19 October 2011

စစ်ပွဲကြားက မြေဇာပင် မြန်မာ ကလေးငယ်များ


"သားကြီးလာရင် ဘာလုပ်မလဲ" လို့ မေးတော့ " ၀ါးခုတ်ရောင်းမယ်တဲ့"။ ဒီလိုဖြေတဲ့ ကလေးကတော့ ကျနော်တို့ရဲ့ အိမ်နီးနားချင်း ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ အသက် ၄ နှစ်သား မူကြို ကျောင်းသားလေး "အေးချမ်းအောင်" ပါ။

ဝါးခုတ်ရောင်းတယ်ဆိုတာ ထိုင်းဥပဒေ အရဆိုရင် ရာဇ၀တ်မှု မြောက်ပါတယ်။ ဒါပေမဲ့ ဒုက္ခသည်စခန်းမှာ မလောက်ငှတဲ့ ရိက္ခာကို ဖြည့်ဆည်းဖို့၊ ကလေးတွေရဲ့ ကျောင်းစရိတ်ရဖို့ မိဘတွေ ခိုးကြောင်ခိုးဝှက်လုပ်ရတဲ့ အလုပ်ပါ။

ကျနော်တို့ မိသားစုရဲ့ အိမ်ဟာ နို့ဘိုး ဒုက္ခသည် စခန်း Provisional Administration Board-PAB လို့ခေါ်တဲ့ ရပ်ကွက် (၂) မှာတည်ရှိပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထိုင်းအစိုးရက ထိုင်းနိုင်ငံ နယ်စပ်မြို့တွေမှာ ခိုလှုံ နေကြတဲ့ အတိုက်အခံ မြန်မာ နိုင်ငံရေးသမားတွေကို နယ်စပ်မြို့တွေ ကနေ မောင်းထုတ်ပြီး ဒုက္ခသည်စခန်းတွေကို ပို့ဆောင်ခဲ့ပါတယ်။ အဲဒီအထဲမှာ ကျနော်လည်း တစ်ဦးအပါအ၀င် ဖြစ်ပါတယ်။

နို့ဘိုး ဒုက္ခသည်စခန်း ဆိုတာ ထိုင်း-မြန်မာနယ်စပ်မှာ တည်ရှိပါတယ်။ မဲဆောက်နဲ့ဆိုရင် မိုင် ၂၀၀ လောက်ဝေးပြီး မြန်မာနိုင်ငံဆိုရင် ၁၅ မိုင်လောက်သာဝေးတဲ့ သစ်ပင် တောတောင်တွေ ၀န်းရံထားတဲ့နေရာမှာ တည်ရှိပါတယ်။ အဲဒီလိုပို့ဆောင်ခံရတဲ့ အထဲမှာ တကိုယ်ရေ တကာယ သမားတွေပါသလို မိသားစုဝင်တွေက အများစုပါ။ အချို့မိသားစု တွေဆိုရင် ကလေးဦးရေ ၄ ယောက် ၅ ယောက်ထိ ပါပါတယ်။

၂၀၀၆ စက်တင်ဘာ ၁၆ ရက်နေ့မှာ လူပေါင်း ၂၀၈၆ ယောက်ကို မဲဆောက်မြို့ပိုင် ရုံးဝန်းအတွင်း စုရပ်လုပ်ပြီး ပို့ဆောင်ခဲ့တာပါ။ ကျောင်းနေအရွယ် ကလေးတွေပါတဲ့ မိဘတွေကတော့ မိဘတွေရဲ့ ထုံးစံအတိုင်း သားသမီးတွေရဲ့ ပညာရေးကို စိုးရိမ်ခဲ့ကြပါတယ်။ မဲဆောက်မှာ နေခဲ့စဉ်က ရွှေ့ပြောင်း မြန်မာကျောင်းတွေမှာ ပညာသင်လို့ရပေမဲ့ ဒုက္ခသည်စခန်းကိုရောက်တဲ့ အချိန်မှာ ကလေးတွေရဲ့ ပညာရေးအတွက် ပြင်ဆင်ကြရပြန်ပါတယ်။

ကျနော်တို့ မရောက်မှီက ဆိုရင် နို့ဘိုးဒုက္ခသည် စခန်းမှာ ကရင်စစ်ပြေး ဒုက္ခသည် အရေအတွက် တစ်သောင်း ကျော် ရှိပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းက ပြည်တွင်း စစ်ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတဲ့ သူတွေပါ။ နို့ဘိုးဒုက္ခသည် စခန်းမှာ ကရင်လူမျိုးတွေပဲ အများစုနေတဲ့ ရပ်ကွက်နဲ့ ၂၀၀၆ ခုနှစ်မှာ နေရာအသစ်ချထားပေးတဲ့ PAB တို့ကသီသန့် စီဖြစ်ပါတယ်။

ကျနော်တို့ မရောက်မှီမှာ နို့ဘိုးဒုက္ခသည် စခန်းမှာ အထက်တန်း ကျောင်း တစ်ကျောင်းရှိပါတယ်။ ကရင်လူမျိုး ကလေးအများစု ဖြစ်တော့ ဆရာတွေက ကရင်လိုပဲ သင်ကြားပါတယ်။ ကရင်စကား မတတ်တဲ့ ကျနော်တို့ ကလေးတွေအတွက် အခက်ကြုံရပြန်ပါတယ်။

ဒါကြောင့် ကျောင်းသားမိဘတွေ ရပ်ကွက်အုပ်ချုပ်ရေးတွေ ပေါင်းပြီး အဖွဲ့အစည်းတွေက လာတဲ့သူတွေရဲ့ ထုံးစဉ်အတိုင်း ကျောင်းဖြစ်မြောက်ရေး ကော်မတီတွေဖွဲ့ ပြီး PAB အထက်တန်းကျောင်းကို ZOA ရဲ့ အကူအညီနဲ့ တည်ထောင်ခဲ့ကြတာပါ။ ကျနော်တို့ လူမျိုးတွေရဲ့ အစဉ်အလာ တခုလိုဖြစ်နေတဲ့ လာတ်စားမှုကလည်း ကျောင်းဆောက်နေစဉ် အတွင်းမှာ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ကျောင်းဆောက်ပြီး ကလေးတွေကို ဘယ်လိုပညာရေးမျိုး၊ ဘယ်သင်ရိုးညွန်းတမ်းကို သင်မလဲ ဆိုတဲ့ ပြဿနာက ကျောင်းသားမိဘတွေ နှင့်ဆရာတွေအတွက်စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။ မိဘတွေ အများစုဟာ ၁၉၈၈ ခုနှစ်ကတည်းက စစ်အုပ်စုကို တော်လှန် တိုက်ခိုက်လာတဲ့ လူတွေအများစု ဖြစ်နေတာ့ စစ်အစိုးရ ပြဌာန်းထားတဲ့ မြန်မာနိုင်ငံက သင်ရိုးညွန်းတမ်းကိုလည်း သင်ကြားလိုစိတ် သိပ်မရှိကြပါဘူး။

ကျောင်းသားမိဘ တစ်ဦးဆိုရင် စစ်အစိုးရပြဌာန်းထားတဲ့ စာအုပ်တွေကို ကျနော့်သားသမီးကို မသင်နိုင်ဘူးဆိုပြီး ပြောတာကို ကြားခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ဆုံး ရွှေးချယ်စရာ မရှိတော့ မြန်မာနိုင်ငံက သင်ရိုးကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။

ပထ၀ီကို သင်တဲ့အခါ တိုင်းနှင့်ပြည်နယ်အကြောင်းနဲ့ တိုင်းရင်းသား အချင်းချင်း မကြေလည်မှုတွေ ဖြစ်မယ့် မည်သည့် သမိုင်းကိုမှ မသင်ရလို့ ကျောင်းကော်မတီက စည်းကမ်းထုတ်ခဲ့ရပါတယ်။ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်း စစ်မီးဟာ ပြည်တွင်း နယ်စပ်ဒေသ တလျောက်မှာသာ ဖြစ်ပွားနေခြင်းမဟုတ်ဘဲ ဒုက္ခသည်စခန်းက PAB အထက်တန်းကျောင်းအထိ ပြဿနာက လိုက်ပါလာသေးတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ဒုက္ခသည် စခန်းပေါင်း ၉ ခုရှိပြီး ကျောင်းသားဦးရေး ၄၀၀၀၀ နီးနီး ရှိပါတယ်။ ဒုက္ခသည်စခန်းက ကလေးတွေက နယ်စပ်ဒေသတလျှောက် ထွက်ပြေးနေရတဲ့ ရွာပုန်းရွာရှောင် ကလေးတွေနဲ့စာရင် ကျောင်းနေရတာက တန်ဖိုးဖြတ်လို့မရတဲ့ အခွင့်အရေးလို့ ပြောနိုင်ပါတယ်။

ကျနော်တို့မြန်မာပြည်မှာ ကျောင်းနေတုန်းကဆိုရင် ဆယ်တန်းအောင်ရင် အင်ဂျင်နီယာလုပ်ဖို့၊ ကျောင်းဆရာလုပ်ဖို့၊ ဆရာဝန်လုပ်ဖို့၊ စစ်ဗိုလ်လုပ်ဖို့ ရည်မှန်းချက်တွေအပြည့်။ ဒါပေမဲ့ ဒုက္ခသည် ကလေးတွေကျတော့ ဒီရည်မှန်းချက်တွေ ထားဖို့ ဘာမှမရှိ။ ကလေးတွေရဲ့ အနာဂတ်က မှောင်ဝါးနေပါတယ်။ တိုင်းပြည်အေးချမ်းလို့ ပြည်တော် ပြန်ရမယ့် အချိန်ကလည်း ဘယ်ဝယ် ဘယ်စခန်း မှန်းမသိ။

ဒုက္ခသည် စခန်းတွေထဲမှာ ကလေးတွေသင်ယူရတဲ့ သင်ခန်းစာကလည်း လက်ရှိ မြန်မာနိုင်ငံရေးလို ပါပဲ။ ဖြောင့်တန်း ညီညာမှု မရှိပါဘူး။ ကရင်ကလေးတွေ အတွက်တော့ Karen Education Development Center-KEDC က ပြဌာန်းထားတဲ့ သင်ရိုးညွန်းတမ်းက တပြေးညီ ရှိပေမဲ့၊ အခြားသော တိုင်းရင်းသား ကျောင်းတွေမှာတော့ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ပါပဲ။

နောက်စိတ်မကောင်းစရာ တစ်ခုကတော့ ဒုက္ခသည်စခန်းရှိ ကလေးတွေရဲ့ ပညာရေးကို ကူညီနေတဲ့ နယ်သာလန် အခြေစိုက် ZOA က ထောက်ပံ့ကြေးကို ဖြတ်တောက်ပြီး နောက်ပိုင်း ထိုင်းမြန်မာ နယ်စပ်တလျောက် ဒုက္ခသည်စခန်း ၉ ခုမှာ သင်ကြားနေတဲ့ ကျောင်းသား ၄၀၀၀၀ သောင်းနီးပါး အခက်အခဲ ကြုံနေကြရပါတယ်။

"နဂိုကတည်းက ဒုက္ခသည်စခန်း ပညာရေးက ဆိုးနေတဲ့ကြားကနေ အခုလို ထောက်ပံ့ကြေးတွေ ဖြတ်လိုက်တော့ ပိုဆိုးသွားတာပေါ့၊ ကျနော့်မှာ ခလေး ၄ ယောက်ရှိတယ်၊ ခလေးတွေ ပညာသင်ကြားရေး အတွက် စိတ်ပူရတယ်" လို့ အေးချမ်းအောင် ရဲ့ ဖခင်ဖြစ်သူ ဦးဌေးနိုင် က ငြီးတွားခဲ့ပါတယ်။ ယခုအခါမှာ ဦးဌေးနိုင်ဟာ ကလေးတွေပညာရေးအတွက် အပြင်ထွက်ပြီး အလုပ်လုပ်နေပါတယ်။ အယင်ကဆို ၀ါးခိုးခုတ်လိုက်၊ အနီးအနား တောင်ယာတွေမှာ တစ်နေ့ ဘတ်ငွေ ၆၀ နဲ့ နေ့စား လိုက်လုပ်နေရသူပါ။

ကျောင်းသားတွေနည်းတူ ထောက်ပံ့ကြေး ဖြတ်တောက်ခံရတဲ့ သူတွေကတော့ ဆရာတွေပါပဲ။ ဆရာတဦးရဲ့ လစာက အရင်က တစ်လ ဘတ်ငွေ ၇၀၀ ရရှိပါတယ်။ အခုချိန်မှာတော့ ဆရာတစ်ဦးရဲ့ တစ်လ လစာငွေက ဘတ် ၂၅၀ ပဲ ရပါတော့တယ်။

ကျနော်တို့ ဒုက္ခသည် ဘ၀အကြောင်းကို ပြောရင် "ရွိုက်ယပ် ကစ်ပလင်း" ရဲ့ ကဗျာလို "အကယ်၍" ဆိုတဲ့ စကားလုံးနဲ့ စရင် ပိုကောင်းမယ်ထင်ပါတယ်။ အကယ်၍ ဆိုတာ ရေရာ သေချာခြင်းမရှိတဲ့ စကားလုံးပါ။

အကယ်၍များ ပြည်တွင်းစစ် ငြိမ်းအေးပြီး ပြည်တော် ပြန်ခဲ့ရရင်၊ အကယ်၍များ ငြိမ်းချမ်းမှု မရှိဘဲ ဒီနေရာမှာ ဆက်နေရမယ်ဆိုရင် ကျနော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ် ခေါင်းဆောင်လောင်းတွေ အတွက် မတွေး ၀ံ့စရာပါ။ ဒီကလေးတွေ လူကြီးဖြစ်လာတဲ့ တစ်နေ့မှာ လူ့အဖွဲ့အစည်းအပေါ် အကောင်းမြင်ပြီး လူ့လောက ကောင်းကျိုး သယ်ပိုးနိုင်ပါစေလို့ပဲ ဆုတောင်းနေရပါတယ်။

ရေးသားသူ...လှရွှေ။

ဤဆောင်းပါးလေးအား မောက္ခပညာရေးမှ ပြန်လည်မျှဝေလိုက်ပါသည်.။