14 July 2011

ဗိုလ်ချုပ် အောင်ဆန်းကို တွေ့ချင်လွန်းလို့


(၁၉၄၇) ခုနှစ် သည် မြန်မာပြည် လွတ်လပ်ရေး အတွက် အရှိန်အဟုန် ပြင်းနေတဲ့ တိုက်ပွဲ ကာလ၊ လွတ်လပ်ရေး ရရှိရန် (၁) နှစ် တောင် မလိုတော့သည့် ကာလ ဖြစ်သည်။ ထိုကာလတွင် ဗိုလ်ချုပ် အောင်ဆန်း သည် သူ ပေးထားသည့် ကတိ အတိုင်း တစ်နှစ် အတွင်း လွတ်လပ်ရေး ရရှိရေး အတွက် အပြင်းအထန် ကြိုးစား နေသော ကာလ ဖြစ်သည်။ ထို့ကြောင့် ထိုကာလ အတွင်း ဗိုလ်ချုပ်သည် မြန်မာပြည် တစ်နံ တစ်လျား လေယာဉ်၊ မော်တော်ကား၊ သင်္ဘော တို့ဖြင့် ခရီးစဉ်များ ရေးဆွဲကာ စည်းရုံးရေး ဆင်း နေရသော ကာလ ဖြစ်သည်။

ထိုအချိန်က ဗိုလ်ချုပ် သည် ကုန်းလမ်း ခရီး မော်တော်ကားဖြင့် ရန်ကုန်မှ မြန်မာပြည် အထက်ပိုင်းသို့ ခရီး ထွက်ခွာ လာရာ ထိုနေ့ (၄၊ ၄၊ ၄၇) ရက်တွင် ရန်ကုန်မှ တောင်ငူ သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်၏ မော်တော်ယာဉ်တန်း သည် တောင်ငူမှာ နေ့လယ်စာ စားပြီး ဆက်လက် ထွက်ခွာ ခဲ့ရာ လယ်ဝေးသို့ မွန်းလွဲပိုင်း (၂) နာရီ ခန့်တွင် ရောက်ရှိ ခဲ့သည်။ လယ်ဝေး၌ ခေတ္တနားပြီး သနက (၄) ဒု တပ်ရင်းမှူး ဗိုလ်နေ၀င်း နှင့် တွေ့ဆုံ ခဲ့သည်။ ပျဉ်းမနားတွင် ယနေ့ ညနေ (၅) နာရီ ခန့်တွင် တရားဟောရန် အစီအစဉ် ရှိသောကြောင့် ဆက်လက် ထွက်ခွာ ခဲ့သည်။

ထိုအချိန်က ပျဉ်းမနားမြို့သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ဌာနချုပ် အခြေစိုက် ဒေသ ဖြစ်သည်။ ဗကပ များသည် ဖဆပလမှ ခွဲထွက် ခဲ့ပြီး နောက် ဗိုလ်ချုပ် အောင်ဆန်း ၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် တိုက်ခိုက် နေကြသည်။ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်တာရာ သည် ဗမာပြည် ကွန်မြူနစ် ပါတီ တောမခိုခင် ကပင် ပျဉ်းမနား မြို့နယ် တ၀ိုက်၌ ကြိုတင် လှုပ်ရှား နေသည်။ သူက ဗကပ ၏ တပ်နီ ဗိုလ်ချုပ် တာဝန် ယူထားသူ တစ်ဦး ဖြစ်သည်။ ထိုအချိန်က ဗမာ့ သေနတ်ကိုင် တပ်ရင်း (၄) ၏ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး နေ၀င်း သည် ဗိုလ်ချုပ်၏ ခရီးစဉ် ကို လုံခြုံရေး တာဝန်ယူ ထားရသည်။

ထိုအချိန် ကာလက ကျွန်တော်သည် အသက် (၁၁) နှစ် ခန့်သာ ရှိပါသေး သည်။ စစ်ပြီးစ ကာလ CAS-B အစိုးရ စစ်အုပ်ချုပ်ရေး ခေတ်က ဖွင့်လှစ်ခဲ့သော ပျဉ်းမနားမြို့ ရွှေချီရပ်၌ ရှိသော ဗဟိုကျောင်း (စစ်ကြို ခေတ်က မြူနီစပယ် ကျောင်း) နောင်တွင် မြို့မကျောင်းဟု အမည် ပြောင်း လိုက်သည့် ကျောင်း၌ ပဉ္စမတန်းတွင် ပညာ သင်နေဆဲ ကာလ ဖြစ်သည်။ ထိုစဉ်က ကျွန်တော်နှင့် အတန်းတူ သူငယ်ချင်း ကိုညွန့်မောင် (ခ) ပိုလို ကျွန်တော်တို့ အိမ်ကို ရောက်လာပြီး ယနေ့ ဧပြီလ (၄) ရက်နေ့ ညနေတွင် ဗိုလ်ချုပ် အောင်ဆန်း ရောက်လာ ပါလိမ့်မည်။ ဦးဝိသုဒ္ဓ ကျောင်းဝင်း ထဲမှာ တရား ဟောလိမ့်မည် ဟု သိရကြောင်း၊ တို့ သွားကြရအောင် ဆိုပြီး လာခေါ် ပါသည်။

ကျွန်တော်တို့ ကလည်း ဗိုလ်ချုပ် အောင်ဆန်းကို သတင်းစာ များတွင်သာ တွေ့ဖူး မြင်ဖူးပြီး အိမ်မှာ ရေဒီယို မရှိသဖြင့် ဗိုလ်ချုပ် ပြောကြား သော မိန့်ခွန်း များပင် မကြားဖူး ကြပါ။ ယခု ဗိုလ်ချုပ်က လူကိုယ်တိုင် ရောက်လာပြီ ဖြစ်လို့ တစ်မြို့လုံး ဗိုလ်ချုပ် တရားပွဲ နားထောင်ရန် အုပ်အုပ်ကျွတ်ကျွတ် ဖြစ်နေကြသည်။

ညွန့်မောင် (နောင်တွင် အားကစားမှူး နှင့် ပန်းချီဆရာ ယခု ကွယ်လွန်) နှင့် ကျွန်တော် တစ်ရပ်ကွက်ထဲ နေကြပြီး အိမ်ချင်း လည်း မဝေး လှပါ။ သူနှင့် ကျွန်တော် အတန်းလည်း အတူတူ ဖြစ်ပါသည်။ ဗိုလ်ချုပ် တရားဟောမည့် ဦးဝိသုဒ္ဓ ကျောင်းကို (ခေမာသီဝန် ကျောင်းတိုက်) လို့ ခေါ်ပါသည်။ ကျွန်တော်တို့ နေတဲ့ ဂျင်းကင်းလမ်း (ယခု စုလမ်း) မှ အရှေ့ဘက် မန္တလေး အခေါ် (၂) ပြကျော် မှာ ရှိပါသည်။ ဆရာတော် ဦးဝိသုဒ္ဓ ကို အစွဲပြုပြီး ဆရာတော်၏ ဘွဲ့အမည် တွင်နေ ပါသည်။ ခေမာသီဝန် ကျောင်းတိုက်မှာ အလွန် ကျယ်ပြန့်ပြီး အရိပ် အာဝါသ လည်း အလွန် ကောင်းပါသည်။

ပျဉ်းမနား မြို့တွင် ဘောလုံးကွင်း (၂) ကွင်း ရှိပါသည်။ ကိုးခန်းကြီး ဘုရား အနီးတွင် မြူနီစပယ် ကွင်းတစ်ကွင်း နှင့် ရွာကောက် တံတားထိပ် တွင် သစ်တော ကျောင်း ဘောလုံးကွင်း ရှိပါသည်။ ပေါင်းလောင်း အားကစားကွင်း မရှိသေးပါ။ ကျွန်တော် ဉာဏ်မီ သလောက် သုံးသပ် တင်ပြ ရပါက ထိုစဉ်က ပျဉ်းမနား မြို့၏ ပထ၀ီ အနေအထား နှင့် နိုင်ငံရေး အခြေအနေ ကို ကြည့်လိုက်လျင် ရန်ကုန်-မန္တလေး မီးရထား လမ်းကြီးမှာ ပျဉ်းမနားမြို့ကို တောင်မှ ရထားလမ်း၏ အရှေ့ဘက်သည် မြေပြင်များ ပြန့်ပြူး၍ သစ်ပင် အရိပ်အာဝါသ အလွန် ကောင်းသည်။ တဖန် မီးရထား လမ်း၏ အနောက်ဘက် ခြမ်းသည် တောင်ကုန်း တောင်ပူစာ များ ပေါများကာ မြေမျက်နှာပြင် မညီညာပါ။ သို့ရာတွင် မြို့နှင့် နီးသော တစ်ခု တည်းသော ဘောလုံးကွင်း မှာ မြို့ရဲ့ အနောက်ဘက်ခြမ်း ကိုးခန်း ဘုရားကြီး အနီးတွင် တစ်ကွင်း ရှိပါသည်။ များသော အားဖြင့် အားကစား ပြိုင်ပွဲများ လူထု လှုပ်ရှားမှု များမှာ ထိုကွင်း၌ ပြုလုပ်လေ့ ရှိသည်။ သံလမ်း အရှေ့ဘက်ခြမ်း တွင်မူ ကျယ်ပြန့် သော ကွင်း အနေဖြင့် ABM ကျောင်းဝင်းအတွင်းနှင့် ခေမာသီဝန် ကျောင်းတိုက် အတွင်း ၌သာ ရှိပါသည်။ အဓိက အချက်မှာ လုံခြုံရေး အတွက် ဖြစ်နိုင် ပါသည်။

သံလမ်း အနောက်ဘက်ခြမ်း သည် ဗမာပြည် ကွန်မြူနစ် ပါတီ ဌာနချုပ် ရှိပြီး ရန်အောင် (၁) ရန်အောင် (၂) နှင့် မကျည်းတော ရပ်ကွက် များမှာ ဗကပ စိုးမိုး ထားသော ရပ်ကွက်များ ဖြစ်ကြသည်။ အရှေ့ဘက်ခြမ်း တွင်မူ ထိုစဉ်က ရဲဘော် သုံးကျိပ်ဝင် သ္ခင် စံမြ (ဗိုလ်တောက်ထိန်) သည် မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်သည်။ တစ်နည်း ဆိုသော် ဖဆပလ နှင့် ဆိုရှယ်လစ် ပါတီ တို့က သံလမ်း အရှေ့ ဘက်ခြမ်း ဒေသ ကို စိုးမိုး ထားသည်။ ထို့ကြောင့် အနောက်ဘက်ခြမ်း သည် “နီ”၍ အရှေ့ဘက်ခြမ်း သည် “ဖြူ”နေသော ကြောင့်ပင် ဖြစ်ပါသည်။

ထိုစဉ်က ဗကပ ဌာနချုပ် တွင် တာဝန်ယူ ခဲ့ကြသော သခင် တင်ထွန်း၊ သခင် ခင်မောင်ဦး (ဗိုလ်တာရာ၊ သခင်ဖေတင် တို့သည် အနောက်ဘက် ခြမ်း တွင် နေထိုင်ကြသည်။ အရှေ့ဘက်ခြမ်းတွင် ဗိုလ်တောက်ထိန် (ရဲဘော်သုံးကျိပ်) သခင်ပါကြီး၊ သခင်ဘနီ စတဲ့ သူများ မှာ နေကြသည်။ ဗိုလ်ချုပ် အောင်ဆန်း ၏ လူထု တရားပွဲကို ညနေ (၄) နာရီတွင် ကျင်းပ ရန်စီစဉ်ထားသည်။ပျဉ်းမနားမြို့ရှိ မြို့သူမြို့သားများ၊ လူထု လူတန်းစား အသင်းအဖွဲ့များမှာ နေ့လယ် (၁၂) နာရီ ခန့်ကပင် စတင် လှုပ်ရှား နေကြပါပြီ။

ကျွန်တော်နှင့် ကိုညွန့်မောင်တို့ နှစ်ယောက်သား အပြေးအလွှား ခေမာသီဝန် ကျောင်းတိုက် သို့ ချီတက် ခဲ့ကြသည်။ ကျွန်တော်တို့ ရောက်တော့ မွန်းလွဲ (၁) နာရီ ခန့် ရှိနေပြီ၊ အရိပ် အာဝါသ ကောင်းသည့် သစ်ပင် အောက်တွင် နေခိုရင်း စောင့်နေကြသည်။ လုံခြုံရေး အတွက် ပုလိပ်များ (ရဲတပ်ဖွဲ့ဝင်များ) P.V.F ပြည်သူ့ ရဲဘော် တပ်ဖွဲ့များ ဖြန့်ခွဲ ချထားသည်။ အများအားဖြင့် ယူနီဖောင်း ၀တ်ထား သော်လည်း လက်နက် ကိုယ်စီ မပါ ကြပါ။

ဗိုလ်ချုပ် စကားပြောမည့် နေရာတွင် စားပွဲခုံ တစ်လုံးနှင့် နောက်မှီ ပါသော ငုတ်တုတ်ထိုင် (၆) လုံး ခန့် ချထားသည်။ စားပွဲခင်း အဖြူကလေး တော့ ခင်းထားသည်။ ပန်းအိုး- ပန်းစီး မရှိ ကော်ဇောနီလည်း မခင်းထားပါ။ ဆက်တီ ကုလားထိုင်ကြီး များလည်း မချထားပါ။ စားပွဲပေါ်တွင် သောက်ရန် အတွက် ဖန်ချိုင့် တစ်လုံး နှင့် ဖန်ခွက် တစ်လုံးသာ တွေ့ရသည်။ ရိုးရိုး ရှင်းရှင်း ကလေး ပြင်ဆင်ထား သည်ကို တွေ့ရသည်။ အသံချဲ့စက် နှင့် mic မိုက်ခွက် တတ်ဆင် ထားသည့် တိုင်တစ်ခု စားပွဲ အနီးတွင် တွေ့ရသည်။

ဖဆပလ အဖွဲ့ဝင် လူကြီး အချို့ တွေ့ရပြီး သူတို့ အားလုံး ဗိုလ်ချုပ် အလာကို စောင့်ကြိုရင်း အလုပ်များ နေကြသည်။ ညနေ (၄) နာရီ ခန့်တွင် ဗိုလ်ချုပ် စီးသော ယာဉ်တန်း ၀င်လာပါသည်။ ရှေ့ဆုံးက ဗိုလ်တောက်ထိန် ၏ ဂျစ်ကားနှင့် အတူ လက်နက်ကိုင် အစောင့်များ ပါလာသည်။ ဗိုလ်ချုပ်ကား ၏ ရှေ့က ဂျစ်ကား တွင် ဖဆပလ အဖွဲ့မှ သခင် ပါကြီး၊ သခင် ဘနီနှင့် အခြား ခေါင်းဆောင်များ ပါလာ ကြသည်။

ဗိုလ်ချုပ်က အစိုးရက ပေးထားသော စတေရှင် ၀က်ဂွန် ကား ကာကီရောင် နှင့် ပါလာသည်။ ကားပေါ်က ဆင်းပြီးနောက် ဗိုလ်တောက်ထိန် က ဦးဆောင်၍ စကားပြော ရမည့် နေရာကို ခေါ်ဆောင် လာပြီးနောက် သတ်မှတ်ထားသော ကုလားထိုင် တွင် နေရာယူ ကြသည်။

ကျွန်တော်နှင့် ညွန့်မောင် နေရာယူ ထားသော နေရာမှာ ကောင်းကောင်း မြင်ကွင်း မကောင်း သဖြင့် အနီးရှိ မရမ်းပင်ပေါ် တက်ပြီး ကြည့်ကြသည်။ ဗိုလ်ချုပ်က ယူနီဖောင်း ကာကီရောင် ခတ်နွမ်းနွမ်းကို ၀တ်ထား သည်။ ကတ်ဦးထုပ် (Peak Cap) ကို မဆောင်းပါ၊ စားပွဲ ပေါ်တွင် တင်ထားသည်။ မကြာခင် အခန်းအနားမှူးက အစီအစဉ် ကြေညာပါသည်။ လူထုကလည်း ကြွက်စိကြွက်စိ နှင့် ဆူညံနေသည်။ ဗိုလ်ချုပ်က ထိုင်နေရာက ထပြီး စားပွဲကို လက်ထောက်လျက် လူထုကို သူစူးစမ်း သည့် အနေဖြင့် ဘယ်မှ ညာ – ညာမှ ဘယ် အကဲခတ် ဝှေ့ကြည့် လိုက်သည်။ လူထု အသံဗလံများ ငြိမ်သွားသည်။ ဗိုလ်ချုပ်က ချောင်းတစ်ချက် ဟန့် လိုက်ပြီး သူ့မိန့်ခွန်း စပါပြီ။

ဗိုလ်ချုပ်က တစ်နှစ် အတွင်း လွတ်လပ်ရေး ရရှိအောင် သူ ကြိုးစား နေကြောင်း၊ ပြည်သူ လူထု ကလည်း စည်းလုံး ညီညွတ်ဖို့ အရေးကြီးကြောင်း၊ ပင်လုံ ညီလာခံ ပြီးလျှင် ဘီးလပ် (အင်္ဂလန်) ကို သွားမည် ဖြစ်ကြောင်း၊ ပျဉ်းမနားမှာ လွတ်လပ်ရေးကို လိုချင်သူ တွေ မြတ်နိုးသူတွေ ရှိသလို ကန့်လန့်တိုက် နေသည့် အဖျက်သမားများ၊ မင်းသားကြီး မလုပ်ရ သဖြင့် ပတ်မကြီး ထိုးဖောက် ချင်တဲ့သူတွေ ရှိနေကြောင်း။ တောင်ငူက ထွက်လာတော့ ကျုပ် ရဲဘော်အချို့က ဗိုလ်တာရာ ပျဉ်းမနား နယ်မှ ခြေရှုပ် သောင်းကျန်း နေသဖြင့် သတိ ထားရန် ပြောကြကြောင်း၊ ဗိုလ်တာရာ ဘာကောင်လဲ ဆိုတာ ကျုပ် ကောင်းကောင်း သိကြောင်း၊ ဒီကောင် သတ္တိ ရှိတဲ့ကောင် မဟုတ်ကြောင်း စသည်ဖြင့် ဟောပြော သွားရာ ပြည်သူ လူထုကြီး မှာ သြဘာ လက်ခုပ်များ တီး၍ ဆူညံသွားပါသည်။

တရားပွဲ ပြီးသောအခါ ဖဆပလ ရုံးတွင် ဗိုလ်ချုပ် အတွက် တည်ခင်းသော လက်ဖက်ရည် ပွဲကို တက်ရောက်ရန် အတွက် အစီအစဉ်အတိုင်း ယာဉ်တန်းဖြင့် ပြန်လည် ထွက်ခွာ ခဲ့ရာ နောက်မှ လူအုပ်ကြီးမှာ အုတ်အုတ် ကျက်ကျက် ဗိုလ်ချုပ် သွားရာသို့ လိုက်ပါလာကြသည်။ ဖဆပလ ပါတီ ဌာနချုပ်ရုံး အပြင်မှ နေပြီး (ဗိုလ်ချုပ်ကို ကြည့်ပါရစေ) ဟုအော်ဟစ် နေကြသည်။ ဗိုလ်ချုပ်မှာ ခရီးပန်း လာသဖြင့် နားချိန် မရ။ ဗိုလ်ချုပ် အပေါ့အပါး သွားရန် အိမ်သာ တက်သည် ကိုပင် လိုက်ကြည့် ကြသည်။ (သိပ်ဂွကျတာပဲကွာ) ဟုပင် ဗိုလ်ချုပ် ညည်းညူ ရသေး၏။ တောင်းပန် ၍လည်း မရသဖြင့် ဗိုလ်ချုပ်သည် တိုက် အပြင်ဘက်ကို ထွက်ပြီး ရပ်ပြရသည်။ သုံးမိနစ်ခန့် ရပ်ပြီးနောက်“ ကိုင်း တော်ရောပေါ့”ဟု ဆိုလိုက်ရာ လူထုကြီးက “ဗိုလ်ချုပ် အောင်ဆန်း ကျန်းမာပါစေ၊ လွတ်လပ်ရေး အောင်ရမည်” စသည်ဖြင့် ကြွေးကျော် ကာ သြဘာ ပေးကြသည်။ ဗိုလ်ချုပ်သည် ထိုညက ဖဆပလ ဥက္ကဋ္ဌ ဗိုလ်တောက်ထိန် ၏ အိမ်တွင် ခေတ္တ တည်းခို ညအိပ်ပြီး နောက်တစ်နေ့ မနက် စောစောတွင် သူ၏ မူလ ခရီးစဉ် အတိုင်း တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်မှ တစ်ဆင့် မိတ္ထီလာသို့ ထွက်ခွာသွားခဲ့သည်။

ကိုကိုအေး(မြို့မ)