05 October 2011

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်


အန်တီ့အနေနဲ့ နိုင်ငံရေးခရီး ကြမ်းကိုလည်း ဖြတ်သန်းခဲ့ရတယ်။ တိုက်ပွဲဝင်ရတဲ့ နေ့ရက်တွေလည်း အများကြီး။ တစ်ကိုယ်တည်းလည်း နေခဲ့ရတယ်။ ဘယ်လိုစိတ်ဓာတ်၊ ဘယ်လိုသမာဓိမျိုး ခံယူပြီးတော့ ဒီအခက်အခဲတွေ ကို ဖြတ်ကျော်ရင်ဆိုင်ပါသလဲ။

တစ်ခုပြီးတစ်ခု ကိုယ်တွေ့တဲ့ အခက်အခဲတွေကို တစ်ခုပြီးတစ်ခု ကျော်လွှားပါတယ်။ မဖြစ်သေးတဲ့ ဟာတွေကိုတော့ လုံးဝမစဉ်းစားဘူးတော့ မဟုတ်ဘူးပေါ့နော်။ အတိုင်းအတာ တစ်ခုထိတော့ ဒါတော့ စဉ်းစားတာပေါ့။ ဖြစ်နိုင်ခြေရှိတာတွေ၊ အဲဒါထက်ပိုပြီးတော့ လက်တွေ့ကျကျ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို တစ်ခုစီတစ်ခုစီ ကျော်လွှားသွားတာ အကောင်းဆုံးပဲလို့ကျွန်မထင်တယ်။

ကိုယ်ကိုယ်တိုင်ကလည်း စာရေးတယ်။ စာအုပ်တွေလည်း အများကြီး ဖတ်ခဲ့တယ်ဆိုတော့ ကိုယ်ရေး အတ္ထုပ္ပတ္တိရေးဖို့ အစီအစဉ် ရှိပါသလား။

အဲဒါ တစ်ခုလုံးတော့ မဟုတ်ဘူးပေါ့နော်။ အချို့အတွေ့အကြုံ တွေနဲ့ ပတ်သက်ပြီးတော့ ရေးချင်တဲ့စိတ် ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိအနေနဲ့တော့ သိပ်ပြီးတော့ ရေးချင်တဲ့ဆန္ဒမရှိဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မထင်တယ်လေ။ ကိုယ့်အကြောင်းကိုယ်ရေး တာဟာ စုံစုံလင်လင် ရေးဖို့ဆိုတာလည်း ခက်ပါတယ်။ နောက်ပြီးတော့လည်း အဲဒါအပြင်မှာလည်း ကိုယ့်ကိုယ်ကိုယ်မြင်ပုံက ဘယ်လိုပဲပြောပြော တစ်ဖက်သတ်တော့မြင်မှာပဲ။ (ရယ်လျက်)

နိုင်ငံတကာ ခေါင်းဆောင်တွေလည်း ရေးတာပဲ။ စာရေးကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ တချို့မရေးတတ်တဲ့သူတောင် ရေးကြသေးတယ်။ ကိုယ်က အင်္ဂလိပ် လိုရော မြန်မာလို ရောတတ်တာပဲ။

အဲဒါကတော့ ဟုတ်တာပေါ့။ နောက်ပြီးတော့လည်း ဘယ်လိုပြောရမလဲ။ ကျွန်မတို့လိုနိုင်ငံရေး လုပ်နေတဲ့သူ အတွက် ကိုယ့်ရဲ့ကိုယ်ပိုင် သီးသန့်ဘဝဆိုတာ မရှိသလောက်ပဲ။ အဲဒီတော့ ဘာပဲပြောပြော အဲဒီလို သီးသန့်ဘဝမျိုးတော့ တတ်နိုင်သလောက် ထိန်းသိမ်းထားချင်စိတ်လည်း ပါတာပေါ့နော်။ အဲဒါကြောင့် လည်း ဒီလိုကိုယ်ရေး အတ္ထုပ္ပတ္တိတွေ ဘာတွေ မရေးချင်တာ။ အမေဒေါ်အမာလည်း မေးဖူးပါတယ်။ နောက်ဆုံးအကြိမ် ကျွန်မ မန္တလေးမှာတွေ့ တုန်းက အဲဒီလိုပဲ မေးဖူးတယ်။ ကိုယ်ရေးအတ္ထုပ္ပတ္တိရေးဖို့ မစဉ်းစားဘူးလားတဲ့။ ကျွန်မဒီလိုပဲဖြေခဲ့တယ်။ ကိုယ်ပိုင်သီးသန့် ဘဝအပိုင်းအစ တစ်ခုတော့ ရှိသင့်တယ်။ အဲဒါကြောင့် မရေးချင်ဘူးလို့။ အမေကနားလည်ပါတယ်။

သူများတွေ ရေးရင်ကော။

သူများတွေက ရေးတာတော့ ကျွန်မခွင့်ပြုတာ၊ မပြုတာနဲ့ မဆိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရေးပိုင်ခွင့် ရှိပါတယ်။ ကျွန်မ မရေးနဲ့လို့လည်း မပြောဘူး။ ရေးလို့လည်း မပြောဘူး။

သူများတွေ အန်တီနဲ့ အင်တာဗျူးလုပ်ပြီးရေးရင်ရော။

အဲဒါတော့ ကျွန်မ မလုပ်ဘူး။ ကျွန်မ အတ္ထုပ္ပတ္တိရေးဖို့ အင်တာဗျူးလုပ်ဖို့ တောင်းရင်တော့ ကျွန်မ မပေးဘူး။ ဒါတော့ ကျွန်မလက်မခံဘူး။ ရေးသမျှကို ကိုယ်ကပဲသဘော တူသလိုလိုနဲ့။ အဲဒီလိုဟာမျိုး ဖြစ်သွားမှာစိုးတယ်။ အဲဒါမျိုးကျတော့ ကျွန်မတာဝန်ယူရမှာ။ အဲဒီတော့ တကယ်တော့လည်း စာရေးဆရာက သူရေးချင်တာရေးမှာပဲ။ အဲဒါကြောင့်မို့ နောက်ပြီးတော့လည်း ဒီလိုရေးဖို့ တောင်းဆိုတဲ့ သူတွေများတဲ့ အခါကျတော့ တစ်ယောက်တော့ပေးပြီး တစ်ယောက်တော့ မပေးဘူးဆိုပြီး အဲဒီလိုမျိုး ကျွန်မမခွဲခြားချင်ဘူး။

နိုင်ငံခြား စာရေးဆရာတွေ ဆိုရင်ရော။

လာပြီးတော့ တွေ့ဖူးပါတယ်။ ကျွန်မကပြောတယ်။ သူတို့ဟာ သူတို့ ရေးချင်ရေး။ ဒါကတော့ ကျွန်မလည်းမတားနိုင်ဘူး။ ဒါပေမဲ့လည်း ဒီဟာရေးဖို့အတွက် အင်တာဗျူး ဆိုတာတော့ ကျွန်မ မလုပ်ပါဘူး။

The Lady ဇာတ်ကားကို ကော ကြည့်ပြီးသွားပြီလား။

မကြည့်ရသေးဘူး။ ကြည့်ဖို့ လည်း ရည်ရွယ်ချက်သိပ်မရှိပါဘူး။

အဲဒီဇာတ်ကားကို ဝေဖန်နေတာတွေ ကိုရော အန်တီကြားလား မသိဘူး။

အမျိုးမျိုးပြောနေကြတာပေါ့ နော်။ ကြိုက်တဲ့လူလည်းရှိတယ်။ မကြိုက်တဲ့လူလည်း ရှိတယ်။ ဒါဟာ ဇာတ်ကားတိုင်းက ဒီလိုပါပဲ။ အဲဒီတော့ ဒါကျွန်မလည်း မသိဘူး လေ။ ရိုက်နေတဲ့အခါမှာလည်း ကျွန်မဘာမှမပတ်သက်ခဲ့ဘူး။ ကျွန်မ အနေနဲ့ မီရှဲယိုနဲ့တွေ့ဖူးပါတယ်။ သူက အင်မတန် ခင်မင်ဖို့ကောင်းတယ်။ ဒါပေမဲ့ ဒါဟာဒါပဲ။ တွေ့တဲ့အချိန်တုန်းက ဇာတ်ကားက ရိုက်လို့ပြီးနေပြီ။

အန်တီ့အနေနဲ့ ဘဝမှာ စံနမူနာအဖြစ် သတ်မှတ်ထားတဲ့ လူက ဗိုလ်ချုပ်ပဲလား။ တခြား ပုဂ္ဂိုလ်များ ရှိသေးလား။

အဖေကတော့ ထူးခြားတာပေါ့။ ကိုယ့်ရဲ့အဖေလည်းဖြစ်တယ်။ နောက်ပြီးတော့ ကျွန်မအနေနဲ့ ဖေဖေ့ကို ကိုယ့်ရဲ့ခေါင်းဆောင်အဖြစ် လက်ခံတယ်။ နောက်ပြီးတော့ ဖေဖေနဲ့ပတ်သက်လို့ရှိရင် ငယ်ငယ် ကတည်းက သိနေတယ်။ အဲဒီတော့ စံနမူနာ အဖြစ်နဲ့ပြောရအောင် သိပ်နီးကပ်နေတဲ့ အခါကျတော့ ကိုယ်နဲ့တောင် ခွဲခြားလို့ မရ သလို ဖြစ်နေတယ်။ စံနမူနာအဖြစ်နဲ့ ထားတာတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဥပမာဆိုရင် ကျွန်မ ဂန္ဒီကြီးကိုလည်း လေးစားတာပဲ။ ဂျဝါဟလာနေရူး လည်း လေးစားပါ တယ်။ ပုံစံချင်းကမတူဘူး။ ပုံစံချင်း က မတူပေမယ့်လည်း နှစ်ဦးစလုံး က တစ်မျိုးစီလေးစားစရာ ကောင်း တာပဲ။ အခုခေတ်မှာဆိုရင် နယ်လ် ဆင်မစ်ဒဲလားနဲ့ ဒက်စမွန်တူးတူးနဲ့ မတူသလိုပေါ့။ တစ်ယောက်နဲ့တစ် ယောက် တူတာမဟုတ်ဘူး။ ဒါပေမဲ့ နှစ်ဦးစလုံးက လေးစားစရာပဲ။ နောက်နိုင်ငံရေးနဲ့ မသက်ဆိုင်ပေမယ့် အမျိုးသမီးတွေ ထဲမှာတော့ ကျွန်မအလေးစားဆုံးက မာရီကျူနီပဲ။ နိုဘယ်ဆုရှင်မို့လို့ မဟုတ်ပါဘူး။ သူ့ရဲ့ဥာဏ်ရောဇွဲရော၊ အပင်ပန်းခံပြီး သူယုံကြည်တဲ့အလုပ်ကို သူလုပ်တာရော။ အမျိုးမျိုးပေါ့။

အန်တီ့အနေနဲ့ နိုဘယ်ဆု ချီးမြှင့်ခံရကြောင်း သိလိုက်ရတဲ့ အခါမှာ ဘယ်လိုခံစားရပါသလဲ။

အဲဒါကတော့ နိုဘယ်ဆုက မချီးမြှင့်ခင်တစ်ပတ်နှစ်ပတ်လောက် တုန်းက ဒါရနိုင်တယ်ဆိုတာ BBC တို့၊ VOA တို့ကနေ ကြားနေရတာ ပေါ့။ လုံးဝအံ့အားသင့် တယ်လို့ မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရနိုင်ခြေများတယ် ဆိုတာတော့ နည်းနည်းကြိုတင်ပြီးတော့ ကြားနေရတာကိုး။

အန်တီ ဒီလောက်အလုပ် များနေတဲ့ကြားထဲက စာပေတွေကို ဘယ်အချိန်မှာဖတ်ပြီး ဘယ်လိုလေ့လာပါသလဲ။ တချို့က အလုပ်များတယ် များတယ် စာဖတ်ချိန်တောင် မရှိဘူးလို့ ပြောကြတယ်။

အဲဒါကတော့လေ မဖတ်ချင်လို့ပဲ။ တကယ်ဖတ်ချင် လို့ရှိရင် နည်းနည်းလေး မဖတ်လိုက်ရရင် တစ်ခုခု လိုနေသလိုပေါ့နော်။ စာဖတ်တယ် ဆိုတာက ထမင်းစား ရေသောက် သလိုပေါ့။ အချိန်ရှိသရွေ့ဒီလိုပဲ။ ဥပမာဆိုလို့ရှိရင် စားပွဲမှာ အဲဒီအလုပ်နဲ့ ပတ်သက်တဲ့ စာတွေဘာတွေ လုပ်နေရင်းနဲ့ ဘေးမှာတော့ စာအုပ်ကလေး ၂ အုပ် ၃ အုပ်ထားတာပေါ့။ အချိန်ရှိခိုက် စာဆွဲဖတ်လိုက်တာပေါ့။ တစ်ခါတလေကျ လို့ရှိရင်လည်း တစ်နေ့လုံး သတ်သတ် မှတ်မှတ်စာဖတ်မယ်ဆိုပြီးတော့ ဖတ်တာလည်း ရှိတာပေါ့။

အန်တီစကားပြောတဲ့အခါ အင်္ဂလိပ်စကားလုံးတွေ ပါနိုင်ရဲ့သားနဲ့ ထည့်မသုံးဘူး။ တချို့တွေတော်တော်များများက အင်္ဂလိပ် စကားလုံးတွေ ညှပ်ညှပ်ပြီး ပြောကြတယ်။ အဲဒါ အန်တီက တမင်တကာ သတိထားပြီးတော့လား။ ဒါမှမဟုတ် မြန်မာစကားကို မြန်မာလိုပဲ သေချာ ပြောဖြစ်တာလား။

အဲဒါတော့ အလေ့အကျင့်ပဲ။ အဲဒါ မေမေ့ရဲ့ကျေးဇူးကြောင့်။ မေမေက ငယ်ငယ်ကတည်းက သင်ထားတယ်။ ဗမာစကားပြောရင် ဗမာစကားပြော၊ အင်္ဂလိပ်စကား ပြောရင် အင်္ဂလိပ်စကားပဲပြော။ ရောပြီးတော့မပြောနဲ့။ တစ်ခါတလေ ကျွန်မလည်း ဗမာစကားက သိပ်ပြီးတော့ ရှာရခက်တယ်။ တိတိကျကျ မရှိရင်တော့ အင်္ဂလိပ်စကား ညှပ် ပြောရတယ်။ ဒါပေမဲ့ ပြန်နိုင်လို့ရှိရင် တတ်နိုင်သမျှ ဗမာလိုပြန်ပြီး ပြောင်ရင်တော့ ဗမာလိုပဲပြောတယ်။

အန်တီက အမှားတစ်ခုလုပ် ပြီးရင် ကြာကြာမထားတတ် ဘူး။ ချက်ချင်းပြောလိုက်ရမှလို့ ပြောဖူးတယ်နော်။

ကျွန်မက တောင်းပန်စရာရှိရင် ချက်ချင်းတောင်းပန်တယ်။ ဒါကို ဆွဲပြီးမနေဘူး။ ဆွဲပြီးနေလို့လည်း အဲဒါက ပျောက်သွားမှာလည်း မဟုတ်ဘူး။ ဖြစ်တာဖြစ် ခဲ့ပြီးပြီပဲ။ မြတ်စွာဘုရားတောင်မှ ဖြစ်ပြီးတဲ့ ကိစ္စကို မဖြစ်ရဘူးဆိုပြီးတော့ ဖန်တီးလို့ရတာမှ မဟုတ်တာ။ ဖြစ်ပြီးတဲ့ကိစ္စက ဖြစ်ပြီးသွားပြီ။ အဲဒီ ဖြစ်ပြီးတဲ့ကိစ္စအတွက် တောင်းပန် ဖို့လိုတယ်ဆိုရင် မြန်မြန် တောင်းပန်လိုက်တယ်။

ဗုဒ္ဓဘာသာကောင်းတစ် ယောက်အနေနဲ့ ဘယ်လိုကျင့်ကြံ ပါသလဲ။

တရားမှတ်တာတော့ မှန်မှန် မှတ်ပါတယ်။ တစ်နေ့တစ်နာရီပေါ့။ ဒါကတော့ ပုံမှန်လုပ်တဲ့အလုပ်ပေါ့။ အမှန်ပြောရရင် အဲဒါထက်ပိုပြီးတော့ လုပ်ဖို့အချိန်သိပ်မရှိဘူး။

ကိုထိန်လင်းကလာတယ်။ အလက်ဇန်းဒါးက ဘယ်တော့ လာမလဲ။ လူတွေကသိချင်ကြ တယ်။

အဲဒါကတော့ သူကိုယ်တိုင်ကလည်း အစီအစဉ်ကတော့ မလုပ်ရသေးဘူး။ စကားပြောတာကတော့ တစ်ပတ်တစ်ခါ တယ်လီဖုန်းနဲ့ မှန်မှန်ပြောတယ်။ သူ့အတွက် အဆင် ပြေတဲ့အချိန်မှပဲ လာဖို့အကောင်းဆုံးပဲလို့ အန်တီကလည်း သဘောတူထားပါတယ်။

တချို့တွေက သိချင်လို့ လာ မေးကြတယ်။ ကိုထိန်လင်း ဘာလုပ်သလဲဆိုတာ။

သူက လက်သမားအလုပ်ကို သင်တန်းတက်ပြီးတော့ သင်ထားတယ်။ သူက အဲဒီအလုပ်ကိုပဲ ဝါသနာပါပြီး အဲဒီအလုပ်ပဲ လုပ်ပါတယ်။


Popular News