24 July 2011

ပြည်တွင်းက အမျိုးသမီးများကို ပစ်ပယ်မထားပါနဲ့

ပြည်တွင်းက အမျိုးသမီးများကို ပစ်ပယ်မထားပါနဲ့


ရေနံချောင်းဆိုတဲ့ မြို့ကလေးကို ကျမ နှစ်ကြိမ်ရောက်ဖူးပါတယ်။ တစ်ကြိမ်က စည်းရုံးရေး ခရီး ဖြစ်ပြီးတော့ နောက် တစ်ကြိမ်ကတော့ ကျမတို့ရဲဘော် အိပ်ခ်ျအိုင်ဗွီ ရောဂါသည်တစ်ယောက်ကို သွားခေါ် တာ ဖြစ်ပါတယ်။ မြို့ကလေးက အရင်ခါစဉ်တုန်းကတော့ မြစ်ကမ်းနံဘေးမှာလို့ ဆိုပေမယ့် ခု ကျမ သွားတော့ မြစ်နဲ့မြို့ဟာ အတော်လေး အလှမ်းဝေးနေပါပြီ။ ဒါကိုလည်း ကျမ အထူးတလည် သတိပြုမိပေမယ့် ဘာကြောင့် ဒီလိုဖြစ်သလဲ ဆိုတာကိုတော့ အလေးအနက် မစဉ်းစားမိခဲ့ပါဘူး။

ကျမ သတိပြုမိတဲ့ အခြားတစ်ခုကလည်း မြို့လေးဟာ မြို့တန်းရှည် ဖြစ်ပြီးတော့ အလျားခုနှစ်မိုင် ရှိတယ်ဆိုပါတယ်။ ပူပြင်းခြောက်သွေ့နေပြီး ချွေးတောင် ကောင်းကောင်းမထွက်တော့ပဲ တစ်ခါတည်း အရေပြားမှာ ဆားပွင့်တွေ ကပ်ကုန်ပါတယ်။ မြို့တောင်ဘက်မှာတော့ ရေနံစင်ကြီးတွေ အထီးတည်း အပြိုင်းပြိုင်းနဲ့ မြင်ရတဲ့အခါမှာတော့ အတိတ်သမိုင်းစဉ်မှာ နယ်ချဲ့ဆန့်ကျင်ရေးအတွက် ရဲရဲတောက် စတင်ခဲ့တဲ့ မြို့ပါလားဆိုတဲ့ အသိ၊ တခါတုန်းက ကြွယ်ဝချမ်းသာသူ တွင်းရိုးတွင်းစားနဲ့ ရိုးသားသတ္တိကောင်းလှတဲ့ မြို့သူမြို့သားတွေ အတိတ်သမိုင်းကို သတိတရ ဖြစ်မိပါ သေးတယ်။

ဒါပေမဲ့ ကျမ ရောက်သွားတဲ့အခါမှာတော့ ရေနံကလည်း ကောင်းကောင်း မထွက်တော့။ အခြားစီးပွားရေး ကလည်း မယ်မယ်ရရမကောင်း နိုင်ငံခြားကိုထွက် အလုပ်လုပ်သူတွေ များလာနေတယ် ပြောကြပါတယ်။ ဒါနဲ့ ဆက်စပ်လေသလား၊ အခြားအကြောင်းများ ရှိနေလေသလားတော့ ကျမ သေချာအောင် မစူးစမ်းခဲ့ရပါဘူး။ ခုခံအား ကျဆင်းမှုရောဂါဟာ အတော်လေး ကျယ်ပြန့်နေပြီးတော့ ကူးစက်ခံရမှု အများဆုံးဟာ အမျိုးသမီးများ ဖြစ်တယ်ဆိုတာကိုတော့ ကျမ ကောင်းကောင်း နားလည်သဘောပေါက်ခဲ့ရပါတယ်။

မြို့ကလေးက လူတွေဟာ အခြားသော ဗမာပြည်တွင်းက မြို့များက လူတွေလို ကျန်းမာရေး ဗဟုသုတ အလွန်နည်းပါးပြီးတော့ ခွဲခြားဆက်ဆံမှုများကလည်း အင်မတန်မှ လွန်ကဲတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့်လည်း ဒီမြို့ကလေးက လူနာတွေဟာ သူတို့ဒီရောဂါ ဖြစ်နေတာကို ပတ်ဝန်းကျင်က သိမှာကြောက်၊ မိသားစုက သိမှာကြောက်၊ ကိုယ့်ကိုယ်ကိုယ်လည်း မဟုတ်ဘူးဆိုပြီး တလွဲမာန် တင်း ထားတော့ ရောဂါမ သည်းခင်ကတော့ မသိသာပေမယ့် ရောဂါက သည်းထန်လာပြီဆိုရင်တော့ ရုပ်ပျက် ဆင်းပျက်ဖြစ်၊ ပတ်ဝန်းကျင်က ပိုဂရုပြုမိ၊ သတိထားမိ၊ အထိတ်တလန့်တွေဖြစ်ပြီး ပိုပြီး ကျဉ်ဖယ်လာကြ၊ ပိုပြီး ခွဲခြားဆက်ဆံတာကို ခံရတာပါပဲ။ အမျိုးသားများအတွက်တော့ ဘယ်လောက် ခွဲခြားခံရသည်ဖြစ်စေ အနည်းဆုံး အရက်သောက်ဖော်တွေကတော့ တပူးတွဲတွဲ ရှိနေပါသေးတယ်။ အမျိုးသမီးများကျတော့ စိတ်ဖြေရာ မရှိ၊ ပေါင်းသင်းမယ့်လူမရှိ၊ အတော်လေး အဖော်မဲ့ပြီး အထီးကျန်နေတော့တာပါပဲ။

ဒီအထဲမှာမှ ကျမ လူနာတစ်ယောက်အကြောင်း ပြောပြချင်ပါသေးတယ်။ သူ့နာမည်က မြို့ဆန်ပြီး နာမည်က ငါးလုံးတောင်မှပါ။ သူက မြို့တောင်ဖက် ရွာကလေးက ဖြစ်ပါတယ်။ ကျမတို့အားလုံးက သူ့ကို မအေးအေးလို့ ခေါ်ပါတယ်။ သူရောက်လာခါစက septrin တွေ လောင်ထားပြီး တကိုယ်လုံးလည်း အနာတွေချည်း ဗလပွနဲ့ပါ။ ကိုယ်အလေးချိန်ကလည်း ပေါင်ခုနှစ်ဆယ်နီးပါးပဲ ရှိပါတယ်။ ဒါပေမဲ့ ဒီကလေး မလေးကို ကျမ သတိပြုမိတာက အသားအရည်အ တော်လေး လှပါတယ်။ ဆံပင် လည်း တောသူတောင် သားတို့ ထုံးစံအတိုင်း အရှည်ကြီးပါ။ တောင်သူလုပ်ပါသတဲ့။ ယောက်ျားဖြစ်သူက မလေးရှားကနေ ပြန်လာပြီးတော့ တီဘီလိုလို ငှက်ဖျားလိုလိုနဲ့ သေသွားပြီးတော့ သူလည်း ဘာဖြစ်မှန်းမသိ ဆေးရုံသွားတော့ သွေးစစ်ပြီး septrin တိုက်လွှတ်လိုက်တာ ဒီလို ဖြစ်လာတယ်ဆိုပါတယ်။ ဒါနဲ့ ပတ်ဝန်းကျင်က လူတွေကလည်း သူ့ကို အေကိုက်ပြီ ဆိုပြီးတော့ အပေါင်းအဖော်မလုပ်၊ အိမ်ရှေ့က ဖြတ်လျှောက်ရင်တောင် အတော်လှမ်းလှမ်း ကနေ ကွေ့ပတ်သွားတယ်တဲ့။ သူလည်း ပတ်ဝန်းကျင်က ဖယ်ကြဉ်လေ စိတ်ဓာတ်ကျလေလေဖြစ်ပြီး လုံးပါးပါးလာ ပါတယ်။ နောက်ဆုံး အိပ်ရာထဲလဲပြီး မဟန်နိုင်တော့မှ ကျမတို့ အဖွဲ့ထဲက လူတွေနဲ့ ဆက်မိပြီးတော့ ရန်ကုန်ရောက်လာပါတယ်။ ကျမလည်း သူ ရောက်ရောက်လာချင်း အရေးပေါ် အထူးကု သမားတော်နဲ့ ပြ သပေးပြီး ဆေးရုံ အရေးပေါ်တင်လိုက်ပါတယ်။ ဖြစ်ချင်တော့ ငွေကလည်းမပါတော့ အစစ ကျမခေါင်းပေါ် ကျတော့တာပေါ့။ သူ့အဖေ ပါလာတယ်ဆိုပေမယ့်လည်း သူ့အဖေကိုယ်တိုင်ကိုက ခပ်ဖယ်ဖယ် လုပ်နေတာပါ။

ဒီတော့ ဆေးရုံတက်တော့ ကျမတို့ လူငယ်အဖွဲ့ဝင်တွေ အလှည့်ကျ စောင့်အိပ်၊ အစစအရာရာ လုပ်ပေးရတော့တာပေါ့။ သူ့ထမီကိုတောင် ကျမတို့ အဖွဲ့ဝင် လူငယ်အမျိုး သားတွေ လျှော်ပေး ရတဲ့အထိ ဖြစ်ကုန်ပါတယ်။ သူက ဝမ်းကလည်း မခိုင်ဆိုတော့ ထမီလဲစရာတောင် အနိုင်နိုင်ထိ ဖြစ်ကုန်ပါတယ်။ ဒါပေမဲ့ သူ ပြန်ကျန်းမာလာပါတယ်။ ဒီတော့ သူ့အဖေကို ကျမက မေးတယ်။ ဦးလေး အလုပ်ရှိသလား။ ရှိရင် ပြန်လို့ ရတယ်။ ကျန်တာ ကျမ ဆက်တာဝန်ယူပါ့မယ်ဆိုတော့ သူ့အဖေကလည်း နှမ်းကြဲစရာ ရှိသေးတယ် ဆိုတာက တစ်ကြောင်း၊ သူ့မျက်စိရှေ့မှာတင် ကျမတို့အဖွဲ့ဝင်တွေ လုပ်ကူပေးနေတာကို မြင်သွားတော့ စိတ်ချလက်ချ ပြန်ပါ့မယ်လို့ပြောပြီး ကျမဆီက လမ်းစရိတ်တောင်းပြီး ပြန်သွားပါတယ်။ ကျမလည်း အေးအေး ကို အေအာတီတိုက်ဖို့ ပြင်ပါတယ်။ သူကလည်း ကံကောင်းထောက်မစွာနဲ့ အန်ဂျီအိုတစ်ခုကနေ ဆေးရဖို့ အကြောင်းဖန်လာပါတယ်။ ကျမ ဆေးတိုက်ရင်တော့ အထူးကုကြီးတွေနဲ့ ပြသပြီး လိုအပ်တာတွေ စစ်ဆေး၊ ဆေးတိုက်ရတော့မယ်ဆိုရင် ဆေးဆယ့်လေးရက်စမ်း၊ တည့်တယ်ဆိုတာနဲ့ တခါတည်း တစ်လစာ ထပ်စမ်းပြီး ပြန်လွှတ်ပါတယ်။ ဒါပေမဲ့ အန်ဂျီအိုတွေဆီက ဆေးရမယ်ဆိုရင်တော့ အနည်းဆုံး ခြောက်လလောက် ရန်ကုန်မှာနေမှ ဖြစ်ပါတယ်။

ဒီအတောတွင်း သူ့အဖေက ကျမဆီ ဖုန်းဆက်ပါတယ်။ သူတို့ရွာမှာ အေးအေးက အေကိုက်လို့သေပြီ၊ ဒါကြောင့် သူ့အဖေက မြေချပြီးတော့ ပြန်လာတယ်လို့ သတင်းဖြစ်နေပါသတဲ့။ အဲဒါကြောင့် သူ့သမီးကို ခဏတဖြုတ် ပြန်လွှတ်ပေးစေချင်တယ် ပြောပါတယ်။ အေးအေးကတော့ အနာတွေကလည်း မပျောက်သေး၊ လူကလည်း သိပ်ပြီး တက်မလာသေးတော့ မပြန်ချင်ပေမယ့် သူ့အဖေကို စိတ်ချစေချင်လို့ တစ်ခေါက် ပြန်သွား ပါတယ်။

သူအဲမှာ အတော်ကြာကြာ နေနိုင်အောင် ကျမလည်း ဆေးဝါးတွေ စီစဉ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကလေးမလေးက သုံးရက်လောက်တွင်း ပြန်ရောက်လာပါတယ်။ ငိုလို့ယိုလို့ပေါ့။ သူ့ရွာကို မပြန်ချင်ကြောင်း ပြောပါတော့တယ်။ ကျမလည်း အတော်လေး အံ့အားသင့်သွားပါတယ်။ သေတွင်းက ထွက်လာနိုင်ပြီပဲ။ ဘာကြောင့် ဒီလိုဖြစ်သလဲမေးတော့ သူ့ရွာက လူတွေက သူ့ကို သရဲလာခြောက်တာဆိုပြီး ပရိတ်တွေ ရွတ်တယ်ဆိုပါတယ်။ ဒါကြောင့် အမြန်ပြန်လာတာပါတဲ့။ သူ့မှာ သားလေးတစ်ယောက်လည်း ရှိပါတယ်။ ကလေးကတော့ ရောဂါလွတ်ပါတယ်။ ကလေးကအစ သူ့အနားမကပ်တော့ စိတ်ဆင်း ရဲကြီးစွာနဲ့ ပြန်လာ တာပါ။ ကျမလည်း ကျမမိသားစုပေးထားတဲ့ တောင်ဒဂုံအိမ်မှာ သူ့ကို ထားပေးပါတယ်။ စိတ်ချမ်းသာသလို နေပါတော့ဆိုပြီးတော့ သူလည်း ဒီမှာကျတော့ ဘဝတူတွေနဲ့ အတော်လေး ပျော်ပါတယ်။

ခြောက်လကျော်လာတော့ အနာတွေကလည်း ပျောက်၊ လူကလည်း အရမ်းဝတုတ်လာပြီး နဂိုချောမောတဲ့ ရုပ်ကလေးကလည်း ပြန်ထွက်လာ၊ ကျမကလည်း သူ့ကို ဆံပင်တွေဘာတွေ ညှပ်ပေးထားတော့ တကယ့်ကို မမှတ် မိ စရာရုပ် ဖြစ်လာပါတယ်။ ဒီတစ်ခါတော့ သူ ရွာကို ရဲရဲတင်းတင်း ပြန်ပါတယ်။ တစ် လကျော်လောက် နေပြီးတော့ လက်ဆောင်ပစ္စည်း တပွေ့တပိုက်ကြီး သယ်ချလာပြီး ပြန်လာပါတယ်။ လူကလည်း ရင်ကော့၊ ခေါင်းမော့လို့ပေါ့။ ကျမလည်း ဒီလောက် လက်ဆောင်တွေ သယ်လာရမလားဆိုပြီး ဆူတာပေါ့။ သူ ဒီတစ်ခေါက်ပြန်လာတော့ အတော်လေး ရွှင်လန်းလာတာပါ။ သူ့ရွာကလူတွေ ဝိုင်းပေးလိုက်တဲ့ ပစ္စည်းတွေပါတဲ့။ တစ်ရွာလုံးက သူ့ကို အထူးအဆန်း ဖြစ်ပြီးတော့ အသားလာကိုင်ကြည့်ကြ စကားပြောချင်လို့ ဟိုကချောင်း၊ ဒီကချောင်း လုပ်ကြသတဲ့။ သူကတော့ အရင်တစ်ခေါက် သူ့ကိုပြောထား၊ ဆိုထားတာတွေ ပြန်က လဲ့စားချေတဲ့အနေနဲ့ ဘယ်သူ့ ကိုမှ စကားမပြောဘူးဆိုပဲ။ ဒါနဲ့ အားလုံးက ဝိုင်းတောင်းပန်ပြီးတော့ သူ့ကို ဟင်းတွေပို့ကြ၊ စကားပြောဖို့ တောင်းဆိုကြ လုပ်လာတော့မှ သူက ဒီရောဂါအကြောင်းကို သိသလောက် ရှင်းပြပေးတော့မှပဲ ရွာက လူတွေ နားလည်ကုန်ပြီး ခုလို ကျမတွက် လက်ဆောင်ပစ္စည်းတွေ ဝိုင်းပေးပြီး အခြား သံသယရှိသူတွေကလည်း သူ့ဆီချဉ်းကပ်ပြီး သွေးစစ်ချင်ကြောင်း၊ ဘာကြောင်းတွေ ဖြစ်လာတာကိုး။

ဘာပဲပြောပြော အေးအေးကို ကျမလေးစားမိပါတယ်။ သူဟာ အခြားမိန်းကလေးတွေလို ရှက်ေ ကြာက်နေ ပြီးတော့ ဒါတွေကို ပြန်လည် မရှင်းပြနိုင်ဘူးဆိုရင် သူ့တွက်ကော ပတ်ဝန်းကျင်မှာပါ ပြသနာ အနည်းနဲ့ အများဆိုသလို ဖြစ်မှာပါ။ ကျမ တစ်ခုစဉ်းစားမိတာက အေးအေးလို ကလေးမလေးမျိုးတွက် အမျိုးသမီးရေးရာမှာ တာဝန်မရှိပေဘူးလား။ သူတို့ ကူညီစောင့်ရှောက်ရမယ့် ဝတ္တရား မထားပေဘူးလား။ ကျမ နယ်ကရောက်လာတဲ့ အမျိုးသမီး လူနာတွေကို ဒီမေးခွန်းမေးပါတယ်။ လှည့်တောင် မကြည့်ဘူးတဲ့။ လုပ်မပေးနိုင်ဘူးထင်လို့ သွားမပြောတာလည်း ဒုနဲ့ဒေးပါ။ ဒီတော့ ဒီက အမျိုးသမီး အဖွဲ့အစည်းတွေဟာ နာမည်အားဖြင့် လှပပါပေတယ်။ သတင်းစာ ဓာတ်ပုံတွေထဲလည်း မကြာခဏ ပါကြပါပေတယ်။ လက်တွေ့အားဖြင့် အမျိုးသမီးကိစ္စတွေကို အကာကွယ် မပေးနိုင်ကြဘူး။ စောင့်ရှောက်မှု မပေးနိုင်ကြဘူးဆိုတဲ့အသိ ဝင်လာပါတယ်။

အေးအေးလို ဗမာပြည်အလယ်ပိုင်းက ဗမာလူမျိုးတစ်ယောက် ကိစ္စကိုတောင် ဒီလောက် လျစ်လျူရှုထားရင် နယ်စပ်ဒေသက မိန်းကလေးတွေကိုကျတော့ကော၊ ကျမခုထိ ရင်မောနေဆဲပါ။ ဒီတိုင်းပြည်မှာ အမျိုးသမီးအခွင့်ရေးကို အသေချာ အကာကွယ်ပေးနိုင်မယ့် လူ့အဖွဲ့အစည်း အမှန်တကယ် လိုအပ်နေပါတယ်။ ဘယ်တိုင်းပြည်ရောက်နေတဲ့ ဗမာအမျိုးသမီးဖြစ်ဖြစ် ကျမတို့ တိုင်းပြည်တွင်းက အမျိုးသမီးများကို ပစ်ပယ် မထားပါနဲ့။ နှုတ်အားဖြင့်၊ လက်အားဖြင့် ကူညီသမှုပေးကြပါလို့ ကျမအနေနဲ့ အလေး အနက် တောင်းဆို လိုက်ပါတယ်။

အမျိုးသမီးအခွင့်ရေး လှုပ်ရှားသူများကို အထူးလေးစားလျက်
ဖြူဖြူသင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- ရန်ကုန်)