22 March 2013

မိတ္ထီလာ မြို့နယ် ၄ ခုကို သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီ (ဒေသ စံတော်ချိန် ညနေ ၄း၃၀)

မိတ္ထီလာ အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာလိုက်ခြင်း ================ နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃) (၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်) --------------------- မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ -မိတ္ထီလာမြို့နယ် -ဝမ်းတွင်းမြို့နယ် -မလှိုင်မြို့နယ် နှင့် -သာစည်မြို့နယ်များအတွင်း ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။ ပုံ သိန်းစိန်

21 March 2013

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍


မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်နှင့် ဝန်ဇင်းရပ်ကွက်ကြားတွင် မတ်လ ၂၁ ရက်နေ့ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် မီးငြိမ်းသွားပြီ ဖြစ်ကြောင်း မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ အဆိုပါမီးလောင်မှုကြောင့် သေဆုံးသူမရှိသော်လည်း ဒဏ်ရာရသူအချို့ရှိကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီဝန်းကျင်က မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်တို့တွေ့ဆုံပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ တည်ငြိမ်အောင် ဆောင်ရွက်ရန်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း မိတ္ထီလာမြို့သို့ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။ အဆိုပါတွေ့ဆုံမှုတွင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူနှင့် ရွှေညဝါဆရာတော်တို့ ပါဝင်ခဲ့ပြီး လူထု အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်သွားရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းသိရသည်။
)

တုံကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည်အား တောင်းပန်ထောက်ခံပွဲ ကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်ထောက်ခံပွဲတစ်ခု မကြာမီပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မတ်လ ၁၄ ရက်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌတုံကျေးရွာ သပိတ်စခန်းသို့ လာရောက်စဉ် ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခဲ့သော လူတစ်စုကြောင့် ကျေးရွာနာမည်ပျက်မည်ကို စိုးရိမ်သဖြင့်ပြုလုပ်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“မကြာမီ နှစ်ရက်၊ သုံးရက်အတွင်းလုပ်ဖို့ စီစဉ်နေတယ်။ လူနည်းစုတစ်စုကြောင့် နာမည်ပျက်မှာစိုးလို့ပါ” ဟု တုံရွာဒေသခံတစ်ဦးက ပြောသည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင်ခံစာထွက်ရှိပြီးနောက် ယင်းစီမံကိန်းဒေသသို့ သွားရောက်ခဲ့သော နှစ်ရက်ကြာ ခရီးစဉ်တွင် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းချက်များကို ဒေသခံကျေးရွာအများစုက သဘောတူကျေနပ်ကြသော်လည်း တုံရွာနှင့် ဆည်တည်းရွာဟောင်းတို့၌ ကန့်ကွက်ဆန္ဒပြမှုများ၊ ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံမှုများနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် လိပ်ခွံတောင်၊ တုံကျေးရွာများတွင် ဖွင့်လှစ်ထားသော သပိတ်စခန်းများကိုလည်း မတ်လ ၁၆ ရက်မှ စတင်၍ ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

“အမေစု လာတုန်းက ပြောသွားတယ်။ ဆန္ဒပြချင်ရင် ခွင့်ပြုချက်တောင်းပြီး ပြပါလို့။ အခု ဥပဒေကို လေးစားလိုက်နာတဲ့အနေနဲ့ ဖျက်သိမ်းလိုက်တာ” ဟု တုံကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“စီတန်းလှည့်လည်ခွင့်ဆိုတာ ဥပဒေဘောင်အတွင်းက ခွင့်ပြုချက်ရယူရမယ်။ သူတို့က ပြောတယ်။ ခွင့်ပြုချက်မပေးဘူးတဲ့။ ဘယ်တုန်းကတောင်းလဲဆိုတော့ နောက်ဆုံးပြီးခဲ့တဲ့ ဆယ်လပိုင်းကတဲ့။ အခု အာဏာပိုင်တွေနဲ့ ပြောတော့ပေးပါမယ်လို့ ပြောတယ်။ ခွင့်ပြုချက်ယူပြီးတော့ ပြပါ။ ခွင့်ပြုချက်မယူလို့ရှိရင်တော့ ဥပဒေဘောင်အတွင်းက လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က မုံရွာခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင်ခံစာကို မတ် ၁၁ ရက်တွင် သမ္မတထံ တင်သွင်းခဲ့ပြီး အားနည်းချက်များကိုပြင်ဆင်၍ ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သင့်ကြောင်း အကြံပြုတိုက်တွန်းထားသည်။

 7Day News

မကြာမီ လွှတ်တော်ရုပ်မြင်သံကြား လိုင်းတစ်လိုင်း ထုတ်လွှင့်ရန်ရှိ

ယခုနှစ် နိုဝင်ဘာလမတိုင်မီ လွှတ်တော်ရုပ်မြင်သံကြားလိုင်း တစ်လိုင်း ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားသည်။ လွှတ်တော် ရုပ်မြင်သံကြား ထုတ်ထုတ်လွှင့်မှု အစီအစဉ်အား အခမဲ့ ရုပ်သံလိုင်းအဖြစ် သီးသန့် အစီအစဉ်ဖြင့် ထုတ်လွှင့်ပြသရန် အစီအစဉ်ရှိ၊ မရှိနှင့် ပတ်သက်၍ အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်၏ ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၄ ရက်မြောက်တွင် မေးမြန်းချက်အပေါ် ဒုတိယဝန်ကြီးက ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။ ပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေးက ၂၀၁၃ ခုနှစ် နိုဝင်ဘာလ မတိုင်မီ ထုတ်လွှတ်မည့် ရုပ်မြင်သံကြား လိုင်းသစ်များတွင် လွှတ်တော် ရုပ်မြင်သံကြားလိုင်း တစ်လိုင်းကို ထည့်သွင်းထုတ်လွှင့်သွားမည် ဖြစ်သည်ဟု ပြောသည်။ လွှတ်တော် ကျင်းပပုံများနှင့် ပတ်သက်၍ လက်ရှိအချိန် တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဖက်စပ်ဖြစ်သော Sky Net က လွှတ်တော် Channel တစ်ခုကို ပထမ အကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး စတင်ပြုလုပ်သည့် ၂၀၁၂ ခုနှစ် ဇူလိုင် ၄ ရက်မှ စတင်၍ ၂ နာရီခန့် နောက်ကျသည့် စနစ်ဖြင့် လွှတ်တော် အစီအစဉ် အစအဆုံးအား ထုတ်လွှင့်ပေးလျက် ရှိသည်။ လက်ရှိ ထုတ်လွှင့်နေသော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်စက်ရုံများ အားလုံးမှာ Analogue လွှင့်စက်များဖြင့် တပ်ဆင်ထုတ်လွှင့်နေခြင်း ဖြစ်သဖြင့် Analogue စနစ်မှာ Channel တစ်ခုသာဖြစ်၍ တစ်ပြိုင်တည်း ထုတ်လွှင့် မရကြောင်း၊ MRTV အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ အဆင့်ဆင့် Digital စနစ် ထူထောင်ပြီးပါက ရုပ်မြင်သံကြား Channel လေးလိုင်းခန့်ကို Free to Air (အခမဲ့) တိုးမြှင့်ထုတ်လွှင့် ပေးနိုင်မည်ဖြစ်ကာ ထိုကဲ့သို့ ထုတ်လွှင့်နိုင်ရေး အတွက် Digital လွှင့်စက်အလုံး ၂၀ ကို ဝယ်ယူတပ်ဆင်ရန် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် ထည့်သွင်းလျာထားကြောင်း  News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "