ဒီတပတ်ထုတ် ဒီလှိုင်းဂျာနယ်မှာ
အံတီကိုယ်တိုင်ရေးထားတဲ့ အားလပ်ရက်အဓိပ္ပါယ်ဖွင့်ထားတာကို ဖတ်လိုက်ရတော့
ဘ၀ပေးအကြောင်းကြောင်းကြောင့် အံတီအပါးမှာ မနေနိုင်တော့ပေမယ့် ရင်ထဲမှာ ကျဉ်ကနဲခံစားလိုက်ရပါတယ်။ အံတီရင်ထဲကိုလဲ ၀င်ရောက်ခံစားနားလည်လိုက်ရတယ်။
ကျွန်တော့အတွက် ဒါဟာ ၂၅နှစ်တာကြာပြီး ပထမဆုံးပြန်ကြားလိုက်ရတဲ့ စကားတခွန်း သို့မဟုတ် မြင်တွေ့လိုက်ရတဲ့ မြင်းကွင်းတခုဖြစ်နေပါတယ်။ အသစ်မဟုတ်ပေမယ့် တကယ့်ကိုအဆန်းတခုပါ။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးထဲ စိတ်ဒုံးဒုံးချပြီး ရှိသမျှ ကာယအား ဥာဏအား အကုန်လုံးကို အိတ်သွန်ဖာမှောက် သွန်ချပြီး တိုင်းပြည်နဲ့လူထုအတွက် ထမ်းရွက်နေခဲ့တဲ့ အံတီ..
မိသားစုအရေး စီးပွားရေး အမျိုးဆွေသဟာအရေး ဘာအရေးကိုမျှ ၀တ်ကျေတန်းကျေတောင်ဂရုမထားနိုင်ခဲ့တဲ့ အံတီ..
နေအိမ်ပြင်ပ အကျယ်ချုပ်မှာလဲ အသက်အန္တရယ် ရန်ပြုခံရမှုတွေကို သတိ သတ္တိ ပညာနဲ့ ရင်ဆိုင်ရင်း၊ နေအိမ်တွင်း အကျဉ်းချုပ်မှာလဲ အထီးကျန်ဆန်မှု သိက္ခာချဖန်တီးလုပ်ကြံခံရမှုတွေကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ရင်း တိုင်းပြည်နဲ့လူမျိုးအတွက် မမှိတ်မသုန် ယနေ့တိုင် လုံ့လမလျှော့သေးတဲ့ အံတီ….
ကျွန်တော်တို့ သိပါတယ်..။ တကယ်ကို ပင်ပန်းနွမ်းနယ် နေပါပြီ..။
လူထုက လိုလားတောင့်တနေတဲ့ စနစ်တခုကို လူထုလက်ထဲရောက်အောင် စွမ်းဆောင်ကြတဲ့အခါ ပေးဆပ်မှုတွေအများကြီး ရှိခဲ့ကြပါတယ်။ သူရဲကောင်းတွေ အများကြီးပေါ်ထွန်းခဲ့ကြပါတယ်။ အထင်ကရတွေကော အညတရတွေကော ဒုနဲ့ဒေးပါ။ တာဝန်သိသူအနေကနေ တာဝန်ရှိသူတွေဖြစ်အောင် အနစ်နာခံ ပေးဆပ်ကြံဆခဲ့ကြတာ ဆယ်စုနှစ်များကြာခဲ့ပါပြီ။
ဒါပေမယ့် အံတီလို တာဝန်ယူရဲသူအဖြစ် သတ္တိရှိရှိဆက်လက်ထိန်းသိမ်းကြဘို့အတွက်ကတော့ တော်တော်ကိုနည်းနေပါတယ်။ အဲဒီအတွက်လဲ တာဝန်မယူရဲသူတွေက ကိုယ့်ဂုဏ်ပုဒ်လေးတွေ ထိခိုက်မှာစိုးလို့ ဝေဘန်တိုက်ခိုက်တာတွေခံနေရတာမို့ ….ကျွန်တော်တို့ ခေါင်းဆောင် စိတ်ရောကိုယ်ပါ တကယ်ကို နွမ်းနယ်နေမှာပါ..။
တကယ်ကို ဘာအပူအပင်မှမတွေးရ မကြားရ မမြင်ရတဲ့နေရာမျိုးမှာ တရက် သို့မဟုတ် ၂ရက် ဒါမှမဟုတ် ရသလောက်အချိန်လေးတခု လိုချင်နေမှာ အမှန်ပါ။
လွန်ခဲ့တဲ့ ၂၄နှစ်ကျော်ကာလ ၁၉၈၉ခုနှစ် ဇွန်လ ၁၉ ရက်နေ့ အံတီရဲ့ ၄၄နှစ်မြောက်မွေးနေ့မှာပါ..။ အဲဒီနေ့ဟာ ယနေ့အချိန်အထိ အံတီရဲ့ နောက်ဆုံးအားလပ်ရက်ဖြစ်ခဲ့မယ်လို့ ကျွန်တော်ထင်ပါတယ်။
အဲဒီကာလမှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ အာဏာဖီဆန်ရေး၊ တိုက်ပွဲဝင်နှစ်ပတ်လည်အခမ်းအနားတွေ၊ ကျွန်တော်တို့ကျောင်းသူ ကျောင်းသားများအတွက် ကျောင်းပြန်တက်ရေး မတက်ရေး သဘောထားတွေနဲ့အတူ စစ်အစိုးရနဲ့ အတင်းမာဆုံး တိုက်ပွဲရှိန်အမြင့်မားဆုံးအချိန်လဲဖြစ်ပါတယ်။ အံတီအနေနဲ့ " မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ "ဆိုတဲ့ကြွေးကြော်သံနဲ့အတူ မြို့နယ်တော်တော်များများကို စည်းရုံးလှည့်လည်ဟောပြောရနေချိန်၊ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်) ပထမအကြိမ် တိုင်းနှင့်ပြည်နယ် မျက်နှာစုံညီအစည်းအဝေးကျင်းပဘို့ ပြင်ဆင်နေကြချိန် နေ့မအား ညမအား အလုပ်လုပ်နေကြရတဲ့အချိန်ပါ။
အဲဒါကြောင့် အံတီအနေနဲ့ အဲဒီမွေးနေ့ကျရင် အိမ်မှာအေးအေးလူလူ နားဘို့ဆုံးဖြတ်ခဲ့ပါတယ်။ အံတီရဲ့နားရက်က အများတကာလို စနေ တနင်္ဂနွေမဟုတ်ဘဲ တနင်္လာနေ့ဖြစ်နေပါတယ်။ မွေးနေ့မနက်က ကျွန်တော်တို့အစောကြီးနိုးနေကြပါတယ်။ ကျွန်တော်မှတ်မိသလောက် ကျွန်တော်တို့ သုံးရောင်ခြယ်က ကျွန်တော်အပါအ၀င် ကျော်သူရ၊ ဘန်နီ၊ ကိုမျိုးသိန်း၊ ထင်ကျော်၊ နေလွင်၊ အောင်လေး တို့နဲ့အတူ ဗိုလ်ကြီးဝင်းထိန်၊ မသိင်္ဂီ၊ ကိုစိန်အုန်း၊ ဦးနီ၊ ကိုပေါ်လွင်၊ ကိုအောင်ကျော်မိုးတို့လောက်ဘဲ အိမ်မှာရှိကြပါတယ်။ မြို့နယ်တော်တော်များများက မွေးနေ့လက်ဆောင်တွေ ဆုတောင်းတွေနဲ့အတူ ကိတ်မုန့်တွေ လာပို့ကြပါတယ်။ အမှတ်အရဆုံး လက်ဆောင်ကတော့ အခုကွယ်လွန်သွားပြီဖြစ်တဲ့ ပန်းဘဲတန်းမြို့နယ်က ဦးသိန်းဟန်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံ ကိတ်မုန့်က ကျွန်တော်တို့အတွက် တာအစားဆုံးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အံတီရဲ့ဧည့်ခန်းထဲမှာ စုထိုင်ကြပြီး ဗူဘောင်းလေးတွေကို လေမှုတ်ကြပါတယ်။ ဗူဘောင်းတွေ လေတင်းပြီးပေါက်သွားတာ၊ ပေါက်မှာစိုးလို့ ရဲရဲလေမှုတ်မသွင်းရဲကြတာ၊ လေမှုတ်သွင်းရင်း လွတ်ထွက်သွားတာ ရီကြမောကြရင်း ဗူဘောင်းလေးတွေပေါ်မှာ ပုံလေးတွေဆွဲကြပါတယ်။ နောက်တော့ တဖက်ခြံမှာရှိတဲ့ မူလတန်းကျောင်းလေးက ကလေးတွေကို ဗူဘောင်းလေးတွေ သွားဝေကြပါတယ်။ လက်ဆောင်ရရှိတဲ့ မွေးနေ့မုန့်လေးတွေကို စားကြပြီး ကဒ်ထူစာရွက်လွတ်တခုမှာ ကျွန်တော်တို့အားလုံး အံတီအတွက် မွေးနေ့ဆုတောင်းလေးတွေရယ် လက်မှတ်တွေရယ်ထိုးပြီး အမှတ်တရပေးအပ်လိုက်ကြပါတယ်။ ကိုစိန်အုန်းကတော့ စိတ်ကြိုက်ဓါတ်ပုံတွေရိုက်ပါတယ်။ မွေးနေ့လက်ဆောင်အတွက် ကျွန်တော်တို့ တော်တော်ကုန်သွားပါတယ်။ အဲဒါဟာ ကျွန်တော့ဘ၀မှာ ကိုယ်ကနေ ပေးဘူးတဲ့ ပထမဆုံးမွေးနေ့လက်ဆောင်ဖြစ်ပါတယ်။
ကျွန်တော်တို့အားလုံး အံတီနဲ့အတူ ကျွန်တော်တို့အကြောင်းလေးတွေအပါအ၀င် ရီစရာ မောစရာ စကားတွေပြောဖြစ်ကြပါတယ်။ ဗဟုသုတရမယ့် ဗွီဒီယိုအခွေလေးတွေလဲ ကြည့်ဖြစ်ခဲ့ကြတယ်လို့ ထင်ပါတယ်။ အဲဒါတော့သိပ်မမှတ်မိဘူး။ ဒါပေမယ့် အံတီအတွက် တကယ့်ကိုပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေသွားတယ်လို့ ထင်ပါတယ်။ နောက်တော့ အံတီက အပေါ်ထပ်တက်သွားပြီး တယောက်တည်း စာဖတ်အနားယူပါတယ်။
အဲဒီလိုမျိုးအားလပ်ရက်ဟာ နောင် ၂၄နှစ်ကျော်ကြာတဲ့အထိ ပြန်မရနိုင်ဘူးဆိုတာ အဲဒီတုန်းက ဘယ်သူမှထင်မိမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့မှာ အိမ်ထောင်ကျပြီး သားသမီးလေးတွေရလာတော့ ချစ်လိုက်ရတာ။ သူများနိုင်ငံမှာ မျက်နှာငယ်ရမှာစိုးလို့ သူတို့တွေ အတွက် ပူလိုက်ရတာ၊ အလုပ်တွေလုပ်လိုက်ရတာ၊ အားလပ်ရက်တွေမှာ ဗဟုသုတရ အပန်းလဲပြေအောင် ကမ်းခြေပို့၊ ဟိုသွား ဒီသွားလေးတွေ တတ်နိုင်သလောက် လုပ်လိုက်ရတာ။ ကိုယ်အလုပ်သွားတဲ့အချိန်လေးမှာ သူတို့မျက်နှာငယ်လေးတွေနဲ့ကျန်ခဲ့ကြပြီး ကိုယ်အလုပ်ကပြန်လာလို့ သူတို့လေးတွေ ပျော်ရွှင်ကြတာကိုကြည့်ပြီး သနားပြီး အချစ်ပိုရတာ….။
အံတီကော…..သူ့သားတွေနဲ့…အဲဒီလို မနေချင်ဘဲ…မချစ်ချင်ဘဲ…မသွားချင် မလာချင်ဘဲ….အခုလို ဝေးကွာနေချင်ပါ့မလား..? ဘာအတွက်ကြောင့်ကို ဘယ်လိုသတ္တိမျိုးနဲ့…အခုလို ဆုံးဖြတ်ခဲ့သလဲ..? အဖြေက ရှင်းပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက်..ပါ။ တိုင်းပြည်နဲ့ပြည်သူတွေကို အကျိုးပြုဘို့ဆိုရင် အနစ်နာခံ အပင်ပန်းခံပြီး အခွင့်အလမ်းကိုရအောင်ရှာတယ်။ ကိုယ့်ကိုအသက်အန္တရယ်ပြုခဲ့တာတွေကိုတောင် ယနေ့အချိန်အထိ ဥပက္ခောပြုထားပါတယ်။
အဲဒါကြောင့် အံတီအနေနဲ့ အခုလိုအားလပ်ရက်မျိုးလေးတခါလောက် တောင့်တမိတာဟာ ကျွန်တော့အတွက် အသစ်မဟုတ်ပေမယ့် တကယ့်ကို ဆန်းလှပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးအတွက်အပူ ကိုယ်သာယူမယ်ဆိုတဲ့ ခံယူချက်ကြောင့်မို့လို့ပါ။ တာဝန်ယူရဲသူ တာဝန်ယူရသူ တာဝန်ရှိတယ်လို့ ခံယူထားသူတယောက်အနေနဲ့ တိုင်းပြည်မှာနှစ်ရှည်လများ ရှုပ်ထွေးပွေလီနေတဲ့ ပြဿနာတွေ ပြည်သူလူထုရဲ့လိုအပ်ချက်တွေက လွှတ်တော်ပိတ်လို့လဲ ရပ်ထားလို့မရ၊ စနေ တနင်္ဂနွေမို့လို့ မဖြစ်ရဘူးဆိုပြီး အမိန့်ထုတ်လို့မရ နောက်ဆုံး အိပ်ရင်တောင် အိမ်မက်ထဲမှာ စဉ်းစားအဖြေရှာနေရတာမဟုတ်လား..? အဲဒါ ကျွန်တော်တို့ဘ၀တွေနဲ့ကွာတဲ့ ထူးခြားချက်ဖြစ်နေလို့ အမြဲတန်းဆန်းနေရတာပါ..။
ဒီအကြောင်းလေး စဉ်းစားနေရင်း အံတီ ၄၄နှစ်မွေးနေ့မတိုင်ခင် တလ၀န်းကျင်မှာ အတူတူရှိခဲ့ကြတဲ့ အဖြစ်ကလေးတခုကိုလဲ ပြန်လည် အောင့်မေ့မိပါတယ်။ ၁၉၈၉ခုနှစ် မေလမှာပါ။ အဲဒီတုန်းက ယနေ့အထိအံတီရဲ့ခရီးစဉ်တွေထဲမှာ အကြာမြင့်ဆုံးနဲ့ အအောင်မြင်ဆုံး ဖြစ်ခဲ့တဲ့ကချင်ပြည်နယ်ခရီးစဉ်ကာလပါ။ ကျွန်တော့ဇာတိ မြစ်ကြီးနားမြို့ကနေ မိုးကောင်းအထိ ရထားနဲ့ မိုးကောင်းကနေ ကသာမြို့အထိ ကားနဲ့ ရက်သတ္တပတ် ၁ပတ်ကျော် ခရီးဆက်လာခဲ့ပြီးနောက် ရေလမ်းကနေတဆင့် ဗန်းမော်မြို့ကို ရောက်ရှိခဲ့ကြပါတယ်။
အဲဒီတုန်းကစီးခဲ့ရတဲ့ကားတွေဆိုတာ များသောအားဖြင့် ဂျစ်ကားတွေပါ။ လမ်းတွေဆိုတာကလဲ နွေရာသီသုံးသာသာပါ။ အဲဒီတော့ ကားစီးရတယ်ဆိုတာ ငြိမ်ငြိမ်လေးဇိမ်နဲ့ထိုင်စီးလို့မရပါဘူး။ ကားအခုန်မှာ ဟန်ချက်မပျက်အောင် မြဲမြဲကိုင်ပြီး အလိုက်သင့်ထိန်းစီးရတာပါ။ ရက်ပေါင်းများစွာ အဲလိုခရီးသွားခဲ့ရလို့ ဗန်းမော်မြို့ကိုရောက်တဲ့အခါ အရမ်းကို ပင်ပန်းနေပါပြီ။ ဗန်းမော်မြို့ကိုမရောက်ခင်ညကတည်းက အာဏာပိုင်တွေအနေနဲ့ အံတီနဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာချတဲ့စာတွေကို စစ်ကားတွေအသုံးပြုပြီး ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အချိန် ညဘက်မှာတမြို့လုံးကို ကျဲထားပါတယ်။ မြို့ထဲတလျှောက် အံတီသွားလေရာကိုလဲ အသံချဲ့စက်တွေနဲ့ လူစုလူဝေးမလုပ်ဘို့ ခြိမ်းခြောက်နှောင့်ယှက်ခဲ့ပါတယ်။ ဒီလိုနဲ့ အနှောင့်အယှက်တွေကြားကနေ လုပ်စရာရှိတာတွေကိုလုပ်ပြီး မိုးချုပ်တော့ တည်းခိုအနားယူရမယ့်အိမ်ကို ရောက်လာပါတယ်။
တနေကုန် ပင်ပန်းထားလို့ လန်းဆန်းသွားအောင် ရေချိုးသန့်စင်ဘို့ အံတီကအောက်ထပ်ကိုဆင်းလာတဲ့အခါ ကျွန်တော်တို့လဲ လိုက်လာကြပါတယ်။ ရေချိုးခန်းတွေက အိမ်အနောက်ဖက်မှာဖြစ်ပြီး လမ်းမှာ မီးချောင်းတွေ လင်းထိန်နေအောင်ထွန်းထားပါတယ်။ ချက်ပြုတ်ကြတဲ့အဖွဲ့ဝင်တွေ လုံခြုံရေးယူပေးကြတဲ့ လူငယ်အဖွဲ့တွေအားလုံးက အိမ်ရှေ့ခြံအပြင်တ၀ိုက်မှာရှိကြပေမယ့် အမျိုးသမီးတွေရေချိုးခန်းဘက်မှာတော့ ရှင်းနေပါတယ်။ ကျွန်တော်တို့နဲ့အတူ လုံခြုံရေးတာဝန်ခံလူငယ်တယောက်သာ ရှိပါတယ်။ အဲဒီအချိန်မှာ အံတီက မြစ်ဆိပ်မှာချိုးချင်တဲ့အကြောင်းနဲ့ မြို့ခံတွေသိရင် အလုပ်ပိုမှာစိုးလို့ အသိမပေးချင်ကြောင်းပြောလာပါတယ်။ ကျွန်တော်တို့လဲ အနီးမှာရှိနေတဲ့လူငယ်ကို မေးကြည့်တော့မြစ်ဆိပ်က မဝေးကြောင်းပြောလို့ သူ့ကိုဦးဆောင်ခိုင်းပြီး အိမ်နောက်ပေါက်ကနေ မြစ်ဆိပ်ကိုရောက်ပြီး ရေဆင်းစိမ်ကြပါတယ်။ မြစ်ဆိပ်အဆင်းမှာ ကုန်းမြင့်လေးဖြစ်နေလို့ အံတီနဲ့မသိဂိံကို တွဲကူဆင်းပေးရပါတယ်။ မြစ်ကြီးနားကနေတလျှောက်လုံး ထပ်ချပ်မကွာလိုက်လာတဲ့ ထောက်လှန်းရေးတွေလဲ မသိလိုက်ပါဘူး။
ညမိုးချုပ်ချိန် ဧရာဝတီမြစ်ရေအေးအေးလေးစိမ်လိုက်ရတဲ့အတွက် အံတီတော်တော်လေးလန်းဆန်းပြီး စိတ်လက်ပေါ့ပါးသွားပုံရပါတယ်။ အသံမကျယ်အောင် ထိန်းပြီးပြောကြရင်း မီးရောင်ထိန်ထိန်နဲ့ မြစ်လယ်ကနေ ခုတ်မောင်းနေတဲ့ ခရီးသည်တင်သင်္ဘောကြီးကို ကြည့်ပြီးပျော်ကြပါတယ်။ ပါလာတဲ့လူငယ်လေးကလဲ ကျွန်တော်တို့နဲ့အတူ ရေလိုက်စိမ်ရင်း အဲဒီသင်္ဘောနဲ့တဖက်ကမ်းက ရွာတချို့အကြောင်းပြောပြပါတယ်။ ၁၅ မိနစ်လောက်ဘဲ ကြာမယ်ထင်ပါတယ်။ အဖွဲ့ဝင်တချို့ လိုက်လာကြလို့ ကျွန်တော်တို့ ပြန်တက်လာကြပါတယ်။ သူတို့သတိထားမိချိန်မှာ အံတီအပါအ၀င်ဘယ်သူ့ကိုမှ မတွေ့တဲ့အပြင် တာဝန်ကျလူငယ်ပါပျောက်နေလို့ အရမ်းစိတ်ပူပြီး ရှာကြတာပါ။ အဲဒီလူငယ်ပါမတွေ့တော့ မြစ်ဆိပ်ဆင်းမယ်လို့တွက်ပြီး လိုက်လာကြတာပါ။ အဲဒီလူငယ်ကို အပြစ်တင်စကားပြောကြလို့ ကျွန်တော်တို့အကျိုးအကြောင်းရှင်းပြလိုက်ပါတယ်။
၂၅နှစ်တာကာလတခုလုံး တိုင်းပြည်နဲ့ပြည်သူလူထုလွတ်မြောက်ရေးအတွက် ကြိုးပမ်းနေရင်း လွတ်လပ်စွာအနားယူခွင့်ဆုံးရှုံးနေတဲ့ အံတီကို တကမ္ဘာလုံးမှာရှိနေကြတဲ့ သားတွေ သမီးတွေက စာနာလေးစားချစ်ခင်နေကြမှာပါ။ ဖြစ်နိုင်ရင်တော့ သမုဒ္ဒရာနှစ်ခု ၀န်းရံထားတဲ့ ကျွန်တော်လက်ရှိနေနေတဲ့ နယူးဇီလန်က ပေါများလှတဲ့ကမ်းခြေတခုကို ကိုယ်တိုင်ကားမောင်းခေါ်သွား၊ ပြီးတော့ ယာယီတဲလေးထိုး၊ အံတီစားချင်တာလေးတွေ ကျွန်တော်တို့မိသားစုက ချက်ပြုတ်ကျွေးချင်ပါတယ်။ အံတီက စာအုပ်ဖတ်လိုက် လမ်းလျှောက်လိုက် ပင်လယ်ပြင်ကြီးကို ငေးကြည့်ပြီး တွေးချင်တာတွေး ဗိုက်စာလာရင် ပူပူနွေးနွေးစားလိုက်..။ အဲဒီလိုမှ ပျင်းလာရင် ရီစရာလေးတွေပြော နောက်ပြီး… အံတီကိုယ်တိုင် ဘွဲ့တံဆိပ်တော် အပ်နှင်းထားဘူးသော အထာမကျတဲ့ ကျွန်တော့ရဲ့ ဦးရွှေရိုးအကနဲ့လဲ ဖျော်ဖြေတင်ဆက်နိုင်ပါတယ်..။
တချိန်ချိန်ပြန်ဆုံနိုင်ဘို့ အခွင့်အရေးကို တောင့်တလျက်
အဝေးရောက်သား
မိုးမိုး(မိုးမြတ်သူ)