(12 Oct 2011 ရက်စွဲပါ၊ Bangkok Post မှ "EU to judge Myanmar releases based on number freed" ကို yangonchronicle မှဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံအစိုးရက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးလိုက်မှုကို ဥရောပသမဂ္ဂ(အီးယူ)က ကြိုဆိုလိုက်သော်လည်း နောက်ဆုံးတွင် နိုင်ငံရေးအကျဉ်းသား မည်ရွှေ့မည်မျှ လွှတ်ပေးသည်ဟူသော အချက်အပေါ်အခြေခံကာ အကဲဖြတ်သွားရလိမ့်မည်ဖြစ်ကြောင်း အသိပေးပြောဆိုသည်။
မြန်မာအစိုးရက အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထင်ရှားကျော်ကြားသော အတိုက်အခံများ အပါအဝင် အနည်းဆုံးနိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့်အားလွှတ်ပေးခဲ့သည်။ မြန်မာနိုင်ငံသည် ရာစုနှစ် ထက်ဝက်ကျော်ကြာမျှ တင်းကြပ်သော အာဏာရှင်အုပ်ချုပ်ရေးစနစ် လက်အောက်သို့ ရောက်ရှိခဲ့ပြီးနောက် ယခုစစ်တပ်ကျောထောက်နောက်ခံ အစိုးရသစ်လက်ထက်တွင် ပွင့်လင်းမှုများရှိအောင် စတင်လုပ်ဆောင်လျက်ရှိသည်။
သမ္မတဦးသိန်းစိန် အစိုးရသစ်က ကျန်းမာရေးအခြေအနေနှင့် ပြုမူနေထိုင်မှုအပေါ်မူတည်ပြီး အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ထုတ်ဖော်ကြေညာပြီး နောက်တစ်နေ့တွင် အကျဉ်းသားများ လွတ်မြောက်လာခြင်း ဖြစ်သည်။ သို့သော် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် စောင့်ကြည့်လေ့လာသူများ၏ ခန့်မှန်းချက်များအရ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ထက်မနည်း ကျန်ရှိနေသေးကြောင်း သိရသည်။
"လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါတယ်ဆိုတာကို ကျွန်မတို့ စစ်ဆေးကြည့် နေပါတယ်" ဟု အီးယူ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာအကြီးအကဲ Catherine Ashton ကပြောကြားသည်။
လမ်းကြောင်းမှန်ကန်တဲ့ နောက်ထပ်အလားတူအဆင့်တစ်ခုရှိဦးမယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်ပေါ် မူတည်ပြီး ဖြစ်ပေါ်လာတဲ့အဆင့်တွေကို ကျွန်မတို့က အကဲဖြတ် သွားမှာဖြစ်ပါတယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။
နိုင်ငံရေးနှင့်ဆက်စပ်ပြီး ထိန်းသိမ်းခံထားရသော အကျဉ်းသားများအားလုံးကိုလွှတ်ပေးရန် အီးယူအဖွဲ့က မြန်မာ အစိုးရကို တောင်းဆို ထားကြောင်း၊ မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များကို ကြည့်ကာ အီးယူက အကဲဖြတ်မှုများ လုပ်သွားမည်ဖြစ်ပြီး အီးယူ၏ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေးသည်လည်း ယင်းအချက်အပေါ်တွင်သာ မူတည်မည် ဖြစ်ကြောင်း မစ္စ Catherine Ashton ကဆိုသည်။
အကျဉ်းသားကိစ္စအပေါ် အီးယူက အကဲဖြတ်ရာ၌ အသက်အရွယ်ကြီးရင့်မှု၊ နာမကျန်းဖြစ်မှု သို့မဟုတ် အချိန်ကာလ ကြာမြင့်စွာ ထိန်းသိမ်းခံထားရမှု စသည်ကဲ့သို့ သောအချက်အလက်များကို အသေးစိတ် လေ့လာသွားမည် ဖြစ်သည်။ အီးယူက မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူထားမှု ၁၀၀ ခန့်ရှိသည့်အနက် အများစုမှာ ကျွန်းသစ်၊ သတ္တုတူးဖော်မှု၊ အဖိုးတန်ကျောက်မျက်ရတနာရောင်းဝယ်မှု အစရှိသည့် အခန်းကဏ္ဍများတွင်ဖြစ်သည်။
မည်သို့ပင်ဆိုစေ မြန်မာ့သဘာဝဓာတ်ငွေ့တူးဖော်မှု အခန်းကဏ္ဍတွင် ပြင်သစ်နိုင်ငံမှ Total SA ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုမှာ သိသိသာသာ များပြားသည်။
အီးယူအဖွဲ့မှ အရာရှိတစ်ဦးကမူ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများဖယ်ရှားမည့် အရေးတကြီး အစီအစဉ်များ မတွေ့ရှိရသေးကြောင်း ပြောကြားသည်။ အီးယူသည် ပြီးခဲ့သည့် ဧပြီလအတွင်းမြန်မာနိုင်ငံအပေါ် ခရီးသွားလာမှု ပိတ်ပင်ခြင်းနှင့် အစိုးရအရာရှိကြီး ၂၄ဦး၏ ပိုင်ဆိုင်မှုများ ပိတ်ဆို့ခြင်း အစရှိသည်တို့ကို ဖယ်ရှားပေးလိုက်သည်။

မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုပြုလုပ်လာအောင် အားပေးအားမြှောက်ပြုသည့် သဘောဖြင့် ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကမူ မြန်မာနိုင်ငံမှ အလားအလာကောင်းသော ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အချက်ပြမှုများကြောင့် အားတက်မိကြောင်း ထုတ်ဖော်ပြောဆိုသည်။ သို့သော် အမေရိကန်ပြည်ထောင်စုအနေဖြင့် မည်သည့် တုံ့ပြန်မှုများ ပြုလုပ်မည်ဟူသည်ကို ကြေညာရန် အချိန် စောလွန်းသေးကြောင်း ၎င်းကဆိုသည်။