24 August 2010

မြေကျွံသောယာဉ်နှင့် လုပ်ငန်းခွင်လုံခြုံမှုကို အလေးထားစို့


ရန်ကုန်မြို့တော်မှာ သက်တမ်း ကြာမြင့်သည့် အဆောက်အအုံ ဟောင်းတွေ ဖြိုချပြီး နေရာ တော်တော်များများမှာ အဆောက်အအုံ အသစ်တွေ ပြန်လည် တည်ဆောက်နေပါသည်။ သို့သော် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် တည်ဆောက်နေခိုက် Safety (လုံခြုံမှု) မရှိသော မြင်ကွင်း အနေအထားမျိုးကို တွေ့နေရပါသည်။ အဆောက်အအုံ ဟောင်းကို ဖြိုဖျက်နေတာ၊ အဆောက်အအုံဟောင်းနဲ့ ကပ်လျက်မှာက ဈေးဆိုင်လေးတွေ ဖွင့်ထားသည်။ စားသောက် နေသူတွေက အန္တရာယ် ဖြစ်လာနိုင်တာကို လုံးဝမတွေးထားဘဲ စားမြဲ၊ စကားပြောမြဲနှင့် ရှိလို့နေပါသည်။ အန္တရာယ်မဖြစ်သေးလို့သာပါ။ ဖြစ်လို့ကတော့ မတွေး ဝံ့စရာပါ။ အဆောက်အအုံဟောင်းကိုဖယ်ရှားပြီး အဆောက်အအုံသစ်ကို ပြန်လည်တည် ဆောက်မည်ဆိုလျှင် ပတ်ဝန်းကျင်လုံခြုံမှုက သိပ်အရေးကြီးပါသည်။

အဆောက်အအုံသစ် ပြန်လည်တည်ဆောက်ဖို့လုပ်နေရင်း 'ပိုင်'ရိုက်သည့် မော်တော် ယာဉ်မြေကျွံကျပြီး ဘေးပတ်ဝန်းကျင် လူနေတိုက်ခန်းအိမ်ရှေ့တွင် ခင်းထားသော ကျောက်ပြားများနှင့်မြေကြီးထဲမှာ သွယ်တန်းထားသော ရေပိုက်များ၊ မော်တော်ယာဉ်နှင့်ငြိပြီး တယ်လီဖုန်းကြိုးများ ပြတ်တောက်ပျက်စီးမှုတစ်ခု (၆၊ ၈၊ ၂ဝ၁ဝ) သောကြာနေ့၊ နေ့လယ် (၁)နာရီခန့်မှာ ရန်ကုန်မြို့၊ ဗိုလ်မြတ်ထွန်းလမ်း၊ အလယ်ဘလောက်မှာ ဖြစ်ပွားခဲ့ပါသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်နီးချင်းတစ်ဦးက ဒေါသသံပါပါဖြင့် ယခုလိုပြောကြားခဲ့ပါသည်။ ''တိုက်ဟောင်းကို ...ကုမ္ပဏီက ပြန်ဆောက်တာ။ Safety လုံးဝမရှိဘူး။ 'ပိုင်' ရိုက်တာက နေ့လယ်(၁)နာရီလောက်ကဖြစ်တာ။ 'ပိုင်'ရိုက်တဲ့ကားက ကျွံကျသွားတယ်။

မြေကြီးအောက်မှာရှိနေတဲ့ ရေပိုက်တွေအားလုံးပျက်စီးကုန်တယ်။ သူတို့မှာ Safety လုံးဝမရှိတော့ တယ်လီဖုန်းကြိုးတွေလည်း အကုန်ပြတ်ကုန်ပြီ။ တကယ်တမ်းက စည်ပင်သာယာက ဆောင်ရွက်ရမယ့်ကိစ္စတွေ။ သူတို့အလုပ်သမားနဲ့သူတို့လာပြီး အားချင်းပြန်လုပ်နေတာ။ အဲဒီကုမ္ပဏီကို ကျွန်တော်တို့ခေါ်ခိုင်းထားတယ်။ ကုမ္ပဏီက သူတို့လုပ်နေတယ်။ သူတို့ လုပ်ပိုင်ခွင့်အတိုင်းလုပ်တယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ Righ အတိုင်းလုပ်မယ်။ ဒီကိစ္စက ကန်ထရိုက်နဲ့ဆိုင်တယ်။ အားလုံးပျက်စီးကုန်ပြီ။

ပတ်ဝန်းကျင် သိပ်ဒုက္ခရောက်တယ်'' ပုဂ္ဂလိက ကုမ္ပဏီဆောက်လုပ်ရေးအဖွဲ့တွေအနေနှင့် လုပ်ငန်းခွင်လုံခြုံမှု (Safety) တွေကို အလေးမထား ခပ်ပေါ့ပေါ့လုပ်ဆောင်ကြမည်ဆိုလျှင်ဖြင့် ယခုကြုံ တွေ့ခဲ့ရသော ကိစ္စမျိုးတွင်သာမကဘဲယခုထက်အန္တရာယ်ကြီးမားသောကိစ္စများအားကြုံတွေ့ရမှာဖြစ်ပြီးပတ်ဝန်းကျင်နှင့်လည်း
အချင်းများဖွယ်ရာကိစ္စတွေဖြစ်လာနိုင်တာကအမှန်ပင်ဖြစ်ပါသည်ဟုလျှပ်တပြက်ဂျာနယ်တွင်ဖော်ပြပါရှိပါသည်.။

နျူကလီးယားလက်နက် ထုတ်တန်ထုတ်ရမည်ဟု ဝန်ကြီးဦးအောင်သောင်းပြော



မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယားလက်နက် ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လို့ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက နေပြည်တော် သင်တန်းဆင်းပွဲတခုမှာ ပြောဆိုပါတယ်။

မြန်မာစစ်အစိုးရကို နျူကလီးယားလက်နက် ထုတ်နေတယ်လို့ နိုင်ငံခြားမီဒီယာတွေက စွပ်စွဲနေကြောင်း၊ မြောက်ကိုရီးယားကလည်း သူ့နိုင်ငံ ကာကွယ်ရေးအတွက် သူလုပ်တာ ဖြစ်ကြောင်း၊ ဒါကြောင့် ကိုယ့်နိုင်ငံ ကာကွယ်ရေးအတွက် မြန်မာနိုင်ငံကလည်း နျူကလီးယားလက်နက်ကို ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လို့ သြဂုတ်လ ၁၁ ရက် နေပြည်တော် စက်မှု (၁) ဝန်ကြီးဌာန သင်တန်းဆင်းပွဲတခုမှာ ဝန်ကြီးဦးအောင်သောင်းက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကို နျူကလီးယားလက်နက် ထုတ်လုပ်ရေးကို လျှို့ဝှက် လုပ်ကိုင်နေတယ်လို့ သံသယရှိကြောင်း ပြည်ပမီဒီယာမျိုးစုံက ရေးသားပြီး မကြာခင် ဝန်ကြီးဦးအောင်သောင်းက ခုလို တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်သောင်းက ဆက်လက်ပြောရာမှာ အထူးသဖြင့် အမေရိကန်နိုင်ငံဟာ မြန်မာကို တပည့်ဖြစ်အောင် သူ့သြဇာခံနိုင်ငံ ဖြစ်အောင် စည်းရုံးနေတယ်လို့ပါ စွပ်စွဲပြောဆိုကြောင်း သင်တန်း တက်ရောက်ခဲ့သူတဦးက ပြောပြပါတယ်။

အမေရိကန်နိုင်ငံက မြန်မာစစ်အစိုးရကို ဘယ်လိုနည်းနဲ့ သြဇာခံနိုင်ငံဖြစ်အောင် စည်းရုံးနေတယ် ဆိုတာကိုတော့ ဝန်ကြီး ဦးအောင်သောင်းက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။ အမေရိကန်နိုင်ငံအပေါ် ၀န်ကြီးဦးအောင်သောင်းရဲ့ စွပ်စွဲပြောဆိုချက်တွေဟာ ဦးအောင်သောင်းရဲ့ ပုဂ္ဂိုလ်ရေး ပြောဆိုချက်လား စစ်အစိုးရရဲ့ တရားဝင် သဘောထားလား ဆိုတာကိုလည် တိတိကျကျ မသိရဘူးလို့ ဝန်ထမ်းတွေက ပြောပြပါတယ်။

ပြည်ပမီဒီယာတွေဟာ ခုလိုပဲ စွပ်စွဲ ပြောဆိုတာတွေ ၂ဝဝ၉ ခုနှစ်မှာ ၁၂၆ ကြိမ် ရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်ထဲမှာ အကြိမ် ၁၅ဝ ကျော်နိုင်တယ်လို့ပါ ဦးအောင်သောင်းက ပြောခဲ့ပါတယ်။ ခုလို ပြည်ပမီဒီယာတွေရဲ့ ပြောဆိုချက်တွေကို မယုံကြဖို့ ဦးအောင်သောင်းက မှာကြားခဲ့တယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်...RFA

နအဖ စစ်အာဏာရှင်များ မြန်မာပြည်သူများအပေါ်ချေးငွေပေးပြီးလူတွေကိုလိုက်ပြီးစည်းရုံးနေ

ပဲခူးတိုင်း ပေါင်းတည် မှာ မြို့နယ် အဆင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် တွေက မြို့အနောက် ဘက်ခြမ်း က ကျေးရွာ တွေကို သွားပြီး လယ်သမား တွေကို ငွေတစ်ရာ နှစ်ကျပ်တိုးနဲ့ ငွေချေးပြီး သူတို့ကို ထောက်ခံမှု ရအောင် စည်းရုံး နေတယ်လို့ လယ်သမားတွေ ပြောပြတာကို ကိုးကားပြီး ဒေသခံ တစ် ယောက်က ဘီဘီစီကို ပြန်ပြော ပါတယ်။

လယ်သမားတွေအနေနဲ့ အခုလို ငွေကြေး ကြပ်တည်းနေချိန်မှာ ရတဲ့ နေရာကနေ ငွေကို ရအောင် ယူပြီး လုပ်ငန်း ကိုင်ငန်းတွေ ဆောင်ရွက်ကြရတာ ဖြစ်တယ်လို့လည်း သူကပဲ ဆက်ပြော ပါတယ်။

မြို့ပေါ်မှာတော့ ပြီးခဲ့တဲ့ တစ်ပတ်ကျော် လောက်ကပဲ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မြဦး ကိုယ်တိုင် မြို့သူ မြို့သားတွကေို ကျန်းမာရေး စစ်ဆေးမှု ဆေးဝါး ကုသမှုတွေ လုပ်ခဲ့တယ်လို့ အဲဒီ ဒေသခံကပဲ ပြန်ပြော ပါတယ်။

အဲဒီလို ကုသ ပေးတဲ့ သူတွေ ကိုလည်း သူဟာ ပေါင်းတည် ဇာတိ ဖြစ် တဲ့ အတွက် တရပ်တည်း သားတွေ ကို အခုလို စေတနာ ထား လာရောက် ကူညီပေးတာ ဖြစ်တယ်၊ ပြည်သူ တွေ အနေနဲ့ကလည်း သူ့အပေါ် တုံ့ပြန်ဖို့ ဒေါက်တာ မြဦး က ပြောတယ်လို့ ဆိုပါတယ်။

ပေါင်းတည် မဲဆန်ဒနယ် မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဘက်က ဘယ်သူ ဝင် အရွေးခံမယ်ဆိုတာ ကြေငြာ ထားခြင်း မရှိသေးပေမဲ့ ဒေါက်တာ မြဦးပဲ ဖြစ်လိမ့်မယ် လို့ ဒေသခံတွကေ ပြောနေကြ ပါတယ်။

သတင်းရင်းမြစ်...ဘီဘီစီ

ကော်မရှင် အနေနဲ့ ပါတီတောင်းဆိုချက် ပြင်မှာ မဟုတ်

ရှေ့နေကြီးဦးအောင်သိန်း


ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးပါတီ တချို့က ငွေကြေးနဲ့ အချိန် အခက်အခဲ ရှိနေလို့ အချိန် တိုးပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုထား တာတွေ ရှိပါတယ်။အကယ်၍ သတ်မှတ်ရက်အမီ အမတ်လောင်းစာရင်း မတင်နိုင်တဲ့ ပါတီတွအေနေနဲ့ ဥပဒေကြောင်းအရ ဘယ်လို လုပ်ဆောင်နိုင်မလဲ၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘယ်လိုဆုံးဖြတ်ဆောင်ရွက်နိုင်သလဲဆိုတာ ပါတီတွေက မေးစရာဖြစ်လာပါတယ်။

ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်း ကတော့ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ပါတီတွေဘက်က တောင်းဆိုထားတဲ့ အချက်တွေအပေါ် တုန့်ပြန်တာ မတွေ့ရသေးကြောင်း၊သူတို့က ရွေးကောက်ပွဲ ဆိုင်ရာနည်းဥပဒေ ပြဌါန်းသတ်မှတ်ထားကြောင်း၊ အဲဒီဥပဒေကိုပြင်ရမယ်ဆိုရင်ကော ရွေးကောက်ပွဲကော်မရှင်က ပြင်ပါ့မလားဆိုတာ စဉ်းစားစရာ ဘဲလို့ဆိုပါတယ်။

တကယ်တော့ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ တောင်းဆိုချက်တွကေို လိုက်လျော ပြင်ဆင်ပေးလိမ့်မယ်လို့ သူမထင်ကြောင်း၊ သူတို့က နဂိုရ်ကတည်းက အချိန်ဇယားအတိုင်း ချမှတ်ပြီး ၊ ပါတီတွေကလည်း ကိုယ့်အခွင့်အရေးအရ အခက်အခဲတွေ တင်ပြနေကြတာပဲဖြစ်တာတွေ့ရတယ်။

ဒါပေမယ့်လည်း အစိုးရကိုယ်တိုင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို သူ့ ပါတီအနေနဲ့ ဝင်ပြိုင်မှာဖြစ်တာမို့ ဝင်ပြိုင်မယ့်သူနည်းလေလေ သူ့အတွက် ကောင်းလေလို့ တွက်ချက်မှာဖြစ်ကြောင်း ဒါကြောင့်မို့ပြဌါန်းထားတဲ့ဥပဒေတွေကိုတော့ ပြင်ပေးလိမ့်မယ်လို့ သူမထင်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ဘီဘီစီကိုပြောပါတယ်။

အားလုံးကိုခြုံကြည့်ရင် ပေါက်ပင် ဘာကြောင့်ကိုင်းရတယ် ဆိုတာလို ဥပဒေတွဟော တရားမျှတမှု ဘယ်လောက်ရှိလဲ ဆိုတဲ့ အချက် ပေါ်မှာဘဲ ပါတီတွေအနေနဲ့ ရပ်တည်သွားဖို့ လိုတယ်လို့ လက်ရှိ ပါတီတွရေဲ့ အခက်အခဲနဲ့ ပတ်သက်လို့ ရှေ့နေကြီး ဦအောင်သိန်းက သုံးသပ်သွားပါတယ်။

သတင်းရင်းမြစ်...ဘီဘီစီ

စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံထူထောင်မယ်ဆိုတဲ့ မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ ဝင်တို့ရဲ့ ဥပဒေမဲ့ လုပ်ရပ်...

တပ်ပြေးပါဆိုပြီး မတရားဖမ်းဆီး ရိုက်နှက် ခံရတဲ့ မောင်အောင်မင်းနိုင်ရဲ့ လက်မှ ဒဏ်ရာများ



ကျောကုန်းမှာ ရဲများရဲ့ နံပါတ်တုတ်နဲ့ ရိုက်ခံထားရတဲ့ ဒဏ်ရာများ..


သီရိမင်္ဂလာဈေးက ဖိနပ်ဟောင်းရောင်းနေတဲ့. မောင်အောင်မင်းနိုင် (၂၃)နှစ်ဟာ မိခင်လုပ်ငန်းဖြစ်တဲ့ ဖိနပ်ဟောင်းရောင်းတဲ့ အလုပ်ကို မိခင် အသက်ကြီးလာတဲ့ အတွက်ကြောင့် ကိုယ်တိုင်ဝင်ရောက် လုပ်ကိုင်ပြီး သမာအာဇီဝလုပ်ငန်းနဲ့ မိခင်ကြီးအား ပြန်လည် လုပ်ကိုင်ကျွေးမွေးရင်း အသက်မွေးဝမ်းကြောင်း ပြုနေခဲ့ပါတယ်.. ။

အခင်းဖြစ်ပွားပုံကတော့ ပြီးခဲ့တဲ့ ၂၁ရက်နေ့ စနေနေ့ညက ညက အလုံရဲစခန်းမှ ရဲသားတစ်ချို့ မူးရူးပြီး မောင်အောင်မင်းနိုင်ကို စစ်တပ်က ထွက်ပြေးလာတဲ့ တပ်ပြေးပါဆိုပြီး မတရားစွပ်စွဲကာ အလုံရဲစခန်းကို ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်...။ ဖမ်းဆီးသွားတဲ့ အချိန်မှာ မောင်အောင်မင်းနိုင်ဟာ ဖိနပ်ဟောင်း ရောင်းတဲ့ ဆိုင်လေးဟာ ဈေးဦးတောင် မပေါက်သေးပါဘူး..။ ည (၁၀)နာရီက ဖမ်းဆီးသွားပြီး ... ည(၁၁)နာရီမှာ အလုံနယ်ထိန်းခန်းမှာ တညလုံး ရိုက်နှက်ပါတယ်။ ပရိတ်ကြိုးကို ခြေမနဲ့ ကလော်ပြီး.. ဖိနပ်နဲ့ ပါးကိုရိုက်ပါတယ် ပြီးတော့ နံပါတ်တုတ်နဲ့ အချက်(၅၀)လောက် ရိုက်ပါတယ်...။ နာရီကြားမှာညှပ်ထားတဲ့ ငွေ(၉၀၀) ကိုလဲယူတယ်.. ။ ပိုက်ဆံအိပ်ထဲက ဘုရားလှုဖို့ စုထားတဲ့ ငွေအကြွေ တစ်ထောင် ငါးရာကျပ် လောက်ကိုလည်း ယူပါတယ်.. ပြန်မပေးပါဘူး ။ စစ်ပြေးပါဆိုပြီးရိုက်တာပါ... တညလုံးရိုက်တယ်... နာလို့ မလုပ်ပါနဲ့ လို့ပြောတာလက်ဖယ်... မဖယ်ရင် နာမယ်ဆိုပြီး ရိုက်ကြပါတယ်..။ မောင်အောင်မင်းနိုင်က ကျွန်တော်လူကောင်းပါ...။ ကျွန်တော့ အစ်ကိုလဲ စစ်သားတစ်ယောက်ပါ .နေပြည်တော်မှာပါလို့ ပြောတဲ့ အခါမှာ ရိုက်တဲ့ ရဲတွေက မင်းက..ငါ့တို့ကိုဖြဲတာလားဆို ပြီးရိုက်ပါတယ်.. နောက်ဆုံး မနက် ၉နာရီခွဲလောက်မှာ ကောင်လေးက တက်တဲ့ရောဂါရှိလို့ သတိလစ်ပြီး တက်သွားတော့မှ ပြန်လွှတ်ပေးလိုက်ပါတယ်...။ မောင်အောင်မင်းနိုင်ကို ရိုက်နှက်တဲ့ သူတွေက တပ်ကြပ်တစ်ဦးနဲ့ အရံရဲ မောင်ဦးဆိုသူ ဖြစ်ကြောင်း သိရပါတယ်...။ အဲ့ဒီနေ့က ရဲတွေဟာ တာဝန်ချိန်မှာ မူးနေပြီး အလုံကနေ သီရိမင်္ဂလာဈေးကို နယ်ကျော်ဖမ်းတာလို့ ဆိုပါတယ်..။


မောင်အောင်မင်းနိုင်ဟာ ရဲစခန်းမှ ပြန်လည်လွတ်မြောက် လာတဲ့ အခါမှာ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို သွားရောက် အကူအညီ တောင်းခံခဲ့ပါတယ်...။ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အကြမ်းမဖက် အမျိုးသားရေးလှုပ်ရှား နေသူတစ်ဦးဖြစ်တဲ့ ကိုလူမော်လတ်မှ ပါတီလုပ်ထုံး လုပ်နည်းအရ မြို့နယ်တွင် မှတ်တမ်းတင်ယူထားပြီး.. မောင်အောင်မင်းနိုင်၏ နစ်နာမှုအတွက် အထက်ဗဟိုဌာနချုပ်သို့ တင်ပြသွားပြီး အကောင်းဆုံးဖြစ်အောင် တတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ပြောဆိုသွားပါတယ်။

အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုလူမော်လတ်နှင့် ဆက်သွယ် မေးမြန်းချက်အား ရေးသားဖော်ပြလိုက်ရပါသည်။ ကိုလူမော်လတ်ရဲ့ ဖခင်ဟာ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဘမြင့်ဖြစ်ပြီး ...ဗန်းမော်ထောင်မှာ နှစ်ရှည်ထောင်ဒဏ် အနှစ်၂၀ကျခံ နေရပါတယ်။

ဒါကတော့ နအဖ လက်ထက် ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရဘူး ငါတို့ပဲရှိမယ် ဆိုတဲ့ ပြည်သူ့ရဲ တစ်ချို့ရဲ့ ဥပဒေမဲ့ လုပ်ရပ်ပါ...။ ကျောသားရင်သား မခွဲခြားဘူးဆိုရင် ဥပဒေမဲ့ လုပ်ချင်တိုင်းလုပ် ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဗိုလ်ချုပ်သန်းရွှေမြေး.. တေဇသားတွေနဲ့ ဗိုလ်ချုပ်သားသမီးတွေကို ဥပဒေအတိုင်း လုပ်ဆောင်ပြကြပါလားဗျာ...။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံထူထောင်မယ်ဆိုတဲ့ နအဖ စစ်ခေါင်းဆောင်တွေဟာ မိမိတို့ ကိုယ်တိုင်ကော ဥပဒေကို လေးစားလိုက်နာမှု ရှိမရှိ.. ဥပဒေရဲ့ အောက်မှာ နေမနေ ပြန်လည် သုံးသပ်ကြည့်ကြပါ.. ထို့အတူ အဖိနှိပ်ခံ ကျွန်တော်တို့ရဲ့ ပြည်သူ၊ပြည်သားတွေကော ဥပဒေရဲ့ အကာအကွယ်ကို ရခဲ့မရခဲ့ဆိုတာ ဒီစစ်အာဏာရှင် စံနစ်အောက် အနှစ်(၅၀) နီးပါးအတွင်း ခံစားခဲ့ရတာတွေကို အားလုံး သိရှိပြီးသား ဖြစ်ပါတယ်။.. ဒီတော့ ကျွန်တော်တို့ ပြည်သူတွေအားလုံး ဒီစစ်ကျွန် ဖြစ်မယ့် တစ်ဘက်သတ် ရွေးကောက်ပွဲကြီးကို ပျက်အောင် ဖျက်ကြဖို့ ဝိုင်းဝန်းဆန့်ကျင်ကြရုံ မှတစ်ပါး အခြားမရှိတော့ပါဘူး..

ဒီမိုဝေယံ

ဥပဒေ ချိန်ခွင်ပေါ် က ရွေးကောက်ပွဲ



နအဖတွေ လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲက လူမလဲဘဲ အင်္ကျီသာ လဲလိုက်သလိုဘဲ ဖြစ်မှာပါလား။



ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်။

23 August 2010

၂၀၁၀ ရွေးကောက်ပွဲ အရှုပ်ထဲမှာ ရှင်းအောင်နေ


ဆရာနဲ့ ယခင်အပတ်က တွေ့ဆုံမေးမြန်းခဲ့ရာမှာ အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ပါတီတရပ်အနေနဲ့ သပိတ်မှောက်တယ်လို့ ကြေညာခဲ့ရာကနေ မဲဆန္ဒရှင်ပြည်သူတွေကပါ စစ်အာဏာရှင်စနစ် သက်ဇိုးရှည်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ထပ်မံပြီး ကြေညာလိုက်ပါတယ်။ ပြည်သူလူထုကို အတိအလင်း တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီတရပ်လုံးက လွန်ခဲ့တဲ့ မတ် ၂၉ ကတည်းက ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးပြီ၊ ရပ်တည်ခဲ့ပြီးပြီ။ အဲသည်လောက် ထင်ရှားတဲ့ သဘောထားတရပ်ကို ရပ်တည်ပြီး ရှေ့က ဦးဆောင်ချီတက်နေတဲ့ နိုင်ငံရေးပါတီကြီးအနေနဲ့ အခုလိုမျိုး လူထုကို အခုလို သြဂုတ် ၁၉ ရက်နေ့မှာ တိုက်ရိုက်တိုက်တွန်းမှုကို ပြုလုပ်ရတာလဲ ဆိုတာကို မေးမြန်းတာ ဖြစ်ပါတယ်။

ဆရာက ပြန်လည် ဖြေကြားချက်များထဲက ပြန်လည် ကောက်နုတ်ဖော်ပြရမယ် ဆိုရင် …
ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုတာကတော့ အားလုံးရဲ့ မျက်မှောက်မှာ ထင်ရှားပြီးသား ဖြစ်တယ်။ သို့သော် ဒီကြားထဲမှာ ဘယ်လိုဖြစ်လာသလဲ ဆိုတော့ … အခြားသူတွေဆီမှာ ချွင်းချက်တွေ ပေါ်လာတယ်။ ဘယ်လိုမျိုး သပိတ်မှောက်ကြရမှာလဲ ဆိုတဲ့ အသေးစိတ် မေးခွန်းတွေ ပေါ်လာတယ်။

ဒီလို …ကျေးလက်တွေ နယ်တွေမှာ လူထုကို အတင်းမဲရုံတွေ တွန်းပို့ပြီး သူတို့ရဲ့ ပါတီတွေဖြစ်တဲ့ ကြံ့ဖွံ့တွေ၊ ဘာတွေကို အတင်းမဲပေးခိုင်းမှာပဲ။ ဒါဆိုရင် အဲသည်လို ပါတီမျိုးတွေကို သပိတ်မှောက်ကြရမှာလား ဆိုတဲ့ မေးခွန်းက တခု။

နောက်ပြီးတော့ ၁၉၉ ၀ ရွေးကောက်ပွဲတုန်းကလည်း ၀င်ပြီး အရွေးခံခဲ့တယ်။ ပြည်သူလူထုရဲ့ မဲဆန္ဒကို ပစ်ပယ်ပြီးတော့ အခု ၂၀၁၀ မှာလည်း ရွေးကောက်ပွဲ ၀င်ကြဖို့ လုပ်ပြန်တဲ့ ပါတီတွေ အမတ်လောင်းတွေ ပေါ်လာပြန်တယ်။ အဲသည်လို လူမျိုးတွေ ပါတီတွေကို သပိတ်မှောက်ကြရမှာလား ဆိုတဲ့ မေးခွန်း။

တိုင်းရင်းသားအင်အားစုတွေကလည်း သူတို့ နယ်မြေဒေသတွေမှာ အရွေးခံကြတဲ့အခါမှာ သူတို့တွေရဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကို ပြောရေးဆိုခွင့် နေရာရစေချင်တယ်။ အခြားသူတွေ အဓမ္မ ၀င်ရောက် နေရာယူမှာကို စိုးရိမ်ကြတယ်။ ဒါဆိုရင် အဲသည် တိုင်းရင်းသားဒေသတွေမှာ ကြံ့ဖွံ့လို အင်အားစုတွေကို သပိတ်မှောက်ကြဖို့ တိုက်တွန်းကြရမှလား ဆိုတဲ့ မေးခွန်းကလည်း ပေါ်လာတယ်။

ဒီမေးခွန်းတွေနဲ့ အင်န်အယ်ဒီရဲ့ သဘောထားကို မေးကြ စုံစမ်းကြ၊ သဘောထားတောင်းကြတာတွေ ပေါ်လာတဲ့ အချိန်မှာ လာမယ့် ၂၀၁၀ နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတဲ့ သတင်းကြေညာချက်က စစ်အစိုးရဖက်က ထုတ်ပြန်လာတယ်။ အဲသည်အခါကျတော့ အင်န်အယ်ဒီအနေနဲ့ အားလုံးရဲ့ အခြေအနေတွေ အားလုံးကို ခြုံငုံပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ပြတ်ပြတ်သားသား ရှင်းလင်းတဲ့ သဘောထားကို လူထုကို ထုတ်ဖော် ပြောပြရတော့မယ်လို့ ဖြစ်လာတယ်။

ဒါကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှာ အစည်းအဝေး ထိုင်တယ်၊ ဆုံးဖြတ်ချက်ချတယ်။ ပါတီအနေနဲ့ သပိတ်မှောက်တယ်။ သပိတ်မှောက်တယ် ဆိုတဲ့ စကားလုံးကို သုံးစွဲလိုက်တယ်။ ရွေးကောက်ပွဲကို မဲဆန္ဒရှင်ပြည်သူတွေကလည်း သပိတ်မှောက်ကြဖို့ တိုက်တွန်းတယ်။ သပိတ်မှောက်တယ် ဆိုတာက ဥပဒေနဲ့လည်း မငြိစွန်းဘူး။ သဘောကတော့ မဲပေးခွင့် ရှိသလို၊ မဲမပေးဘဲလည်း နေခွင့်ရှိတယ်။ ဒါကို ထပ်လောင်းပြီး ပြောလိုက်တယ်။

မတ်လ ၂၉ ရက်နေ့က စပြီး ပြောခဲ့တာက ၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီ မှတ်ပုံထပ်မတင်ဘူး လို့ ပြောခဲ့တယ်။ ဆင့်ပွားပြီးပြောရင် ဒါဟာလည်း ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တာ ဖြစ်တယ်။ ဒါပေမယ့် အခုအချိန်မှာ တိတိကျကျအနေနဲ့ ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်တယ်။ မဲဆန္ဒရှင်တွေကိုလည်း သပိတ်မှောက်ဖို့ တိုက်တွန်းတယ်လို့ သြဂုတ်လ ၁၉ ရက်နေ့မှာ ပါတီက ထပ်မံ အတည်ပြု ဆုံးဖြတ် ကြေညာလိုက်ရတာ ဖြစ်ပါတယ်။

အဲသည်မှာ မေးမြန်းမိတာက ၂၀၁၀ ရွေးကောက်ပွဲကို အင်န်အယ်ဒီပါတီက သပိတ်မှောက်တယ်၊ ပါတီဝင်တွေက သပိတ်မှောက်တယ်။ ဒါ့အပြင် ပြည်သူ့လူထုတရပ်လုံးကို သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့ သဘောကို အတည်ပြု ပြောကြားတဲ့ သဘောဆိုရင် ဘယ်လိုမျိုး ပြည်သူလူထုကို နားလည်အောင်၊ လိုက်ပါလာအောင် စည်းရုံးမှာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဆရာကပြောကြားရာမှာ …ကျနော်တို့အနေနဲ့ ပြောရမှာကတော့ ကူးတို့ဆိပ်မှာ နတ်ပြည်ကို သွားတဲ့ လမ်းကို ပိတ်ထားပြီ၊ ငရဲကို သွားတဲ့လမ်းကိုပဲ ဖွင့်ပေးထားတယ်။

စစ်အာဏာရှင်ငရဲလမ်းကိုတော့ ဖွင့်ထားတယ်။ အဲသည်လမ်းကိုတော့ မသွားကြပါနဲ့လို့ ပြောရမှာပဲ။ နတ်ပြည်ကိုသွားတဲ့ လမ်းပိတ်ထားတာနဲ့ ငရဲသွားတဲ့ လမ်းကို အတင်းကြိတ်မှိတ်ပြီး မသွားကြနဲ့။ သွားစရာမလိုဘူး။ ကျနော်တို့က ငရဲရောက်မယ့် လမ်း သိသိကြီးနဲ့ ကျနော်တို့တော့ မသွားဘူး၊ ခင်ဗျားတို့ သွားချင်သွားလို့လည်း မပြောနိုင်ဘူး။ ကျနော်တို့နဲ့ နတ်လမ်းကို သွားဖို့ ဆောင်ရွက်ကြပါလို့ ပြောရမှာ ဖြစ်တယ် လို့ ပြောချင်တယ်။

အဲသည်မှာ နိုင်ငံရေးအကျဉ်းထောင်ကြီးနဲ့တူတဲ့ စစ်အစိုးရရဲ့ အာဏာရှင်စိတ်တိုင်းကျ လွှတ်တော်ကြီးကို ၀င်ရောက်ဖို့ တာစူနေကြတဲ့ နိုင်ငံရေးပါတီတွေကလည်း မေးခွန်းတွေ ထုတ်ကြပြန်တယ်။ ဒီမိုကရေစီသွားချင်တဲ့ ပြည်သူလူထုကြီးကို လမ်းပိတ်တဲ့ သဘောပဲလို့ သူတို့က ပြောလာပြန်တယ်။ ဒီလမ်းကြောင်းကို သွားလို့ ဒီမိုကရေစီရမယ့်လို့ ဘယ်သူမှလည်း အာမခံထားတဲ့ လမ်းကြောင်းလည်း မဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေကို ဒူးထောက်အညံ့ခံတဲ့ နိုင်ငံရေးပါတီတွေ ကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင်က မသေချာ မရေရာဘဲ ဒီအာဏာရှင်တွေရဲ့ ငရဲလမ်းကြောင်းကို သွားနေကြတာ ဖြစ်တယ်လို့ ကျနော်တို့က ပြန်ပြီး ထောက်ပြရတယ်။

သေချာတာကတော့ အင်န်အယ်ဒီက ပြည်သူတွေ ရှေ့ကနေ ကြိုတင်ပြီး ရပ်တည်ပြီးတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုရင် ပြည်သူတွေကိုလည်း သပိတ်မှောက်ကြဖို့ကို ပြောဆို တိုက်တွန်းရမှာပဲ။ ရအောင် စည်းရုံးရမှာပဲ၊ ရှင်းလင်း ပြောပြရမှာပဲ။ လူထုကို ရွေးကောက်ပွဲ သပိတ်မှောက်ကြဖို့ကို ပြောရမှာပဲ။ ဥပဒေအရလည်း မဲ ဆန္ဒရှင်တွေအနေနဲ့ မဲမပေးဘဲ နေခွင့် ရှိတယ် ဆိုတာကို ထောက်ပြရမှာပဲ။ စကားတွေ ဘယ်လို ရှုပ်အောင် ပြောလာပါစေ ကျနော်တို့ကတော့ ရှင်းအောင် ပြောနေရမှာပဲ ဖြစ်ပါတယ်။

ပြည်သူလူထုတွေက ၂၀၁၀ မှာ ရွေးကောက်ပွဲကို မဲမပေးဘဲ နေကြမယ်ဆိုရင် ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်ခြင်းကနေ စစ်အုပ်စုကို ဘယ်လိုမျိုး ရွေးချယ်စရာ လမ်းကြောင်းကို ဆွဲခေါ်နိုင်မှာလဲ။

ငရဲသွားမယ့် လမ်းကြောင်းကို ကျနော်တို့တတွေက မသွားနိုင်ဘူးလို့ တညီတညွတ်တည်း ပြောလိုက်နိုင်မယ် ဆိုရင်၊ ဒီအတိုင်းကြီး ဆက်ရပ်နေလို့ မဖြစ်တော့ဘူး။ ကျနော်တို့တတွေက နတ်ပြည်သွားမယ့်လမ်းကို ရွေးကြရမယ်။ အဲသည်လမ်းကို သွားကြရမယ်။ အဲသည်လမ်းကြောင်းဆိုတာကလည်း အင်န်အယ်ဒီနဲ့ အတိုက်အခံနိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာမိသားစုတွေက အစဉ်တစိုက် ပြောဆို တိုက်တွန်းနေတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပဲ။

ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ဖို့က ဒီ ရွေးကောက်ပွဲလမ်းကြောင်းမဟုတ်ဘူး၊ စစ်အာဏာရှင်ကို အတည်ပြုမယ့် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ရွေးကောက်ပွဲလမ်းကြောင်းကို သွားမယ့်အစား ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပါပဲ။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း တံခါးကို တွန်းဖွင့်ဖို့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

အဲသည်အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ အနောက်နိုင်ငံတွေက ကုလသမဂ္ဂနဲ့အတူ မြန်မာပြည်စစ်အာဏာရှင်တွေရဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်း စစ်ဆေး အရေးယူဖို့၊ တရားစီရင်ဖို့ တိုက်တွန်းလာတယ်။ ဒါဟာ နိုင်ငံတကာက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ ထွက်ပေါက်လို့ မယုံကြည်ဘူးလို့ ထုတ်ဖော်ပြလိုက်တာ ဖြစ်တယ်လို့ မြင်ပါတယ်။ အဲသည်အချက်နဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေက ဘာတွေ ဆောင်ရွက်လို့ ရနိုင်သလဲ။ မဲဆန္̔ဒရှင်ပြည်သူတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုလဲ။

ကျနော်တို့ အင်န်အယ်ဒီက ဒီလိုမျိုးဆောင်ရွက်လာတာကို ထောက်ခံတယ် ဆိုတဲ့အကြောင်း နိုင်ငံတကာက အစိုးရအဖွဲ့အစည်းတွေကို ထုတ်ဖော် ပြောဆိုပါတယ်။ မြန်မာပြည်မှာလည်း လူ့အခွင့်အရေးအခြေအနေတွေက အတော်ကို ဆိုးဝါးနေပြီ။ ဒါကို အရေးယူဖို့ မပြောနဲ့ဦး၊ စုံစမ်းစစ်ဆေးဖို့ကို အခုကတည်းက မလုပ်နိုင်ရင် နောက်ကို ပိုပြီး ဆိုးဝါးတော့မှာ ဖြစ်တယ်။

ပြည်သူတွေက တဦးချင်း တယောက်ချင်း အနေနဲ့သာမက၊ နယ်စပ်ဒေသ နယ်တွေက မိသားစုတွေကလည်း မတရားအလုပ်ခံထားရတွေကို ရှေ့တိုးပြီး ထုတ်ဖော်ပြောဆိုလာမယ်။ ဒါဟာ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်အထိ၊ ရွေးကောက်ပွဲ ပြီးတဲ့အချိန်ထိ စောင့်နေစရာ မလိုဘူး။ အင်န်အယ်ဒီပါတီကလည်း အောက်ခြေအထိ အဆင့်ဆင့်ဆင်းပြီး ရှင်းလင်းပြောပြရင်းကနေ စစ်အာဏာရှင်တွေရဲ့ မတရားမှုတွေ အဓမ္မမှုတွေကို မှတ်တမ်း တင်ရမှာပဲ။ ထုတ်ဖော် ပြောဆိုပေးရမှာပဲ။ ဒါတွေကိုလည်း ကျနော်တို့က ဆက်လက် ဆောင်ရွက်နေမယ်ဆိုတာကို ပြောချင်ပါတယ်။

ဒီလိုမျိုး စုံစမ်းစစ်ဆေးရေးတွေ လုပ်လာတယ်ဆိုတာဟာ အရေးယူဖို့ လုပ်လာတာဟာ ကျနော့်သဘောအရ ပြောရရင်တော့ တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်နိုင်ဖို့၊ အင်ဂိတ်ဂ်ျ လုပ်နိုင်ဖို့အတွက် ဖွင့်ထားတာပဲလို့ မြင်ပါတယ်။ နိုင်ငံတကာရဲ့ မျက်နှာစာမှာ ဒီအချက်အလက်တွေ ရောက်ရှိလာရင်၊ တင်ပြလာနိုင်မယ် ဆိုရင် စစ်အစိုးရဲ့ ရွေးကောက်ပွဲဟာ ဘယ်သူ့အတွက်မှ အဖြေမဟုတ်ဘူးဆိုတာ ထင်ရှားလာမယ် ဖြစ်ပါတယ်။

ဒါမျိုးတွေနဲ့ ပြည်တွင်းမှကော ပြည်ပမှာပါ နိုင်ငံရေး အကြပ်အတည်းတွေ၊ ဖိအားတွေနဲ့ ရင်ဆိုင်လာရတဲ့ စစ်အာဏာရှင်လူတစုဟာ ဘယ်လိုမျိုး ပြန်လည် တုံပြန်မှုတွေနဲ့ တိုက်ခိုက်လာနိုင်သလဲ၊ ဖိနှိပ်မှုတွေ အကြမ်းဖက်မှုတွေကော လုပ်မလာနိုင်ဘူးလား။

ဒါကတော့ ကျနော်တို့တတွေ ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားရမှာ ဖြစ်ပါတယ်။ လူမျိုးရေး အဓိကရုဏ်းတွေ၊ ဘာသာရေး သွေးထိုးလှုံဆော်တာတွေကို ကျနော်တို့က သတိနဲ့ စောင့်ကြည့်ရမယ်။ နယ်တွေမှာလည်း အကြမ်းဖက်ခံရတာတွေ၊ အဖိနှိပ်ခံရတာတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံတကာမိသားစုတွေအနေနဲ့ကလည်း အခုလို စောင့်ကြည့်နေတဲ့ အချိန်မှာ စစ်ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ရာဇ၀တ်မှုတွေ ပိုမို ဆိုးဝါးလာတယ် ဆိုရင် နိုင်ငံတကာက အနောက်နိုင်ငံတွေသာမက၊ အာရှနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေမှာပါ မြန်မာပြည်က အပြစ်မဲ့တဲ့ လက်နက်မဲ့တဲ့ ပြည်သူလူထုတွေ၊ နိုင်ငံရေးအင်အားစုတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတာကလည်း ပိုပြီး ထင်ရှားလာမယ် ဖြစ်တယ်။ အဲလိုမျိုး ပြောချင်ပါတယ်။

ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ ဖြစ်ပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ရင်းမြစ်..မိုမခ

ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပ သပိတ်မှောက်ဖို့ဆုံးဖြတ်

သြဂုတ်လ ၁၉ ရက်နေ့က NLD ပါတီ ခေါင်းဆောင်လူကြီးတွေ ဆုံးဖြတ်ခဲ့တဲ့ အတိုင်း နိုဝင်ဘာ ၇ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ကမ္ဘာလုံးဆိုင်ရာနဲ့ ပြည်တွင်းက တိုင်းရင်းသားတွေကို စည်းရုံးလှုပ်ရှား သွားမယ်လို့ ပြည်တွင်း ပြည်ပက ဒီမိုကရေစီ အင်အားစုတွေက ဆိုကြပါတယ်။ဂျပန်နိုင်ငံရောက် ဒီမိုကရေစီအင်အားစုတွေ စုပေါင်းပြီး ဒီကမ္ဘာလုံးဆိုင်ရာသပိတ်မှောက် လှုပ်ရှားမှုအစီအစဉ်Global Action ကို ဂျပန်နိုင်ငံကနေ စတင်လှုပ်ရှားသွားဖို့ ခေါ်ဆို လိုက်တဲ့အကြောင်း ဒီဆုံးဖြတ်ချက်ရရှိအောင် ဦးဆောင်လှုပ်ရှားခဲ့သူ ညီညွတ်သော တိုင်းရင်း သားအဖွဲ့အစည်းများ (ဂျပန်နိုင်ငံ) က ပလောင် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမိုင်ကျော်ဦးက ပြောပါ တယ်။

``ဂျပန်ဟာ ကုလသမဂ္ဂလုံခြုံရးကောင်စီ (အလှည့်ကျ) အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တယ်၊ အာဏာရပါတီဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာရော မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ကိုရော အတော်လေးအားပေးတာ တွေ့ရတယ်`` လို့မိုင်ကျော်ဦးက ပြောပါ တယ်။

ကျင်းပမယ့်ရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား တွေ၊ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေ မပါဘူးဆိုရင် ဘယ်လိုမှ တရားနည်းလမ်း မကျဘူး၊ တရားမျှတတဲ့ ရွေးကောက်ပွဲလည်း မဖြစ်နိုင်ဘူး၊ အသိအမှတ်ပြုဖို့လည်း ခက်ခဲသွား လိမ့်မယ်လို့ သူက ဆိုပါတယ်။

အဲဒီလို အသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့မယ်ဆိုရင်တော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး က ပြောထားတဲ့ မြန်မာအစိုးရကို ပံ့ပိုးမယ့် ကူညီမှုတွေကို စဉ်းစားမယ် ဆိုတဲ့အတိုင်း ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ဖို့ တိုက်တွန်းတောင်းဆို သွားမယ်လို့ ဆက်ပြောပါ တယ်။

ကမ္ဘာလုံးဆိုင်ရာ သပိတ်မှောက်လှုပ်ရှားမှုလုပ်ဖို့ ခေါ်ဆိုလိုက်ချိန်မှာပဲ ကချင်ပြည်နယ်က မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ တနိုင်းနဲ့ မြစ်ကြီးနားမြို့ကွေ NLD အဖွဲ့ဝင်တွေကလည်း NLD ဗဟိုက ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ ဆုံးဖြတ်ချက်အတိုင်း သပိတ်မှောက်ကြဖို့ ဆုံးဖြတ်လိုက်ပြီး တိုင်းရင်းသား ညီအစ်ကိုတွေကို ဆန္ဒမဲ မပေးဘဲ နေနိုင်တဲ့အကြောင်း စည်းရုံးမှုတွေ လုပ်သွားမယ်လို့ဆိုပါတယ်။

ဒီငါးမြို့နယ်က NLD အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးကြပြီး အခုလိုဆုံးဖြတ်ခဲ့ကြတာလို့ ဒီဆုံးဖြတ်ချက်ချခဲ့တဲ့ အဖွဲ့မှာ ပါခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သတင်းရင်းမြစ်..ဘီဘီစီ

ရဲမွန် တပ်ရင်း တွေနဲ့ လာလဲတဲ့ တပ်တွေကြား ရဲမွန်တပ်အရေး ပိုတင်းမာနေ


ရန်ကုန်တိုင်း အင်းတိုင်အခြေချ ရဲမွန်တပ် မြို့မှာရှိတဲ့ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၈ ရင်းက သူတို့ရဲ့ ဘဏ်စုငွေတွေပြန်ထုတ်ပေးဖို့ တောင်းဆိုနေတဲ့ကိစ္စ ပြေလည်မှု မရသေးဘဲ ရှိနေချိန်မှာ အဲဒီ တပ်တွေကို အစားထိုးဖို့ တပ်မ ၁၁ တံဆိပ် တပ်ထားတဲ့ တပ်ဖွဲ့တွေ စနေနေ့ညနေက ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် ရဲမွန်တပ်ဖွဲ့တွေက လက်မခံတဲ့ အတွက် ခမရ ( ၂၁၃)တပ်ရင်းက တပ်ရင်းမှုးကအစ စစ်ရေးကို ပြင်ဆင်တဲ့ အနေနဲ့ လက်နက်တွေ ထုတ်ကိုင်နေတဲ့ အနေအထားရှိတယ်လို့ ခမရ ( ၂၁၃)က တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လာလဲတဲ့ တပ်အင်အားက ၅၀၀၊၆၀၀ ခန့်ရှိပြီး ရဲမွန်ဝန်းကျင်မှာ လုံခြုံရေး အနေအထားနဲ့ နေရာယူနေကြတယ်လို့ သူကပြောပါတယ်။

တပ်မမှုး ကိုယ်တိုင်လာညှိပေမယ့် မပြေလည်သေးဘူးလို့ ဆိုပါတယ်။ တပ်ကို ရိက္ခာဖြတ် ထားတဲ့အတွက် ရိက္ခာတွေလည်း ပြတ်လာနေပြီလို့ ပြောပါတယ်။ရိက္ခာကုန်ရင် ပစ်ခတ်မှုဖြစ်လာနိုင်တယ်လို့ ဘီဘီစီကဆက်သွယ်ခဲ့တဲ့ ရဲမွန်တပ်ဖွဲ့ဝင်တဦးက ပြောပြပါတယ်။

ရဲမွန်တပ်မြို့ထဲမှာ အင်အား ၄၀၀ ဝန်းကျင်လောက် ကျန်ရှိနေပြီး အများစုဟာ လူပျို လူလွတ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်..ဘီဘီစီ

၂၀၁၀ရွေးကောက်ပွဲ ပါတီတွေ အမတ်စာရင်းတင်ဘို့ အခက်တွေ့

ဦးသုဝေသတင်းစာရှင်းလင်းပွဲ


ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကသာ ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ် နေရာ အများစုနဲ့ အလွယ်တကူ အနိုင်ရရှိ မယ့် အလားအလာရှိတယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

သူတို့အနေနဲ့ကတော့ အခက်အခဲတွေကြောင့် တနိုင်ငံလုံးမှာ စုစုပေါင်း ကိုယ်စားလှယ် ၁၀၀ လောက်ပဲ အရွေးခံနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

''အဓိက အခက်အခဲကတော့ ငွေရေးကြေးရေး အခက်အခဲနဲ့ အချိန်မလုံလောက်တဲ့ အခက် အခဲ ရှိနေပြီး၊ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းစာရင်း တင်ဖို့ အခုပဲ ကြေညာတယ်၊ အခုပဲ နှစ်ပတ်အတွင်း တင်ဆိုတော့ကာ ငွေရှာနေတုန်း ကိုယ်စားလှယ် တွေကတော့ ထပ်ပြီးတော့ ရှာဖို့ အလားအလာ မရှိတော့ဘူးပေါ့၊ ဒီတော့ကာ လူ ၁၀၀ လောက်ကတော့ တင်ဖြစ်မှာပေါ့'' လို့ ဦးသုဝေက ဘီဘီစီကို ရှင်းပြပါတယ်။

''ကိုယ်စားလှယ်လောင်းတွေ တင်ရင် မဲဆန္ဒနယ်မှာ မဲထည့်ရမယ့် မဲစာရင်းနံပါတ်ဆိုတာ ရှိတယ်၊ အဲဒါကို ရွေးကောက်ပွဲ ရပ်ကွက်ကော်မရှင်မှာ အရင်သွားတောင်းရတယ်၊ ဒါပေမယ့် အဲဒီရပ်ကွက် ကော်မရှင်မှာ အခုထက်ထိ အဲဒီမဲစာရင်းက မရသေးဘူး၊ အချိန်က တပါတ် လောက်ပဲ ကျန်တော့တယ်၊ ဒီလိုအခက်အခဲတွေကြောင့် ကိုယ်စားလှယ်တွေလျော့သွားတာ ဖြစ်တယ်'' လို့ ဦးသုဝေက ပြောပါတယ်။

အခုလို အနေအထားဟာ လက်တွေ့အရ ဆိုရင် ရွေးကောက်ပွဲကော်မရှင် ဘက်ကတောင် အဆင်သင့် မဖြစ်သေးပဲ မိမိတို့အပေါ် အတင်း ဖိအားပေးတဲ့သဘော ဖြစ်တယ်လို့လည်း ဦးသုဝေက ဘီဘီစီကို ပြောပါတယ်။

ဒီလိုအခြေအနေတွကြောင့် ဒီမိုကရေစီအင်အားစုဆိုတဲ့ပါတီတွေ ပေါင်းလိုက်မယ် ဆိုရင် တောင် ရွေးချယ်ခံမယ့် အမတ်နေရာ တစ်ဝက်မရှိဘူးလို့လည်းပြောပါတယ်။

ဒါတွဟော ဒီမိုကရေစီ အင်အားစုတွေ အခက်အခဲအများကြီးဖြစ်အောင်လုပ်ပြီး သူတို့ဘက် က များများရအောင် စံနစ်တကျစီမံပြီး တမင်လုပ်ထားပုံရကြောင်း ဘီဘီစီကိုပြောပါတယ်။

ရင်းမြစ်..ဘီဘီစီ

နေပြည်တော်ပျဉ်းမနားမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကုက္ကိုပင်လဲကျ၍ အိပ်ပျော်နေသည့် မိသားစုသုံးဦးစလုံး သေဆုံး



နေပြည်တော်ပျဉ်းမနားမြို့တွင် သြဂုတ်လ ၂၂ ရက် နံနက် ၃ နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေချီရပ်ကွက်၊ ဗိုလ်သန်းတင်လမ်း(ပဲလှော်လမ်း)ရှိ သက်တမ်းရင့် ကုက္ကိုပင်ကြီးတစ်ပင်သည် အနီးရှိ အိမ်တစ်အိမ်ပေါ်သို့ ပြိုလဲခဲ့သောကြောင့် ယင်းအိမ်မှ အိပ်ပျော်နေသည့် မိသားစုဝင်သုံးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁း၃၀ နာရီခန့်အချိန်တွင် စတင်ရွာသွန်းခဲ့သော မိုးနှင့်အတူ အဆိုပါ သက်တမ်းရင့် ကုက္ကိုပင်ကြီး အမြစ်မှပြိုလဲကျပြီး သေဆုံးသူ ဦးတင်လှ၏ နေအိမ်သို့ပိကာ (၎င်းအပါအ၀င် ဇနီးဖြစ်သူ ဒေါ်ခင်တုတ်နှင့် သား ဖြစ်သူ မောင်ဇော်)မိသားစုဝင် သုံးဦးစလုံး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

''ဒီအဖြစ်အပျက်ကတော့ ကျွန်တော်တို့အနေနဲ့ တအံ့တသြ ဖြစ်မိတယ်။ အဲဒီညကဆိုရင် ကျွန်တော်တို့ ဘောလုံးပွဲကြည့်ပြီး ၁ နာရီထိုးလောက် မိုးစရွာတဲ့အချိန်ပဲ ဘောလုံးပွဲပြီးတာနဲ့အိပ်လိုက်တာ ၀ုန်းကနဲ အသံကြားတာနဲ့ တစ်ရပ်ကွက် လုံး အထိတ်တလန့် ထွက်ကြည့်တော့ ဒီကုက္ကိုပင်ကြီးက အမြစ်ကနေလဲပြီး ဦးတင်လှ အိမ်ကိုပိနေတာတွေ့ရတယ်။ ရပ်ကွက်က လူငယ်တွေ ၀ိုင်းပြီးဝင်ကြည့်ကြတော့ မိသားစုဝင်သုံးဦးစလုံး သစ်ပင်ပိ သေဆုံးနေတာ တွေ့တာနဲ့ သက်ဆိုင်ရာ ကို အကြောင်းကြားခဲ့ပါတယ်''ဟု နေပြည်တော်ပျဉ်းမနား ရွှေချီရပ်ကွက် ဒေသခံတစ်ဦးက ပြောပါသည်။

အဆိုပါ ဖြစ်စဉ်အား နေပြည်တော်ပျဉ်းမနားမြို့နယ် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃၀/၂၀၁၀ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်ဟု eleven ဂျာနယ်တွင်ဖော်ပြပါရှိသည်.။

ရန်ကုန်တိုင်း စုပေါင်းရုံးမှ ဌာနအချို့ ပြည်လမ်းမပေါ်ရှိ ယခင်လွှတ်တော် အဆောက်အအုံသို့ ပြောင်းရွှေ့မည်


(ယခင်လွှတ်တော် အဆောက်အအုံ)

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဘဏ်လမ်းရှိ ရန်ကုန်တိုင်း စုပေါင်းရုံးတွင် ရုံးထိုင်လျက်ရှိသော ဌာနအချို့မှာ ဒဂုံမြို့နယ် ပြည်လမ်းမပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး (ယခင်လွှတ်တော် အဆောက်အအုံ)သို့ ပြောင်းရွှေ့ရုံး ထိုင်တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ပြောင်းရွှေ့ရုံးထိုင်မည့် စုပေါင်းရုံးမှ ဌာနများမှာ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံး၊ ရန်ကုန်တိုင်း စည်ပင်သာယာရေး ဦးစီးဌာနတို့ဖြစ်ပြီး ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနလည်း ပါဝင်ကြောင်း သိရှိရသည်။

စုပေါင်းရုံးတွင် ရုံးထိုင်ခဲ့သော ရန်ကုန်တိုင်းကော်မရှင် အဖွဲ့ခွဲရုံးလည်း လိုက်ပါပြောင်းရွှေ့ ရုံးထိုင်မည်ဖြစ်ပြီး ပြောင်းရွှေ့ရုံးထိုင်မည့်ရက်ကိုမူ အတိအကျမသိရှိသေးကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင်မူ အဆိုပါဌာနများ ပြောင်းရွှေ့ရန်အတွက် ရှင်းလင်းမှု လုပ်ငန်းများ ပြုလုပ်လျက်ရှိသည် ဟု သိရှိရသည်.။

ယင်းဌာနများ လွှတ်တော်ရုံး သို့ ပြောင်းရွှေ့ရုံးထိုင်မည် ဖြစ်သည့်အတွက် ရန်ကုန်တိုင်းစုပေါင်းရုံးတွင် ရန်ကုန်တိုင်း တရားလွှတ်တော် နှင့် တိုင်းဥပဒေရုံးနှစ်ခုသာ ရုံးထိုင် ကျန်ရှိမည်ဖြစ်ကြောင်း news-eleven. ဂျာနယ်တွင်ဖော်ပြပါရှိသည်.။

ဇာတ်လမ်းရေးကြရာမှာ ယုတ္တိယုတ္တာ ရှိကြပါစေ

နိုင်ငံရေးပါတီ ထုတ်ဝေခွင့် မှတ်ပုံမတင်ရသေးသော နိုင်ငံရေးပါတီ များက စာအုပ်၊ စာစောင်၊ သတင်းလွှာ၊ သတင်းစဉ်၊ စာရွက်စာတမ်း များကို ထုတ်ဝေလာပါက အရေးယူသွားမည်

နိုင်ငံရေးပါတီ ထုတ်ဝေခွင့် မှတ်ပုံမတင်ရသေးသော နိုင်ငံရေး ပါတီများက စာအုပ်၊ စာစောင်၊ သတင်းလွှာ၊ သတင်းစဉ်၊ စာရွက် စာတမ်းများကို ထုတ်ဝေလာပါက အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

လက်ရှိ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီ ရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၂ ပါတီအနက် ပါတီ ၄၁ ပါတီ ကိုမှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေး ပါတီ ၄၁ ပါတီအနက် ၂၁ ပါတီသာ နိုင်ငံရေးပါတီ ထုတ်ဝေခွင့်မှတ်ပုံတင် လျှောက်ထားပြီးကြောင်း သိရသည်။

နိုင်ငံရေးပါတီများသည် မိမိတို့ ပါတီနှင့်လူထုကြား ထိတွေ့မှုရှိစေရေး၊ ရန်ပုံငွေရရှိစေရေး၊ စည်းရုံးရေးလုပ်ငန်းများ ပိုမိုထိရောက်မှု ရှိစေရေးစသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံရေးပါတီ ထုတ်ဝေခွင့် မှတ်ပုံတင် လျှောက်ထားလျက်ရှိကြသည်။

နိုင်ငံရေးပါတီများသည် မိမိ တို့ပါတီ၏ မူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့်လက်ကမ်း စာစောင်များကို ထုတ်ဝေလိုပါက နိုင်ငံရေးပါတီ ထုတ်ဝေခွင့်မှတ်ပုံတင် လျှောက်ထားရန် လိုအပ်သည်။

လျှောက်ထားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်သူများ၊ ထုတ် ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ထံသို့ နိုင်ငံရေးပါတီ ထုတ်ဝေခွင့် မှတ်ပုံတင် လျှောက်ထားရမည် ဖြစ်ပြီး မှတ်ပုံတင်သက်သေခံ လက် မှတ်ထုတ်ပေးရန်အတွက် နိုင်ငံတော်သို့ သတ်မှတ်ထားသော မှတ်ပုံတင် ကြေးတစ်သိန်း၊ အာမခံကြေး ငါး သိန်း တို့ကို ကြိုတင်ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံရေးပါတီ ထုတ်ဝေခွင့် မှတ်ပုံတင်ရရှိပြီးသော နိုင်ငံရေးပါတီများသည် ၎င်းတို့ ထုတ်ဝေလိုသော ပါတီ၏မူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ် စည်းရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်း စာစောင်များအတွက် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ကြိုတင်တင်ပြ စိစစ်မှု ခံယူခြင်းမှ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်းnews-eleven ဂျာနယ်တွင်ဖော်ပြပါရှိသည်.။