အင်န်အယ်ဒီပါတီနဲ့ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေရဲ့ စည်းရုံးရေး
အတော်ခရီးရောက်နေပြီလား။ ညီလာခံလုပ်မယ်ဆိုကာမှ အချင်းချင်းတွေကြား
ဆန္ဒပြတာတွေ၊ ကန့်ကွက်တာတွေ ကြားနေရတယ်။
၁၉၈၈ နောက်ပိုင်း၊ ပါတီကို
ထူထောင်ပြီးနောက်မှာ ပါတီညီလာခံတွေ လုပ်ဖို့ ကျိုးစားခဲ့တယ်။
အဲဒီလုပ်ငန်းတွေကို စစ်အစိုးရက ဖြိုခွဲတားဆီးခဲ့တယ်။ ပါတီညီလာခံလိုင်းတွေ
မအောင်မြင်ခဲ့တော့ ရှိတဲ့ ခေါင်းဆောင်တွေနဲ့ပဲ ဆက်ပြီး
ဦးဆောင်မှုပေးပြီးလုပ်ခဲ့ရတယ်။ အဲသည်နောက်က ပါတီဝင်တွေက ရှိပြီးသား
စုဖွဲ့မှုနဲ့ပဲ နောက်ကလိုက်ကြရတယ်။ ဒီလိုပဲ ရုန်းရုန်း၊ ရူန်းရုနူ်းနဲ့
ဖြတ်သန်းလာခဲ့ကြတယ်။ အပေါ်ပိုင်းက ခေါင်းဆောင်တွေက ပြောင်းလဲမှုမရှိပေမယ့်၊
အောက်ခြေအဆင့်ဆင့်မှာတော့ သူ့ဖာသာသူ အပြောင်းအလဲတွေတော့ ရှိခဲ့တယ်။
အဲသည်လိုနဲ့ ပါတီကို ၂၀၁၀ စက်တင်ဘာ ရွေးကောက်ပွဲမတိုင်မီမှာ တဖက်သတ်
ဖျက်သိမ်းခံရတာမျိုး ရင်ဆိုင်ရတယ်။ ၂၀၁၂ နှစ်ဆန်းမှာ အသစ်ပြန်လည်
မှတ်ပုံတင်ပြီး ဖွဲ့စည်းတယ်။ အဲသည်တုံးမှာကျတော့ အပေါ်ပိုင်းအဆင့်
ခေါင်းဆောင်တွေ ပြောင်းလဲမှုတွေ လုပ်လာခဲ့တယ်လို့ ပြောရင် ရမလားဆရာ။
ဟုတ်တယ်။ အဲသည်မှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ခဲ့တယ်။ ဒီလိုပဲ
တရုန်းရုန်းနဲ့ အဖွဲ့ချုပ်က ရင်ဆိုင်ဖြတ်သန်းတဲ့အခါမှာ ဘာတွေ့ရသလဲဆိုတော့
ဝင်ပြိုင်တဲ့ အမတ်တွေအားလုံးထဲမှာ တဦးကလွဲရင် အားလုံး ပြည်သူလူထုရဲ့
ရွေးချယ်တင်မြောက်ခြင်းကို ခံကြရတယ်။ ဘာတွေပဲ ပြောနေ ပြောနေ၊ ဖြစ်နေ ဖြစ်နေ
ပါတီဟာ ဟိုးယခင် စတင်ဖွဲ့စည်းကတည်းက ဒီလိုမျိုး တရုန်းရုန်းနဲ့ကော၊
ဖမ်းဆီးထောင်ချ နှိမ်နှင်းတာတွေကိုပါ ရင်ဆိုင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံက
ခုမှမဟုတ်ဘူး ဆိုတာ သိစေချင်တယ်။ အဲသည်ကြားထဲက ဦးဆောင်မှုကို
ထူထောင်နိုင်ခဲ့ တယ်လို့ ပြောချင်တယ်။
.ဒါက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်မှုတွေ ပြည်သူလူထုရဲ့ ၀န်းရံ ထောက်ခံ မှုတွေကလည်း ပါတာပေါ့။
ဟုတ်တာပေါ့။ ပါတီဟာ ဖရိုဖရဲနဲ့ လို့ ဘယ်လိုပဲ ပြောပြော၊
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရဲ့ ဦးဆောင်မှု အခမ်းကဏ္ဍကလည်း
ပိုမိုမြင့်မားလာ တယ်။ ပြည်သူလူထု ကိုယ်တိုင်ရဲ့ နိုင်ငံရေး
နိုးကြားမှုတင် သာမက အကြောက်တရားကနေ ဖယ်ရှား ရုန်းထမှုတွေကလည်း
တိုးမြှင့်လာတာကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို အနိုင်ရတယ်။ အဲသည်လို
အချိန်မျိုးမှာ ကျနော်တို့ကနေပြီးတော့ ပါတီထူထောင်စကတည်းက ချထားတဲ့
မူအတိုင်း ပါတီကို အောက်ခြေအစု အဖွဲ့တွေ ကနေပြီး ပြန်လည်ဖွဲ့စည်းကြဖို့
ပါတီညီလာခံတွေ လုပ်ဖို့ အခုအချိန်မှာ ပြင်ဆင်နေကြတာပဲ။
ညီလာခံလုပ်မယ်ဆိုတော့လည်း အခုက ဘယ်လိုတွေ ဖြစ်နေတာလဲ။
ပါတီကို ဒီနှစ် ၂၀၁၂ အတွင်း အကုန်မတိုင်မီ ပြန်လည်ထူထောင် ဖွဲစည်းဖို့
ဆုံးဖြတ်ချက်ချပြီး အကောင်အထည်ဖော်တဲ့နေရာမှာ ပါတီထဲမှာ အခက်အခဲလေးတွေ
ရှိတယ်။ ညီလာခံတွေမှာ အင်အားစု ၂ စုနဲ့ သွားတွေ့ကြရတယ်။ တစုကတော့
“လူဟောင်း”တွေ။ သူတို့တွေက ခေါင်းဆောင်ဟောင်းတွေ၊ ပါတီကို
မစွန့်လွှတ်တဲ့သူတွေ၊ ထွက်မပြေးတဲ့သူတွေ၊ နောက်တစုကတော့ “လူသစ်”တွေ။
ဒေါ်စုရွေးကောက်ပွဲနိုင် လိုက်တဲ့နောက်ပိုင်းမှာ နိုင်ငံရေး
နိုးကြားတက်ကြွမှုတွေထဲမှာ ပိုမို အားကောင်းလာတဲ့ မျိုးဆက်သစ်တွေ၊
လူသစ်တွေပေါ့။ အဲသည် လူဟောင်း လူသစ် အားပြိုင်မှုတွေက အတော်ကို အားကြီးတယ်။
လူဟောင်းတွေကိုလည်း လူသစ်တွေက အားမရဘူး။ လူသစ်တွေကိုလည်း လူဟောင်းတွေက
အပြစ်မြင်တာတွေ ရှိတယ်။ ဥပမာ အခုလို အခြေအနေကောင်းတွေမှာ ၀င်ပြီး
နေရာယူလာတဲ့ အခွင့်အရေးသမားတွေ၊ ဘာတွေပေါ့ကွာ။ ဒါကြောင့်လည်း
အဲသည်ပြသနာလေးတွေကြောင့် သပိတ်မှောက်တယ်လို့ ဆန္ဒပြတယ်တို့တွေ ဖြစ်လာတယ်။
သွေးထိုးလှုံဆော်မှုတွေလည်း ရှိလာတယ်။
ညီလာခံကနေ ဒီပြသနာတွေကို ဖြေရှင်းပေးနိုင်ပါ့မလား။
ညီလာခံဆိုတာက ဟိုတုန်းကတည်းက လုပ်ဖို့ ရေးဆွဲထားပြီးသားဖြစ်တယ်။
အများဆန္ဒတွေ၊ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်မှုတွေနဲ့ အဆင့်ဆင့်
ခေါင်းဆောင်မှုတွေကို တင်မြှောက်ဖို့ ဖြစ်တယ်။ ဒီမိုကရေစီအတွက်
ညီလာခံလုပ်တာပဲ။ ညီလာခံတွေ ရွေးကောက်ပွဲတွေ လုပ်သော်ငြားလည်း ပါတီထဲမှာ
အုပ်စုတွေ အချင်းချင်း အားပြိုင်မှုတွေ အရမ်းကြီးမားလာရင်တော့ ပါတီဟာ
ဖရိုဖရဲဖြစ်သွားနိုင်တယ်။ အဲသည်မှာ တခုပြောနိုင်တာကတော့ အောက်ခြေကနေ
အထက်အထိ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေလုပ်မယ်။ ဒါကို စည်းကမ်းတကျ
လိုက်နာမှု ရှိရမယ်။ အပြင်ကနေ ကြံ့ဖွံ့တွေလိုမျိုး ၀င်ရောက်
သွေးထိုးတာတွေလည်း ကျော်လွှားနိုင်ရမယ်။
အဲသည်ကျရင် ရှေးကအစဉ်အလာရှိတဲ့အတိုင်း ပါတီအင်အားစုဟာ ဖြတ်ကျော်နိုင်မယ်လို့ ထင်ပါသလား။
ကျနော် ဒီနေရာမှာ ပြောရတယ်။ ကျနော်တို့ရဲ့ ကြီး၃ ကြီး လို့ ပြောမလား။ အား ၃
အားလို့ ပြောမလား။ ဒါကို ပြန်ပြောပြချင်တယ်။ နံပါတ် ၁က ကျနော်တို့မှာ
ခေါင်းဆောင်ကြီးမားမှု ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကောင်းတဲ့
ဦးဆောင်မှု ရှိတယ်။ နံပါတ် ၂ ကတော့ ကျနော်တို့ပါတီဟာ လက်ရှိမှာ
အင်အားကြီးတဲ့ ပါတီဖြစ်တယ်။ မြန်မာပြည်မှာ မြို့နယ်ပေါင်း ၃၃၀ ကျော်
ရှိတယ်လို့ ဆိုကြတဲ့နေရာမှာ ကျနော်တို့ ပါတီတွေ ရှိတဲ့မြို့နယ်ပေါင်း ၃၀၀
နီးပါး ရှိတယ်။ စုဖွဲ့မှုတွေ ရှိပြီးသားဖြစ်တယ်။ နံပါတ် ၃ ကတော့
လူထုထောက်ခံမှု အား ရှိတယ်။ လက်ရှိ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပုံစံကို
ကြည့်နိုင်တယ်။
ဒါဆိုရင် အခုလို ကြီး ၃ ကြီး၊ အား ၃ အားနဲ့ ဘာတွေကို ဖော်ဆောင်မယ်လို့ ထင်မြင်ယူဆထားသလဲ။
အခုလို ကြီးမားတဲ့ အင်အား ၃ ခုကို ကိုင်စွဲထားမယ်သာ ဆိုရင် ဆင်သွားရာ
လမ်းဖြစ်ဆိုသလိုပဲ အင်အားကြီးမားတဲ့ ဆင်ကြီး လျောက်သွားတဲ့လမ်းဟာ
သူ့ကြောင့် လမ်းအဖြစ် ပေါ်လာသလိုမျိုး ကျနော်တို့ ပါတီဟာ
ဒီမိုကရေစီလမ်းကြောင်းကို ကိုယ့်အင်အားနဲ့ ကိုယ်
ဖော်ဆောင်လာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပါတီကို ပြိုကွဲအောင် အတွင်းကနေကော
အပြင်ကနေ ဆန္ဒပြတာတွေ၊ သပိတ်မှောက်တာတွေကိုလည်း ကျနော်တို့
ရင်ဆိုင်သွားရမှာပါပဲ။ ပါတီညီလာခံကိုသာ အောင်မြင်အောင်
ဖော်ဆောင်နိုင်ခဲ့မယ်သာဆိုရင် ကျနော်တို့ဆီမှာ ပထမဦးဆုံးသော
ဒီမိုကရေစီနည်းကျ ဆောင်ရွက်ပြီး ခေါင်းဆောင်အဆင့်ဆင့်
ရွေးချယ်တင်မြှောက်နိုင်တဲ့ နိုင်ငံရေးပါတီအဖြစ်နဲ့
မော်ကွန်းတင်ကျန်ရစ်မှာပဲ။
ဟုတ်ပါပြီ။ အခု လွှတ်တော်ထဲဝင်သွားတဲ့
ပါတီကကိုယ်စားလှယ်တွေကကော ဘယ်လိုမျိုး ရင်ဆိုင်နေရတယ် ထင်သလဲ။
သူတို့တွေလည်း ပြည်ထောင်စုအဆင့် အငြင်းပွားမှုတွေကို ရင်ဆိုင်နေရတယ်
မဟုတ်လား။
အစိုးရနဲ့ လွှတ်တော်ကြားမှာ ပြည်ထောင်စုအဆင့် ဟုတ်မဟုတ်
ကိစ္စတွေ ပေါ်နေတယ်။ ပြောချင်တာကတော့ အစိုးရမှာ ၀န်ကြီးတွေနဲ့
လုပ်ပိုင်ခွင့်၊ ခံစားခွင့်တွေ ရှိတယ်။ လွှတ်တော်မှာလည်း အဖွဲ့တွေ၊
ကော်မီတီတွေ အများကြီးရှိတယ်။ သူတို့ကို ပြည်ထောင်စုအဆင့်သတ်မှတ်လိုက်ရင်
လွှတ်တော်က များစွာသော အဖွဲ့တွေ၊ လူတွေက ပြည်ထောင်စုအဆင့်လို အစိုးရက
ဝန်ကြီးတွေလို ဖြစ်လာမှာလား၊ ခံစားခွင့်တွေ ဘာတွေ ရှိလာမှာလား ဒါတွေ
အငြင်းပွားနေကြတယ်လို့လည်း ပြောကြတယ်။ အစိုးရကလည်း ဒါကို တုန့်ပြန်တယ်။
လွှတ်တော်ကလည်း ဒါကို လက်မခံဘူး။ အခုဟာက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့
ဥပဒေပြုရေးမဏ္ဍိုင် အငြင်းပွားနေကြတဲ့ သဘောပဲ။
အဲသည်လိုဖြစ်နေတာကို
အစိုးရဖက်က အုပ်ချုပ်ရေးမဏ္ဍိုင်ဖက်က ဘာပြောသလဲဆိုတော့ ပြင်ချင်ရင်
အခြေခံဥပဒေကနေ ပြင်လို့ ပြောလိုက်တာကလည်း လွှတ်တော်ကို ပိုပြီးတော့
တင်းမာတဲ့ တုန့်ပြန်မှု ဖြစ်စေသလားလို့ တွေးမိတယ်။
ဟုတ်တယ်။
နိုင်ငံတော်သမ္မတက ပေးတဲ့သ၀ဏ်လွှာမှာ ပြည်ထောင်စုအဆင့်တွေ အငြင်းပွားနေရင်
ပြင်ဆင်တာတွေကို အခြေခံဥပဒေထဲကနေ စပြင်ကြမှ ဖြစ်မယ်လို့ အချက်ပေးလိုက်တယ်။
ထုတ်ပြန်လိုက်တယ်။ အဲသည်မှာ အစိုးရနဲ့ လွှတ်တော် ဘယ်လိုပဲ အငြင်းတွေ
ပွားပွား လွှတ်တော်ထဲမှာ ထိုင်နေတဲ့ တပ်မတော်ကိုယ်စားလှယ် တမတ်သားက ဘယ်ဆန္ဒမှ
မပေးဘဲနဲ့ သည်အတိုင်းချည်း သီးခြားကြီး ရပ်တည်နေတာကိုလည်း သတိပြုမိကြဖို့
လိုတယ်။
ဆိုတော့ အခြေခံဥပဒေပြင်ဆင်ဖို့ဆိုတာမှာ ပြင်နိုင်တဲ့ အနေအထားလည်း မရှိဘူးပေါ့။
စစ်တပ်က အမတ်တွေကလည်း ဘာဆန္ဒမှ ထုတ်ဖော်ပြောဆိုခြင်း မတွေ့ရဘူး။
အခြေခံဥပဒေပြင်ဆင်ရေးကို ပြောလာတော့လည်း အင်န်အယ်ဒီပါတီက အမတ်တွေကလည်း
ဒါကို လက်ခံတယ်ဆိုတဲ့ သဘောထားရှိပါတယ်။ သို့သော် အစိုးရကော၊ လွှတ်တော်ကော၊
စစ်တပ်ကိုယ်စားလှယ်တွေက ဒီကိစ္စကို ဘယ်လိုနည်းနဲ့မှ အလျော့မပေးကြတာကြောင့်
အကြပ်အတည်းကြီး ပြန်ဖြစ်နေတယ်။ Dead Lock ဖြစ်နေတယ်လို့ ပြောချင်တယ်။
အဲသည်မှာ ခုံရုံးလိုမျိုး တရားစီရင်ရေးမဏ္ဍိုင်ကိုယ်တိုင်ကလည်း
လွှတ်တော်ပြောတာက အခြေခံဥပဒေနဲ့ မညီပါဘူးဆိုပြီး ငြင်းဆန်တဲ့ အနေအထားတွေပါ
ဖြစ်လာတော့ ပိုပြီး ရှုပ်ထွေးလာတယ်။
ဒါတွေက ဘယ်အထိဖြစ်သွားနိုင်သလဲ။
ဒါတွေက သူတို့ရဲ့ လူတွေချည်းနဲ့ ထူထောင်ထားတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး
နဲ့ တရားစီရင်ရေး မဏ္ဍိုင် ၃ ခုလုံးမှာ အကြပ်အတည်း အရှုပ်အထွေးဖြစ်လာတယ်။
အခြေခံဥပဒေကို ပြုပြင် ပြင်ဆင်နိုင်တဲ့အထိလည်း မလုပ်ကိုင်နိုင်ကြရင် လက်ရှိ
စစ်တပ်လက်ထဲကို အာဏာတွေ ပြန်ရောက်သွားနိုင်တဲ့အထိကို အန္တရာယ်ရှိတယ်လို့
ပြောချင်ပါတယ်။
ဘာပဲဖြစ်ဖြစ် လက်ရှိမှာ သိန်းစိန်အစိုးရက ၀န်ကြီးအပြောင်းအလဲတွေ လုပ်နေတာတွေလည်း ရှိတယ်လေ။ ဒါတွေကိုကော အကောင်းမြင်လို့ မရဘူးလား။
အင်း … အစိုးရအဖွဲ့အတွင်းမှာ hardlinerတွေကို ရွှေ့ပြောင်းတာ၊
ဖြုတ်ပစ်တာတွေ လုပ်လိုက်တယ်။ ဥပမာ ကျော်ဆန်းကို ၀န်ကြီးဌာနတခုတည်းကို
ပြောင်းလိုက်တာ။ ဇော်မင်းကို ရာထူးကနေ အနားပေးလိုက်တာတွေ တွေ့ရတယ်။
ဒ့ါအပြင် သမ္မတနဲ့ ရင်းနှီးတဲ့သူတွေကိုလည်း ၀န်ကြီးဌာနတွေကနေပြီး
သမ္မတရုံးကို ဆွဲခေါ်လိုက်တယ်။ consolidate လုပ်တယ်ပေါ့။ စုစည်းလိုက်တယ်။
ဒါမျိုးတွေ တွေ့နေရတယ်။ ဒုဝန်ကြီးတွေကိုကျတော့ ပညာတတ်တွေ တက်ခရိုကရက်တွေ
ခန့်လိုက်တယ်လို့ ပြောတယ်။ ဒါတွေကို ဘယ်လိုမြင်သလဲဆိုရင်
သမ္မတကြီးသိန်းစိန်က ဒါတွေကို အစောကြီးကတည်းက လုပ်ရမှာ နောက်တောင်
ကျနေတယ်လို့ ပြောချင်တယ်။ ဥပမာ ဧပြီလလောက်ကတည်းက အင်န်အယ်ဒီပါတီ
လွှတ်တော်ထဲကို မရောက်ခင်မှာ သူ့ဖက်က အမာသမားတွေကို ဖယ်ရှားပစ်မယ်လို့
ပြောတယ်လို့ အပြင်သတင်းတွေ ကြားခဲ့ရပေမယ့် အခုမှ စက်တင်ဘာလောက်မှ
သူ့ဖက်ကလုပ်ဖြစ်တယ်ဆိုတာဟာ အတော် နောက်ကျနေပြီလို့ ပြောရမယ်။ စောစောကတည်း
လုပ်ရမှာဖြစ်တယ်။
စောစောပဲလုပ်လုပ် နောက်ကျကျပဲ လုပ်လုပ်၊ ဒါတွေက ကောင်းတယ်လို့ ပြောမှာလား။
ဝန်ကြီးဌာနတွေမှာကော၊ အစိုးရလူကြီးတွေ အသီးသီးမှာပါ hardlinerတွေပဲ
ရောက်ရောက်၊ soft liner တွေပဲ ခန့်ခန့်၊ အရိုးစွဲနေတဲ့ အကျင့်ဟောင်းတွေ၊
လုပ်ရပ်အမှားတွေကို ပြုပြင်ခြင်းမရှိရင် ပြည်သူတွေအတွက်ကော၊
တိုင်းပြည်အတွက်ကတော့ ဘာမှ ထူးမှာမဟုတ်ဘူးလို့ ပြောချင်တယ်။ သူ့ဖာသာသူ
တက်ခရိုကရက်ပဲ ခန့်ခန့်၊ သူတို့တွေရဲ့ လုပ်နည်းကိုင်နည်း လုပ်ပုံကိုင်ပုံ
အတွေးအခေါ် အယူအဆတွေ မပြင်သေးသ၍ကတော့ ထူးခြားမှာ မဟုတ်ဘူးလို့ ပြောချင်တယ်။
ဝန်ကြီးဌာနတွေက ဥပဒေတွေ မပြင်ဘဲ မပြောင်းဘဲနဲ့
ဒီအတိုင်းလုပ်နေကြတာမျိုးနဲ့တော့ ကောင်းသွားမှာ မဟုတ်ဘူးပေါ့။
ကဲ
ဟုတ်ပါပြီ။ လက်ရှိမှာ အဲသည်လို လှုပ်လှုပ်ရှားရှားတွေဖြစ်နေချိန်
တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပ၊ အမေရိကန်ခရီးစဉ်နဲ့
ပတ်သက်ပြီးတော့လည်း ပြည်ပက မြန်မာပြည်သူလူထုကိုယ်တိုင်က စိတ်တွေ
လှုပ်ရှားနေကြတယ်။ ကြိုဆိုဖို့၊ တွေ့ဆုံဖို့၊ မေးမြန်းချင်တာတွေ မေးဖို့
စသည်ဖြင့် တက်ကြွနေကြတယ်။ ကျနော်တို့ ဆန်ဖရန်စစ္စကိုမှာလည်း ပြင်ဆင်နေကြပြီ
ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်တွေက ဘာတွေ ထူးခြားလို့လဲ ဆရာ။
အင်း … အခုတလောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အလုပ်တွေများ၊
ခရီးတွေ သွားနေရတော့ ကျနော်ကိုယ်တိုင်လည်း သူ့ခရီးစဉ်အသေးစိတ်ကို မသိဘူး။
ဒါပေမယ့် လက်ရှိသူသွားတဲ့ ခရီးစဉ်တွေကို အဆင့်ဆင့် သုံးသပ်ရရင်တော့
အိမ်နီးချင်းခရီးစဉ်က ထိုင်းနိုင်ငံ၊ ပြီးတော့ ဥရောပ၊ အင်္ဂလန် ခရီးစဉ်နဲ့
လာမယ့် အမေရိကန်ခရီးစဉ်ဆိုပြီး ကြည့်ရမယ်။
ထိုင်းကို
သွားတဲ့ခရီးမှာ ဒေါ်စုဟာ ပြည်ပမှာ အလွန်သြဇာကြီးတယ်ဆိုတာ လက္ခဏာတွေ
စတင်တွေ့ကြရတယ်။ သူရဲ့ မိန့်ခွန်းတွေဟာ ပြည်ပမှာလည်း အလွန် ထိရောက်တယ်။
လေးနက်တယ်ဆိုတာ စတင်တွေ့ကြရတယ်။ ပြည်ပက အစိုးရတွေ ပြည်သူတွေကိုယ်တိုင်က
အလွန် အလေးအနက်ထားကြတယ်ဆိုတာကို တွေ့ကြရတယ်။ ဒါကြောင့် အဲသည်တုန်းက
သမ္မတသိန်းစိန်ကိုယ်တိုင် ပြည်ပခရီးထွက်မယ့် အစီအစဉ်ကိုတောင်
နောက်ဆုတ်လိုက်ရတာကိုပါ တွေ့လိုက်ရတယ်။ အဲသည်မှာ လက်ရှိအစိုးရကိုယ်တိုင်က
မလိုတမာဖြစ်တဲ့ တုန့်ပြန်မှုမျိုးကို တွေ့ရတယ်လို့ ပြောချင်တယ်။
အဲ
နောက်ခရီးစဉ်တခုကတော့ ဥရောပနဲ့ ဗြိတိန်ခရီးစဉ်ဖြစ်တယ်။ မြန်မာပြည်ကနေ
အလွန်ဝေးကွာတဲ့ နိုင်ငံတွေအများအပြားဆီကို သွားရတာ ဖြစ်တယ်။ အဲသည်မှာ
ဒေါ်အောင်ဆန်းစုကြည်က အဲသည်ပြည်ပနိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေကို
ဆွေးနွေးနိုင်တယ်။ မြန်မာကွန်မြူနီတီတွေကိုလည်း ရင်းနှီးစွာ
တွေ့ဆုံဆွေးနွေးတာတွေ ဆောင်ရွက်ခဲ့တယ်။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ခေါင်းဆောင်မှုနဲ့ ဂုဏ်ရည်တွေက ပိုပြီး ထင်ရှားသွားတယ်။ အဲသည် ခရီးစဉ်မှာ
အစိုးရရဲ့ တုန့်ပြန်မှုဟာ ပြောင်းလဲသွားတယ်။ သူတို့အစိုးရရဲ့
ကိုယ်စားလှယ်တွေ၊ ၀န်ကြီးတွေကိုယ်တိုင် သူတို့ရဲ့ပြည်ပခရီးစဉ်တွေမှာ
ဒေါ်စုအတွက် မြန်မာပြည်အတွက် ဂုဏ်ယူတဲ့ ၀မ်းမြောက်တဲ့ အမူအရာတွေကိုပါ
ဖော်ပြလာရတာကို တွေ့ရတယ်။
အခုကျတော့ အမေရိကန်ခရီးစဉ်ပေါ့။
နှစ်ပေါင်း ၄၀ လောက် မရောက်ဖြစ်ခဲ့တဲ့ ဒေါ်စုရဲ့ ခရီးစဉ်ဖြစ်တယ်။
အမေရိကန်ပြည်ကိုယ်တိုင်ကလည်း အရေးကြီးတဲ့ နိုင်ငံတခုဖြစ်နေတယ်။
သွားရောက်မယ့်အချိန်ကာလကလည်း အမေရိကန်နိုင်ငံရေးလှုပ်ရှားမှုတွေ
အားကောင်းနေတဲ့ သူတို့ရဲ့ သမ္မတရွေးကောက်ပွဲကာလနားနီးတဲ့အချိန်လည်း ဖြစ်တယ်။
အမေရိကန်ပြည်မှာ ရောက်ရှိနေထိုင်ကြတဲ့ အင်အားကောင်းတဲ့ အလွန်များပြားတဲ့
မြန်မာပြည်သူလူထုတွေနဲ့လည်း မင်းပြောသလို မြို့နယ် အသီးသီးမှာ
တွေ့ဆုံပွဲတွေ လုပ်ကိုင်ကြဖို့ ရှိနေတယ်။ အဲလိုဆိုရင် အခုလာမယ့် ခရီးစဉ်ဟာ
ဒေါ်အောင်ဆန်းစုကြည်အတွက် အစစ အရာရာမှာ ပိုပြီး ဂုဏ်သိက္ခာတွေ၊ သြဇာတွေ
ပိုမို ကျယ်ပြန့်မယ့် အားတက်စေမယ့် ခရီးစဉ်တခုဖြစ်တယ်ဆိုတာ သေချာတယ်။
မြန်မာပြည်ကြီးရဲ့ ဒီမိုကရေစီအရေးကို ပိုမိုအားတက်စေမယ့် အလားအလာတွေကို
ဖော်ဆောင်ပေးနိုင်မယ့် ခရီးစဉ်လို့လည်း မြင်ယောင်ကြည့်နိုင်တယ်။
အဲသည်တော့ လက်ရှိမြန်မာအစိုးရကိုယ်တိုင်ကကော ဒါကိုဘယ်လိုမျိုး
လက်သင့်ခံပြီး ရင်ဆိုင်ဖြတ်ကျော်မလဲဆိုတာက တချက်ဖြစ်လာတယ်။
ဦးသိန်းစိန်ကိုယ်တိုင်ကလည်း အဲသည် စက်တင်ဘာအချိန်မှာ အမေရိကန်ခရီးစဉ်ကို
လာဖို့ အချိန်စာရင်းဆွဲပြီးသားလို့ ဆိုတယ်။ လက်ရှိအစိုးရအပေါ်မှာ
ပိတ်ဆို့မှုတွေ၊ အရေးယူမှုတွေ၊ ကန့်သတ်မှုတွေကို အမေရိကန်အစိုးရဖက်ကနေ
လျော့ချပေးဖို့၊ ဖယ်ရှားပေးဖို့ သူတို့ဖက်ကလ လိုချင်တယ်ဆိုရင် ခုချိန်မှာ
မြန်မာအစိုးရဖက်ကလည်း သက်သေပြဖို့ အချိန်အခါ အခြေအနေလည်း ဖြစ်တယ်လို့
ပြောချင်တယ်။
ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်ကို ကျနော်တို့က ဘယ်လိုမျိုး သဘောထားကြမှာလဲ ဆရာ။
အမေရိကန်ပြည်ထောင်စုမှာ မြန်မာမိသားစုတွေက ဒေါ်အောင်ဆန်းစုကြည်ကို
ဝိုင်းဝန်းကြိုဆိုကြတဲ့နေရာမှာ သာမန် အဆိုတော်တွေ၊ ရုပ်ရှင်မင်းသားတွေ
လာသလို ကြိုဆိုကြတာမျိုးတွေထက်၊ ပျော်ပွဲရွှင်ပွဲတွေလုပ်တာမျိုးတွေထက်၊
ပန်းပေးတာတွေ၊ ဓာတ်ပုံတွဲရိုက်ကြတာတွေမျိုးထက် မြန်မာပြည်ကပြည်သူတွေရဲ့
မျှော်လင့်ချက်တွေမြင့်မားစေဖို့ စုစည်း ညီညွတ် တဲ့ ပုံသဏ္ဍာန် ကို
ဖော်ပြစေချင်တယ်။ နိုင်ငံရေးအနှစ်သာရအားဖြင့်လည်း တိုင်းပြည်ရဲ့
အနာဂတ်အတွက် အကျိုးရှိမယ့် ဒီမိုကရေစီလမ်းကို အင်နဲ့ အားနဲ့
ခင်းပေးနိုင်တာမျိုးကို ဦးတည်သွားစေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်ဆရာ။ ။
ရင်းမြစ်... (မိုးမခ)