21 July 2011

Popularmyanmar တွင်ဖော်ပြထားသော အာဇာနည်မှတ်တမ်း တစ်ပိုင်းတစ်စ


ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် စော်ဘွားကြီး စဝ်ရွှေသိုက်တို့ အတူတကွ တွေ့ရစဉ်

သမိုင်းသုတေသီတစ်ဦးဖြစ်သူ Patricia W.Elliott သည် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ မဟာဒေဝီနှင့်ပတ်သက်၍“The White Umbrella” ဟူသည့် စာအုပ်တစ်အုပ်ကို ရေးသားပြုစုခဲ့ သည်။ ယင်းစာအုပ်ထဲဝယ် စော်ဘွားကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်း မိသားစုတို့ တွေ့ဆုံကြပုံများ၊ သူတို့နိုင်ငံရေးအမြင်များနှင့် အာဇာနည်များကျဆုံးခဲ့ရပုံတို့ကို ရေးသားထားသည်မှာ စာဖတ် ပရိသတ်အတွက် ဗဟုသုတရဖွယ်ရာ၊ စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသဖြင့် ယင်းစာပိုဒ်များကို ကောက်နုတ်၍ ဘာသာပြန်ဆို တင်ပြလိုက်ရပါကြောင်း…ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်တို့ မိသားစု ကို ရွှေတောင်ကြား ရှိ နေအိမ်တစ်လုံး တွင် နေရာချထားပေးသည်။ ထိုနေရာသည် ရန်ကုန်မြို့ အချက်အချာ ကျသော ရေကန်ကြီးနှစ်ခုအကြား တည်ရှိနေသော နေရာတစ်ခု ဖြစ်၏။ အိမ်နေရာမှာ ကျဉ်းသော်လည်း သာယာလှပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေး အတွက် နေ့စဉ် အစည်းအဝေး ပြုလုပ် ရာနေရာဖြစ်သည့် ဂျူဗလီဟောခန်းမ အဆောက်အအုံ (ယခု တပ်မတော်ခန်းမနေရာ) နှင့်လည်း နီးလှသည်။ Jubilee Hall အဆောက်အအုံကြီးမှာ အနီရောင် အုတ်တိုက် ဝိတိုရိယ ဒီဇိုင်းပုံစံဖြင့် ဆောက် လုပ်ထား သည်။ စော်ဘွားကြီးကို ကားတစ်စီးနှင့် ဒရိုင်ဘာတစ်ဦးက နေ့စဉ်နံနက်တိုင်း လာရောက်ကြိုပို့လုပ်ပေးပါသည်။

တိုးတက်မှုရရှိလာနေ သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ဆွေးနွေးဆုံးဖြတ်ချက်များ အပေါ်တွင် စော်ဘွား ကြီးမှာ နှစ်သက်သဘောကျနေပြီး သံသယစိတ်လည်း လုံးဝမရှိပါ။ နေ့စဉ်ပြော ဆိုဆွေးနွေးမှုများ မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အကောင်းမြင် အပြုသဘောဆန်နေကြသည်။

မိမိတို့၏ စိတ် အတွင်းရှိအတိုင်း အကြောင်းအရာများကို စားပွဲဝိုင်းတွင် အခြေအတင် လွတ်လွတ်လပ်လပ် ဆွေးနွေး၍ ရရှိထွက်ပေါ်လာသော အကြောင်းအရာများကို အများသဘောတူညီမှုရယူကာ ဆုံးဖြတ်မှတ်တမ်းတင်ကြသည်။ ဤကဲ့သို့ ဆောင်ရွက်နေမှုများ မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် စော် ဘွားကြီးတို့၏ တူညီသော အမြင် များဖြစ်ပြီး တက်ရောက်နေသူများ လည်း တည်တည်ငြိမ်ငြိမ် ရဲရဲရင့်ရင့် သတ္တိရှိရှိနှင့် နိုင်ငံကို ပြည်ထောင်စုကြီးတစ်ခု ဖြစ်ပေါ်လာရန် ကြိုးပမ်းလျက် ယဉ်ကျေးမှု ရှိသော ဆွေးနွေးပွဲကြီးတစ်ခုဖြစ်လာရန် ဦးတည် ထားကြသည်။ စော်ဘွားကြီး ၏ ဇနီး(မဟာဒေဝီ) သည် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များနှင့် အကျွမ်းဝင်ရင်းနှီးမှုတော့ မရှိပါ။ ရွှေတောင်ကြား အိမ်တွင် နေထိုင်စဉ်ကာလတစ်လျှောက်လုံး ဗိုလ်ချုပ်နေအိမ်တွင် မှတ်မှတ် ရရ သူမ လက်ဖက်ရည် တစ်ကြိမ် သောက်ဖူးသည်။ လမ်းမကြီးမှ အတွင်းသို့ဝင်လိုက်လျှင် တစ်ဆင့် ချင်း မြင့်တက်သွားသော လှေကား ထစ်များဖြင့် တောင်ကုန်းကမူငယ် ပေါ်တွင်ရှိသော ဗိုလ်ချုပ်တို့မိသားစု နေအိမ် ဝရန်တာမှ လှမ်းမျှော်ကြည့် လိုက်လျှင် သာယာဝေဆာလှသော အုန်းပင်ငယ်များ၊ ငရုတ်ကောင်းပင်၊ စားပင်သီးပင်များကို ကြည်နူးစွာ မြင်တွေ့ရပါသည်။

မကြာသေးမီအချိန်က ဗိုလ်ချုပ်သည် စစ်ဗိုလ်ချုပ်ကြီးရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်သည်။ သူ၏ပြောစကားမှာ ရိုးရှင်းလှသည်။ ”စစ်တပ်ဆိုတာ နိုင်ငံရေး နယ်ပယ်ထဲမှာ လုပ်လို့ရတဲ့အလုပ်မဟုတ်ဘူး”။ ပခုံးပေါ် မှ ရွှေရောင်လိုင်းတန်ဆာပလာများ၊ ပန်းပွားအလှများပါသည့် စစ်ဝတ်စုံ အဆောင်အယောင်များကို မြန်မာ ဝတ်စုံနှင့် ဗိုလ်ချုပ် လဲလိုက်ပါပြီ။ ကျောင်းသားဘဝတုန်းကလိုပင် ကိုအောင်ဆန်း၏ ဝတ်စား ဆင်ယင်မှုကို ပြန်မြင်ကြရမည်။

ဗိုလ်ချုပ်အရပ်ဝတ်လဲပြီး နောက် ကိုယ်ရေးလက်ထောက်များ စိတ်ပူပန်ကြသည့်အတွက် သူ့အား လက်နက်ကိုင်ကိုယ်ရံအစောင့်များ စီစဉ်ထားပေးသည်။ သူတို့အားလုံးက အခြေအနေမှာ လုံခြုံမှုမရရှိ သေးဟု တွက်ဆထားကြသည်။ မြို့စောင့်တပ် ခဲယမ်းသိုလှောင်တိုက်မှ လက်နက် များ ပျောက်ဆုံးနေ သည်ဟူသော ကောလာဟလ သတင်းများလည်း ထွက်ပေါ်နေ သည်။ လက်နက် အစုလိုက် အပြုံလိုက် ပျောက် ဆုံး သွားမှုအပေါ် တစ်ယောက်တစ်မျိုး ပြောနေကြသည်။

ဆန္ဒခံယူပွဲပြုလုပ်ဖို့ကို ကန့်ကွက်နေသော ကရင်အုပ်စုများ ကြောင့်၊ အချို့က နိုင်ငံရေးစနစ်ကို ပြောင်းရန် မလိုလားသော ကွန်မြူနစ်အုပ်စုများကြောင့် စသည်ဖြင့် အမျိုးမျိုး ထွက်ပေါ်နေသော စကားများပင်ဖြစ်သည်။ သို့ရာတွင် ဗိုလ်ချုပ်တို့မိသားစု၏ အိမ်ဂေဟာနေရာလေးရှိ ဝရန်တာတွင်မူ ထိုသို့ စိုးရိမ်မှုများရှိဟန်မတူဘဲ ကင်းစင်လွင့်ပျောက်နေဟန် ရှိပါသည်။ ဗိုလ်ချုပ်၏ဇနီး သူနာပြု ဆရာမဟောင်းက နိုင်ငံရေးပင်ကို အသိရှိသူဖြစ်သဖြင့် လာသည့်ဧည့်သည်ကို ယဉ်ကျေးပျူငှာစွာ ဧည့်ဝတ်ကျေပွန်တတ်သူဖြစ်သည်။ ကလေးငယ်နှစ်ဦးဖြစ်သည့် သားဖြစ်သူ အောင်ဆန်းဦးနှင့် အသက် ၂ နှစ်အရွယ်ရှိပြီးဖြစ်သော သမီးငယ်အောင်ဆန်းစုကြည်တို့ နှစ်ဦးသားမှာ မိခင်ဒေါ်ခင်ကြည်၏ ခြေထောက်ကို ဖက်တွယ်တက် နေသည်ကို ညင်ညင်သာသာ ပြော ဆိုနေသော နူးညံ့လှသည့် သူမအသံတို့က ပျံ့လွင့်နေပါသည်။

ဇူလိုင်လ၏ ရက်များတွင်တော့ စော်ဘွားကြီး စဝ်ရွှေသိုက်သည် ကျန်းမာရေးမကောင်းသဖြင့် အိပ်ရာ ထဲတွင် လဲလျောင်းနေရသည်က များသည်။ နေမကောင်းသည့် သူ့ မျက်နှာမှာ ဖြူဖတ်နေပြီး နွမ်းနယ် နေပုံလည်း ရပါသည်။ ဇနီးဖြစ်သူ မဟာဒေဝီမှာ အိမ်သို့ လူမမာမေးရောက်လာကြသည့် နိုင်ငံရေး လုပ် ဖော်ကိုင်ဖက်များကို ဧည့်ခံနေရ တော့သည်။ဇူလိုင်လ ၁၉ ရက် နံနက် ၉း၃ဝ နာရီ ရောက်ရှိနေပေပြီ။

မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းတစ်ယောက် စဝ်ရွှေသိုက်၏ မဟာဒေဝီထိုင်နေသော ဧည့်ခန်းထဲသို့ ဆိုက်ဆိုက်ကြီး ဝင်ရောက်လာပါ သည်။ မိုင်းပွန်စော်ဘွားကြီးသည် အများကို ကြင်နာတတ်သူတစ်ဦး ဖြစ်ပြီး နိုင်ငံရေးနယ်ပယ်မှ အနားယူလျှင် တောင်သူတစ်ဦးအဖြစ် လုပ်ကိုင်စားသောက်မည်ဟု အမြဲပင် စိတ်ကူးယဉ်နေသူဖြစ်သည်။ သူသည် ယခုအခါ ‘မြန်မာနိုင်ငံ အလုပ်အမှုဆောင်ကောင်စီ’အဖွဲ့တွင် ပါဝင်နေပေပြီ။

မိမိနယ်မြေဒေသအကြောင်းကို ရှင်းလင်းရသည်ထက် နေ့စဉ် အတွင်းရေးမှူး ရုံးခန်းရှိရာ အဆောက်အအုံသို့သွားရောက် ရုံးတက်နေရသည်။ ၄င်းနေရာမှာ အမှုဆောင်ကောင်စီ အစည်းအဝေးခန်းမထဲက နေရာတစ်ခုဖြစ်သည်။ သူသည် အစည်း အဝေးသို့သွားရောက်ရာ လမ်းတစ်ဝက်နေရာတွင် စိတ်ထဲတွင် ပူပင်သောကပွားမှု တစ်စုံတစ်ရာပေါ်လာပြီး တစ်ဦးတစ်ယောက်ကို ဖွင့်ဟပြောပြလိုစိတ်များ တဖွားဖွား ပေါ်လာပြီးနောက် စော်ဘွားကြီးစဝ်ရွှေသိုက် နေအိမ်သို့ လှည့်ဝင်ရန် ဒရိုင်ဘာကို ပြောရင်း လှည့်ဝင်လာခြင်းဖြစ်သည်။

စော်ဘွားကြီးစဝ်ရွှေသိုက်၏ ဇနီးသည်က သူ့ကို ဆီးကြိုနှုတ်ဆက်လိုက်ပြီး ဧည့်ခန်းတစ်နေ ရာတွင် နေရာချထားပေးသည်။ သူမသည် ဧည့်သည်၏မျက်နှာကို အကဲ ခတ်လိုက်ပြီး ပူပန်မှုမရှိသော ဟန်အမူအရာဖြင့် ဧည့်သည်ကို ရေနွေးကြမ်းချပေးပါသည်။ မိုင်းပွန်စော်ဘွားကြီးသည် လေးလေးလံလံပင် ထိုင်ချလိုက်ပြီး သက်ပြင်း တစ်ချက်လည်း ချလိုက်ရင်း စကားတစ်ခွန်း နှုတ်မှ လွှတ်ခနဲ ထွက်ပေါ်လာ သည်။


”ကျွန်တော့်ဇာတာက ပြောနေတယ်။ ကျွန်တော် သေရတော့မယ်တဲ့။ ဒါဟာ မှန်နိုင်မလားအစ်မတော်”သူမ သည် အဖြေမပေးမီ သူမေးလိုက်သော မေးခွန်းအပေါ် အသေအချာ တွေးတောမိခဲ့၏။ ပြီးမှ ”မင်း ဂျပန်တွေသိမ်းထားတဲ့ခေတ် တစ်လျှောက်လုံးကိုလည်း ဖြတ် သန်းခဲ့ရပြီး မသေခဲ့ဘူး။ မင်းအတွေးထဲ တစ်စုံတစ်ရာ ဆိုးလာနေပြီလို့ အတွေးစိတ်ကူးဝင်လာခဲ့ရင် မင်းကုသိုလ်ကံ တိုးပွားလာဖို့ အတွက် ကောင်းတဲ့ အလုပ်တွေကို ချက်ချင်းလုပ်ပေါ့။ မင်းအတွက် အကောင်းတွေဖြစ်လာမှာပေါ့။ ဒုတိယကမ္ဘာ စစ်ကြီးအတွင်း မှာတောင် ဒုက္ခတွေ ကြုံတွေ့ရပေမယ့် အသက်ရှင်ကျန် နေသေးကြတာပဲ”.၊

မိုင်းပွန်စော်ဘွားကြီး သည် စိတ်သက်သာရာရသွားပုံ ပေါ်သည်။ သူကဲ့သို့ပင် အခြားခေါင်းဆောင် များသည်လည်း ညောင်ရွှေခေတ်ဘွားပြီး စဝ်ရွှေသိုက်၏ဇနီး မဟာ ဒေဝီ အပေါ် ကြီးစွာရိုသေလေး စားကြပေ သည်။

”အစ်မတော်ပြောတာ မှန်ပါ တယ်။ တကယ်ပါပဲ။ ကျွန်တော်က တော့ စိုးရိမ်ပူပန်စိတ်ဝင်နေပါတယ်”သူ့စိတ် တွင် ရှိသမျှကို ဖွင့်ဟ ဝန်ခံသွားသည်။ လက်ဖက်ရည်ခွက် ကို ချထားလိုက်ပြီး သူ့အိတ်ကပ်ထဲ ရှိ အိပ်ဆောင်နာရီကို ထုတ်ယူ ကြည့်လိုက်သည်။

”ကျွန်တော် အစ်မကြီးခင်ပွန်း စော်ဘွားကြီးကိုသွားပြီး ဂါရဝပြုချင် သေးတယ်။ ဖြစ်နိုင်ရင် သူ့ဆီကို လိုက်ပို့ပေးပါလား။ အစည်းအဝေး က ၁ဝ နာရီခွဲဆိုတော့ ၁ဝ နာရီ နောက်ပိုင်းလောက် ရောက်သွားရင်လည်း ရပါတယ်”

သူမ၏ ခင်ပွန်းသည် ရှိရာ အိပ်ခန်းဆီ သို့ ဦးဆောင်ခေါ်ယူ သွားသည်။ အိပ်ရာထဲတွင် လဲလျောင်း သော
စော်ဘွားကြီး သည် ခေါင်းထောင် ကြည့်လိုက်ပြီး မျက်နှာညှိုး ငယ်လျက် ပူပန်နေပုံပေါ်သည်။

”မင်း ဒီနေရာ မှာ ဘာလုပ်နေ သေးတာလဲ။ မင်းဟာ အတွင်းရေးမှူးတစ်ယောက်ဖြစ်လာဖို့ မှတ်ယူထားရမယ်”
သူ့ထံကို လာရောက်ဝင်တွေ့ လာသူ မိုင်းပွန်စော်ဘွားကို အလုပ်ကို ဦးစားမပေးရကောင်းလားဟု ဆီး၍ ဟောက်လိုက်ပါသည်။

”ဟုတ်ပါတယ်.. ကျွန်တော် နောက်ကျနေပါပြီ”ဟုသာ မိုင်းပွန်စော်ဘွားကြီး ဝန်ခံလိုက်ပါသည်။

”အေး..ကောင်းပြီ။ ကောင်း တဲ့အလုပ်ကို ကောင်းအောင်လုပ်။ သွားတော့”

စော်ဘွားကြီး စဝ်ရွှေသိုက် သည် သူ့အိပ်ရာတွင် ပြန်၍ လဲလျောင်းချလိုက်ပါသည်။

ဗိုလ်ချုပ်သည် အမှုဆောင်ကောင်စီအစည်းအဝေးခန်းရှိရာကို သတိပြု၍ကြည့်မိလိုက်သည်။ ၁ဝ နာရီခွဲနီးပါးရှိနေပြီ။ အချို့လူများက တော့ အပြင်စင်္ကြံလမ်းမှာပင် ရှိနေ ကြသေးသည်။ ဤကဲ့သို့ လေးဖင့်နေသော အချိန်အသေးအမွှားသည် ပြဿနာတော့မရှိ။ သို့ရာတွင် နိုင်ငံနှင့်အမျှချီ၍ အလျင်အမြန် ရှေ့သို့လျှောက်ရန်အတွက်မူ ကောင်းသည့် လက္ခဏာမဟုတ်။

ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်နေရာမှာလည်း လစ်လပ်နေကြောင်း ဗိုလ်ချုပ် သတိပြုမိလိုက် သည်။ နောက်ဆုံးဝင်လာသည့် မိုင်းပွန်စော်ဘွားကြီးမှာလည်း စိတ် မအီမသာပုံပေါ်နေသည်။ အစည်းအဝေး စတင်လိုက်ပါသည်။ အပြင်ဘက် စင်္ကြံမှ ဆူညံသော အသံတစ်ခု အစည်းအဝေးပြုလုပ်နေရာအခန်းထိပင် တိုးလျှိုပေါက် ဝင်ရောက်လာခဲ့ သည်။ နတ်ဆိုးတစ်ကောင် အော် ခေါ်လိုက်သောအသံ..

”အောင်ဆန်း”

စားပွဲထိပ်တစ်ဖက်တွင် ငြိမ်းအေးစွာထိုင်နေသောဗိုလ်ချုပ်ကို သူလှမ်းကြည့်လိုက်သည်။ ရုတ်ချည်းပင် သူစိမ်းတစ်ယောက် တံခါးဝမှ ပေါ်ထွက်လာပါသည်။ မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင်ကြီးသည် သူ့နေရာမှပင် ထရပ်လိုက်၏။ သူ့ လက်ကို ရှေ့သို့ဆန့်ထုတ်ကာ လက်ကာပြလိုက်ပြီး ”မပစ်နဲ့ရပ်” ဟု စကားသံတစ်ခွန်း ထွက်လာ ပါသည်။ သူ့နှုတ်ဖျားမှ ထွက်လာသောစကားလုံးများက လွတ်မြောက်နိုင်ခြင်း မရှိတော့ပါ။ ခဏအတွင်းမှာပင် ကမ္ဘာပျက်သည့်အလား ပေါက်ကွဲသံများ ကြားနေ ရပါ သည်။ ကျည်ဆန်များမှာ အခန်းတွင်းဖွာကြဲနေပါသည်။

မီးဖိုချောင်တွင် နေ့လယ်စာ စားရန်ပြင်ဆင်နေသော စော်ဘွား ကြီးစဝ်ရွှေသိုက်၏ဇနီးသည် မဟာ ဒေဝီသည် နေ့လယ်စာအတွက် ပြင်ဆင်နေရာချထားပြီး စော်ဘွား ကြီးကို အိပ်ရာထဲမှ သွားခေါ်ရန် ဟန်ပြင်စဉ်မှာပင် ဧည့်ခန်းထဲသို့ လူတစ်ယောက် ကတုတ်ကရက် ဝင်လာခဲ့၏။ အိမ်မှုကိစ္စ အသေး အမွှားများကို အပြေးအလွှားလုပ်နေ ရ၍ မနက်တွင် မိုင်းပွန်စော်ဘွားကြီး လာရောက် လည်ပတ်သည် ကိုပင် မေ့လျော့သွားခဲ့သည်။ မိုင်းပွန်စော် ဘွားကြီး၏ ဒရိုင်ဘာမှာမျက်နှာ မကောင်း။ အဖြစ်အပျက် အခြေ အနေကို သူသိသမျှ ပြောပြပါတော့သည်။

၁ဝ နာရီိခွဲလောက် အစည်းအဝေးစချိန်မှာပဲ လူတစ်စုသေနတ်များဖြင့် ဝင်ရောက်ပစ်ခတ်ရာ ဗိုလ်ချုပ်အပါအဝင် ၆ ဦးသေဆုံးသွားပြီး မိုင်းပွန်စော်ဘွားကြီးမှာ ပြင်းထန် စွာ ဒဏ်ရာရထားကြောင်းပင် ဖြစ်သည်။

သူမ ချက်ချင်းတွေးလိုက်မိပါသည်။ သူတို့ဇနီးမောင်နှံ ‘ဒီလိုဘေးဒုက္ခရောက်မယ့်နေရာကို အမြန် သွားရန် နှိုးဆော် လိုက်လေသလား။ နောက်သူ့ခင်ပွန်းသာ နေကောင်း ခဲ့ပါလျှင်’ ဟူသော အတွေးများ ချက်ချင်းဝင်ရောက်လာပါတော့သည်။

မိန်းမသားတစ်ဦးဖြစ်၍ ကိုယ်ချင်းစာနာစိတ် နင့်ခနဲခံစားရမိပါသည်။ မိုင်းပွန်စော်ဘွားကြီး သေတွင်းသို့ ခပ်သုတ်သုတ် ထွက်ခွာသွားသည့်မြင်ကွင်းကို သူမ မြင် ယောင်နေမိပါသည်။ နောက် ကလေးငယ်နှစ်ဦးနှင့်အတူ ကျန်နေခဲ့မည့် ဗိုလ်ချုပ်၏ဇနီးကိုလည်း မြင်ယောင်နေမိ၏။

ဗိုလ်ချုပ်နှင့် အတူတကွ ခေါင်းဆောင်ကြီးများကတော့ ကွယ်လွန်သွားခဲ့ပါပြီ။ ကျန်နေခဲ့သော ဇနီး၊ မိသားစု၊ သားသမီးများကတော့ ဘဝအတွက် ရုန်းကန်ကြရဦးမည် ဖြစ်ပါသည်။

ကိုလင်းမာန်အောင်.(Popularmyanmar)
Ref: The White Umbrella by Patricia