၂၀၀၁ ခုနှစ် ပတ်ဝန်းကျင်လောက်က ပြင်ဦးလွင်တပ်နယ်မှာ မြန်မာတပ်မတော် အရာရှိလောင်းတွေ မွေးထုတ်ပေးတဲ့ အဓိက စစ်ကျောင်းကြီး သုံးကျောင်းရှိခဲ့ပါတယ်။ အဲဒါတွေကတော့ ခြေလျင်တိုက်ခိုက်ရေး တပ်တွေအတွက် အရာရှိတွေ မွေးထုတ် ပေးတဲ့ စစ်တက္ကသိုလ်၊ လက်ရုံးတပ်တွေအတွက် အင်ဂျင်နီယာ စစ်ဗိုလ်တွေကို မွေးထုတ်ပေးတဲ့ တပ်မတော် နည်းပညာတက္ကသိုလ်နဲ့ တပ်မတော် နည်းပညာကောလိပ်တို့ ဖြစ်ပါတယ်။
အဲဒီစစ်သင်တန်းကျောင်းကြီးများရဲ့ ထုံးစံတခုကတော့ သင်တန်းသားအသစ် ဂျူနီယာများကို စီနီယာ သင်တန်းသားများက နှစ်အလိုက် အစ်ကိုကြီး ညီလေး ဆက်ဆံရေးပုံစံနဲ့ အဆင့်ဆင့် အုပ်ချုပ်တဲ့စနစ် ဖြစ်ပါတယ်။ ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းမှာ သင်တန်းပေးသလိုမျိုးကို မေမြို့က တပ်မတော် စစ်တက္ကသိုလ်နဲ့ တပ်မတော် နည်းပညာ တက္ကသိုလ်တွေမှာ ကျင့်သုံးနေခဲ့ပါတယ်။ ဂျူနီယာသင်တန်းသားများကို စီနီယာများ သင်တန်းသားတွေက ခိုင်းစေနိုင်ခွင့်၊ အပြစ် ပေးနိုင်ခွင့်များရှိပါတယ်။
ရောက်ခါစ အပြစ်ပေးတာ သိပ်မကြမ်းပေမယ့် သင်တန်းကျောင်းရောက်ပြီး သုံးလေးလအကြာ ကျောင်းသားများ နေသားထိုင်သားကျလာပြီဆိုတဲ့အခါမှာ အပြစ်ပေးတာ အလွန်ကြမ်းလာပါတယ်။ “မင်းတို့ကို အပြစ်ပေးချင်လို့ ပေးနေတာ မပါုတ်ဘူး၊ စစ်သားနဲ့တူအောင်၊ ပုံစံကျအောင် လေ့ကျင့်ပေးနေတာကွ နားလည်လား” လို့ စီနီယာသမားတွေက ပြောဆိုကြပါတယ်။ တော်ရုံတန်ရုံ အပြစ်ပေးတာကို ခံနိုင်ရည်ရှိပေမယ့် သဘာဝမကျတဲ့၊ ပုံစံမကျတဲ့ အပြစ်ပေးမှုမျိုးကိုတော့ ဘယ်သူမှ ခံနိုင်ရည် မရှိကြပါဘူး။
ကျောက်ဖြုန်းများရှိတဲ့ မြေပြင်ပေါ်မှာ လက်သီးဆုပ်ပြီး ဒိုက်ထိုးခိုင်းတာမျိုး၊ တမံသလင်းပေါ်မှာ ဘယ်ဘက်လက်ဖဝါးထဲမှာ ညာဘက်လက်သီးဆုပ်ထဲ့ပြီး ဒိုက်ထိုးခိုင်းတာမျိုး၊ လူနှစ်ယောက်ကို ဖင်ပြန်ခေါင်းပြန်ထပ်ပြီး ပေပါလှိမ့်လို လှိမ့်တာမျိုး၊ အလွန်ချမ်းအေးတဲ့ ဆောင်းရာသီမှာ ညအချိန် ထမင်းစားတဲ့ဇွန်း (သို့) ကြက်ဥခွံနဲ့ ရေချိုးခိုင်းတာမျိုး စတဲ့အပြစ်ပေးနည်းပေါင်းစုံနဲ့အပြစ်ပေးစေခိုင်းခဲ့ပါတယ်။
တခါတလေ ညပိုင်းစာဖတ်ချိန်အပြီး ည (၉) နာရီမှာ တပ်ခွဲကို ပြန်ရောက်တဲ့အခါ စီနီယာများက လာပြီး နေ့ခင်းဘက်မှာ တွေ့ထားတဲ့ အပြစ်တွေ၊ သဘောမကျတာတွေကို “ဒီကောင်တွေ ခုထိပုံစံမကျသေးဘူး၊ ပုံမလာသေးဘူး” ဆိုပြီး ည (၁၀) နာရီထိ၊ တခါတလေ ညသန်းခေါင် ၁၂ နာရီအထိ အပြစ်ပေးတတ်ပါတယ်။ အဲဒီနောက်မှာမှ အိပ်ရာဝင်ကြရပါတယ်။ စစ်တပ်ရဲ့ ထုံးစံအရ တယောက်မကောင်း အများ (One for All ) ဆိုပြီး တယောက်ယောက် အပြစ်ဖောက်မိ၊ လုပ်မိရင် တပ်ခွဲတခုလုံး၊ တပ်ရင်းတခုလုံး အပြစ်ပေးခံကြရပါတယ်။
စီနီယာတွေကနေ ဂျူနီယာတွေကို အပြစ်ပေးတာဟာ မြန်မာစစ်တပ်ရဲ့ သဘောထားဖြစ်တဲ့ အောက်လူ ငယ်သားကနေ အထက်လူ အရာရှိကို မလှန်နိုင်အောင် ဦးချိုးထားတဲ့ သဘောဖြစ်တယ်လို့ အဲဒီသင်တန်းသား တယောက်က ပြန်ပြောပြပါတယ်။
“အပြစ်ပေးခံရတာနဲပတ်သက်ရင် ကျနော်တို့က အပြစ်ပေးခံရတာ တော်တော်များတယ်ဗျ။ စီနီယာ၊ ဂျူနီယာ သမားတွေကိုတော့ ကျနော်တို့ လေးစားပါတယ်။ ဒါပေမယ့် မလိုအပ်တဲ့နေရာမှာ သူတို့အနေနဲ့ အပြစ်တခုရှာပြီး အပြစ်ပေးတဲ့အခါကျတော့ ကျနော်တို့လည်း လွတ်လွတ်လပ်လပ်နေချင်တဲ့ အချိန်မျိုးမှာ သူတို့အနေနဲ့ မျက်စိထောင့်မကျိုးတာလည်း ပါပါတယ်။ ကျနော် တခါကြုံဖူးတယ်။ ကျနော့်အမေ လာတုန်းက ဧည့်ဆောင်မှာ ဧည့်သွားတွေ့တဲ့အခါ ကျနော်က တိုက်ပုံဝတ်ပြီးသွားတယ်။ အဲဒီမှာ ကျနော့်တို့လက်ကို ၉၀ ဒီဂရီလွှဲရတော့ ကျနော့်လက်ထဲမှာ ဂေါ်လီလုံးထည့်ပြီးတော့ လက်သီးဆုပ်ထားတယ်။ သူတို့အနေနဲ့က first year ကျတော့ လက်သီးဆုပ်ဖို့ လိုအပ်တာကို။ အဲတော့ လက်သီးအမြဲတမ်းဆုပ်အောင် ဂေါ်လီလုံး ထည့်ထားတယ်။ အဲလိုသွားတုန်း ဂေါ်လီလုံး ဘယ်နားပြုတ်ကျသွားမှန်းမသိဘူး။ လမ်းလယ်ခေါင်မှာ စီနီယာတယောက်က ဂေါ်လီလှမ်းစစ်တော့ ဂေါ်လီမပါဘူး။ အဲတော့ ကျနော် ဧည့်တွေ့ဆောင်ကို ကျွမ်းထိုးပြီး သွားရပါတယ်။ ကျနော့်အနေနဲ့ပြောရမယ်ဆိုရင်တော့ စစ်တပ်ရဲ့ သဘောတရားအတိုင်းပါပဲ။ အောက်လူကနေ အထက်လူကို မလှန်နိုင်အောင် တခါတည်း ဦးချိုးထားတဲ့သဘောပါပဲ။ ”
အဲဒါတွေထက်ဆိုးတဲ့ အပြစ်ပေးနည်းများလည်း ရှိပါသေးတယ်။ တကျောင်းလုံး သင်းတန်းသားများရဲ့ စားသောက်ရေးအတွက် သတ်မှတ်ထားတဲ့ စားရိပ်သာများဆီကို သက်ဆိုင်ရာ တပ်ခွဲအလိုက် စစ်သီချင်း သီဆိုပြီး သွားရောက်စားကြရပါတယ်။ စားရိပ်သာကို ချီတက်သွားရာလမ်းမှာလည်း အရာရှိတွေ၊ စီနီယာေ
တွကနေ အပြစ်ရှိတယ်လို့ မျက်စိထဲ သဘောမကျစရာတွေ့ခဲ့ရင် ယူဆခဲ့ရင်လည်း အမြန်ပြေးသွားရတာ၊ ဖားခုန်၊ ရှေ့နောက် တယောက်ခါးတယောက် ဖက်ထားပြီး ခုန်ရတဲ့ ရထားစီးကဲ့သို့မျိုးသော် အပြစ်ပေးတာတွေကို လုပ်တဲ့နည်းနဲ့ ထမင်းစားဆောင်မှာ သွားစားရပါတယ်။ တခါတရံ အချိန်မရှိလို့ဆိုကာ ထမင်းစားချိန်ကို (၅) မိနစ်အတွင်း အပြီးစားရပါတယ်။ (၅) မိနစ် ပြည့်တာနဲ့ ခရာမှုတ်လိုက်ကာ အမြန်တန်းစီရပါတော့တယ်။ နောက်ကျတတ်သူတွေအတွက်တော့ မသက်သာတော့ပါ။
တပ်မတော်နည်းပညာကောလိပ် MTC မှာ စီနီယာ ဂျူနီယာ အပြစ်ပေးတာ ကြမ်းသလို အစားအသောက် ကျွေးမွေးတာလည်း ဆိုးရွားလှပါတယ်။ ကျွေးတဲ့ထမင်းပါင်းက ညံ့ဖျင်းပြီး စားမကောင်းပါ။ စပါးလုံးနိုင်းချင်း၊ သဲတကျိကျိထမင်းနဲ့ ပဲပါင်းရည်ကျဲ၊ အညံ့စား ငါးပိကြော် ဒါမှမဟုတ်ရင်လည်း ငါးခြောက်ကြော် (ကြက်စာကျွေးတဲ့အခါမှာသုံးတဲ့ ငါးခြောက်)၊ ကြက်ဥပြုတ်တလုံး သို့မဟုတ် အမဲသားပါင်း ဒါမှမဟုတ် ဝက်သားပါင်း အတုံးသေးသေးနှစ်တုံး တို့သာ စားကြရပါတယ်။ အထက်မှညွှန်ကြားထားသော စားသောက်စာရင်းဇယားတွင် နေ့တိုင်း အသားပါင်း ဒါမှမဟုတ် ငါးပါင်း တဆယ် ကျပ်သား၊ အရည်သောက်ပါင်းရည်နဲ့ ပါင်းကြမ်းများ ပါရှိရပါတယ်။ ဒါပေမယ်လည်း စားရိပ်သာမှ ဖြစ်သလို ကျွေးမွေးကြပြီး တပတ်မှ သုံးရက်လောက်သာ အသားပါင်း (ဝါးမရသည့်အရွတ်တုံးများ) စားကြရပါတယ်။ အစားအသောက် ကျွေးမွေးတာ ဆိုးရွားတာနဲ့ပတ်သက်ပြီး သူကြုံတွေ့ရပုံကို အခုလို ပြန်ပြောင်းပြောဆိုပါတယ်။
“မနက်ခင်းပိုင်း ကျနော်တို့ကို လက်ဖက်ရည်နဲ့ ထမင်းကြော်ကျွေးတယ်။ ထမင်းကြော်က တခါတလေ သိုးနေတယ်။ သိုးနေတဲ့ ထမင်းတွေကို ကြော်ထားတာ။ လက်ဖက်ရည်ကတော့ စီနီယာတွေနဲ့ ကျနော်တို့ လုသောက်ရတဲ့သဘောမျိုး။ တခါတလေ ကိုယ့်မနက်စာထဲမှာ အသားဖတ်တဖတ် ပါလာသလိုပဲ။ လက်ဖက်ရည်ထဲမှာ ယင်ကောင်တွေ။ သန့်ရှင်းသပ်ရပ်မှု ညံ့ဖျင်းတယ်။ ဦးစီးကွပ်ကဲနိုင်မှု မရှိဘူး။ အဲတော့ အပေါ်ကလူတွေက တဆင့်စားတယ်။ အောက်ကလူတွေက တဆင့်စားတယ်။ အဲလိုစားတော့ ကျနော်တို့ကို ပေးတဲ့ရိက္ခာနဲ့ စားသောက်မှုက တော်တော်ဆိုးဝါးပါတယ်။ နေ့လယ်ဘက်ဆိုရင် ပဲဟင်းနဲ့ ငါးခြောက်ကြော်ကျွေးတယ်။ ကျနော်တို့ကျောင်းမှာ ဝက်မစားငါးခြောက်လို့ ခေါ်တယ်။ ဝက်ကိုသွားကျွေးတာတောင်မှ ဝက်မစားတဲ့ ငါးခြောက်မျိုးပေါ့။ အဲလိုမျိုး နှစ်ကောင်၊ သုံးကောင် ကြော်ကျွေးတယ်။ တခါတလေ အဲဒီမှာ မုန်ညင်းပေါတော့ မုန်ညင်းကျွေးတယ်။ တခါတလေးလည်း အမဲသား အရွတ်ပေါ့ ကျွေးတယ်။ ဝက်စားဆိုရင်လည်း တတုံးကျွေးတယ်၊ ဝက်သားအမျှင်က လူတယောက်ရဲ့ နှုတ်ခမ်းမွေးထက် သာတယ်။ အဲလိုဟာမျိုးတွေ ကျနော်တို့ စားသောက်ခဲ့ရတယ်။”
စစ်တက္ကသိုလ် D.S.A တပ်မတော်နည်းပညာတက္ကသိုလ် D.S.T.A. ကျောင်းတွေရဲ့ အစားအသောက် ကျွေးမွေးတာဟာ တပ်မတော်နည်းပညာကောလိပ် MTC ထက် အလွန်ကောင်းမွန်တယ်လို့ သိရပါတယ်။ အဲဒီလိုသိရတဲ့အတွက် MTC ကျောင်းသားတွေဟာ သူတို့ကျောင်းလည်း ဆယ်တန်းအောင်ခေါ်တာပဲ။ ငါတို့လည်း ဆယ်
တန်းအောင်ပဲ ဘာကြောင့် တို့ကျောင်းမှ ဒီလိုဖြစ်ရတာလဲ။ ဒီလိုအလုပ်ခံရတာလည်းလို့ မကျေမနပ် ဖြစ်ကြပါတော့တယ်။ ဒီအချက်ဟာလည်း MTC ကျောင်းသားတွေ မကျေနပ်တဲ့ အကြောင်းတချက် ဖြစ်ပါတယ်။
တပ်မတော်နည်းပညာကောလိပ် MTC ကျောင်းရဲ့ လေ့ကျင့်ရေးဟာ အလွန်ပြင်းထန်ပါတယ်။ စစ်တက္ကသိုလ် (D.S.A) နဲ့ တပ်မတော်နည်းပညာ တက္ကသိုလ် (D.S.T.A) တွေထက်ပိုပြီး ပြင်းထန်ပါတယ်။
ကျောင်းစတင်တည်ထောင်ဖွင့်လှစ်တာ မကြာသေးတဲ့အတွက် နာမည်ကောင်းရအောင် လုပ်တာ ဖြစ်ပါတယ်။ MTC ကျောင်းသားတွေကလည်း လိုတာထက်ပိုပြီး
လေ့ကျင့်မှုပြင်းထန်တာကို မည်သူကမှ မကျေနပ်ကြပါ။ ပညာသည်အနေနဲ့ တပ်ရင်း တပ်ဖွဲ့တွေမှာ တာဝန်ထမ်းခိုင်းမှာဆိုပြီး အခုတော့ ရှေ့တန်းထွက်ပြီး စစ်တိုက်ခိုင်းမလို့ အပြင်းအထန် လေ့ကျင့်ပေးနေတယ်လို့ ဝေဖန်ပြောဆိုလာပါတယ်။
“ကျနော်တို့ မနက် လေးနာခွဲထပြီး အပြေးလေ့ကျင့်ရတယ်။ အသည်းအသန် ရုန်းကန်လှုပ်ရှားကြရတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ နားမလည်နိုင်တာတခုက ကျနော်တို့တတွေဟာ အင်ဂျင်နီယာကျောင်းသားတွေပါ၊ စစ်တိုက်မယ့်သူတွေမှ မဟုတ်တာ။ အဲတော စစ်တိုက်ရမယ့်သူတွေမဟုတ်ဘူးလို့ ကျနော်တို့ ယူဆထားတယ်။ အဲအတွက် သူတို့လေ့ကျင့်ပေးတဲ့ပုံစံက အင်ဂျင်နီယာကျောင်းသားတယောက်နဲ့ ကိုက်ညီမှု မရှိဘူး။”
တပ်မတော်နည်းပညာကောလိပ်ရဲ့ တနေ့တာလှုပ်ရှားမှုတွေဟာ အားချိန်၊ နားချိန်မရှိအောင် ပင်ပန်းလှပါတယ်။ လေ့ကျင့်ရေး ပြင်းထန်လွန်းတာ၊ စားနပ်ရိက္ခာအပြည့်အဝ မရရှိတာတွေဟာ ကျောင်းသားထုရဲ့ ရင်ထဲက မကျေနပ်စိတ် တွေကို ပိုကြီးထွားလာအောင် လုပ်ပေးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း အထက်ကို တင်ပြတာမျိုး ဆန္ဒပြတောင်းဆိုတာမျိုး မလုပ်ခဲ့ပါဘူး။ စစ်သည်ကျောင်းသားတွေဟာ စိတ်ထဲမှာ မျိုသိပ်ပြီး သည်းခံနေလာခဲ့ကြပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သတင်းဆိုးကြီးတခု ထွက်ပေါ်လာပြီး တပ်မတော်နည်းပညာကောလိပ်ရဲ့ ကျောင်းတော်သားတွေရဲ့ မကျေနပ်မှုတွေဟာ ပေါက်ကွဲလာပါတော့တယ်။ (DVB သတင်းဌာန မှပြန်လည်ဖော်ပြမျှဝေလိုက်ပါသည်.။)
ရေးသားသူ ..မင်းလွင်