20 August 2012

ကျမတို့ အခုရောက်နေတဲ့ မြို့လေး ရဲ့ ပထမဦးဆုံးအကြိမ် ဝါဆိုသင်္ကန်း ကပ်လှူပွဲ အမှတ်တရ


ဒီနေ့ စုပေါင်း ဝါဆိုသင်္ကန်း ကပ်ကြပါတယ်။ဘုရားအနေကဇာလည်း တင်ကြတယ်ပေါ့။ ကျနော်နေတဲ့ ဟယ်မီတန် မြို့တင်မကပဲ အောက္ကလန် မြို့မှာနေတဲ့  မြန်မာတွေလည်း ရောက်လာကြပါတယ်။ ကားနဲ့ တနာရီခွဲမောင်းရတဲ့ ခရီးမို့ သိပ်တော့ မဝေးလှဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
မိုးလင်းကတည်းက ဟလို..ဟလို ဆိုပြီး ဖုန်းနဲ့ ပွဲပြုလုပ်မယ့် နေရာကို မြေပုံအားကိုးပြီး လမ်းညွှန်ရတာလည်း အမောပါပဲ။
နယူးဇီလန် နိုင်ငံရောက် မြန်မာ ရဟန်းတော်များ

ဖြစ်ပုံများကလည်း မြေပုံထဲက အတိုင်း သူများကို သာ လမ်းညွှန်လိုက်ပြီး ကျနော် ကိုယ်တိုင်သွားတဲ့ အခါ ဝင်ပေါက်မှားလို့  မြင်သာမြင်ရပြီး ကားဖြတ်မောင်းလို့ မရတော့ အထဲရောက်နှင့်ပြီးတဲ့ မိတ်ဆွေကို လှမ်းခေါ်ပြီး အကူအညီတောင်းရပါတယ်။
တရားနာ ပရိတ်သတ်

ကျနော်တို့ မြန်မာ နိုင်ငံ သားတွေ ကတော့ ဘယ်မြေ ဘယ်ရေ ကိုပဲရောက်ရောက် ကိုယ့်ရဲ့ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု့ ၊အစားအသောက်၊ဝတ်စားဆင်ယင်မှု့ နဲ့ စာပေ အစရှိတဲ့ အရာတွေ ကို သွားလေရာ ယူသွားကြတယ်။ ကမ္ဘာပေါ်က ဘယ်လူမျိုး မဆို ဒီလိုပါပဲ။ အဲဒီလိုမှ မဟုတ်ယင်
ကိုယ့်ရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု့ ဆိုတာ တဖြည်းဖြည်း ပျောက်ကွယ်သွား မှာ ဖြစ်ပြီး သူများယဉ်ကျေးမှု့ ကလည်း ကိုယ့်ဆီ လုံးလုံးလျားလျား မရောက်ပဲ ကန့်လန့်ယ ဉ်ကျေးမှု့ ဖြစ်သွားမှာပါပဲ။
စားစရာ တွေထားတဲ့ နေရာက လုံခြုံရေးများ

ဒီနေ့တော့ ကျနော်တို့ ပြည်ပရောက် မြန်မာ နိုင်ငံသူ ၊နိုင်ငံ သားတွေ ရဲ့ ဘုရား အနေကဇာတင်ပွဲ နဲ့ ဝါဆိုသင်္ကန်း ကပ်လှုပွဲ  ကိုရောက်ခဲ့ပါတယ်။ကျနော်ရောက် တဲ့အချိန်မှာ အခမ်းအနားကျင်းပမယ့် western Community မှာ ကားတွေ ပြည့်ကြပ်နေပါပြီ၊ကျနော့် ဘေးက ကိုဖြိုးက တို့ ဗမာတွေ ဓန အင်အားလည်း မနည်းပါဘူး လို့နောက်နေသေးတယ်။ ဒီနိုင်ငံမှာ ရနိုင်သလောက် ရှိတဲ့ ပစ္စည်းလေးတွေနဲ့ အခွင့်အလမ်းရတဲ့ အချိန်၊နေရာလေး မှာပဲ မိမိယဉ်ကျေးမှု့ မပျောက်ပျက် ရအောင် ကြိုးစား လုပ်ကြရတဲ့ ကျနော်တို့ လူမျိုး တွေကို ချီးမွမ်းမိပါတယ်။
စကားစမြည် ပြောကြသည်

ခန်းမထဲကို ရောက်ရောက်ချင်းပဲ အန်ကယ် ဦးစံထွန်း ရဲ့တိုက်တွန်းချက်နဲ့ (ကိုယ်ကလည်း ဝါသနာပါပါ ဆိုတော့ ) ဓါတ်ပုံလေးတွေ နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ တချို့ ဓါတ်ပုံတွေ ကတော့ ကိုဖြိုး ရဲ့ ရိုက်ချက် လို့ကင်ပွန်းတပ် ရမှာဖြစ်ပါတယ်။

ဓါတုစေတီ၊ ဓမ္မစေတီ၊ဥဒ္ဒိဿစေတီ နဲ့ ပရိဘောဂ စေတီ ဆိုပြီး စေတီ ၄ မျိုးရှိတယ်လို့ ငယ်ငယ်က ကြားးဖူး ပါတယ်။ ကျနော် တို့ ဗုဒ္ဓဘာသာ ဝင် မြန်မာတွေ က နိုင်ငံရပ်ခြားမှာ ရောက်တော့ ကိုယ်ကိုး ကွယ်တဲ့ ဘုရားဆင်း တုတော်တွေ ကိုကြံဖန်ပြီး သယ်လာခဲ့တာ ရှိသလို၊ ထိုင်းနိုင်ငံ နဲ့ မြန်မာ နိုင်ငံ ဆီကို မှာယူပြီး အိမ်မှာ ထားကြတာလည်း ရှိပါတယ်။
ဓါတ်ပုံပဲ ဖြစ်ဖြစ်၊ သစ်သား နဲ့ပဲလုပ်ထားလုပ်ထား ၊ကျောက်ဆစ် နဲ့ ထုထု ဥဒ္ဒိဿ ရည်မှတ်၍ ကိုးကွယ်ယင်လည်း ကိုးကွယ်ရာ စေတီထိုက်တယ် လို့ ဆိုပေမယ့်လည်း ဒီလို သံဃာပရိသတ်၊ လူပရိတ်သတ်နဲ့  အနေကဇာတိ သံသာရံ .. အစချီပြီး သံဃာ့ပရိတ်သတ် က ရွတ်ဆိုမှ ကိုးကွယ်ရာ ဆင်းတု ၊စေတီမြောက်ပါတယ်။ လူထုပရိတ်သတ် နဲ့ ဒါဟာ ကိုးကွယ်ရာ ပစ္စည်း အဖြစ်ဝိုင်းဝန်း သတ်မှတ်လိုက်တာဖြစ်ပါတယ်။
ဆွမ်းကပ်လှုနေစဉ်

ဝါဆိုသင်္ကန်းခူးတာ…. အာ..မှားသွားတယ်၊ငယ်ငယ်က ဝါဆို သင်္ကန်း ကပ်လှုတဲ့ ပွဲတော် ပြီးယင် လပြည့်ကျော် ၁ ရက်နေ့ ဆို ဝါဆိုပန်းခူးထွက်ကြတာ နဲ့ ရောသွားတယ်။ ဝါဆိုပန်း ခူးကြရတာ က ပျော်စရာ ပါ။ အဲဒိအချိန်က အဓိပ္ပါယ် ကို သေသေချာချာ မသိပေမယ့် ရပ်ကွက်ထဲက လူငယ်၊လူရွယ်တွေ၊ မိန်းကလေး၊ယောင်္ကျားလေး အတူတူ သွားကြရတာ ဆိုတော့ ပျော်တာပဲ သိတာပေါ့။ တချို့လည်း ဇာတ်လမ်းလေးတွေ ဖြစ်ကြပေါ့။ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှာ တော့ ကျောင်းကြီးပေါ်မှာ ကျနော့် ခါးစောင်းလောက်ရှိတဲ့ စဉ့်ကွက်ဖေါ် ပန်းအိုးကြီးတွေမှာ ပန်းမျိုးစုံ နဲ့ ဝေဆာ၊လှပ နေပါတော့တယ်။ ဝါဆိုပန်းခူးရတာ ပျော်စရာနော် …. လို့ ဒီစာကိုရေးနေယင် အမေညိုကို လှမ်းပြီး စကားစတော့..။ ပျော်လား မပျော်လားတော့ မသိပါဘူး ဟယ်…. တို့ဖက်လူတွေကတော့ စစ်တောင်းမြစ်ဘေး မှာ သွားမူးနေတာပဲ…. တဲ့။
ဒါနမြောက်အောင် ကိုယ်ထိလက်ရောက် လှုဒါန်းရပါတယ်

ဝါဆိုသင်္ကန်း ကပ်လှုတဲ့ အဓိပ္ပါယ် ကတော့ ဝါတွင်း ၃ လ လုံးလုံး အရပ်တပါးကို ခရီးမထွက်ရပဲ တရားကျင့်ကြံ ကြရ ပြီး ဝါဆို မယ့် သံဃာတော်တွေဟာ ဝါကျွတ်တဲ့ အခါ ဝတ်ထားတဲ့ သင်္ကန်းတွေ ဟောင်းနွမ်းလောက် ပြီးမို့ ဝါတွင်းမှာ အသုံးပြုဖို့ ဒကာ၊ ဒကာမတွေ က လှုဒါန်းတဲ့ အထိမ်းအမှတ်ပွဲပါ။ ဗုဒ္ဓခေတ်က စတင်ပြီး ဝိနည်း ဥပဒေပြဌာန်း ခဲ့တယ်လို့ သိရပါတယ်။
ဒီခန်းမက အသင့်အတင့် ကျယ် ဝန်းပါတယ်

နယူးဇီလန် နိုင်ငံ သား ကီဝီ တယောက်က ကျနော့် ကို ဒီပွဲတော်နဲ့ ပါတ်သက်ပြီး မေးလာတဲ့ အတွက် ရှင်းပြလိုက်ပါသေးတယ်။ တို့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု့အရ ဒီပွဲတော်ကို ကျင်းပရတာက ဖြစ်တယ်။ သံဃာတော်တော်က အရပ်ထဲမှာ ဆွမ်းလှည့်လည် ခံရတယ်။ ဒီလိုပွဲတော်တွေ၊ မွေးနေ့၊အလှု အစရှိတဲ့ ကိစ္စရပ်တွေမှာတော့ ကျောင်းကို ဆွမ်းပို့လို့ရတယ်၊ တအိမ်စီက တမျိုးစီ ချက်ပြီး အမွန်အမြတ် အဖြစ်ကပ်လှု တာဖြစ်လို့ ကောင်းမွန်တယ်၊ ဟင်း အမယ်စုံတယ်၊ အစားအသောက် စတိုင်လ်ကတော့ အိန္ဒိယ၊ထိုင်း၊တရုပ် စတဲ့ လူမျိုးတွေနဲ့ ခပ်ဆင်ဆင်မို့ အေရှန် ဆိုင်တွေမှာ ဟင်းခတ်အမွှေးအကြိုင်နဲ့ လိုအပ်တာတွေ ဝယ်လို့ ရတယ်၊စသဖြင့် စုံလို့ပေါ့။
ဟင်းခွက်စုံလင်

သူကပြောသေးတယ် ဒီဘုန်းကြီးတွေက အောက္ကလန်မြို့ကနေ လာရတယ် ဆိုတော့ မင်းတို့ မြို့မှာ မြန်မာ ဘုန်းကြီးကျောင်းမရှိဘူးပေါ့ မင်္ဂလာဆောင်နဲ့ နာရေးတွေ ရှိယင် ဘယ်လိုလုပ်ကြမလဲ လို့လည်း မေးသေးတယ်။ အခုလိုပဲ အောက္ကလန်မြို့နေပင့်ရမှာပေါ့၊ဒါပေမယ့် အခု ဒီမှာ မြန်မာ ဦးရေ များလာပြီ ဆိုတော့ မကြာခင် ဘုန်းကြီးကျောင်းလည်း ရှိလာနိုင်ပါတယ်..လို့ပဲ ပြန်ဖြေလိုက်ရတယ်။ သူ့လို အင်္ဂလိပ်တယောက်က  မြန်မာစာပေနဲ့ ယဉ်ကျေးမှု့က အရေးကြီးတယ် လို့ ပြောလို့ ကျနော် ပြုံးမိသေးတယ်။
အခမ်းအနားတက်ရောက်လာတဲ့ နယူးဇီလန်နိုင်ငံသား လူဖြူများ

သူတင်လားတော့ မဟုတ်ပါဘူး နယူးဇီလန်သားတွေက ယဉ်ကျေးမှု့ အစုံကို လက်ခံကြရပါ တယ်။ သူတို့ အဆိုအရ မော်အိုရီ တွေက ဒီနယ်မြေကို အရင်ရောက်တယ် ၊ပြီးတော့ ငါတို့ ဖခီယာ လို့ သူတို့ခေါ်ကြတဲ့ လူဖြူတွေ ရောက်တယ်၊ နောက်တော့ မင်းတို့လို လူတွေရောက်လာတယ်။ တို့အားလုံးဟာ အတူတူပါပဲ။ လို့လည်းပြောသေးတယ်။
ကျနော်တို့ ဗုဒ္ဓဘာသာ မြန်မာတွေက ကြမ်းပြင်ပေါ် ဆင်းထိုင်ပြီး တရားနာကြတော့ သူတို့လည်း ကျန်းမာရေးအရ ကြမ်းပေါ်မထိုင်နိုင်တဲ့ သူကလွဲလို့ အတူတူလိုက် ထိုင်ကြတယ်။ တရားပေး တဲ့ ဆရာတော်က သူ့တရားကို အင်္ဂလိပ်လိုလည်း မိတ်ဆက်သဘောမျိုး သူတို့နားလည်အောင်ပြောပေးပါတယ်။
လွှတ်တော် အမတ်ကလည်း စိတ်ဝင်တစား

ငါက နားတော့မလည်ဘူး ဒါပေမယ့် ကွန်မြူနတီ ကို လေးစားတဲ့ အနေနဲ့ လိုက်နာပေးတယ်… လို့ အခြေချရောက်ရှိလာတဲ့ မြန်မာမိသားစုတွေကို ကူညီနေတဲ့ စေတနာရှင် တဦးကလည်း ပြောပါတယ်။ ကျနော်က ကင်မရာ တလုံးနဲ့ မတ်တပ်..မတ်တပ် လုပ်နေတာ ကိုတွေ့ထားတော့ သူက …မင်းက တရားမနာဘူးလား… ဒီလိုအခမ်းအနားမျိုးကို မနှစ်မြို့လို့လား ဆိုပြီး လုပ်နေသေးတယ်။ ကျနော်က ဓါတ်ပုံရိုက်နေရတဲ့ အတွက် အလုပ်များနေတယ်ကွ၊ ပြီးတော့ ရိုသေကိုင်းရှိုင်းမှု့ကို ပြင်ပ သဏ္ဍန် တခုထဲနဲ့ ကြည့်ပြီး ပြောလို့ မရဘူး၊ဒါဟာ ဗုဒ္ဓအဆုံးအမ ပဲလို့ ပြန်ရှင်းပြရသေးတယ်။
ရေစက်ခွက်တွေလည်း မနေနိုင်

ကျနော်တို့ ငှါးထားတဲ့ ခန်းမက ကျယ်တယ် ဆိုပေမယ့် လည်း မြန်မာ ပြည်က ဘုန်းကြီးကျောင်းဝင်း လိုတော့ မဟုတ်ပါဘူး။ ဒီကြားထဲမှာ ကလေးတွေကလည်း သူတို့ တဘာသာ တကမ္ဘာတည်ဆောက်ပြီး ကစားကြပါတယ်။
ဘုန်းကြီးတွေ စားပြီးမှ မင်းတို့စားရတာမဟုတ်လား.. ပြီးတော့ ဘုန်းကြီး ဝတ်ယင် တသက်လုံး မထွက်ရတော့ ဘူးမဟုတ်လား …လို့ စောစောက မေးတဲ့ ကိုနယူးဇီလန်သားက မေးနေသေးတယ်။ ကျနော်က .. အေးဟုတ်တယ် အရင်တုန်းကတော့ ဒီလိုပဲ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါအရ ပြောင်းလဲ ကျင့်သုံးဖို့ ဘုန်းကြီးတွေကလည်း ခွင့်ပြုပေးရတယ်၊ပြီးတော့ ခဏတာ ကုသိုလ် ယူချင်ယင်လည်း တခဏတာ ဘုန်းကြီးဝတ်လို့ရတယ် တို့ဘာသာမှာ လူ့အခွင့်အရေးနဲ့ ဖရီးဒမ်း ရှိတယ်.. လို့ပြောလိုက်မှ သူငြိမ်သွားတော့တယ်။
ဗွီဒီယိုရိုက်ကူးရေး

ပွဲပြီးတော့ အစ္စလမ်ဘာသာဝင် တယောက်ဖြစ်တဲ့ ကိုမာလစ်က သန့်ရှင်းရေးတွေ ဝိုင်းကူလုပ်ပေးတယ်။ ကျနော်က ဟေ့လူ ခင်ဗျား ဥပုသ် ဘယ်တော့ ထွက်မလဲ လာစားမှာနော် လို့ဆိုတော့ စောစောက ဆရာတော်ကိုတောင် လျှောက်ပြီးပြီ ဒီပွဲနဲ့ ရောလုပ်လိုက်ပြီလို့ သူကပြန်နောက်နေပါသေးတယ်။
ဒီပွဲလေးမတိုင်ခင်က ပွဲဖြစ်မြောက်ရေးအတွက် ဆွေးနွေးကြ၊တိုင်ပင်ကြ၊လုပ်ဆောင်ကြနဲ့ မောခဲ့ သမျှ အခုလိုဖြစ်မြောက်လာတော့ စုစည်းလုပ်ဆောင်မှု ရဲ့ အောင်မြင်တဲ့ ရလဒ်ပါပဲ ဆိုတာ တရားပေး ဆရာတော်က ဖြည့်စွက်ပြောကြားယင်း သြဝါဒပေးပါသေးတယ်။
အလုပ်တွေပြီးမှစားရရှာတဲ့ ဘဏ္ဍာရေးမှုး


ဝါးဒီး…
ဒီပွဲလေးအကြောင်း ရေးယင်းနဲ့ စိတ်ထဲဝင် လာတာ ကတာ့ နောက်မကြာခင် နှစ်အနည်းငယ် အတွင်းမှာ ကြီးပြင်းလာကြတော့မယ့် ကျနော်တို့ရဲ့ မြန်မာ ကလေးငယ်တွေ ရဲ့အနာဂါတ်ပါပဲ။ ချမ်းမြေ့ကျောင်း ဆရာတော်က တရားရှု့မှတ်နည်း ရက်တို တရားစခန်း လုပ်မယ် ဆိုပြီး ဖိတ်ခေါ်နေသလို အန်ကယ် ဦးကျော်ဌေးကလည်း အပါတ်စဉ် သို့ မဟုတ် လစဉ် ယဉ်ကျေးမှု သင်တန်းပေးဖို့ ဆရာတော်ကို လျှောက်ထားနေသံတွေ လည်း ကြားနေရပါတယ်။
သူတို့လည်း အကြိတ်အနယ်ဆွေးနွေးနေကြတယ်

ကျနော်တို့ ပြည်ပရောက်နေတဲ့ မျိုးဆက်သစ်တွေမှာ မဆန်းတော့ တဲ့ အခက်အခဲကတော့ မျိုးဆက်ဟောင်း နဲ့ အသစ်ကွာဟ မှု ပြဿနာပါ။ လူကြီးတွေက အင်္ဂလိပ်ဘာသာစကား မှာ အားနည်းလို့ တုန့်နှေးနေတဲ့ အချိန်မှာ လူငယ်တွေက တရှိန်ထိုးပြေးနေတဲ့ အချိန်ဖြစ်နေတာရယ်။ ကလေးတွေက မိဘတွေ ကို မှီခိုမှု့ ကင်းကင်းနေတတ်အောင် လေ့ကျင့်ပေးထားတဲ့ စနစ်ရှိနေတာရယ်က မိဘ က ပြောရဆိုရ ခက်ခဲလာတာတွေ လူကြီး မိဘ ရဲ့ဆိုဆုံးမမှု့ကို မသိကျိုးကျွံပြုလာတာတွေ မကြာခဏ ကြားနေရပါတယ်။ အထူးသဖြင့် တော့ အမေရိက လိုနိုင်ငံမှာ အရေအတွက်ပိုများပြီး ပြည်ပရောက် မြန်မာတွေ ကြားမှာ ဖြစ်နေတာတွေပါ။
တရားနာပရိတ်သတ်

အောက္ကလန်မြို့ က ကျနော့်မိတ်ဆွေ တယောက်အိမ်ကို သွားလည်တော့ သူ့ကလေးတွေ က အသက် ၁၆ နှစ် ၁၈ နှစ်အရွယ်တွေ၊ဧည့်သည်လာတာကို တီဗွီဂိမ်းမ် နဲ့ ကွန်ပြူတာရှေ့မှာ အထိုင်မပျက်၊ မိဘက လိုအပ်လို့ တခုခုပြောယင် မြန်မာစကား နားမလည် တလည်နဲ့ နားထောင်ပြီး အင်္ဂလိပ်လိုပဲ ပြန်ပြော၊ကြည့်ရတာ အလယ်မှာ ခွကျနေတဲ့ ယဉ်ကျေးမှု့ ကိုသွားတွေ့နေရတယ်။ အင်္ဂလိပ်လူမျိုးတွေမှာ တောင် အိမ်ကိုဧည့်သည်လာယင် ထထိုင်ပြီး နှုတ်ဆက်တဲ့ သူရှိသလို အနည်းဆုံး  ဟလို… လို့ အသိအမှတ်ပြုပြီး ကိုယ်လွတ်လပ်သလို နေကြတာတွေ့ဖူးပါတယ်။
 သမီးရှင် လည်း ကလေးထိမ်းယင်း ပျော်နေတယ်

ကျနော်တို့ မြန်မာ ပြည်မှာတော့ အိမ်ကို ဧည့်သည်လာယင် လူငယ်တွေ က မတ်တပ်ရပ် ဆီးကြို၊နေရာပေး၊ရေ၊ရေနွေးကြမ်းအိုး၊မုန့်ပဲ သွားရေစာချပြီး အနားမှာ ဘာလုပ်ပေးရဦးမလဲ ဆိုပြီး စောင့်ဆိုင်းပြီး ဘာမှ မလိုတော့ဘူး ဆိုမှ၊ မိဘက ခွင့်ပြုလို့ သွားဆော့လေ လို့ ပြောတော့မှ တာဝန်ပြီးပါတယ်။
တခါက ကျနော့် မိတ်ဆွေ တယောက်ဆီကို ဖုန်းဆက်ပါတယ်။ သမီးဖြစ်သူက ဖုန်းကိုင်ပါတယ်။ ကျနော်က ဟလို.. ကို…… ရှိလား… လို့ဆိုတော့။ ဟိုဖက်က ..  “အဲ..Sorry… Aphay ?… he’s going out”  လို့ ပြန်ပြောပါတယ်။စဉ်းစားကြည့်ပေါ့။ အင်္ဂလိပ် ဘာသာစကား ကိုပြောတတ် တာကောင်းပါ တယ်။ မြန်မာလို မပြောတတ်တော့တာကတော့ ခက်သွားပြီလို့ပဲ ပြောရမလိုပင်။
ကိုလမ်ဘီယာ၊ကွန်ဂို၊အီရန်၊အီရတ်၊ စပိန်၊တရုပ်၊ ကမ္ဘောဒီယား၊  စသဖြင့် ဒီနိုင်ငံမှာ ရွေ့ပြောင်းတွေ အများကြီးရှိပါတယ်။ သူတို့ ယဉ်ကျေးမှု့၊ဘာသာစကား၊ အစားအသောက် နဲ့ ဓလေ့ထုံးတမ်းတွေ ကျင့်သုံးကြတာတွေ့ရပါတယ်။သူတို့ ဒီနိုင်ငံကိုရောက်နေတာ ကျနော်တို့ထက်ပိုကြာပါပြီ။ အထက်က ကျနော်ဖေါ်ပြခဲ့တဲ့ ကီဝီ မိတ်ဆွေပြောတော့ ကျနော် ပြုံးပြီး ခေါင်းပဲငြိမ့်နိုင်ခဲ့ပါတယ်။သူပြောတာက မင်းတို့ မြန်မာ့ယဉ်ကျေးမှု့နဲ့ စာပေ က အရေးကြီးတယ်။ ဒီနိုင်ငံမှာ မင်းတို့ ဒါတွေထိမ်းသိမ်း ဖို့ အခွင့်အလမ်းလည်း ရှိပါတယ်… တဲ့။ကလေးတွေက နောင်တချိန်မှာ လူကြီးတွေ ဖြစ်လာပြီး ကျနော်တို့တုန်းက လုပ်နိုင်ရဲ့သားနဲ့ မလုပ်ခဲ့တဲ့ အရာတွေကို သူတို့လက်ထက်ကျမှ စပြီးလုပ်ရတော့မယ်ဆိုယင် ကျနော်တို့ မျိုးဆက်ကို သူတို့ မျိုးဆက်က ဘယ်လိုများ မှတ်ချက်ချ မှာပါလိမ့် ဆိုပြီး…. အဖြေရှာယင်းစိတ်မောနေမိပါတော့တယ်။

အိုးဝေမျိုးhttp://www.owaymyo.net/?p=895