15 August 2011

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၁၁ နာရီကြာ ပထမဆုံး နိုင်ငံရေးခရီးစဉ် အောင်မြင်စွာပြီးဆုံး





မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းမှလွတ်မြောက်ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သော ၁၁ နာရီကြာ နိုင်ငံရေး ခရီးစဉ်သည် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးအုန်းကြိုင်က ဆိုသည်။

ပဲခူးတိုင်းဒေသကြီးရှိ သနပ်ပင်မြို့နှင့်ပဲခူးမြို့တွင် သြဂုတ်လ ၁၄ ရက်နေ့က အောင်ဆန်းဂျာမွန်း စာကြည့်တိုက်များအား NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့်အတူ ဖွင့်လှစ်ပေးခဲ့ပြီး၊ ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်သူ့ထောက်ခံမှုအား ကောင်းနေသည်ကို သုံးသပ်၍ ယနေ့ခရီးစဉ်အား အောင်မြင် သည်ဟု သုံးသပ်ခြင်း ဖြစ်ကြောင်း ဆက်လက်ဆိုသည်။

ယင်းက “ပဲခူးမှာကော၊ သနပ်ပင်မှာပါ ထောက်ခံမှုအားက အရင်လိုပဲ၊ဘာမှ လျော့သွားတာ မရှိဘူး။ ဒီလိုဖြစ်လေ၊ ကျွန်တော်တို့ စိတ်ဓာတ် တက် ကြွလေ၊ ဆက်လုပ်ဖို့ အားတွေရှိလေ”ဟု ဆက်လက်ပြောကြားသည်။

ပဲခူးမြို့သို့ လာရောက်သည့် ခရီးစဉ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ပဲခူးကို မလာနိုင်တာ ၁၁ နှစ် ကြာပြီ။ နောက်ကျရင်တော့ ပဲခူးကို ခဏခဏ လာဖြစ်မယ် ထင်တယ်”ဟု ပဲခူးမြို့ရှိ အောင်ဆန်းဂျာမွန်းစာကြည့်တိုက် ဖွင့်ပွဲတွင် ထည့်သွင်း ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်က ယနေ့ခရီးစဉ်တွင် ပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည့်အတွက် ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ နောင်များတွင် လည်း ပြည်သူများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံအားပေးကြပါရန် ပြောကြားသွားခဲ့သည်။

သြဂုတ်လ ၁၀ ရက်နေ့ကတည်းက ပဲခူးမြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာမည်ဆိုသည့် သတင်းများပျံ့နှံနေခြင်း ဖြစ်သည့်အတွက် ပဲခူးလူထုက မျှော်လင့်နေသည့်ရက်မှာ သြဂုတ်လ ၁၄ ရက်နေ့တွင် အမှန်တကယ် ဖြစ်လာကြောင်း ပန်းလှိုင် ၂၃ လမ်း၊ ပဲခူးမြို့တွင် နေထိုင်သူ ဦးမြင့်ကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးမြို့သို့ ၁၉၈၉ ခုနှစ်တွင် တစ်ကြိမ်၊ ၊၂၀၀၂ ခုနှစ်တွင် တစ်ကြိမ် လာရောက်ခဲ့ဖူးကြောင်း ယခုအချိန်သည် ယင်း၏ တတိယအကြိမ် ခရီးစဉ် ဖြစ်ကြောင်း သိရသည်။

“ဒေါ်စု လာမယ်ဆိုတဲ့ သတင်းပျံ့နေတာတော့ ကြာပြီ၊ လာမယ်လည်း မျှော်လင့်တယ်။ ဒီလိုမျှော်လင့်တာ ဖြစ်လာတော့ အရမ်းပျော်ပါတယ်”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးနိုင်ငံရေး ခရီးစဉ်တွင် အမေရိကန်သံရုံး၊ ပြင်သစ်သံရုံးနှင့် ဗြိတိန်သံရုံးမှ သံရုံးတာဝန်ရှိသူများနှင့် သတင်း မီဒီယာသမားများ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူများ လိုက်ပါခဲ့ကြောင်း သိရှိရသည်။

သြဂုတ် ၁၄ ရက်နေ့ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ပဲခူး ရွှေမော်ဓောဘုရား၊ သာသနာ့မဏ္ဍိုင် ဘုန်းကြီးကျောင်း၊ သနပ်ပင် မြို့နယ် အောင်ဆန်းဂျာမွန်း စာကြည့်တိုက်၊ ပဲခူးမြို့နယ် အောင်ဆန်းဂျာမွန်းစာကြည့်တိုက်နှင့် ပဲခူးမြို့ ရွှေနံ့သာဘုရားတွင် ဖွင့်လှစ်ထားသော ရေဘေး ကယ်ဆယ်ရေးစခန်းတို့ကို သွားရောက်ခဲ့ပြီး၊ ရေဘေး ဒုက္ခရောက်သူများအတွက် ငွေကျပ် ၅ သိန်းလှုဒါန်းခဲ့ကြောင်း သိရှိရသည်။

သတင်း..YC(KS)

14 August 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးမြို့ခရီးစဉ် (ဓာတ်ပုံသတင်း)



























ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ အနောက်ရွှေနံ့သာကျောင်း တိုက်ရှိ ရေဘေးဒုက္ခသည် များ ကို ဒေသစံတော်ချိန်၂ နာရီခွဲ အချိန်တွင် သွားရောက်တွေ့ဆုံကာ အားပေးစကားပြောနေသည်။

“အခုဒီမှာ ရေဘေးဒုက္ခသည်တွေ ရှိနေတဲ့ ရွှေနံ့သာကျောင်းတိုက်ကို ရောက်နေတယ်။ အဲဒီမှာ ဒုက္ခသည်တွေကို အားပေးမယ်။ ဆန်၊ ခေါက်ဆွဲခြောက်တွေ လှူဖို့ ရှိပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ပဲခူးမြို့ရှိ ရေဘေးဒုက္ခသည် စခန်းပေါင်း ၇ ခုတွင် ဒုက္ခသည်ပေါင်း ၃ ထောင်ကျော်ရှိပြီး ထိုစခန်း ၇ ခုထဲမှ
ရွှေနံ့သာ ကျောင်းတိုက်တွင် ဒုက္ခသည်ပေါင်း ၁,၉၅၆ ဦး ရှိသည်ဟုသိရသည်။

ယင်းဒုက္ခသည်များကို ဒေါ်အောင်ဆန်းစုကြည်က ဆန်နှင့် ခေါက်ဆွဲထုပ်များကို ပေးလှူခြင်း ဖြစ်သည်။

သတင်း.(.Mizzima)

ဓာတ်ပုံ ..AP

မြန်မာအစိုးရသစ် နိုင်ငံခြားသားများအတွက် ထုတ်လုပ်ထားသော နိုင်ငံခြား ငွေလက်မှတ်FEC ကို ရုတ်သိမ်းမည်

(12 August 2011 ရက်စွဲပါ Monsters and Critic မှ “New Myanmar Government to Drop Foreign Exchange Certificate” ကို Y C မှ ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရသစ်သည် လွန်ခဲ့သောအနှစ် ၂ဝ က နိုင်ငံခြားသားများအတွက် ထုတ်လုပ်ထားသော နိုင်ငံခြား ငွေလက်မှတ် FEC ကို ပြန်လည် ရုတ်သိမ်းရန် စီစဉ်နေကြောင်း တာဝန်ရှိသူများက သောကြာနေ့က ပြောကြားခဲ့သည်။

“မကြာတော့တဲ့ ကာလမှာ FEC ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ “ကျပ်” နဲ့ နိုင်ငံခြားသုံးငွေသာ ရှိတော့မှာပါ” ဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခု သတင်းစာရှင်းလင်းပွဲမှာ ဧပြီလ အစိုးရသစ်တက်ပြီး ပထမဆုံးကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ဖြစ်သည်။

FEC ကို ၁၉၉၃ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး နိုင်ငံခြားသုံးငွေကို အစိုးရထိန်းချုပ်မှု ပြုလုပ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသည်များအနေဖြင့် လေဆိပ်တွင် ဒေါ်လာ (၂ဝဝ) တန်ဖိုးရှိ FEC များ ဝယ်ယူကြရပြီး နိုင်ငံခြားသားလုပ်ငန်းရှင်များနှင့် အကူအညီ ပေးရေးအုပ်စုများသည် တရားဝင် ငွေစာရင်းလွှဲပြောင်းမှုအတွက် FEC ကိုသာ အသုံးပြုကြရပြီး ဒေါ်လာနှင့် FEC ကြား ငွေလဲလှယ်နှုန်း ကွာဟမှုကြောင့် ဆုံးရှုံးမှုများ ရှိခဲ့ရသည်။

မှောင်ခိုဈေးကွက်တွင် နိုင်ငံခြားငွေလဲလှယ်မှု ပြုလုပ်ခြင်းကို ကာကွယ်ရန် FEC ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံမှာ ငွေလဲလှယ် မှုနှုန်း အမျိုးမျိုး ရှိနေတာဟာ နိုင်ငံခြားငွေကို ဖလှယ်တဲ့နေရာမှာ အရမ်း ရှုပ်ထွေးပါတယ်။ အကျင့်ပျက်ခြစားမှုကိုလည်း ဖြစ်စေပါတယ်” ဟု မြန်မာ နိုင်ငံ၏ စနစ်နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်လများအတွင်းက မြန်မာကျပ်ငွေသည် ဒေါ်လာ FEC တို့ထက် စာလျှင် အားကောင်းလာခဲ့ရာ ယင်းမှာ ဈေးကွက်အတွင်းသို့ ဒေါ်လာ များစွာ ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်။

FEC ကို ကိုင်ဆောင်ထားသူများ အနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြစေလိုကြောင်း၊ အစိုးရသည် FEC ကို ကျပ်ငွေဖြင့် သော်လည်းကောင်း၊ ဒေါ်လာဖြင့်သော်လည်းကောင်း ပြန်လည် ဝယ်ယူမည်ဖြစ်သည်ဟု ဦးကျော်ဆန်းက ပြောကြားခဲ့သည်။ သို့သော် မည်သည့်နှုန်းဖြင့် ဝယ်ယူမည် ဆိုသည်ကိုမူ ပြောကြားသွားခြင်း မရှိခဲ့ပေ။

အစိုးရသစ်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ NLD ကို ကမ်းလှမ်း

(BBC News မှ 12 August 2011 ရက်စွဲပါ “Burma Government offers Suu Kyi’s NLD ‘Reconciliation’ ” ကို Y C မှ ဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး အစီအစဉ်ကို ပူးပေါင်း ဆောင်ရွက် သင့်ကြောင်း မြန်မာအစိုးရသစ်က ပထမဆုံး ဦးဦးဖျားဖျား ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက “အစိုးရသည် NLD ပါတီကို သတိထား၍ ဂရုတစိုက် ကိုင်တွယ်လျက် ရှိနေကြောင်း” ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအစိုးရ ကိုယ်စားလှယ် ဝန်ကြီးတစ်ဦးနှင့် လတ်တလောတွင် နှစ်ကြိမ်တိတိ တွေ့ဆုံခဲ့ပြီးဖြစ်ရာ ဆက်ဆံ ရေး သိသိသာသာ တိုးတက်မှု လက္ခဏာတစ်ရပ်ဟု ဆိုနိုင်ပေသည်။ ယခင် မြန်မာစစ်ဖက် အုပ်ချုပ်သူများ၏ ရှုတ်ချပြောဆိုမှုကို အစဉ်တစိုက်ခံခဲ့ရသည့် NLD ပါတီသည် မနှစ်က နိုဝင်ဘာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီးနောက်တွင် တရားဝင်ပါတီ မဟုတ်တော့ဟု ကြေညာ ဖျက်သိမ်းခြင်း ခံထားရသည့် ပါတီဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အနှစ် ၅ဝ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်သွားစေသော်လည်း ပြည်တွင်း ပြည်ပမှ အကဲခတ် လေ့လာသူများက အဆိုပါ ရွေးကောက်ပွဲကို မြန်မာနိုင်ငံ၏ အင်အားကြီး တပ်မတော်က ဆက်လက်၍ အာဏာအမြစ်တွယ်နိုင်ရန် ရည်ရွယ်ဖန်တီး ထားသော အတုအယောင် တစ်ခုအဖြစ် ဝိုင်းဝန်း ပြစ်တင် ရှုတ်ချခဲ့ကြသည်။

အမျိုးသားပြန်လည်စေ့စပ်သင့်မြတ်ရေး

အစိုးရက သတင်းထုတ်ပြန်ရေးအဖွဲ့ဟု ခေါ်သော အဖွဲ့သစ်ကို ဦးဆောင်သည့် ဦးကျော်ဆန်းက NLD ပါတီနှင့် စေ့စပ် သင့်မြတ်ရေးကိစ္စကို မပြော စဖူး သောကြာနေ့တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

မိမိတို့အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားဖြင့် တရားဝင် ရပ်တည်ခွင့် မရှိတော့သော NLD ပါတီကို ဂရုတစိုက် သတိ ထား၍ ကိုင်တွယ်ခဲ့ပြီး အမျိုးသားရေး အကျိုးစီးပွားကို ပေါင်းစည်း ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ကမ်းလှမ်းနေပါသည်ဟု ဦးကျော်ဆန်းက ဆိုသည်။

“တကယ်လို့ NLD ပါတီ အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ချင်တယ် ဆိုရင်တော့ တရားဝင် လုပ်ထုံးလုပ်နည်းတွေအတိုင်း တရားဝင် ပါတီ ဖြစ်အောင် ဖွဲ့စည်းဖို့ လိုပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ NLD ပါတီကို ဖိတ်ခေါ်ဖို့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့အပြင် သောကြာနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ရန်ကုန်မြို့တွင် တစ်နာရီခန့် တွေ့ဆုံ ဆွေးနွေးကြရာ လက်ရှိ သီတင်းပတ်များအတွင်း ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။

တွေ့ဆုံမှုအပြီးတွင် ဒီမိုကရေစီစနစ် ဆက်လက် ပြောင်းလဲ တိုးတက်ရေးနှင့် စီးပွားရေး၊ လူမှုရေး အခြေအနေများ ဆက်လက် တိုးတက် ဖွံ့ဖြိုးရေးအတွက် အပြုသဘော ဆောင်စွာ ပူးပေါင်း ဆောင်ရွက်ကြရန် ကတိပေးသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တော်မှ မိုင် ၅ဝ (၈ဝ ကီလိုမီတာ) ခန့် ဝေးသော ပဲခူးမြို့သို့ ယခု သီတင်းပတ်ကုန်တွင် နေ့ချင်းပြန် ခရီးသွား၍ စည်းရုံးရေး ဆင်းရန် စီစဉ်ထားကြောင်း သိရှိရသည်။ ပဲခူးခရီးစဉ်သည် နှစ်ပေါင်း များစွာအတွင်း ပထမဆုံး ရန်ကုန်မြို့ပြင်ထွက်၍ စည်းရုံးရေး ဆင်းသည့် ခရီးဖြစ်မည်ဟု ဆိုသည်။

၂ဝဝ၃ ခုနှစ်က နောက်ဆုံး စည်းရုံးရေးဆင်းခဲ့သည့် ခရီးစဉ်တွင်မူ တပ်မတော်အစိုးရက စည်းရုံးစေခိုင်းထားသော လူရမ်းကားများက သူမ၏ မော်တော်ယာဉ်တန်းကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် NLD အမာခံ ထောက်ခံသူ များစွာ အသက်ဆုံးရှုံးခဲ့ရပြီး ကြေကွဲဖွယ် အဆုံးသတ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်မှာမူ တိုင်းပြည်တည်ငြိမ်မှု ပျက်ပြားစေသည့် စွပ်စွဲချက်ဖြင့် ၇ နှစ်ဆက်တိုက် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ သူမ၏ NLD ပါတီသည်လည်း ၁၉၉၀ ခုနှစ်ကတည်းက တပ်မတော်အစိုးရစီစဉ်သော ရွေးကောက်ပွဲတွင် အနိုင်ယူပြီးနောက်ပိုင်း တပ်မတော် ၏ အငြှိုးတကြီး အဆက်မပြတ် ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသည်။

NLD ပါတီသည် ထိုစဉ်က ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း စစ်ဖက်အုပ်ချုပ်သူများထံမှ အာဏာလွှဲပြောင်း ယူခွင့် မရခဲ့ပေ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့၏ တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက် အသံဖိုင်

Daw Suu & U Aung Kyi by myatlayngon88

ပေးပို့ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ရှိပါသည်။

13 August 2011

သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၁)မှာ ဗူးသီးလုံး လောက်ရှိသောမျက်ရည်တွေနဲ့ ငိုယိုပြတဲ့ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း (ရုပ်/သံ)



ပေးပို့ ပေးသော ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ရှိပါသည်.။

ရာဇဝင် မှာစာတင်သွားတဲ့ မောင်ကျော်ဆန်း အဖြေ ကို ပြန်လည် ဖော်ပြပေးတာပါ

အာဏာရှင်အစိုးရသစ် ပထမဆုံး သတင်းစာရှင်းလင်းပွဲ ဦးကျော်ဆန်း ဗူးသီးလုံးလောက်ရှိသောမျက်ရည်များလွှမ်းမိုး




ဦးသိန်းစိန်အစိုးရလက်ထက် ပထမဆုံးအကြိမ် နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း မေးခွန်း များကို ဖြေကြားရင်း ကျဆင်းခဲ့သော မျက်ရည်ကိစ္စ သတင်းထောက်များအကြား လွှမ်းမိုးမှုအရှိဆုံးဖြစ်ကြောင်း သိရသည်။

နေပြည်တော် တွင် သြဂုတ် ၁၂ ရက်နေ့၌ ကျင်းပခဲ့သော အစိုးရ သတင်းစာရှင်းလင်းပွဲတွင် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် မြစ်ဆုံကိစ္စကို သတင်းထောက်များ အများဆုံးမေးခွန်းထုတ်ခဲ့ကြသည်။

“မေးခွန်း သုံးပုံ တစ်ပုံလောက်က ဒီကိစ္စ မေးခွန်းတွေ”ဟု တက်ရောက်ခဲ့သူသတင်းထောက်တစ်ဦးက ပြောကြားသည်။

ဧရာဝတီမြစ်ဆုံတွင် တည်ဆောက်တော့မည့် အကြီးစား ရေအားလျှစ်စစ် စီမံကိန်းကို နိုင်ငံတစ်ဝှမ်းရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ လှုပ်ရှားမှုများ၊ နိုင်ငံရေးသမားများ၊ ကချင်တိုင်းရင်းသားများ၊ မီဒီယာများက အပြင်းအထန် ကန့်ကွက်နေချိန်တွင် အစိုးရက သတင်းစာ ဆောင်းပါး နှစ်ပုဒ်ဖြင့် စီမံကိန်းကြောင့် ဧရာဝတီမြစ် မကောနိုင်ကြောင်း တုံပြန်ခဲ့သည်။

ယင်းသို့တုံ့ပြန်ချက်များနှင့် ပက်သက်၍ မီဒီယာများတွင် အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီး သတင်းစာ ရှင်းလင်းပွဲတွင်လည်း မေးခွန်းထုတ် ခဲ့ကြခြင်း ဖြစ်သည်။

“ဧရာဝတီမြစ်ဖျားက စီမံကိန်း ဆက်ဆောက်မှာလား။ မဆောက်တော့ဘူးလားဆိုတဲ့ မေးခွန်းကို ဖြေပြီး ဦးကျော်ဆန်း မျက်ရည်ကျတော့တာပဲ”ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်သူ အယ်ဒီတာတစ်ဦးက ပြောကြားသည်။

အထက်ပါမေးခွန်းကို တပ်မတော်အစိုးရ အာဏာရယူခဲ့သော ၁၉၈၈ ခုနှစ်မှ စတင်ဇာတ်ကြောင်းပြန်ဖြေရှင်းကာ မိမိတို့အနေဖြင့် တိုင်းပြည်ကို မည်ရွေ့မည်မျှချစ်ခင်ကြောင်း ပြောဆိုရင်း မျက်ရည်ကျလာကြောင်း ၎င်းတို့ထံမှ သိရသည်။

“မိနစ်ပိုင်းလောက်ကြာတာ။ မျက်ရည်ကျတယ်။ အဲဒီအချိန်ဘာမှ မပြောဘဲ တန့်တယ်။ ဒီမေးခွန်းလည်းပြီးရော သတင်းထောက်တွေ မေးခွန်းမေး လို့ မရတော့ဘူး”ဟု ယင်း အယ်ဒီတာက ဆိုသည်။

သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံခြားနှင့် ပြည်တွင်းသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ရေးများ၊ ငွေလဲနှုန်း ပြုပြင်ပြောင်းလဲရေး၊ အတင်းအဓ္ဓမ လုပ်အားခိုင်းစေမှု၊ မကြာမီကျင်းပတော့မည့် လွှတ်တော်အစည်းအဝေးများအရေး စသည်တို့ကို အများဆုံး မေးမြန်းခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သော ဦးကျော်ဆန်းသည် ယခင် စစ်အစိုးရ လက်ထက် တွင်လည်း ပြန်ကြားရေးနှင့် အထက်ပါတာဝန်များ ယူခဲ့သူဖြစ်ပြီး ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူလျက် ရှိသည်။

ဦးကျော်ဆန်းသည် သမ္မတသစ်ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကဏ္ဋကောစ လုပ်လေ့ရှိသော ဒုတိယ သမ္မတ ဦးသီဟ သူရတင်အောင်မြင့်ဦး၏ အုပ်စုတွင်ပါဝင်ကြောင်း စစ်တပ်နှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် နာမည်ရသူဖြစ်သည်။

မျက်ရည်ကျပြီး ‘ကျွန်တော် စိတ်လှုပ်ရှားမှု များသွားလို့ပါ’ဟု ဆိုခဲ့သူ၊ သတင်းထောက်များကို ယင်းကိစ္စကို ဖုံးဖုံးဖိဖိလုပ်ရန် နားချခဲ့သူ သက် တော်ရှည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှာ မီဒီယာကို မီဒီယာနှင့် တိုက်ရမည်ဟု တရားဝင်ထုတ် ထုတ်ဖော်ပြေဆိုခဲ့ဖူးသူဖြစ်ပြီး အစိုးရ သတင်း စာများ၏ နောက်ကျောတွင်လည်း ပြည်ပမီဒီယာများကို တိုက်ခိုက်သော ဆောင်ပုဒ်များ တီထွင်ကာ နေ့စဉ် မပြတ်တမ်း ရိုက်နှိပ်ဖော်ပြလေ့ရှိသည်။

“၀ါဒဖြန့်တယ်ဆိုတာ တတ်မှကောင်းတယ်။ နို့မို့ဆို ရွံ့စရာကောင်းသွားတတ်တယ်”ဟု ရန်ကုန်အခြေစိုက် ဥပဒေပညာရှင်တစ်ဦးက မှတ်ချက် ပြုပေးသည်။

ဦကျော်ဆန်း၏ မျက်ရည်ကိစ္စမှာ အင်တာနက် Facebook စာမျက်နှာများပေါ်တွင် နာရီပိုင်းအတွင်း ပျံနှံ့သွားခဲ့ပြီး လူအများအထူး စိတ်ဝင် တစား ဖတ်ရှုမှတ်ချက်ပေးရာ အကြောင်းအရာတစ်ခု ဖြစ်သည်။

“မျက်ရည်ကျတိုင်းလည်း ပြောရခက်တယ်။ မိချောင်းမျက်ရည်လည်း ဖြစ်နေတတ်တယ်၊ သူ့ပြကွက်ကို အကယ်ဒမီ ပြကွက်ဆိုပြီး ၀ိုင်းပြီး မှတ်ချက် ပေးနေကြတယ်”ဟု Facebook စာမျက်နှာပေါ်တွင် မှတ်ချက်ပေးထားသည်။

သတင်း... မင်းဦး

ယနေ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြည်တို့တွေ့ဆုံဆွေးနွေးမှုအားသတင်းထုတ်ပြန်ချက်

Untitled 1(1)

12 August 2011

ဖွဲ့လည်းဖွဲ့ နိုင်တဲ့ စစ်အာဏာရှင်ကြီးများ..

ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း အမိန့်အမှတ် (၇၅/၂၀၁၁)ကို သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများ ထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)အရ “ပြောရေးဆိုခွင့် သတင်းထုတ်ပြန်ရေးအဖွဲ့”ကို ဦးကျော်ဆန်း၊ ပြည်ထောင်စု ၀န်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာနအား အဖွဲ့ခေါင်းဆောင် အဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဒုတိယ၀န်ကြီး (ပြည်ထဲရေးဝန်ကြီးဌာ)၊ ဦးမောင်မြင့် ဒုတိယ၀န်ကြီး (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးစိုးဝင်း ဒုတိယ၀န်ကြီး (ပြန်ကြားရေးဝန်ကြီးဌာန)၊ ဦးမြင့်သိန်း ဒုတိယ၀န်ကြီး (အလုပ်သမားဝန်ကြီးဌာန)၊ ဦးထွန်းထွန်းဦး ဒုတိယရှေ့နေချုပ် (ပြည်ထောင်စုရှေ့နေချုပ်ရုံး)၊ ရဲချုပ်ကျော်ကျော် ရဲချုပ် (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့)၊ ဗိုလ်မှူးကြီး လူအေး စစ်ဦးစီးဗိုလ်မှူးချုပ် (ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း))၊ ဦးတင်မျိုးကြည် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုအစိုးရအဖွဲ့ရုံး)၊ ဦးရဲမင်း ဒုတိယညွှန်ကြားရေးမှူးချုပ် (သမ္မတဦးစီးရုံး)နှင့် ဦးဇော်မင်းဦး ဦးဆောင်ညွှန်ကြားရေးမှူး (သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း) တို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သြဂုတ် ၁၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။




ပြည်ထောင်စုဝန်ကြီး ပြောင်းလဲတာဝန်ပေးအပ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး ပြောင်းလဲ တာဝန် ပေးအပ်ခြင်း အမိန့်အမှတ် (၄၅/၂၀၁၁)ကို သြဂုတ် ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ အမှတ်(၁) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင်အား သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် သြဂုတ်လ ၁၀ ရက်နေ့မှစ၍ ပြောင်းလဲ တာဝန် ပေးအပ်လိုက်ကြောင်း သြဂုတ် ၁၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။


ဝန်ကြီးဌာနတာဝန် ပူးတွဲထမ်းဆောင်စေခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ၀န်ကြီးဌာနတာဝန် ပူးတွဲထမ်းဆောင်စေခြင်း အမိန့်အမှတ် (၄၆/၂၀၁၁) ကို သြဂုတ် ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား အမှတ်(၁) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ တာဝန်ကိုပါ သြဂုတ်လ ၁၀ ရက်နေ့မှစ၍ ပူးတွဲထမ်းဆောင်စေလိုက်ကြောင်း သြဂုတ် ၁၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

ပြည်တွင်းလမ်းဘေးဈေးသည်များ ဈေးရောင်းရာတွင် မှတ်ပုံတင်နှင့် ပုံစံ-၁၀ ယူဆောင်လာရမည်



ပြည်သူလူထုမှ လက်ခံသော နံပါတ်တပ်လမ်းနှင့် လမ်းသွယ်များအတွင်း လမ်းဘေးဈေးသည် များ ဈေးရောင်းချရာတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် ၎င်းတို့ ဈေးရောင်း သည့်မြို့နယ်တွင် နေထိုင်ကြောင်း ပုံစံ-၁၀ မိတ္တူကို အမြဲယူဆောင်လာရန် သက်ဆိုင်ရာမှ ညွှန်ကြား ထားကြောင်း သိရ သည်။

ထို့ပြင် ရန်ကုန်မြို့တွင်း (၆) မြို့နယ်၌ လမ်းဘေး ပလက်ဖောင်းများ၊ လူသွားစင်္ကြန် များပေါ်တွင် ဈေးရောင်းချလျက်ရှိသည့် လမ်းဘေး ဈေးသည်များကိုလည်း သြဂုတ်လ ၁၂ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပူးပေါင်း၍ အရေးယူ ဆောင်ရွက် သွားတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် သက်ဆိုင်ရာမှ စီမံချက်ဖြင့် လမ်းဘေးဈေးသည်များကို လူသွားလူလာများ သည့် နေရာများတွင် ဈေးရောင်းချမှုအား အရေးယူ ဆောင်ရွက်ခဲ့ သည့်အတွက် လမ်းဘေးဈေးသည်များမှာ ညနေ(၃) နာရီနောက်ပိုင်းမှသာ သက်ဆိုင်ရာမှ ပိတ်ပင်ထားသည့် နေရာ များတွင် ဈေးရောင်းချမှု များ ပြန်လည် ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်း ညနေ(၃) နာရီနောက်ပိုင်း လမ်းဘေးဈေးသည်များ ဈေးရောင်းချနေမှုများကိုလည်း သြဂုတ်လ (၁၂) ရက်နေ့မှ စတင်၍ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်သူလူထု စိတ်အနှောင့်အယှက် မဖြစ်နိုင်သည့် နံပါတ်တပ်လမ်းများနှင့် လမ်းသွယ်များတွင် အထောက်အထား အပြည့်အစုံနှင့် လမ်းဘေးဈေးသည်များကို ယာယီရောင်းချခွင့် ပြုထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၌ ဈေးရောင်းချမည့်လမ်းဘေးဈေးသည်များသည် ၎င်းတို့နေထိုင်ရာ မြို့နယ်၌ပင် ဈေးရောင်းချလိုပါက ဆိုင်ခန်းခ၊ ဈေးကောက်ခ ပေးရန်မလိုဘဲ အခမဲ့နေရာချ ထားပေး၍ ရောင်းချ ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရောင်းချခွင့်ကို နံနက် (၆) နာရီမှ ည(၈) နာရီထိတိုင် ရောင်းချခွင့်ပြုထားပြီး စားသုံးသူများ ကျန်းမာရေး မထိခိုက်နိုင်စေရန် ရောင်းချမည့် လမ်းဘေးဈေးသည်များ၏ ကျန်းမာရေးစစ်ဆေးမှု များကိုလည်း ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

လမ်ဘေးဈေးသည် ဈေးရောင်းချခွင့် ကန့်သတ်ထားသည့် ခြောက်မြို့နယ်မှာ လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်တို့ပင် ဖြစ်ကြောင်း သိရသည်။

သတင်...YC

ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ (၂)






ဒဂုန်တာရာ၏
ငြိမ်းချမ်းရေးပန်ကြားလွှာ (၂)


၂၀၁၁ နွေရာသီတွင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စုမြန်မာနိုင်ငံရှိ ပြည်တွင်းစစ်မီးသည် အရှိန်တိုး၍ ပြန်လည်တောက်လောင်ခဲ့ပေသည်။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် လက်နက်ကိုင်တိုက်ပွဲများ ပိုမိုများပြား ပိုမိုပြင်းထန် လာခဲ့သည်။ အသက်များစွာ အသက်များ စွာ သေဆုံး ရကြောင်းလည်း သိရသည်။

ဤပြည်တွင်းစစ်မီးသည် ပို၍ပြင်းထန်၊ ပို၍ကျယ်ပြန့်၊ ပို၍အသက်သေကြေ၊ ပို၍ အိုး - အိမ် - ပစ္စည်း - ဥစ္စာပျက်စီးစေမည့် အန္တရာယ်ကို ပေးတော့မည်ဟု အမှန်တကယ် စိုးရိမ်လာကြရသည်။

သေဆုံးကြရသူများမှာ ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်ကြသည်။ အိုး - အိမ် - ပစ္စည်း - ဥစ္စာပျက်စီး ဆုံးရှုံးရသည်မှာလည်း ဤနိုင်ငံနှင့် ဤနိုင်ငံသားများ၏ အိုး - အိမ် - ပစ္စည်း - ဥစ္စာ များသာ ဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းစစ်မီးတွင် သေကြေရသမျှ အသက်၊ ဆုံးရှုံးရသမျှ အိုး - အိမ် - ပစ္စည်း - ဥစ္စာတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အသွေးအသားများသာဖြစ်သည်။

ထိုဆုံးရှုံးမှုများကို ဆက်၍ မခံကြရစေရန် အချင်းချင်းတိုက်ခိုက်မှုများကို အမြန်ဆုံး ရပ်စဲကြဖို့ မလုပ်မဖြစ် လိုအပ်နေပြီ။

ထို့ကြောင့် သက်ဆိုင်ရာအားလုံးတို့သည် -

၁။ ချက်ချင်း အပစ်အခတ်ရပ်စဲကြရန်

၂။ တွေ့ဆုံဆွေးနွေး၍ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါရန်

အလေးအနက် ပန်ကြားမေတ္တာရပ်ခံပါသည်။

ငြိမ်းချမ်းရေးဖွဲ့စည်းဆောင်ရွက်မှုများကို နိုးနိုးကြားကြား ကျယ်ကျယ်ပြန့်ပြန့်၊ အနယ်နယ် အရပ်ရပ် လုပ်ကိုင်ကြပါရန် ပြည်သူအပေါင်းတို့အားလည်း လေးစားစွာ ပန်ကြားလိုက်ပါသည်။
(ကျည်ဆံခြုံ၍ မလုံ . . . မေတ္တာခြုံမှ လုံလိမ့်မည်။)

ဒဂုန်တာရာ
၇.၈.၂၀၁၁၊ အောင်ပန်းမြို့၊ ရှမ်းရဋ္ဌ





ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

11 August 2011

ယနေ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ ဧရာဝတီ အတွက် ပန်ကြားချက်

Irrawaddy Appeal

စစ်တွေမြို့အိမ်ခြံ မြေ အရောင်း အ၀ယ် ပြုလုပ်သည့် ပြည်သူ များထံမှ မညှာမတာ ဓါးပြ တိုက်သလို လာဘ်ငွေများ တောင်းခံ နေ

စစ်တွေမြို့နယ် မြေစာရင်းဦးစီးဌာနနှင့် စစ်တွေမြို့နယ် အခွန်ဦးစီးဌာနတို့၏ ပြည်သူတို့အပေါ် မညှာမတာ ပြုမူ ဆောင်ရွက် ချက်များအား တင်ပြလိုပါတယ်။

စစ်တွေမြို့တွင် အိမ်ခြံမြေ အရောင်းအ၀ယ် ပြုလုပ်မည်ဆိုလျှင် စစ်တွေမြို့နယ် မြေစာရင်း ဦးစီးဌာန (စာချူပ် စာတမ်း မှတ်ပုံတင် ရုံး) သို့ သွားရောက် ဆောင်ရွက်ရာတွင်

(၁) လိုအပ်သည့် ပုံစံ စာရွက် စာတမ်း များအား ငွေကျပ် (၅၀၀၀) ကျပ်ဖြင့် ပုံစံ ရောင်းချသူ စာရေးထံမှ ၀ယ်ယူရခြင်း။

(၂) အရောင်း အ၀ယ် ပြုလုပ်မည့် မြေကွက်အား မြေပုံ ဆွဲရာတွင် သက်ဆိုင်ရာ မြို့ မြေတိုင်း စာရေးအား မြေပုံဆွဲခ (၆၅၀၀၀) ကျပ် ပေးပြီးမှ မြေပုံ ထုတ်ပေးခြင်း။

(၃) စာချုပ် မှတ်ပုံ တင်ရာတွင် ရုံးအဖွဲ့ ဆိုသည့် အဖွဲ့မှ စာရေးမများအား ငွေ (၃၀၀၀၀) မှ (၅၀၀၀၀) ကျပ်ထိ ပေးမှ ဦးစီး အရာရှိထံ စာချုပ်အား လက်မှတ် ရေးထိုးရန် တင်ပေးခြင်း။

(၄) စစ်တွေမြို့နယ် မြေစာရင်း ဦးစီး အရာရှိကလည်း ငွေကျပ် (၂) သိန်းမှ (၃) သိန်းအထိ ပေးမှ စာချုပ်အား လက်ခံ ဆောင်ရွက် ပေးခြင်း စသည်ဖြင့် စစ်တွေမြို့နယ် မြေစာရင်း ဦးစီးရုံးမှ ဦးစီး အရာရှိနှင့် ၀န်ထမ်း များသည် ပြည်သူ များထံမှ လာဘ်ငွေ အမျိုးမျိုး တောင်းခံ လျက်ရှိပါသည်။

ထို့အပြင် စစ်တွေ မြို့နယ် အခွန်ဦးစီး ဌာနမှလည်း အိမ်ခြံမြေ အရောင်း အ၀ယ် ပြုလုပ်ရန် အတွက် စာချုပ် ပြုလုပ်ရန်

(၁) အခွန် တံဆိပ်ခေါင်း ၀ယ်ယူရာတွင် မြို့နယ် အခွန် ဦးစီးမှူးသည် ရောင်းချမည့် သူအားရုံးသို့ ခေါ်လာစေပြီး ရောင်းချ မည့်သူ ရုံးသို့ မလာ ရောက်ပါက တရားဝင် ရုံးခေါ်စာ ထုတ်ခေါ်ယူပြီး ရောင်းချမည့် သူအား ရောင်းခွန် ပေးရမည်ဟု ပြောဆို တောင်းခံ ပါသည် ရောင်းချမည့် အိမ်၊ ခြံ၊ မြေ အလိုက် အနည်းဆုံး ငွေကျပ် (၂) သိန်းမှ ငွေကျပ် (၄၀) (၅၀) (၆၀) ထိ တောင်းခံကာ ထိုပေးသွင်းငွေ အတွက် ပြေစာ၊ ချလံ မိတ္တူ စသည်ဖြင့် ငွေ ပေးသွင်းသူအား အထောက်အထား တစုံတရာ ပြန်မပေးပါ။ ထိုငွေများကိုလည်း နိုင်ငံတော်သို့ ပေးသွင်းခြင်း မရှိပါ။ ဤသို့ ရောင်းခွန် ဆိုသည့် ငွေကို အခွန်ဦးစီးမှူးထံ ပေးပြီးမှ သာလျှင် စာချုပ် ပြုလုပ်ရန် အခွန် တံဆိပ်ခေါင်း ၀ယ်ယူခွင့် ပြုပါသည်။

(၂) အခွန် တံဆိပ်ခေါင်း ၀ယ်ယူ ရာတွင်လည်း တံဆိပ်ခေါင်း အရောင်းတာဝန်ခံ စာရေးမကြီးအား ၀ယ်ယူသည့် တံဆိပ်ခေါင်း တန်ဖိုး၏ (၁၀ ရာခိုင်နှုန်း) တန်ဖိုးနှင့် ညီမျှသည့် ငွေကို ပေးမှ တံဆိပ်ခေါင်း ထုတ်ပေးပါသည်။

(၃) အရောင်း အ၀ယ် စာချုပ်အား စာချုပ် စာတမ်း မှတ်ပုံတင် ရုံးတွင် ရောင်းသူ ၀ယ်သူ လက်မှတ် ရေးထိုးပြီးနောက် အိမ်၊ ခြံ၊ မြေ တန်ဖိုး သတ်မှတ်ရန် မြေစာရင်းရုံးမှ မြို့နယ် အခွန်ရုံးသို့ ဆက်လက် ပေးပို့ရာတွင် မြို့နယ် အခွန် ဦးစီးမှူးသည် ၀ယ်ယူမည့် သူအား အခွန်ရုံးသို့ ခေါ်ယူပြီး အကြောင်း အမျိုးမျိုးပြ ခြိမ်းခြောက်ကာ ၀ယ်သူထံမှ အရောင်းအ၀ယ် ပြုလုပ်သည့် အိမ် ခြံမြေ အလိုက် အနည်းဆုံး (၅ သိန်း) မှ သိန်း (၄၀)၊ သိန်း (၁၀၀) ထိ စသည်ဖြင့် တောင်းခံပါသည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ ၀ယ်သူတချို့က မြို့နယ် အခွန် ဦးစီးမှူးတို့ ထိုက်သင့်သည့် အခွန်နှုန်းထားကို သတ်မှတ်ပါ။ နိုင်ငံတော်သို့ ကျွန်တော်တို့ အခွန် ပေးဆောင် ပါမည်။ ဦးစီး တောင်းသည့် ငွေကိုတော့ ကျွန်တော်တို့ မပေးနိုင်ပါဟု ပြောကြသည့် သူများ ရှိပါသည်။ ထိုသူများနှင့် ပတ်သတ်၍ အဆိုပါ စာချုပ်အား ဆက်လက် ဆောင်ရွက်ခြင်း မပြုဘဲ ထားသည်မှာ တချို့ဆိုလျှင် (၆) လ၊ တချို့ ဆိုလျှင် (၁) နှစ်ခန့် ကြာမြင့်ပြီး ဖြစ်သည့်တိုင် စာချုပ် လက်ဝယ် မရရှိကြသေးပါ။ အခွန် ဦးစီးမှူး တောင်းခံသည့် ငွေကို မပေးမချင်း ဆိုင်းငံ့ ထားခြင်း ဖြစ်ပါသည်။ ဤသို့ဖြင် စစ်တွေမြို့နယ်၌ အိမ်ခြံ မြေ အရောင်း အ၀ယ် ပြုလုပ်သည့် ပြည်သူ များထံမှ မညှာမတာ ဓါးပြ တိုက်သလို လာဘ်ငွေများ တောင်းခံ နေသည့် စစ်တွေမြို့နယ် မြေစာရင်း ဦးစီးဌာနနှင့် စစ်တွေမြို့နယ် အခွန် ဦးစီး ဌာနတို့၏ ပြုမူ ချက်များကို သိရှိ နိုင်ပါရန်နှင့် လိုအပ်သလို အရေးယူ ဆောင်ရွက် ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများထံ တင်ပြအပ်ပါသည်။

(ကျွန်တော်တို့၏ တင်ပြချက် များနှင့် ပတ်သတ်၍ မှန် မမှန် စစ်တွေမြို့မှ အိမ်ခြံမြေ ရောင်းဝယ်သူများအား မေးမြန်းစုံစမ်းက သိရှိ နိုင်မည် ဖြစ်ပါကြောင်း)

စစ်တွေမြို့မှ အိမ်ခြံမြေ ရောင်းဝယ်သူများ

စစ်အာဏာရှင်လက်ထက် စစ်ဗိုလ်တွေ ရဲ့ ဘဝ ခံစားချက်