မျက်မမြင် တစ်ယောက် ကြုံတွေ့ရတဲ့ ဘ၀အတွေ့အကြုံတွေ၊ မျက်လုံး မြင်သူ နဲ့ မမြင်သူကြားက ခံစားချက်တွေကို ရသမြောက်အောင် ရေးဖွဲ့ ထားတဲ့ရန်ကုန်မျက်မမြင်ကျောင်း(ခ၀ဲခြံ)က စာရေးဆရာ မြတ်ကျူအိမ် ရဲ့ ပထမဆုံး လုံးချင်းစာအုပ်ကို ဇွန်လကုန်လောက်မှာ ဖြန့်ချိပါတော့ မယ်။
"ကျွန်တော်ငယ်ငယ်က အကြောင်းတွေကို အခြေခံပြီး မျက်မမြင်တစ် ယောက်ရဲ့ သဘောထားအမြင်ကို ဇာတ်လမ်းဆင်ပြီး ရေးဖွဲ့ထားတာ။ ကျွန်တော့ ရဲ့ ခံစားချက်က ၇၀ ရာခိုင်နှုန်းလောက် နီးနီးပါတယ်။ မျက်မမြင်တွေကိုလည်း သာမန်လူတစ်ယောက်လိုမြင်ဖို့၊ မျက်စိ မမြင် တာကလွဲပြီး ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးက အမြင်ရှိသူ တွေနဲ့အတူတူပဲဆိုတာ နားလည်ပေး ကြဖို့ ပရိသတ်တွေကို အသိပေး ချင်တာပါ"လို့ သူ့စာအုပ်အကြောင်းကို ဆရာမြတ်ကျူအိမ်က ပြောပြ ပါတယ်။
"မြို့မှာသိပ်ကိစ္စမရှိပေမယ့် တောရွာတွေမှာက မျက်မမြင်တစ်ယောက် ဆို အိမ်ထဲမှာပဲထား။ သူများပေးတာယူ ကျွေးတာစားရတဲ့သူ။ ဘာမှမလုပ်တတ် တော့တဲ့ပုံစံကိုပဲ မြင်ကြတယ်။ ကြိုး တားပြီး စကြ နောက်ကြတာမျိုးတွေ လည်းရှိတယ်။ ပျော်ချင်လို့ စနောက် တယ်ဆိုပေမယ့် မျက်မမြင်တွေဘက်က ဘယ်လိုခံစားရတယ်ဆိုတာ သူတို့ မသိ ကြဘူး"လို့လည်း ဒီစာအုပ်ကိုဖန်တီးဖြစ် တဲ့သူ့ရဲ့ခံစားချက်တစ်ခုကို ပြောပါတယ်။
စာအုပ်အမည်ကို 'ကြေကွဲပုံရိပ် လွမ်းစိတ်မပြေ'လို့ အမည်ပေးထားပြီး စာမျက်နှာ ၁၈၀ ခန့်ပါရှိမယ်လို့ သိရပါ တယ်။ ထုတ်ဝေပေး တာကတော့ အနန္တာ ပုံနှိပ်တိုက်ပဲ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် စာရေးဆရာ က နှစ်ပေါင်းများစွာ မျက်မမြင်စာရေး လာတာမို့ သူ့အတွက် ပုံမှန်စာရေးရ တာအခက်အခဲမရှိပေမယ့် စာအုပ် တစ်အုပ်လုံးပြီးမြောက်ဖို့ ရေးရတဲ့အခါမှာတော့ အခက်အခဲတွေအများ ကီး ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
"ကျွန်တော်ရေးထားတာကို၊ပြန်ဖတ် ပြပြီးတော့ သူတို့ကအမြင်လို လက်ရေး နဲ့အချောပြန်ကူးရေးရတယ်။ သူတို့ကို ဖတ်ပြတဲ့အခါ ကိုယ်ဖတ်ပြတာမှားမှာ စိုးတော့ ကိုယ်ကအချောပြီးအောင် ရေး ပြီးမှဖတ်ပြတယ်။ ပြန်ကူးတဲ့အခါမှာ လည်း တောက်လျှောက်အပြီး ပြန်ကူး ရေးလို့မရဘူး။ မြင်တဲ့သူငယ်ချင်းတွေ က အားတဲ့အချိန် လာရေးပေးတယ်။ ဒါကြောင့် မြင်တဲ့သူငယ်ချင်းတွေ အားတဲ့အချိန် ရေးလို့ရအောင် မျက်မမြင် သူငယ်ချင်းနှစ်ယောက် သုံးယောက် လောက်ကို စာမူတွေခွဲပေးထားရတယ်" လို့ ပြောပြပါတယ်။
ရေးသားချိန်နှစ်လပဲ ကြာခဲ့ပေမယ့် မမြင်လိုရေးထားတဲ့စာကိုအမြင်လို လက်ရေးနဲ့ ပြန်ကူးရေးရတဲ့အတွက်အချောသပ်ပြီးစီးဖို့ သုံးလ ခန့်ကြာခဲ့ သလို စာတွေကို စာမျက်နှာတစ်ဖက် တည်း မရေးဘဲ နှစ်ဖက်ရေးမိတာကြောင့် မင်တွေပေါက်ပြီး အစအဆုံး ပြန်ကူး လိုက် ရတာကတော့ မှတ်မှတ်ရရပါပဲလို့ ဆရာ မြတ်ကျူအိမ်က ပြောပါတယ်။
၁၉၉၈၊ ၉၉ ခုနှစ်လောက်ကတည်းက ၀တ္ထုတိုတွေစရေးဖြစ်ခဲ့တယ်လို့ဆိုပြီး ၁၉၉၈ ခုနှစ်မှာ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးဝတ္ထုတို ပြိုင်ပွဲမှာ ပထမ ဆုရခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၆ ခုနှစ် မှာ မဂ္ဂဇင်းတွေကို စာမူတွေစပို့ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ 'သခင့်သွေးစက်မြေ သို့ သက်၏' ဆိုတဲ့ကဗျာနဲ့ 'မြန်မာ့တမန်' ခရစ်ယာန်ဘာသာရေးမဂ္ဂဇင်းမှာ ဖော်ပြ ခံခဲ့ရတယ်လို့ ပြောပါတယ်။
မြန်မာ့တမန်၊ ဣတ္ထိယ၊ သတင်း ကောင်း အစရှိတဲ့ ခရစ်ယာန်ဘာသာ ရေးမဂ္ဂဇင်းတွေမှာ ၀တ္ထုတိုတွေ၊ ကဗျာ တွေပါဝင်ရေးသားနေ ပြီး မျက်စိအလင်း ရှိတဲ့လူတွေအကြောင်း ရေးဖွဲ့ထားတဲ့ ဒုတိယမြောက်လုံးချင်း စာအုပ်ကိုလည်း ဒီနှစ်ကုန်အပြီးလောက်မှာ ထွက်ရှိ နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
မျက်မမြင်ကျောင်းက ဆရာတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေက 'မောင်ထွေး'လို့ခေါ်ကြတဲ့ ဆရာမြတ်ကျူအိမ် ဟာ ပဲခူးတိုင်းဒေသ ကြီး၊ ဝေါမြို့နယ်၊ ဆပ်သွားကုန်းကျေးရွာဇာတိဖြစ်ပြီး၊ သုံးနှစ်သားအရွယ်မှာ ၀က်သက်ပေါက် ကာ အဖျားကြီးရာမှ မျက်လုံးကို ထိခိုက် ခဲ့ပြီး အမြင်ကွယ်ပျောက်ခဲ့ရသူဖြစ်ပါတယ်။
"တစ်ရွာလုံးမှာ မျက်မမြင်က ကိုယ်တစ်ယောက်တည်း။ ရွာကလူတွေရဲ့ တစ်ယောက်တစ်မျိုး စနောက်တဲ့ဒဏ်ကို ခံရပါများလာတဲ့ အခါ အားငယ်တဲ့ စိတ်တွေဝင်ပြီး ရွာမှာနေရတာ စိတ်ကျဉ်း ကျပ်လာပြီး မပျော်မရွှင်ဖြစ်ခဲ့ရတယ်"လို့ သူ့ငယ်စဉ်ကအကြောင်းကို ပြန်ပြောင်း ပြောပြပါတယ်။
ဆယ်နှစ်သားလောက်မှာမှ ခ၀ဲခြံ မျက်မမြင်ကျောင်းကို ရောက်ရှိကာ သူငယ်တန်းပညာကို စတင်သင်ကြား ခဲ့ရပြီး မျက်မမြင်ကျောင်း မှာ ဘ၀တူ သူငယ်ချင်းတွေ အများကြီးတွေ့ရတဲ့ အခါ အားငယ်စိတ်တွေ ပျောက်ပြီး ပျော်လာတယ်လို့ ဆိုပါတယ်။
"ငယ်ငယ်ကတည်းက စာရေးရတာ ကိုဝါသနာပါတယ်။ ဒါပေမယ့် ကိုယ် နေရတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက သိပ်မဖွံ့ဖြိုးတော့ တစ်နေ့ကျဒီလို ဖြစ်ရ မယ်ဆိုတဲ့ စိတ်ကူးမျိုး မရှိခဲ့ဘူး။ ဒီ လောက်ထိ လုပ်ဖြစ်လိမ့်မယ်လို့လည်း ကြိုမတွေးထားဘူး။ ဒီရောက်တော့ စာသင်ရတော့ မျက်စိပွင့်နားပွင့်ဖြစ်လာ တယ်"လို့လည်း လက်ရှိသူ့ဘ၀ကို ကျေနပ်စွာ ဆိုပါတယ်။
လတ်တလောမှာ မျက်မမြင်ကျောင်း မှာပဲ တယ်လီဖုန်းအော်ပရေတာအဖြစ် ၀င်ရောက်လုပ်ကိုင်နေပြီး ၁၀ တန်း စာမေးဖြေဖို့ စာပေ လေ့လာနေတာမို့ "ဘွဲ့တစ်ခုလောက်တော့ ရအောင် ယူမယ်လို့ ဆုံးဖြတ်ထားတယ်။ စာပေ လောကမှာလည်း ကိုယ်ပိုင်မဂ္ဂဇင်းလေး တစ်ခု လုပ်ချင်တယ်" လို့ သူ့ရည်မှန်းချက် ကို ယုံကြည်မှုအပြည့်နဲ့ဆိုပါတယ်။

မြန်မာတိုင်းဂျာနယ် မှပြန်လည် မျှဝေလိုက်ပါတယ်။