ကမ္ဘာတွင် Burma ဟု လည်း ခေါ်ဝေါ်ကြသော မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသော ပြည်သူများသည် ရက်စက်ကြမ်းကြုပ်သော စစ်အုပ်ချုပ်ရေး စနစ်အောက်တွင် ရာစုနှစ် ဝက်မျှ နေထိုင်ခဲ့ကြရ သည်။ မြန်မာနိုင်ငံသည် ယခုအခါ ကိုးရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (ခေါ်) မြောက်ကိုးရီးယား ကဲ့သို့ များစွာ ငတ်မွတ်ခေါင်းပါးခြင်း ရှိပုံမရသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုသော တိုင်းရင်းသားအုပ်စုများစွာနှင့် ဖြစ်ပွားနေသော မဆုံးနိုင် သည့် စစ်ပွဲများ ပြင်းထန်နေပြီ ဖြစ်သည်။
မကြာသေးခင်ကအထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်ခဲ့သော တပ်မတော် အစိုး ရခေါ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် မြို့ရွာအသီးသီးမှ ဒီမိုကရေစီ ထောက်ခံ လှုပ်ရှားသူများကို ဖမ်းဆီးထောင်ချခြင်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ပေးသည့် လူသားချင်း စာနာ သာ အကူအညီများကို နှောင့်နှေးစေခြင်း၊ အရှေ့ဖက်ကုန်းမြင့်ဒေသ အပါအဝင် တောင်တန်းပြည်နယ်နေ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အရပ်သား များကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ်ခြင်း တို့ကို ပြုလုပ်ခြင်းဖြင့် သူတို့ တပ်မတော်အစိုးရ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပုံစံကို အကောင် အထည်ဖေါ် မြှင့်တင်ခဲ့သည်။ သူတို့၏ ဖိနှိပ်အုပ်ချုပ်မှုက မြန်မာပြည်သူများကို ဆင်းရဲတွင်းသို့ တွန်းပို့ခဲ့သည်။
သို့သော်လည်း လူတိုင်း ဆင်းရဲနေကြသည်တော့ မဟုတ်ပေ။ အာဏာရှင်အစိုးရများ၏ ထုံးစံအတိုင်း အစိုးရအဖွဲ့ဝင်များ၊ သူတို့၏ မိသားစုဝင်များ၊ မိတ်ဆွေရောင်းရင်းများမှာမူ နိုင်ငံရေးအာဏာမှတစ်ဆင့် ကြီးမားစွာ အမြတ်ထွက်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုနှင့် အီးယူ၏ အရေးယူ ပိတ်ဆို့မှု များသည် မြန်မာအစိုးရ၏ ဘဏ္ဍာရေး လုပ်ငန်း နှောင့်နှေးစေရုံမျှသာ တတ်နိုင်ကြသည်။
စိတ်မကောင်းစရာမှာ အထက်ပါ အရေးယူ ပိတ်ဆို့မှုများသည် ဒီမိုကရေစီကို အားပေးမြင့် တင်နိုင်ခြင်း(သို့) မြန်မာပြည်သူများ၏ အခြေအနေကို တိုးတက်စေခြင်း လုံးဝမရှိဘဲ၊ မြန်မာ အုပ်ချုပ်သူအလွှာ ကို နှောက်ယှက်ရုံမျှသာ တတ်နိုင်ကြခြင်း ဖြစ်သည်။ တရုတ်၊ အိန္ဒိယနှင့် အခြား အာရှနိုင်ငံများက မြန်မာဈေးကွက်အတွင်း လှုပ်ရှားလျက် ရှိနေခြင်းကြောင့် ဦးသန်းရွှေနှင့် အသိုင်းအဝိုင်း ( Shwe & Co )အတွက် သူတို့ မတရားရှာဖွေထားသော ဓနဥစ္စာ များဖြင့် သွားလာ သုံးဖြုန်းရန် အခွင့်အလမ်း လျော့ပါးသွားခြင်း မရှိပေ။
သို့သော်လည်း “ရွှေတို့ အစိုးရ” က အနောက်နိုင်ငံများထံမှ အသိအမှတ်ပြုမှုနှင့် ပိုက်ဆံကိုပါ လိုချင်ပြန်သောကြောင့် ပြီးခဲ့သောနှစ်တွင် စစ်အုပ် ချုပ်ရေးကို အဆုံးသတ်မည်ဟု ‘ရွှေ’က ကြေညာခဲ့သည်။ တပ်မတော်မှ ဗိုလ်ချုပ်များစွာကို နှုတ်ထွက်စေခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲကို ကျင်းပ ပေးကာ နိုင်ငံခြားမှ လက်ခုတ်သံကို မျှော်လေသည်။ အဆိုပါ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ပြည်တွင်း ဒီမိုကရေစီလှုပ်ရှား သူများက ပြောင်းလဲမှု အတွက် ရှေ့ပြေးလက္ခဏာအဖြစ် မျှော်လင့်ခဲ့ကြသလို နိုင်ငံခြားမှ လူ့အခွင့်အရေး လှုပ်ရှားသူများကလည်း ပြုပြင် ပြောင်းလဲခြင်း စတင်မှုကို အစပျိုးတော့မည် ဟု မျှော်လင့်ခဲ့ကြသည်။
တကယ်တော့ ဘာမှ ဖြစ်မလာပါ။ လွတ်လပ်သော ရွေးကောက်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီ၏ အောင်ပွဲကို မိုက်မဲစွာ ခွင့်ပြုမိခဲ့သည့် ၁၉၉၀ ခုနှစ် ဖြစ်ရပ်ကို တပ်မတော်အစိုးရက ကေးနဝဋ်ပုဏ္ဏား၏ နဖူးမှအမာရွတ်ကဲ့သို့ သင်ခန်းစာ ယူခဲ့ပြီးဖြစ်သည်။ ထိုစဉ်က ရွေးကောက်ပွဲကို တရား မဝင်ကြောင်း ကြေညာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး၊ သူမ၏ပါတီကို နှိပ်ကွပ်စသဖြင့် လုပ်ဆောင်ခဲ့ရသောကြောင့် ပြည်တွင်းတွင် သွေးမြေကျကာ နိုင်ငံတကာ၏ ကဲ့ရဲ့ခြင်းကို ခံခဲ့ရသည်။
သို့ဖြစ်၍ ဤတစ်ကြိမ်တွင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသည်ကို သွတ်သွင်းရန် “ ရွှေတို့ အစိုးရ ” က ဆုံးဖြတ်သည်။ “ရွှေတို့ အစိုးရ” က သူတို့ အသာစီးရစေမည့် အခြေခံဥပဒေကို ရေးသားကာ ရွေးကောက်ပွဲ ဥပဒေကို ပြဌာန်း ပီးနောက်တွင် ရွေးကောက်ပွဲအတု ကျင်းပကာ ဗိုလ်ချုပ်ကြီး ဟောင်း သိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။ Human Rights Watch က ဦးသိန်းစိန်ကို “ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အဆိုးဝါးဆုံး အမှောင် ကာလများတွင် အခွင့်အာဏာရှိသော ရာထူးများကို ထမ်းဆောင်ရာ၌ သန့်ရှင်းသော သမိုင်းကြောင်းရှိသည့် ကြမ်းကြုပ်မှု မရှိသော သစ္စာခံတစ်ဦး ” ဟု ခေါ်ဝေါ်ခံခဲ့ရသည်။ လွန်ခဲ့သော ၄ နှစ်က မြန်မာနိုင်ငံ လမ်းများပေါ်၌ ဆန္ဒပြသူများ အသတ်ခံရချိန်တွင် ဦးသိန်းစိန်သည် ဝန်ကြီးချုပ် တာဝန်ယူထားသူ ဖြစ်သည်။
တပ်မတော်သည် လွှတ်တော်ကိုယ်စားလှယ် နေရာများစွာ ရယူခြင်းဖြင့်လည်း သူ့ဟာသူ သေချာအောင် လုပ်ဆောင်ထားကာ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အန္တရာယ်အရှိဆုံး အတိုက်အခံများ ရွေးကောက်ပွဲ မဝင်နိုင်အောင် ပိတ်ပင်ခြင်း၊ မဲဆွယ်ရာတွင် အစိုးရကို မဝေဖန်ရန်တားမြစ်ခြင်း၊ မဲရေတွက်ခြင်းကို အစိုးရလက်ထဲတွင်ထားခြင်း စသဖြင့် ဘက်စုံ၊ ထောင့်စုံ၊ မီးကုန်၊ ယမ်းကုန်၊ အာဏာကုန် ကြိုးပမ်းပြီးနောက်တွင် တပ်မတော် အရာရှိ ဟောင်းများဖြင့် ဖြည့်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက မနှစ်က နိုဝင်ဘာ ရွေးကောက်ပွဲတွင် အောင်ပွဲခံ သွားလေတော့သည်။
ထိုစဉ်ကပင် မြန်မာအစိုးရက မြို့ပေါ်မှ ဒီမိုကရေစီ လှုပ်ရှားသူများကို ထောင်ချခြင်း၊ ကျေးလက်ဒေသများသို့ မသွားနိုင်အောင်ထိန်းချုပ်ခြင်း၊ ဝေးလံသော အရှေ့ဖက် တောင်တန်းဒေသမှ အရပ်သား များနှင့် တော်လှန်ရေး သမားများကို သတ်ဖြတ်ခြင်းတို့ကို အဆက် မပြတ် ပြုလုပ်ခဲ့ သည်။ မြန်မာ နိုင်ငံသား တစ်သိန်းကျော် ထိုင်းနိုင်ငံထဲသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြရပြီး ပြည်တွင်း၌ လူပေါင်း သန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ နေစရာ မရှိ ဖြစ်ကြရ သည်။ မြန်မာနိုင်ငံ အရှေ့ဖက် တောင်ကုန်း များတွင် မြေမြှပ်မိုင်းများဖြင့် ပြည့်နေကာ တန်ဖိုးရှိသော လူသားတို့၏ အသက်ဆုံးရှုံးမှုများ၊ ထိခိုက် ဒဏ်ရာရမှု များကို ဖြစ်ပေါ်စေခဲ့သည်။ အာဏာရ မြန်မာတပ်မတော် အစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှု မူဝါဒကြောင့် မိဘမဲ့ ဖြစ်ရသော မြန်မာနိုင်ငံမှ ကလေးသူငယ်များ၏ ဇတ်လမ်းများမှာ ရင်နာစရာ ကောင်းလှပေသည်။
ယခုအခါ နိုင်ငံရေး အကျဉ်းသား ၁၁၀ ခန့် လွှတ်လာသော်ငြားလည်း အသစ်ထပ်မံ ဖမ်းဆီးမှုများရှိနေပြီး အကျဉ်းထောင်များထဲ၌ လက်ရှိ ခန့်မှန်း ခြေ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့် ရှိနေရာ လွန်ခဲ့သော ၄ နှစ်ကထက် ၂ ဆ များလာခြင်း ဖြစ်သည်။ အစိုးရက ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ပြီး၊ ပြီးခဲ့သော အပတ်က အစိုးရဝန်ကြီးတစ်ဦးနှင့် သူမ တွေ့ဆုံခဲ့သော်ငြားလည်း သူမသည် နိုင်ငံရေးတွင် ပါဝင်ခွင့် မရအောင် တားမြစ်ခံထားရဆဲ ဖြစ်ပြီး သူမ၏ပါတီ ဖျက်သိမ်းခံထားရသလို သူမ၏ အမာခံအင်အားစု များစွာမှာလည်း အကျဉ်းထောင် သံတိုင်များ၏ နောက်တွင် ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့အပြင်ဖက်သို့ သူမ စည်းရုံးရေးခရီး ထွက်ပါက အကြမ်းဖက်မှု အဓိကရုဏ်း များ ဖြစ်လာနိုင်သည်ဟု အစိုးရက မသွယ် မဝိုက် ဗြောင်ကျကျ ခြိမ်းခြောက်ထားပြန်ပါသည်။ ၂၀၀၃ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်၏ ခရီးသွားယာဉ်တန်းကို တပ်မတော် စည်းရုံးလှုပ်ရှား ထားသော လူအုပ် က တိုက်ခိုက်ကာ သူမအား ထောက်ခံသူ ၇၀ ကျော်ကို သတ်ဖြတ်ခဲ့ရာ သူမကိုယ်တိုင် အသက်အန္တရာယ် ထိခိုက်လုနီးပါး ဖြစ်ခဲ့ရသည်။
၂၀၀၇ ခုနှစ်က ရွှေဝါရောင် တော်လှန်ရေးတွင်လည်း သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အစိုးရက ရှက်စရာ ကောင်းလောက်အောင် ရက်စက်ကြမ်းကြုပ်စွာ တုန့်ပြန်ခဲ့သည်။ ထိုစဉ်က ဆန္ဒပြသူများမှာ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရသလို အစိုးရက လှုပ်ရှားသူများကို ဖမ်းဆီးရာ တွင် မြန်မာလူ့အဖွဲ့အစည်းက ကြည်ညို လေးစားသော သံဃာတော်များကိုပင် ရိုက်နှက် ဖမ်းဆီးခဲ့ကြသည်။ ယခုအခါ သံဃာတော်များ၏ သွားလာလှုပ်ရှားမှုကို တားမြစ်ထားပြီး တရားပွဲများကိုလည်း စီစစ်ပိတ်ပင်ထားသည်။
ယခင် SPDC အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အုပ်စု အများစုနှင့် အပစ်ရပ်ရန် သဘောတူ ထားခဲ့သော်လည်း နိုဝင်ဘာ ရွေးကောက်ပွဲမျအပြီး အချိန်တို အတွင်းမှာပင် ကရင်ပြည်နယ်တွင် စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ အရပ်ဖက် အစိုးရသစ်ကလည်း ယခုနှစ် အစောပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်းမှ ရှမ်းလက်နက်ကိုင် တပ်များကို တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံဖက်သို့ ထွက်ပြေးကြရသည်။
ဇန်နဝါရီလတွင်မူ လူ့အခွင့်အရေး ကောင်စီ၏ နှစ်စဉ် သုံးသပ်ချက် အစီရင်ခံစာတွင် မြန်မာနိုင်ငံအကြောင်း ပါဝင်လာခဲ့သည်။ အာဏာရှင် အစိုးရ များစွာ ပါဝင်ဖွဲ့စည်းထားသည့် လူ့အခွင့်အရေးကောင်စီသည် မြင့်မြတ်စွာ ခွင့်လွှတ်တတ်သော အဖွဲ့တစ်ခု ဖြစ်ဟန်တူသည်။ ယင်း၏ အစီရင်ခံစာ သုံးသပ် ချက်တွင် မြန်မာတပ်မတော် အစိုးရသည် အမှတ်ကောင်းကောင်းရထာပြီး လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပခဲ့ကြောင်း၊ ဆင်ဆာဖြတ်သော မီဒီယာ မရှိကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ မရှိကြောင်း၊ တိုင်းရင်းသား အုပ်စုများကိုလည်း မတိုက်ခိုက်ကြောင်း ဖေါ်ပြထားသည်။ Human Rights Watch မှ David Scott Mathieson က ယင်း အစီရင်ခံစာကို “ ဟားတိုက် ရယ်စရာ ကောင်းသည့် အလယ်အတွင်းသားကို လုံးဝ ဖုံးကွယ်ထားသော မဟုတ်တမ်း တရား ကာကွယ်ပြောဆိုမှု ” ဟု ခေါ်ဝေါ် ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံ၏ ရှေ့ရေးအတွက် တာဝန်ရှိကြသူများသည် ယူနီဖောင်းချွတ်ကာ အရပ်ဝတ်လဲရုံသာ ပြောင်းလဲခဲ့ပြီး အခြားဘာမှ ပြောင်းလဲသွားခြင်း မရှိပေ။ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်၏ အမျိုးသား ပြန် လည် စေ့စပ်ပေါင်းစည်းရေး အစီအစဉ်သစ်သည်လည်း တပ်မတော်သြဇာ စိုးမိုးရေး ပုံစံသစ်တစ်ခုသာ လျှင် ဖြစ်ပေသည်။ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှု နတ္တိဖြစ်နေခြင်းကို စိတ်ပျက်လက်ပျက် ဖြစ်လာသော ဝါရှင်တန် မြန်မာသံရုံးမှ ဝါရင့် သံအရာရှိ နှစ်ဦးမှာ ယခင်လက နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ကြသည်။
စိတ်မကောင်းစရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်နိုင်သည့်အရာ အနည်းငယ်သာ ရှိနေခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားသော်လည်း ထိရောက်မှု အနည်းငယ်မျှသာ ရှိသည်။ မြန်မာတပ်မတော် အစိုးရကို အစဉ်အလာအရ ကာကွယ်ပေးနေသည့် နိုင်ငံ အနည်းငယ်သာ ရှိသော်လည်း မြန်မာနိုင်ငံ၏ အိမ်နီးခြင်း တိုင်းပြည်များသည် ကျွန်းသစ်နှင့် အခြား သယံဇာတများမှ အကျိုး ဖြစ်ထွန်းနေကြသည်။ တရုတ်နိုင်ငံက ပထဝီနိုင်ငံရေး ခြေကုတ်ရရန် ကြိုးစားနေသလို အိန္ဒိယကလည်း နောက်ကလိုက်၍ ကြိုးပမ်းနေသည်။ အာဆီယံ နိုင်ငံများကလည်း ရန်ကုန်မြို့တော်၏ အကောင်းဆုံး အချိန်များကို အိမ်မက် မက်နေကြသော်လည်း လက်တွေ့ ဘာမှမလှုပ်ရှားကြပါ။ အမှန်တကယ်၌ မြန်မာနိုင်ငံသည် ၂၀၁၄ တွင် အာဆီယံ၏ ဥက္ကဋ္ဌ လုပ်ရန်ပင် စိတ်ကူးနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများကို အနောက်ကမ္ဘာနှင့် ပိုမိုထိတွေ့ရန် ဖွင့်လှစ်သည့် အလားအလာတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသော်လည်း ယခု အချိန်အထိ မြန်မာအစိုးရက ထိရောက်သော ပြုပြင်ပြောင်းလဲမှု မှန်သမျှကို ငြင်းပယ်လျက် ရှိသည်။ နိုင်ငံတကာကို အကောင်းဆုံး ပြသနိုင်မည့် တစ်ခုထဲ သော လုပ်ရပ်ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကိစ္စကိုလည်း မျက်စိစုံမှိတ် ဘူးကွယ်လျက် ရှိသည်။ ဦးသန်းရွှေ မရှိတော့လျင် ပြုပြင် ပြောင်းလဲမှု ပေါ်ထွက်လာနိုင်စရာ ရှိသော်လည်း အနှစ် ၅၀ သက်တမ်းအတွင်း အာဏာရှင် တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် နေသည့် ဖြစ်ရပ် ကိုသာ တွေ့နေ ရသည်။ မြန်မာ “ ဂေါ်ဘာချက်ဗ် ” ယခုတိုင် ပေါ်ထွက် မလာသေးခြင်းသည် ဝမ်းနည်းစရာပင်။
(The American Sepectator မှ 2 Aug 2011 ရက်စွဲပါ Doug Bandow ၏ “Military Rule in Burma ” ကို Transparency Myanmar မှ ဘာသာ ပြန်ဆိုသည်)