ အကျိုးအမြတ် ရရှိရန်အတွက်သာ မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူအတွက် အကျိုးပြုသည့် ကုမ္ပဏီအနေဖြင့် ရပ်တည်မည်ဟု ဆိုသည်။ Like ပြုလုပ်၍ လှူဒါန်းနိုင်မည့် ဂေဟဟိတမှာ Spectrum, Green Way, Simplicity Circle, Lovers of Myanmar Environment နှင့် အလင်းအိမ် စသည့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အသင်းအဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံအတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကွန်ရက်တစ်ခုဖြစ်ကြောင်း   Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

30 May 2013

ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း

ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း..

မောင်ပြည့်စုံ၏ ပြတ်ရှ၊ ဒဏ်ရာများ
 
 ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား
အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း


အားကစားနှင့် ကာယပညာကြီးကြပ်မှု
 ကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်
28.5.2013 နေ့ ညနေ ၄ နာရီတွင် ကျင်းပသော အမှတ် (၁၂) ရပ်ကွက် နှင့် ကမာကလူ
ကျေးရွာ ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ပွဲတွင် ဘောလုံးပွဲ ကျင်းပနေစဉ်
ကမာကလူကျေးရွာမှ မောင်ပြည့်စုံသည် ပရိတ်သတ် အထဲမှ အော်ဟစ် အားပေးခဲ့သည်။

 ပွဲပြီးချိန်တွင် ကွင်းအပြင်မှ အော်ဟစ်အားပေးသည်ဆိုကာ မောင်ပြည့်စုံအား ခရမ်းမြို့နယ်
ကြက်ခြေနီတပ်ဖွဲ့ဝင် ၄ ဦးမှ နှစ်ဦးက ဖမ်းချုပ်ပြီး ကျန်နှစ်ဦးမှ
လက်သီးဖြင့်ထိုးခြင်း၊ ဆေးသေတ္တာအတွင်းမှ ကတ်ကြေးဖြင့် ထိုးခြင်းများ
ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်မှုကြောင့် မောင်ပြည့်စုံမှာ ခရမ်းမြို့နယ်
ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူခဲ့စဉ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းလွင်မှ
ချက်ချင်း ဆေးရုံမှဆင်းခိုင်းပါသည်။ မှုခင်းဖြစ်စဉ် မဖြစ်ပေါ်အောင်
သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ၀ိုင်းဝန်းဖုံးဖိခဲ့ကြပြီး လက်သိပ်ထိုး
ဖြေရှင်းခြင်း၊ လျှော်ကြေးပေး ဖြေရှင်းခြင်းမျိုး၊ မတရားသဖြင့်
နိုင့်ထက်စီးနင်း ပြုလုပ်ကြပါသည်။ အဆိုပါ လူမှုရေး ဆောင်ရွက်နေသည်ဟု အမည်ခံထားသည့် ကြက်ခြေနီဆိုသူများမှ ဝိုင်းဝန်းထိုးကြိတ်သော ဒဏ်ရာကြောင့် မောင်ပြည့်စုံမှာ
ဦးခေါင်းနှင့် ပခုံးတွင် စုတ်ပြဲဒဏ်ရာ ရရှိပြီး ၁၂ ချက်
ချုပ်လိုက်ရပါသည်။

ဤကဲ့သို့ မိမိကိုယ်ကိုယ် မိမိအများအကျိုးပြု ပြည်သူလူထုအတွက်ဟု ခံယူထားသော ပြည်သူ့ ကြက်ခြေနီဆိုသူများမှ ပြည်သူတဦးအား နိုင်ထက်စီနင်း လူမဆန်စွာ ရိုက်နှက် ထိုးကြိတ်မှုအား ခရမ်းမြို့နယ် အား/ကာ မှူး ဦးသန်းထွန်း၊
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် (ကြက်ခြေနီ ဒုဥက္ကဋ္ဌ )ဦးကျော်မြင့်အောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကြီးလွင်၊ မြို့နယ် ဆေးရုံအုပ် ဒေါက်တာမင်းလွင်တို့အား မှုခင်းဖြစ်စဉ် အမှန်ပေါ်ပေါက်ပြီး ထိရောက်စွာ
ရမ်းကားသော ကြက်ခြေနီများအား စစ်ဆေး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
 
မရမ်းကားတဲ့ ခရမ်းသား

28 May 2013

ဦးသန့်နေအိမ်ပြတိုက်မကြာမီဖွင့်မည်

ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်ဟောင်းဦးသန့်မိသားစု  နေထိုင်ခဲ့သော ရန်ကုန်မြို့၊ မရမ်း ကုန်းမြို့နယ်၊ ပန်းဝါလမ်း၊ အမှတ် (၃) အဆောက်အဦကို ဦးသန့်နေ အိမ်ပြတိုက်ဖွင့်လှစ်ရန် ရည်ရွယ် ၍ ဦးသန့်၏သမီးဖြစ်သူဒေါ်အေး   အေးသန့်ဦးဆောင်ပြင်ဆင်မွမ်းမံ လျက်ရှိရာ ပွင့်လင်းရာသီတွင် ဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက်   လျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်း က ဦးသန့်၏မြေးဖြစ်သူဦးသန့်မြင့်  ဦးအနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ဦးသန့်မိသားစု  နေထိုင်ခဲ့သော နေအိမ်ကို အများပြည်သူကြည့်ရှုလေ့လာ   အသုံးပြုနိုင်ရန် မိမိစရိတ်ဖြင့် ပြုပြင်မွမ်းမံ၍ ပြတိုက်ပြုလုပ်ခွင့်  ကို လျှောက်ထားတင်ပြခဲ့ရာ နိုင်ငံ  တော်သမ္မတကခွင့်ပြုခဲ့ပြီး ၂၀၁၃ ဧပြီ (၆) ရက် ညနေပိုင်းတွင် ပြတိုက်အကြိုဖွင့်ပွဲအခမ်းအနား  ကျင်းပခဲ့ပြီးဖြစ်သည်။

“ဦးသန့်နေအိမ်ပြတိုက်ကို အလှူငွေတွေနဲ့ ပြုပြင်မွမ်းမံနေ တာဖြစ်ပါတယ်။ လျှပ်စစ်ဝန်ကြီး ဌာနအနေနဲ့လည်း ပန်းဝါလမ်း ထိပ်ကနေဦးသန့်အိမ်ရောက်တဲ့ အထိ လျှပ်စစ်ဓာတ်မီးတိုင် (၁၅) တိုင်နဲ့ လျှပ်စစ်မီးရဖို့ကို လျှပ်စစ်  ၀န်ကြီးဌာနရန်ကုန်စရိတ်နဲ့သွယ် တန်းပေးပါတယ်။ အဲဒီကုန်ကျ စရိတ်က သိန်း (၁၅၀) နဲ့ (၂၀၀) ကြားကုန်တယ်လို့ကြားသိရပါ တယ်။  လျှပ်စစ်ဝန်ကြီးဌာအနေ နဲ့ အခုလိုဆောင်ရွက်ပေးတဲ့အတွက်   ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်   ရပါတယ်။ ကျွန်တော်တို့အနေနဲ့  သာမန်အတွင်းပိုင်းလျှပ်စစ်မီးဆက်  သွယ်တာပါဝါမီတာ၊ ရိုးရိုးမီတာ  တို့ကို သိန်း (၃၀) (၄၀) အကုန် ခံဆောင်ရွက်ရပါတယ်။ ရေသွယ်  တာလည်း ကိုယ့်စရိတ်နဲ့ ကိုယ် ဆောင်ရွက်ပါတယ်။ ကျန်တဲ့ပြင်  ဆင်မှုတွေကို ဒေါ်အေးအေးသန့် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ဦးသန့်နေအိမ်ပြတိုက်ကြီးတဲ့ အဖွဲ့ကလိုအပ်သည်များကို ဆောင်ရွက်နေပါတယ်။ ပုဂ္ဂလိက ဘဏ်များနဲ့ ပုဂ္ဂလိကအလှူရှင်များ  က စေတနာထက်သန်စွာနဲ့ ထည့်ဝင်လှူဒါန်းကြပါတယ်။ မှန်းထားတာကတော့ အကြီးစား  ပြင်ဆင်မှုတွေပြီးရင်တော့ ပွင့်လင်း  ရာသီမှာ အမြဲဖွင့်ဖို့ စီစဉ်ထားပါ တယ်။ တစ်ပတ်ကိုဘယ်ရက်တွေ မှာဖွင့်မယ်။ လာရောက်လေ့လာ နိုင်ဖို့နိုင်ငံခြားသား၊ နိုင်ငံသားများ  အတွက် သင့်တော်တဲ့ ၀င်ကြေး  နှုန်းထားများ သတ်မှတ်ပြီး ပြတိုက်  မှူး၊ လုံခြုံရေးဝန်ထမ်းများနဲ့ စနစ်   တကျဖွင့်မှာပါ။ နေအိမ်ရဲ့ အခန်း တိုင်းမှာ ဦးသန့်ဘ၀ဖြစ်စဉ်အား လုံးကို Awdio Visual များတပ်ဆင်  ပြီး အလိုအလျောက်ရှင်းလင်းပြ သလေ့လာနိုင်ဖို့စီစဉ်ထားမှာပါ”ဟု  ဦးသန့်နေအိမ်ပြတိုက်ကြီးကြပ်သူ အငြိမ်းစားကျောင်းအုပ်ဆရာကြီး  ဦးသိန်းရွှေကရှင်းပြခဲ့သည်။






ရင်းမြစ်... Hot News Weekly

25 May 2013

ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးအနေနဲ့ တာဝန်ယူတာ ၃ နှစ်ရှိပြီဖြစ်တဲ့အတွက် ပြောဆိုနေရုံနဲ့မပြီးပဲ အလုပ်နဲ့ပါ သက်သေပြဖို့ အချိန်သင့်ပြီလို့ ဝေဖန်ပြောကြား

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာပြည်မှာ ဒီမိုကရေစီစံနစ်ကို ပြောင်းလဲကျင့်သုံးနေပြီဖြစ်တယ်။ အခက်အခဲတွေကို ရင်ဆိုင်ရင်း ပြုပြင်ပြောင်းလဲရေးလမ်းကို ဆက်လျှောက်မယ်လို့ သမ္မတ အိုဘားမား နဲ့ တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးအနေ နဲ့ ပြောဆိုနေရုံ နဲ့မပြီးပဲ အလုပ်နဲ့ပါသက်သေပြဖို့သင့်ပြီလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

"ပြောစကားတွေထက် အလုပ်ကို နည်းနည်းပြဖို့လိုလာပြီလို့ ထင်ပါတယ်၊ ဘာပဲပြောပြော ပြုပြင်ပြောင်း လဲရေး လုပ်တယ်ဆိုတာ အခု ၃ နှစ်ပြည့်တော့မယ်၊ ၃ နှစ်ဆိုတာဟာ ရေတိုပဲ၊ အဲတော့ ရေတိုအကျိုး စီးပွားတွေကို မြင်ဖို့လိုလာပြီ၊ ရည်ရွယ်ချက်တို့ လုပ်ချင်တာတို့ ပြောတာကတော့ ဟုတ်ပါပြီ၊ အခုကျတော့ ဘာလုပ်နိုင်လဲ၊ ဘာလုပ်ခဲ့လဲဆိုတာကို ပြဖို့အချိန် ရောက်လာပြီလို့ ထင်ပါတယ်"

အမေရိကန်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနယ်လ်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ထပ်မံသက်တမ်းတိုးပို့ သူ့အနေနဲ့ ထောက်ခံပြောဆိုတော့မှာ မဟုတ်ဖူး၊ ပိတ်ဆို့မှုတွေကို ဆက်ထားမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးသမားတွေကို အားပျက်စေမယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က-

"ဒီကိစ္စလဲ မစ်ခ်ျ မက်ကောနယ်လ် တို့နဲ့လည်း ဆွေးနွေးပါတယ်၊ ပိတ်ဆို့မှုတွေကို ဖယ်ရှားတာလည်း ကောင်းပါတယ်၊ ဒါပေမယ့် တချိန်တည်းမှာလည်း တကယ့်ပြုပြင်ပြောင်းလဲရေးရဲ့ ရလဒ်တွေဆိုတာကိုတော့ ပြည်သူတွေ မခံစားရသေးပါဘူး၊ အဲဒီဟာတွေကတော့ ခံစားလို့ရအောင်လုပ်ဖို့ မြန်မာနိုင်ငံအစိုးရမှာ လိုနေသေးတာကို ကျမထောက်ပြပါတယ်"

တရုတ်ခါင်းဆောင်တွေက NLD ကိုယ်စားလှယ်အဖွဲ့ ကို မြစ်ဆုံရေကာ တာ ပြန်လည်တည်ဆောက် ချင်တဲ့အကြောင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့တော့ အဲဒီကိစ္စဟာ သူတို့ပါတီနဲ့သက်ဆိုင်တဲ့ အချက်မဟုတ်ဖူး လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

"ဒီမြစ်ဆုံရေကာတာ စီမံကိန်းနဲ့ဆိုရင် အခုအစိုးရကနေ ပြောရမှာလို့၊ ဘာဖြစ်လို့ ကျမတို့ ကိုယ်စားလှယ်တွေ ကို ပြောတာလဲလို့၊ ကျမတို့ ကိုယ်စားလှယ်တွေက လုပ်နိုင်တဲ့ကိစ္စမှ မဟုတ်တာ၊ ဒါသမ္မတ ဦးသိန်းစိန်နဲ့ ဆိုင်တဲ့ကိစ္စပဲ၊ သမ္မတ ဦးသိန်းစိန်နဲ့ ပြောပေါ့"

ဒါ့အပြင် မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အခုအချိန်ထိ ပွင့်လင်းမှုမရှိဖူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။
___________________________________________
RFA News-

22 May 2013

မြောက်ပိုင်းလူသတ်မှု စုံစမ်းစစ်ဆေးရန် ABSDF ကို အစိုးရခွင့်ပြု



မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF ) ၏မြောက်ပိုင်း ပါဂျောင်စခန်း၌ ၁၉၉၂ တွင်ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် လူသတ်မှုကို စုံစမ်းစစ်ဆေးရန် ABSDF စုံစမ်းရေးကော်မရှင်ကို အစိုးရက ခွင့်ပြုလိုက်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ABSDF မြောက်ပိုင်း ပါဂျောင်စခန်း၌ ဖြစ်ပွားခဲ့သော လူသတ်မှုကို စစ်ဆေးရန် ABSDF မှ စုံစမ်းရေး ကော်မရှင်သုံးဦးကို ခွင့်ပြုရန် မေလ ၂၁ ရက်နေ့ ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ABSDF ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပါဂျောင်အစုလိုက် အပြုံလိုက် လူသတ်မှုနှင့်ပတ်သက်၍ မည်သို့စုံစမ်း စစ်ဆေးမည်ကို ABSDF ခေါင်းဆောင် များက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အဆိုပါအမှုတွင် ပါဝင်ခဲ့သူများမှာ သက်ရှိထင်ရှား ရှိနေသေးသောကြောင့် ယင်းပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးနိုင်ကြောင်း ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်က ပြောကြားသည်။ အဆိုပါ လူသတ်မှုတွင် ပါဝင်ခဲ့သူများ ဟု ယူဆရသည့် ဦးသန်းဇော်၊ ဦးဇော်ဇော်မင်း၊ ဦးနေဒွန်း၊ ဒေါက်တာ နိုင်အောင်တို့ကို ယင်းစခန်း၌ အသတ်ခံခဲ့ရသည့် ဗကသ (မြန်မာနိုင်ငံအထက်ပိုင်း) ကျောင်းသားခေါင်းဆောင် ဦးထွန်းအောင်ကျော်၏ မိခင် ဒေါ်တင်မမက မေလ ၁၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသည်။

ABSDF မြောက်ပိုင်း ပါဂျောင်စခန်း၌ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျောင်းသား ၁၀၇ ဦးကို တပ်မတော် ထောက်လှမ်းရေး ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး ၁၄ ဦးမှာ စစ်ကြောရေးဒဏ်ဖြင့် သေဆုံးခဲ့ ကာ ၁၅ ဦးမှာလည်း အာစံကုန်းတွင် အသတ်ခံရကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ ၁၄ ဦးရှိပြီး ၅၅ ဦးခန့် ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း လွတ်မြောက်လာသည့် ကျောင်းသားများက ဆိုသည်။

The Voice Weekly

21 May 2013

ပုဒ်မ ၁၄၄ ထုတ်ပြန်မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ဆွေးနွေးချက်

မြန်မာ့လူ.အဖွဲ.အစည်းမှာမရှိခဲ့သော ကြောက်မက်ဘွယ်ရာ ရာဇ၀တ်မှုများ

ဒဂုံမြောက်မြို့နယ်တွင် ကလေးငယ်အား သားမယားပြုကျင့်မှု

၁၈.၅.၂၀၁၃ ရက်နေ့ ၁၈၃၀ အချိန်ခန့်တွင် ဒေါ်မိုးသက်နွယ်ဦး၏ သမီးဖြစ်သူ မ-----
(၅ နှစ်၂ လ) အား ခြေရင်းအိမ်တွင် နေထိုင်သည့် သန်းထိုက်အောင် (သ) ၂၀နှစ် မှ ကလေးထိန်းပေးမည် ဟု ခေါ်ဆောင်သွား ပြီး အိမ်နောက်ဘက် ခြုံထဲတွင် သားမယားအဖြစ်ပြုကျင့်ခဲ့၍ ၂၀.၅.၂၀၁၃ ရက်နေ့တွင် ဒဂုံမြောက်ရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် အရေးယူခဲ့ပြီး သန်းထိုက်အောင် အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police.

17 May 2013

NLD ရုံးကို ပအို့ဝ်ပြည်သူ့စစ်အဖွဲ့ လက်နက်ဖြင့်ဝိုင်း

လယ်ယာမြေ သိမ်းဆည်းထားမှုဖြင့်အငြင်းပွားနေသော တောင်ကြီးမြို့နယ်   မြွေတော်နန်းဟောင်း ကျေးရွာအုပ်စု မောက်စံကျေးရွာရှိ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (NLD) ရုံးကို ပအို့ဝ်ပြည်သူ့ စစ်တပ်ဖွဲ့များက လက်နက် အပြည့်အစုံဖြင့် ဝိုင်းရံထားကြောင်း ယင်းဒေသခံများက မေလ ၁၆ ရက်နေ့တွင် The Voice သို့ ဆက်သွယ်ပြောကြားသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က နယ်မြေငြိမ်းချမ်းမှု မရှိ၍ လယ်ယာမြေ လုပ်ကိုင်ခြင်းမရှိသည့် မြေများကို ပအို့ဝ် အမျိုးသား အဖွဲ့ချုပ်က တပ်စခန်းနယ်မြေ အဖြစ် သိမ်းယူထားရာ တောင်သူ လယ်သမား များက ဘိုးဘွားပိုင် လယ်ယာမြေနေရာများ ဖြစ်သည့်အတွက် လယ်ယာမြေ လုပ်ကိုင်ရန် ပြန်လည် တောင်းဆိုသဖြင့်NLD ပါတီက ဝင်ရောက်လုပ်ဆောင်ပေးရာက ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ၄င်းတို့၏ အဆိုအရ သိရသည်။

"မေ ၁၄ ရက်နေ့က ရွာသားနှစ်ယောက်ကို ဖမ်းတယ်။ ၁၅ရက်နေ့မှာ ရွာသားတွေ မကြောက်ဖို့ NLD က ဟောပြောတယ်။ ဟောပြောပွဲကို ရွာသားတွေ တော်တော်တက်တယ်။ ညဦးပိုင်းမှာတော့ ပအို့ဝ်ပြည်သူ့စစ် အယောက် ၃၀ လောက် NLD ဥက္ကဋ္ဌ ဦးထွတ်မောင်အိမ်ကို ဝိုင်းထားတယ်" ဟု ယင်းဒေသခံတစ်ဦး ဖြစ်သူ ဦးခွန်ထွန်းစိန်က ဆိုသည်။

ပအို့ဝ်ပြည်သူ့စစ် တပ်ဖွဲ့က ယင်းကဲ့သို့ လုပ်ဆောင်ခြင်းကို တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်တို့ထံ အကြောင်းကြား ထားသော်လည်း အခြေအနေ ထူးခြားမှုမရှိကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

မြွေတော်နန်းဟောင်း ကျေးရွာ အုပ်စုတစ်ဝိုက်တွင် ပအို့ဝ်ပြည်သူ့စစ်တပ် စခန်းများ မကြာခဏ စခန်းချလေ့ရှိသော ကြောင့် ရွာသားများက မှားယွင်းပြောဆို ခြင်းသာဖြစ်ပြီး NLD ရုံးကို ဝိုင်းခြင်းမှာ မဖြစ်နိုင်ကြောင်း ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် မှ ဦးခွန်ထွန်းဖေက ပြောကြားသည်။

"ရွာသားတွေက လယ်ယာပိုင်ဆိုင်ကြောင်း အထောက်အထားရှိရင် တရား ဥပဒေအတိုင်း ဆုံးဖြတ်တာ လက်ခံမယ်လို့ ပြောထားပြီးသားကို လယ်သမားတွေက တပ်ပိုင်နက်ထဲ လယ်ထွန်မယ်ဆိုပြီး ဝင်လာလို့ ပြဿနာမဖြစ်အောင် ထိန်းသိမ်းလိုက်တာပါ" ဟု ၄င်းကဆိုသည်။

ရှမ်းပြည်နယ် တောင်ပိုင်းတွင် ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်၏ တပ်စခန်း နယ်မြေအဖြစ် လယ်ယာမြေများကို ဧက ထောင်ချီ သိမ်းယူထားကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

16 May 2013

ယနေ့ မဟာစင်မုန်တိုင်း ဝင်ရောက်နေစဉ် အပျက်အစီး မြင်ကွင်းတချို့ (တရုတ်ရုပ်သံ)

 

ယနေ့ မဟာစင်မုန်တိုင်း ဝင်ရောက်နေစဉ် အပျက်အစီး မြင်ကွင်းတချို့ (တရုတ်ရုပ်သံ)

မုန်တိုင်း အန္တရာယ်ရှောင်ရန် ဘင်္ဂါလီများ ငြင်းဆန်မှု နောက်ကွယ်တွင် ကြိုးကိုင်သူများရှိဟုဆို
................................................................................
စစ်တွေ၊ မေ ၁၅

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မုန်တိုင်းဒဏ် ခံရနိုင်သော ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကို လုံခြုံ စိတ်ချရသော နေရာပြောင်းရွှေ့မည့် အစီအစဉ်ကို ဘင်္ဂါလီဒုက္ခသည် အချို့က ငြင်းဆန်နေမှုနောက်ကွယ်တွင် ရန်ကုန်မြို့အခြေစိုက် ကြိုးကိုင် လှုံ့ဆော်နေသူများ ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

လွန်ခဲ့သောရက်ပိုင်းက ဒုက္ခသည် စခန်းတစ်ခုတွင် အစည်းအဝေး ပြုလုပ်ပြီး နေရာပြောင်းရွှေ့ရန် ဒုက္ခသည် များနှင့် သဘောတူညီမှုရသဖြင့် နေရာပြောင်းရန်ကားများ စေလွှတ် လိုက်သောအခါ ကားနှင့်လိုက်ရန် ငြင်းဆန်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း ၄င်းက ဆိုသည်။
"မုန်တိုင်းဖြတ်ဖို့ ရက်အားဖြင့် တစ်ရက်နှစ်ရက်ပဲကြာမှာပါ။ မူလနေရာမှာ ပြန်နေလို့ရတယ်။ အစိုးရက အကောင်းဆုံး ဖြစ်အောင် လုပ်နေပေမယ့် သူတို့မှာ နောက်က တယ်လီဖုန်းတွေနဲ့ ဆက်နေတဲ့ ရန်ကုန်က အဖွဲ့အစည်းတွေ ရှိနေတယ်"ဟု ဦးဦးလှသိန်းက ထပ်မံ ပြောကြားသည်။

အစိုးရအဖွဲ့က ပြန်လည် နေရာချထားပေးရန် စီစဉ်မှုများ တွင်လည်း ဒုက္ခသည်များနှင့် ညှိနှိုင်း ရာတွင် သဘောတူညီမှု ရရှိခဲ့သော်လည်း အမှန်တကယ် အဆောက်အအုံများ ဆောက်၍ အမှန်တကယ် လုပ်ကိုင်ရာတွင် သဘောတူထားသော ဘင်္ဂါလီများက ငြင်းဆန်မှုများရှိခဲ့ပြီး ယင်းအခြေအနေကို ကြည့်ခြင်းအားဖြင့် နောက်ကွယ်က အဖွဲ့အစည်း ရှိသည်ဟု ပြောဆိုခြင်းဖြစ်ကြောင်း ၄င်းကပြောဆို ခြင်းဖြစ်သည်။
"ခဏခဏ ကျွန်တော်တို့နဲ့ တွေ့တယ်။ ဆွေးနွေးတာတွေ သဘောတူတယ်။ တကယ်လုပ်ရင် ပျက်သွားတယ်။ အဲလိုခဏခဏ ကြုံနေရတယ်" ဟု ဦးဦးလှသိန်းက ထပ်မံပြော ကြားသည်။

အစိုးရအနေနှင့် မုန်တိုင်းအန္တရာယ် ကြုံတွေ့ရနိုင်သည့် အခြေအနေများ ရှင်းပြပြီး ပြောင်းရွေ့ရန် ဒုတိယသမ္မတ အပါအဝင် ပြည်နယ်ဝန်ကြီးများ၊ UN အဖွဲ့အစည်း ခေါင်းဆောင်များ စည်းရုံးနေသော်လည်း ဘင်္ဂါလီဒုက္ခသည်များ ဆက်လက် ငြင်းဆန်နေကြကြောင်း၊ သဲချောင်း၊ ဘောဒူဖ အပါအဝင် ဘင်္ဂါလီဒုက္ခသည်များမှ ဒုက္ခသည် အချို့ကို ဘေးလွတ်ကင်းရာ နေရာသို့ ပြောင်းရွှေ့ထားပြီး ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီ ဦးလှဟန်က ပြောကြား သည်။

"မုန်တိုင်းဝင်မှာ သေချာပြီ ဆိုရင်တော့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေကို အတင်းအဓမ္မ နေရာပြောင်းမယ်" ဟု ဦးဦးလှသိန်းက ဆိုသည်။

အစိုးရအစီအစဉ်အရ အဆိုပါ ဒုက္ခသည်များ စစ်တွေမြို့ တပ်နယ်မြေအတွင်းရှိ အဆောက်အအုံအပြင် အခြားဘေးလွတ်ကင်းရာ နေရာများကို ပြောင်းရွှေ့ထားရန် စီစဉ်ထားပြီး ယင်းနေရာမှာ မုန်တိုင်း သဘာဝဘေးအန္တရာယ်အတွက် လုံခြုံစိတ်ချ ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
"နာဇီရွာကို ပြောင်းပေးမယ်ဆိုရင် ပြောင်းမယ်။ မဟုတ်ရင် မပြောင်းဘူး" ဟု သဲချောင်း ဒုက္ခသည်စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမောင်မောင်ကဆိုသည်။

စားနပ်ရိက္ခာနှင့် အခြားအထောက် အပံ့ပစ္စည်းများ ခံစားခွင့်မရရှိသဖြင့် မပြောင်းရွှေ့နိုင်ကြောင်း သံထော်လီရွာမှ ပြောင်းရွှေ့လာသူများ နေထိုင်သည့် ဒါးပိုင် ဒုက္ခသည်စခန်းမှ အသက် ၃ဝ အရွယ် မာမွတ်နော်ဖိက ပြောကြားသည်။

"စစ်တပ်နယ်မြေဆိုရင် မပြောင်းချင်ဘူး။ ကြောက်တယ်" ဟု ဒါးပိုင်ဒုက္ခသည် စခန်းမှ အမျိုးသားတစ်ဦးက ဆိုသည်။

မုန်တိုင်းသဘာဝ ဘေးအန္တရာယ်ကို ကာကွယ်ရန် သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲရေး ကော်မတီကို ဖွဲ့စည်းထားပြီး ဆပ်ကော်မတီရှစ်ခုကို ထပ်မံဖွဲ့စည်းဆောင် ရွက်နေကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရှိရသည်။
The Voice Weekly

'' ငြိမ်းချမ်းရေးထက် စစ်ရေးက အလေးသာနေသော မြန်မာ..."


 
မေလ (၁၄) ရက်နေ့ထုတ် TRUE NEWS WEEKLY မှ လူသာလင်း၏

'' ငြိမ်းချမ်းရေးထက် စစ်ရေးက အလေးသာနေသော မြန်မာ..." သတင်းဆောင်းပါးဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ ဖြစ်ရပ်များကားထင် ထားသကဲ့သို့ မြင်တတ်ခဲလှပါသည်။ ဆိုရလျှင် ပြင်ပကမ္ဘာမှ နားမလည်နိုင်သော နိုင်ငံတစ်ခု ဖြစ်နေဆဲပင်။ မတ်လစောစောပိုင်းတွင် ဥရောပသို့ အလည်အပတ် ခရီးသွားစဉ် မြန်မာ သမ်္မတ ဦးသိန်းစိန်က “နိုင်ငံတွင်းမှာ တိုက်ခိုက်မှုတွေ မရှိတော့ပါဘူး။ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တွေကြားမှာဖြစ်နေတဲ့ ဒီလက်နက်ကိုင် ပဋိပက္ခတွေကိုကျွန်တော်တို့ အဆုံးသတ်ပစ်နိုင်ခဲ့ပါပြီ”ဟု အခိုင်အမာဆိုခဲ့ပါသည်။ သို့သော်ငြား ပြည်တွင်းတွင်မူ မြန်မာ့မြောက်ဖျားဒေသမှ ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ကို မြန်မာ့တပ်မတော်က အပြင်းအထန် ထိုးစစ်ဆင်နေဆဲ။ ရှမ်းပြည်နယ်တွင် မြန်မာအာဏာပိုင် များနှင့် ရှမ်းပြည်နယ် တပ်မတော် (အက်စ်အက်စ်အေ) တို့ ကြားရယူ ထားခဲ့သော ခနော်နီခနော်နဲ့ အပစ် အခတ်ရပ်စဲရေးကြားမှ ထိတွေ့တိုက် ခိုက်မှုများမှာ နေ့စဉ်နေ့တိုင်းလို ဖြစ် ပွားဆဲ။ ကရင်ပြည်နယ်တွင်လည်း ထိုင်းနိုင်ငံနှင့် နယ်ချင်းစပ်လျက်ရှိသော တောင်ကုန်းတောင်တန်းများတွင် အစိုးရတပ်များက စခန်းသစ်များ ပိုမိုရယူနေကြဆဲပင်။ သို့တစေ မြန်မာအစိုးရ၏အပြော နှင့် အလုပ်မညီမှုက အနောက်တိုင်း အန်ဂျီအိုအဖွဲ့များနှင့် ဉာဏ်ကြီးရှင် အဖွဲ့များ၏ အမျိုးမျိုးအထွေထွေသော ငြိမ်းချမ်းရေးအကျိုးဆောင် လုပ်ငန်း များကို အဟန့်အတား မဖြစ်စေခဲ့ပါ။ တစ်ချိန်တည်းတွင် သူတို့နှင့်လုံးဝမတူ သော အင်အားကြီးနိုင်ငံတစ်ခုဖြစ် သည့် တရုတ်နိုင်ငံကလည်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ကြီးမှူးနေပြန် သည်။ နှစ်နိုင်ငံကြား နယ်စပ်ဖြတ် ကျော်ကုန်သွယ်ရေး လုပ်ငန်းအပေါ် အထူးထိခိုက်စေခဲ့သည့် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ လူမျိုးစု ပဋိ ပက်္ခများ ချုပ်ငြိမ်းသည်ကို မြင်လိုပါ ကြောင်း သွားလေသူ ၀န်ကြီးချုပ် ဟောင်းဝမ်ကျားပေါင်က မတ်၁၃ရက် တွင် ပြောခဲ့သည်။ တရုတ်နိုင်ငံအနေ ဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ တစ်ဦး ပြည်တွင်းရေကို တစ်ဦးမစွက်ဖက်ရေး အပါအ၀င် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ချက်အပေါ်တွင် အခြေခံ၍ မြန်မာနိုင်ငံနှင့်ချစ်ခင်ရင်း နှီးသော ပူးပေါင်းဆောင်ရွက်မှုဆက် ဆံရေးများကို ဆက်လက်ဖွံ့ဖြိုးတိုး တက်စေမည်ဖြစ်ကြောင်းလည်းဝမ်က အာမခံခဲ့သည်။ တကယ့်တကယ်တွင် တရုတ်နိုင်ငံသည် မြန်မာ့ပြည်တွင်းရေး၌ ၀င် ရောက်စွက်ဖက်သော ရှည်ကြာသည့် သမိုင်းတစ်ခု ရှိခဲ့ဖူးပါသည်။ ပြန် ပြောင်းကြည့်ရှုလျှင် ၁၉၆၈ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ ယခုအချိန်တွင် မရှိတော့ပြီဖြစ်သော ဗမာပြည်ကွန်မြူနစ် ပါတီ သူပုန်တို့ကို စစ်ရေးအထောက် အပံ့အကြီးအကျယ် ပေးခဲ့ပါသည်။ သို့သော် ကျန်အာရှနိုင်ငံများ သို့ တော်လှန်ရေးကို တင်ပို့သည့် တရုတ် နိုင်ငံ၏ပေါ်လစီထက် ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် ငြိမ်းချမ်းရေးအမှတ် တံဆိပ် တင်ပို့ရေးက ပို၍အောင်မြင် စရာရှိ ပါလိမ့်မည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှုက တရုတ်နိုင်ငံအတွက် တိုက်ရိုက်အကျိုး စီးပွားဖြစ်နေသည်။ အထူးသဖြင့် ဒေသတွင်း ကျောက်စိမ်းရောင်းဝယ် ရေး၊ ဓာတ်သတ္တု တူးဖော်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ လက်လီ ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်း များတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသော ကချင်ပြည် နယ်တွင်ဖြစ်ပါသည်။ ပြဿနာ ကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်နိုင်ငံ၏ နည်းလမ်းမှာအနောက် တိုင်းမှ ပါဝင် ပတ်သက်သူများ၏ “တွေ့ဆုံဆွေးနွေးမှုမှ တစ်ဆင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးသို့ သွားသော သတိကြီးကြီးသိမ်သိမ်မွေ့မွေ့ ချဉ်းကပ်မှုနှင့် သိသိသာသာ ခြားနားပါသည်။ ကေအိုင်အေကို ဖိအားပေးပြီး မြန်မာစစ်တပ်များကို တရုတ်နယ်မြေထဲမှ ကွေ့ပတ်တိုက်ခွင့်နှင့် ရိက္ခာ ဖြည့်တင်းခွင့်ပေးခြင်းဖြင့် နေပြည်တော်အစိုးရကို မက်လုံးပေးခဲ့သည်။ ထိုသို့တစ်ဖက်က “မုန့်” ပြခဲ့သလို၊ အခြားတစ်ဖက်ကလည်း “တုတ်”ကိုပြခဲ့သေးသည်။ ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သော ဂျိန်းသုတေသန အဖွဲ့၏ ထောက်လှမ်းရေးသုံးသပ်ချက်အရ မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး လူမျိုးစုတပ်ဖြစ်သော “၀ပြည်ညီညွတ်ရေး တပ်မတော် (UWSA) ”သို့ လူသယ်ဆောင်နိုင် သော လေကြောင်းကာကွယ်ရေး စနစ်များ (MANPADS) နှင့် UWSA ၏ ၂၃နှစ်ကြာသမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံလုပ်သံချပ် ကာယာဉ်များအပါအ၀င် စစ်အသုံး အဆောင်အမြောက်အမြား တရုတ်က ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။ UWSA သည် ၁၉၈၉ခုနှစ်က တည်းက မြန်မာအစိုးရနှင့် အပစ် အခတ်ရပ်စဲရေး သဘောတူညီမှုတစ်ခု ရယူခဲ့ရာ တရုတ်နယ်စပ်နှင့်ကပ်လျက် ၀ထိန်းချုပ်ထားရာ စတုရန်းကီလိုမီတာ ၂၀,၀၀၀ နီးပါးရှိ လူမျိုးစုဒေသ တွင် တရုတ်က မီးပွား ချရန် ရည်ရွယ်သည်ဆိုပါက အံ့အားသင့်စရာဖြစ်ပါလိမ့်မည်။ သို့သော် UWSA ကို လက်နက်အကြီးအကျယ် တပ်ဆင်ခွင့် ပေးလိုက်ခြင်းဖြင့် တရုတ်နယ်စပ်အနီး ကချင်ပြည်နယ်တွင် စစ်ဆင်ရေးများ တိုးမြှင့်နေသော နေပြည်တော်ကိုအခိုင်အမာ သတင်းစကားတစ်ရပ် ပေးပို့ လိုက်ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်နှင့်ဖြစ် သော အနောက်နှင့်ဆက်ဆံရေးများ တိုးတက်ရန် မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက် များနှင့် ပတ်သက်၍ တရုတ်နိုင်ငံက မပျော်ပိုက်နိုင်ခြင်းမှာ ယခုအချိန်တွင် အများသိကြပြီ ဖြစ်သည်။ ကချင်ပြည်နယ် တွင်းရှိတရုတ် ကျောထောက် နောက်ခံပြုသည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ တန် ဧရာမဆည်ကြီး တည်ဆောက်မှုကို ဆိုင်းငံ့ထားရန် ၂၀၁၁ ခုနှစ်စက်တင် ဘာလအတွင်း မြန်မာအစိုးရ၏ ဆုံး ဖြတ်ချက်နှင့်ပတ်သက်၍ ဘေဂျင်းမှာ မခံချိမခံသာ ဖြစ်နေဆဲပင်။ ထိုမှ ၂ လအကြာတွင် ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင် တန်၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ် ဖြစ်ပေါ်ခဲ့ပြီး ထိုအချိန်မှစ၍ မြန်မာ၏ တရုတ်နှင့် အနီးကပ်ဆက်ဆံရေးတွင် တရွေ့ရွေ့ ခွဲခွာမှုဖြစ်စဉ် စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ အနောက်ကလည်း စိတ်အားထက်သန်မှုဖြင့် တုံ့ပြန်ခဲ့ပါသည်။ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီများကို ဖောဖောသီသီကတိ ပြုခဲ့သည်။ တစ်ချိန်တည်းတွင် တိုင်းရင်းသား လူမျိုးစုဒေသများရှိ မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှု ဝေဖန်ချက်များမှာလည်း အနောက်တိုင်းအစိုးရများ၏ အစီအစဉ်မှ ပျောက်ချင်းမလှပျောက်ကွယ် သွားခဲ့လေတော့သည်။ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တရုတ်၏ ပါဝင်ပတ်သက်မှုမှာ ဇန်န၀ါရီ ၁၉ရက်တွင် စတင်လာခဲ့ပြီး တရုတ် ကမကထပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယူနန်ပြည်နယ် နယ်စပ်မြို့ဖြစ်သော ရွှေလီမြို့၌ ဖေဖော်ဝါရီ ၃ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာအကဲခတ်ရန် ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်း နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ ရေးရာ ညွှန်ကြားရေးမှူးချုပ် လျူ ကျောက်ဟွေကို ဘေဂျင်းကစေလွှတ်ခဲ့ သည်။ မတ် ၁၁-၁၂က ပြုလုပ်ခဲ့သော ဒုတိယအကျော့ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီး အဆင့်မြင့်အရာရှိကြီး တစ်ဦးဖြစ်သူ ၀မ်ယင်ဖန်တက်ရောက် ခဲ့ပြီး မြန်မာအစိုးရနှင့်ကချင် အစိုးရတို့ကြား နောင်လာမည့် ဆွေးနွေးပွဲများ အားလုံးကို ၀မ်က ကြီးမှူးသွားရန် တာဝန်ပေးထားခဲ့ကြောင်း ရွှေလီမှ သတင်းရပ်ကွက်များက ဆိုကြသည်။ ထိုသတင်းရပ်ကွက်များ၏ အဆိုအရ မြန်မာအစိုးရနှင့် ခြွင်းချက်မရှိ အပစ် အခတ်ရပ်စဲရေး တစ်ခုရရှိရေး အတွက် ကေအိုင်အေကိုလည်း တရုတ်က အကြီးအကျယ် ဖိအားပေးခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်အတွင်း တရုတ်နိုင်ငံ ပါဝင်စွက်ဖက်လာခြင်းနှင့်အတူ နိုင်ငံခြားကြားဝင် ဖျန်ဖြေ ရေးအားထုတ်မှုများ၏ ဖြစ်နိုင်ခြေ အပေါ်တွင်လည်း သံသယပွားစရာ များ ဖြစ်ပေါ်လာခဲ့သည်။မြန်မာ့ငြိမ်း ချမ်းရေးဖြစ်စဉ်ကို လုပ်ငန်းစုကြီး တစ်ခုသဘော၊ အချို့ဆိုလျှင် အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်းတစ်ခုသဘောအဖြစ် ပြောင်းလဲပစ်ခဲ့ ကြသည့် အနောက်တိုင်းအဖွဲ့အစည်းများကလည်း တိုးတက်ပွားများလာခဲ့သည်။ ပထမဆုံး နော်ဝေကမကထပြုသော မြန်မာငြိမ်းချမ်းရေးအထောက်အကူအဖွဲ့ Myanmar Peace Support Initiative) ၏နောက်တွင် အလားတူအဖွဲ့များ တသီကြီး ပေါ်ပေါက်လာခဲ့သည်။ ဆွစ်ဇာလန်အခြေစိုက် Center For Humanitasion Dialog ဂျပန်မှ Nippon Foundation ၊ နောက် ဦးသိန်းစိန်အစိုးရက အလုံးစုံ ဖန်တီးထားသော မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှတစ်ဆင့် ဥရောပ သမဂ္ဂ ကမကထ ပြုသည့်အဖွဲ့များ ရောက်လာသည်။ ဆွီဒင်ဉာဏ်ကြီးရှင် အဖွဲ့တစ်ခုဖြစ်သောThe Institute For Security and Development Policy ကတိုင်းရင်းသားလူမျိုးစုအဖွဲ့များနှင့် “အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတည် ဆောက်မှု” အတွက်အီးယူမှငွေကြေး ထောက်ပံ့မှုရရှိထားစဉ်၊ ဖင်လန်အန် ဂျီအိုတစ်ခုဖြစ်သည့် Pxcta ကလည်း တစ်နည်းတစ်ဖုံ ပါဝင်ခဲ့ပြန်သည်။ ထို့ပြင်ဖနွမ်းပင် အခြေစိုက် Center for Peace and Conflict Studies ကလည်း မြန်မာနိုင်ငံတွင်း ငြိမ်းချမ်း ရေး တည်ဆောက်မှုအတွက် အခွင့် အလမ်း ရှာနေကြသည်။ လူပုဂိ္ဂုလ် အနည်းဆုံး ၆ဦးကလည်း သူတို့ကိုယ် ပိုင်တစ်ဦးချင်း အစီအစဉ်များဖြင့် ရောက်ရှိလာကြရာ ဤသို့သော ကြိုးပမ်းမှုအစုစုတို့ အတွက်ဒေါ်လာနှင့် ယူရိုငွေ သန်းပေါင်းများစွာရင်းနှီး မြှုပ်နှံထားကြသည်။ အကျိုးဆက်အားဖြင့် လုပ်ဆောင် ချက်များထပ်ကုန်ခြင်း၊ အဖွဲ့အစည်း အသီးသီးကြား အပြိုင်အဆိုင်ဖြစ်ခြင်း၊ ပဋိပက္ခ၏ အရင်းခံအကြောင်းများကို မဆုပ်ကိုင်မိကြသော အတွေ့အကြုံနည်းသည့် “ငြိမ်းချမ်းရေး အကျိုးဆောင်များ”၏ နားလည်မှုမရှိ ခြင်းတို့ဖြစ်ပေါ်ခဲ့ရသည်။ ဧပြီ ၂၂ ရက်တွင် ဘရပ်ဆဲ(လ်) အခြေစိုက် International Group (ICG) က ဦးသိန်းစိန်ကို နယူးယောက် နှစ်ပတ် လည် ငြိမ်းချမ်းရေး ညစာစားပွဲ၌ ငြိမ်းချမ်းရေးရှာဖွေသူ ဆုချီးမြှင့်ခဲ့ကြ သည်။ ဤဆုကို ပဋိပက်္ခဖြေရှင်းရေး ဦးတည်သူ ပြိုင်ဘက်များကြားတွင် နေပြည်တော်ကို သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ဝေဖန်သူတို့က ရှုမြင်ကြသည်။ အနောက်တိုင်းဖြစ်စေ၊ တရုတ်ဖြစ်စေ၊ လောလောဆယ် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများမှာ မြန်မာနိုင်ငံ၏ မအောင်မြင် သော ငြိမ်းချမ်းရေးဆွေး နွေးပွဲများ၏ ရှည်ကြာသောသမိုင်းကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခဲ့ကြသည်။ လူမျိုးစုနှင့် နိုင်ငံရေးသူပုန် တပ်များ ၁၂ဖွဲ့နှင့်အတူ ကေအိုင်အေ သည် ၁၉၆၃ခုနှစ် ကကျင်းပသော ပထမဆုံး အကျယ်အပြန့် ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးတွင် ပါဝင်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲများ မှာ ၁၉၆၂ ခုနှစ်က အာဏာသိမ်းပိုက်ခဲ့ သော စစ်အစိုးရက သူပုန်များအတွက် နိုင်ငံရေး လိုက်လျောမှုမပါဘဲ လွတ် ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်ထူထောင် ရေးသာပေးခဲ့သောအခါ မျက်နှာစာ ပေါင်းစုံမှာ အလျင်အမြန်ပြိုကွဲပျက်စီးသွားခဲ့ရပါသည်။ တစ်ဖန် ၁၉၇၂ ခုနှစ်တွင် ထို အချိန်က တရုတ်-မြန်မာနယ်စပ် တစ်လျှောက်လုံး သြဇာဖြန့်ကြက်လာသည့် ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ကိုခုခံရန် ကေအိုင်အေက အစိုးရကို ချဉ်းကပ်ခဲ့ပြန်ပါသည်။ အစိုးရက ထိုကမ်းလှမ်းချက်ကို ၂လ တာမျှစဉ်းစားပြီး ပယ်ချခဲ့သည်။ လေးနှစ်ကြာသော် ကေအိုင်အေက CPB နှင့် ငြိမ်းချမ်းရေးတည် ဆောက်ခဲ့သဖြင့် အစိုးရတပ်များကို ဆက်လက်တိုက်ခိုက်နိုင်ရန် ကွန်မြူ နစ်များထံမှ တရုတ်လုပ်လက်နက်များ ရရှိခဲ့သည်။ ၁၉၈၈ ခုနှစ်တွင်မူ အရှေ့တောင် အာရှတစ်လွှား ကွန်မြူနစ်သူပုန်များကို ထောက်ပံ့ကူညီသည့် ပေါ်လစီ ဟောင်းကိုဘေဂျင်းက စွန့်ပစ်ခဲ့ပြန် ရာ CPB အပြင် ကေအိုင်အေနှင့် မြန်မာအစိုးရအကြား လျှို့ဝှက်တစ် ပိုင်းဆွေးနွေးပွဲများ တရုတ်ကမကထ ပြုမှုဖြင့် ပေါ်ပေါက်ခဲ့သည်။ ကေအိုင် အေခေါင်းဆောင် ဘရန်ဆိုင်းကိုယ်တိုင် ထိုစဉ်က စစ်အာဏာရှင်ဗိုလ်ချုပ် ကြီးနေ၀င်းကို တွေ့ဆုံရန် ရန်ကုန်သို့ ခရီးထွက်ခဲ့သော်လည်း နိုင်ငံရေးသဘောတူညီမှု တစ်စုံတစ်ရာမျှမရရှိ ခဲ့ပါ။ တစ်ချိန်တည်းတွင် အစိုးရသတ် မှတ်ချက်အလိုအရ ဖြစ်စေကာမူ၊ အတိုက်အခံ တစ်ရပ်လုံးကို တိုင်းပြည်သို့ ပြန်လာစေရန် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်တစ်ခု ထုတ်ပြန်ကြေညာခဲ့သည်။ ပြည်ပရောက် အထင်ကရ မြန်မာတိုင်းရင်းသားအများစု အတိုက် အခံနိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများက ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြသော်လည်း ကချင်သို့မ ဟုတ် အခြား တိုင်းရင်းသားလူမျိုးစုများက အနည်းစုမျှသာ လက်ခံခဲ့ကြပါသည်။ ၁၉၉၄ ခုနှစ်တွင် ကေအိုင်အေက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတစ်ခု ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာ စစ်အစိုးရနှင့် ကချင်တို့ကြားဆွေးနွေး ပွဲပေါင်းများစွာ ပြုလုပ်ခဲ့သော်လည်း နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးမှုကိုစစ် အစိုးရက ငြင်းပယ်ခဲ့ပြန်ပါသည်။ စစ်တပ်၏ ဗဟိုအာဏာချုပ်ကိုင်မှုကို လက်ခံပြီး ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုချက်အားလုံး စွန့်လွှတ်မှသာငြိမ်းချမ်းရေး ရနိုင်ပါ သည်။ ယခုအခါ ဦးသိန်းစိန်အစိုးရက အတိတ်မှ စစ်အစိုးရများ၏ ပျော့ပျောင်းမှုမရှိသော အလားတူအနေအထားဖြင့် ၁၉၆၃ ၊ ၁၉၇၂၊ ၁၉၈၀ နှင့် ၁၉၉၄ ငြိမ်းချမ်းရေး မောင်းနှင်မှုများကိုထပ် ကျော့လာခဲ့ပြန်ပါပြီ။ မြန်မာနိုင်ငံ၏ ရှုပ်ထွေးပွေလီသော တိုင်းရင်းသားလူမျိုးစု ပြဿနာများ ကို ကိုင်တွယ်ဖြေရှင်းရာတွင်အနောက် တိုင်းရော တရုတ်နိုင်ငံပါ မကျွမ်း ကျင် မလိမ်မာမှုကို ပြခဲ့ကြပြီဖြစ် သည်။ ၁၉၄၈ခုနှစ် ဗြိတိသျှ လက်အောက်မှ လွတ်လပ်ခဲ့ပြီး ကတည်းက တိုင်းပြည်ကို ကပ်ဆိုက်စေခဲ့သော ပြည်တွင်းစစ်ပွဲများမှာ အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းမှုမှတစ်ဆင့် အမျိုး သားရင်ကြားစေ့ရေး ပြုလုပ်လိုသည့် ရည်ရွယ်ချက်ကို ဦးသိန်းစိန်ပထမဆုံး ကြေညာခဲ့သည့် ၂၀၁၁ခုနှစ် အခြေ အနေထက် ကြာရှည်ခံမည့် အဖြေတစ် ရပ်ရရှိရန် ပို၍ နီးစပ်လာခြင်းမရှိပါ။ အစိုးရ၏ စကားတန်ဆာနှင့် နိုင်ငံ တကာက ကျောထောက်နောက်ခံပြု သည့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိပေသော်ငြား စစ်ကြောင့်ကြေမွခဲ့ရ သောမြန်မာနိုင်ငံ၏ နယ်စပ်ဒေသများမှာမူ စိတ်ပျက်စဖွယ်ကောင်းလောက်အောင်ပင် ယခင်အတိုင်းရှိနေဆဲ။ အရှည်တည်တံ့မည့် ငြိမ်းချမ်းရေးမှာလည်း ယခင်လိုပင်ဝေးဆဲကွာဆဲတွေ့နိုင်ခဲ။ ဤစာစုကိုရေးသားသူ ဘာတေးလ် လင့်တနာသည် ယခင်က အရှေ့ဖျား စီးပွားရေးစာစောင် (For Easterm Economic Review)၏ သတင်းထောက်ဟောင်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ စာအုပ်စာတမ်းပေါင်း မြောက်မြားစွာ ရေးသားခဲ့ သည့်စာရေး သူတစ်ဦးလည်း ဖြစ်ပါသည်။) Ref:War trumps peace in Myanmar by Bertil Lintner. Asia Times Onlines