ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီက သမ္မတထံ တိုက်ရိုက်လိပ်မူ တိုင်ကြားခြင်းနှင့် အခြားအဖွဲ့အစည်းများထံ ပေးပို့တိုင်ကြားမှုများအား ကူညီပေးမည်မဟုတ်ဘဲ မှတ်တမ်းအဖြစ်သာ သိမ်းဆည်းထားမည် ဖြစ်ကြောင်း ယင်းကော်မတီ၏ ဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ဖေဖော်ဝါရီ ၂၁ ရက်က မီဒီယာများသို့ ပြောကြားခဲ့သည်။ ၄င်းက “ကော်မတီကို လိပ်မူတိုင်ကြားစာများကိုသာ လိုက်ပါစစ်ဆေး ဆောင်ရွက်ပေးမယ်။ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေကို လိပ်မူတိုင်ကြားတဲ့ စာတွေကို သိသာရုံ သက်သက်ဖြင့်သာ မှတ်တမ်းတင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။ ယင်းကဆက်လက်၍ “တိုင်ကြားမယ်ဆိုရင် ကျွန်တော်တို့ဆီကို လိပ်မူတိုင်ကြားဖို့ လိုပါမယ်။ သမ္မတဆီတိုင်ရင် သမ္မတက အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ လိုက်ပါဆောင်ရွက်လို့ မရဘူး။ မှတ်တမ်းမိတ္တူ အဖြစ်သာ ထားရပါမယ်” ဟု ပြောပြခဲ့သည်။ ကော်မတီသို့ လိပ်မူတိုင်ကြားလျှင် မှတ်ပုံတင်နံပါတ် အပြည့်အစုံ ဖြည့်သွင်းရမည်ဖြစ်ပြီး ကော်မတီအဖွဲ့ဝင်က ဦးစွာစစ်ဆေး သုံးသပ်မည်ဖြစ်ကာ နာယကထံ အတည်ပြု ပေးပို့မည်ဖြစ်သည်ဟု ဆိုသည်။ ဖြစ်ပေါ်သည့် ပြဿနာအပေါ် အခြေခံကာ ပြည်ထောင်စုအစိုးရထံ ပေးပို့သွားမည် ဖြစ်ပြီး စုံစမ်းစစ်ဆေး၍ ထပ်မံတင်ပြသွားမည် ဖြစ်သည်ဟု ဆိုသည်။ ပြည်သူတို့၏ တိုင်ကြားစာနှင့် ပတ်သက်၍ ကြန့်ကြာမှုများ ရှိနေခြင်းသည် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်း၏ လုပ်ငန်းဆောင်တာ အားနည်းမှုကြောင့်ဟုလည်း ပြောကြားခဲ့ကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
22 February 2013
လူထုအသံ ထုတ်ဖော်မည့် သံချပ်ပြိုင်ပွဲ ပြုလုပ်မည်
ပြည်သူလူထုအသံကို ထုတ်ဖော်ပြသနိုင်မည့် ရိုးရာသင်္ကြန် သံချပ်ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲ အတွက် လျှောက်လွှာများ ဖိတ်ခေါ်ထားကြောင်း ရွှေ FM ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ အဆိုပါ သံချပ်ပြိုင်ပွဲကို ရွှေ FM နှင့် Bo Bo အင်တာတိန်းမန့်တို့က ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ယှဉ်ပြိုင်ရမည့် သံချပ်ခေါင်းစဉ်အား ‘လူထုအသံ’ ဟု အမည်ပေးထားကြောင်း သိရသည်။ “မနှစ်တုန်းကလုပ်တဲ့ သံချပ် အဖွဲ့တွေကို ကူညီပေးခဲ့တယ်။ အရင်တုန်းက ပြန်လည်ဖော်ထုတ်ခွင့် မရတဲ့ သံချပ်တွေကို အခုလုပ်ခွင့်ရတဲ့ အချိန်မှာ ပြန်လုပ်တာပါ၊ အခုက ပထမအကြိမ်၊ နောင်နှစ်တွေမှာလည်း ဆက်လုပ်သွားပြီး ဆုပေးမဏ္ဍပ်နဲ့ သေသေချာချာ ဆုပေးသွားဖို့ ရှိပါတယ်” ဟု ကိုဘိုဘိုခန့်က ပြောကြားသည်။ မြန်မာ့ရိုးရာ သင်္ကြန်တွင် သံချပ်သီဆိုမှုမှာ ရိုးရာအစဉ်အလာ တစ်ခုအဖြစ် ခေတ်အဆက်ဆက်ကတည်းက ရှိခဲ့ကာ တပ်မတော် အစိုးရ လက်ထက်မှ ယနေ့အစိုးရလက်ထက် အစောပိုင်းကာလအထိ သံချပ်သီဆိုမှု ရပ်ဆိုင်းခိုင်းထားခြင်း ခံခဲ့ရသည်။ နှစ်ပေါင်း ၂၀ ကျော်ကြာ တိမ်မြုပ် ပျောက်ကွယ်ခဲ့ရသော သံချပ်သီဆိုမှုမှာ ၂၀၁၂ ခုနှစ်တွင် ပြန်လည်စတင် အသက်သွင်းနိုင်ခဲ့ပြီး ယင်းနှစ်သင်္ကြန်တွင် မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့၊ ကိုမေတ္တာ၊ ဗေလုဝ စသည့် ထိပ်တန်းလူရွှင်တော်များ၏ “သာဓုပါဗျာ” အဖွဲ့နှင့် (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့၏ ပြည်သူ့အသံ ဖော်ထုတ်ခဲ့သော သံချပ်သီဆိုမှုကို ပြည်သူအများက တစ်ခဲနက် အားပေးခဲ့ကြသည်။ ၂၀၁၂ ခုနှစ် သင်္ကြန် မတိုင်မီကလည်း ရိုးရာသံချပ်ပြိုင်ပွဲကို ပြည်သူ့ရင်ပြင်တွင် ပထမဆုံး ပြုလုပ်ရာ ယခု သံချပ်ပြိုင်ပွဲ အစီအစဉ်မှာ အစိုးရသစ်လက်ထက် ဒုတိယအကြိမ်မြောက် သံချပ်ပြိုင်ပွဲ ပြုလုပ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။ “အဲဒီလို ပြိုင်ပွဲတွေ လုပ်ပေးနေတာ ကောင်းပါတယ်။ သံချပ်နဲ့ မြန်မာပြည်သူလူထုက ကင်းကွာနေတာ ကြာပြီလေ။ ဒါကြောင့် အချို့ဆို သံချပ်ဆိုတာ ဘာမှန်းမသိတာတွေတောင် ရှိလာတော့ မျိုးဆက်ပြတ် မကျန်ခဲ့အောင် ပြန်ဖော်ထုတ်ရာလည်း ကျတယ်။ သံချပ်ဆိုတာ ပြည်သူ့အသံ စစ်စစ်ဖြစ်လို့ အစိုးရပိုင်းကလည်း ပြည်သူ့အသံ အလေးထားတယ် ပြောထားတာ ရှိနေတော့ သံချပ်သံတွေ ပြန်ရှင်သန်ခွင့် ရတဲ့ ကာလ ရောက်လာပြီလို့ပဲ ယူဆရမှာပေါ့” ဟု (၈၈)မျိုးဆက် ကျောင်းသားအဖွဲ့ဝင် တစ်ဦးက ၎င်းထင်မြင် ယူဆချက်အား ပြောသည်။ အဆိုပါ သံချပ်ပြိုင်ပွဲကို တာမွေမြို့နယ်ရှိ ရွှေထွဋ်တင် အဆောက်အအုံတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ဆုကြေးငွေကို ပထမ သိန်း ၃၀၊ ဒုတိယ သိန်း ၂၀၊ တတိယ ၁၅ သိန်း၊ စတုတ္ထ ၁၀ သိန်း ပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို မတ် ၉၊ ၁၀၊ ၁၁ ရက် သုံးရက်အကြို အစမ်းယှဉ်ပြိုင်ရမည် ဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဧပြီ ၇ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ လျှောက်လွှာများကို ဖေဖော်ဝါရီ ၂၈ ရက်အထိ လက်ခံသွားမည် ဖြစ်ကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
19 February 2013
ရန်ကုန်တွင် ပထမဆုံး ပုဂ္ဂလိက မိုဘိုင်းဖုန်းစက်ရုံ တည်ထောင်ရန် စီစဉ်ဆောင်ရွက်နေ
မြန်မာနိုင်ငံတွင် ပထမဦးဆုံး မိုဘိုင်းဖုန်း ထုတ်လုပ်မည့်စက်ရုံ မတ်လအတွင်း၌ စတင်တည်ထောင်ရန် စီစဉ် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရွှေပြည်တံခွန် ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်က ပြောသည်။ အဆိုပါစက်ရုံ တည်ဆောက်ရန်အတွက် ရန်ကုန်တွင် မြေနေရာများ ရွေးချယ်ထားပြီးဖြစ်ကာ ယင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် စီးပွားရေး ကြေညာချက်များ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ဖုန်းစက်ရုံ တည်ထောင်ဖို့အတွက် မြေနေရာ ရွေးချယ်တာတွေတော့ လုပ်ပြီးသွားပါပြီ။ နေရာကိုတော့ ပြောလို့ မရသေးလို့ပါ။ ဒီစက်ရုံကနေ Branded တစ်ခုရှိတဲ့ စမတ်ဖုန်းတွေကို အဓိကထားပြီး ထုတ်လုပ်သွားမယ်။ ဈေးနှုန်းကိုလဲ တခြားနိုင်ငံက ဖုန်းတွေထက် သက်သာအောင် ရောင်းမယ်လို့တော့ စီစဉ်ထားပါတယ်” ဟု ဦးလွင်နိုင်ဦးက ပြောသည်။ ယင်းသို့ ဖုန်းစက်ရုံ တည်ထောင်ရန်အတွက် ဂျာမနီမှ နည်းပညာ ပံ့ပိုးမှုများလည်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါစက်ရုံ စတင်တည်ဆောက်ရန် အချိန်ကာလ တစ်နှစ်ခန့် ပြင်ဆင်ရမည် ဖြစ်ကြောင်း သိရသည်။ “ဖုန်းရဲ့ ဆော့ဖ်ဝဲလ်၊ Application တွေကအစ ပြင်ဆင်ပြီးသွားပါပြီ။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ အိုင်တီတတ်ကျွမ်း နားလည်တဲ့ လူငယ်တွေရဲ့ နည်းပညာ ပံ့ပိုးကူညီမှုတွေလဲ အများကြီး လိုအပ်ပါတယ်” ဟု ယင်းက ထပ်မံပြောသည်။ ရွှေပြည်တံခွန် ကုမ္ပဏီမှ ဖုန်းစက်ရုံ တည်ဆောက်ရာတွင် ပါဝင်ရင်းနှီးမြှုပ်နှံမည့် သူများအတွက် ကြေညာချက်တစ်ရပ်ကို မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ကြေညာသွားရန် အစီအစဉ်များ ဆောင်ရွက်ထားကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ ABCIT & Mobile မှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်မျိုးလွင်က “ပြည်တွင်း ကုမ္ပဏီတစ်ခုက ပြည်တွင်းဖြစ်ဖုန်း ထုတ်လုပ်နိုင်တော့မယ် ဆိုတော့ အင်မတန် ကောင်းတဲ့ကိစ္စလို့ ထင်ပါတယ်။ မြန်မာပြည် ဈေးကွက်က အင်မတန် ရင်းနှီးမြှုပ်နှံလို့ ကောင်းပြီး လုပ်သားများအတွက် ကုန်ကျမယ့်စရိတ်လဲ သက်သာနိုင်တဲ့ အားသာချက်တွေ ရှိတယ်။ လူတန်းစား မရွေး ကိုင်နိုင်တဲ့ ဟန်းဆက်တွေ ထုတ်ပေးမယ်ဆိုရင် မြန်မာပြည် ဈေးကွက်မှာ အောင်မြင်မှာပါ” ဟု ပြောသည်။ လက်ရှိတွင် အစိုးရသစ်၏ စီးပွားရေးမူဝါဒ ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံလိုသူများ အများအပြားရှိနေပြီး ပြည်ပနိုင်ငံများမှလည်း မိုဘိုင်းဖုန်းနှင့် ဆက်စပ် ပစ္စည်းများကို တရားဝင် တင်သွင်းခွင့်များ ရရှိနေသည့် ကာလဖြစ်ကြောင်း သိရသည်။ ရွှေပြည်တံခွန် ကုမ္ပဏီသည် တန်ဖိုးနည်းဖုန်းများ မရောင်းချမီ ၂၀၁၂ နှစ်ဆန်းပိုင်း ကာလတွင် ဆင်းမ်ကတ် တစ်ကတ်လျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချပေးနိုင်ရန် စီစဉ်ခဲ့သည့်ကုမ္ပဏီ ဖြစ်သည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများအား ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ရန် တင်ဒါခေါ်ယူထားရာ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရန် အတွက်လည်း လျှောက်ထားကြောင်း Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
နိုင်ငံသားဖြစ်ခွင့်နှင့်မညီသော မှတ်ပုံတင်ရထားသူများကို ပြန်လည်စိစစ် သိမ်းဆည်းမည်
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနထံမှ နိုင်ငံသား စိစစ်ရေးကတ်ပြားကို နိုင်ငံသားအဖြစ် အပြည့်အဝ မခံယူထိုက်သူများက ရယူထားမှုများ ရှိနေသဖြင့် ပြန်လည် စိစစ်အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၁၃-၂-၂၀၁၃ ရက်တွင် ပြောကြား သည်။ ပြည်ထောင်စုဝန်ကြီး ၏ ဆိုလိုရင်းအရ မြန်မာနိုင်ငံ တွင် နှစ်ပေါင်းများ စွာ နေထိုင်ခဲ့သော နိုင်ငံခြားသားများက ၁၉၈၂ ဥပဒေပါ အချက်များကို ကျော်လွန်ကာ အခကြေးငွေပေးပြီး နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ခဲ့မှုများ ရှိသဖြင့် ယင်းတို့ကို စစ်ဆေးတော့မည့် သဘောမျိုးဖြစ်သည်ဟု သိရသည်။ “လဝကရဲ့ ကတ်တွေ အကျုံးဝင်မဝင် ပြန်စစ်နေတယ်။ အကျုံးမဝင်ရင် ပြန်သိမ်းမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။ မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်မှ မျိုးဆက်များစွာ ကျန်ရှိနေခဲ့ပြီး နိုင်ငံခြားသား အချို့သည် မြန်မာနိုင်ငံသား၊ အမျိုးသမီးများနှင့် အတည်တကျ ပေါင်းသင်းဆက်ဆံကာ မိသားစု ထူထောင် ထားကြသော်လည်း တရားဝင် နိုင်ငံသားဖြစ်ခွင့် မရှိခဲ့ကြကြောင်း သိရသည်။ “လဝကရဲ့ ၁၉၈၂ ဥပဒေအရမှာ နိုင်ငံခြားသားနဲ့ လက်ထပ်ထားတဲ့ မြန်မာအမျိုးသမီး တစ်ယောက်ရဲ့ သားဟာ နိုင်ငံသားဖြစ်ခွင့် မရသေးဘဲ တတိယမျိုးဆက် ဖြစ်တဲ့ မြေးဖြစ်သူသာလျှင် မြန်မာနိုင်ငံသား ဖြစ်ခွင့်ရမှာပါ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။ အချို့သော တောဒေသနှင့် မြို့များတွင် နိုင်ငံသားဖြစ်ခွင့် မရကြသေးသူများက လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ကာ မှတ်ပုံတင်ပြုလုပ် ရရှိနေကြကြောင်း၊ အချို့မှာ မှတ်ပုံတင် အတုပင်လျှင် ကိုင်ဆောင် သုံးစွဲနေမှုများရှိကြောင်း ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
တပ်သိမ်း လယ်ယာမြေများ ပြန်ပေးမည်
တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေများအား လယ်သမားများထံသို့ ပြန်လည်ပေးအပ်၍ စီမံကိန်း ဝင်နေသည့် လယ်ယာမြေများအား လျော်ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ပြောကြားချက်ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်းအနား နိုင်ငံတော်သမ္မတ ဖိတ်ကြားသည့် ညစာစားပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုး သို့ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြောကြားသည်။ “ကျွန်တော်တို့ ပါတီကို ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြောပါတယ်။ တပ်က သိမ်းထားတဲ့ မြေယာတွေကို ပြန်ပေးနေပါပြီ။ ဒါကြောင့် နောက်တစ်ခါ အခက်အခဲတွေ ရှိတဲ့အခါကျရင် သူ့ဆီကို တိုက်ရိုက် အကူအညီတောင်းလို့ ရပါတယ်လို့ ပြောခဲ့ပါတယ်” ဟု ယင်းတို့ ပါတီဥက္ကဋ္ဌသို့ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးကျော်စွာက ပြောသည်။ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းမှလည်း “သူ့စိတ်ထဲမှာ ပြန်ပေးဖို့ ဆန္ဒရှိတာကို ကြိုဆိုပါတယ်။ လယ်သမားတွေ အတွက် ဝမ်းသာစရာ သတင်းတစ်ခုပေါ့။ လိုအပ်တဲ့ အကူအညီတွေကိုလဲ ဝိုင်းဝန်းကူညီ လုပ်ဆောင် ပေးချင်ပါတယ်” ဟု ပြောသည်။ အဆိုပါ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲကို နေပြည်တော်တွင် ကျင်းပ၍ နိုင်ငံတော်သမ္မတနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးများနှင့် နိုင်ငံရေးပါတီမှ ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""
18 February 2013
ပုဂ္ဂလိက သတင်းစာလျှောက်ထားမှု ခုနစ်စောင်ရှိပြီ
ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်အတွက် ယနေ့အထိ လျှောက်ထားမှုက ခုနစ်စောင်ရှိပြီလို့ ပြန်ကြားရေး ဝန်ကြီးဌာန စာပေစိစစ်နှင့် ဗဟိုမှတ်ပုံတင်ဌာနက စုံစမ်းသိရပါတယ်။ ပုဂ္ဂလိက နေ့စဉ်ထုတ် လျှောက်ထားတဲ့ သတင်းစာတွေက အင်ပါယာနေ့စဉ် သတင်းစာ၊ ခေတ်မိုး နေ့စဉ်သတင်းစာ၊ ရွှေနိုင်ငံ နေ့စဉ် သတင်းစာ၊ နေရှင်နယ်တိုင်း(မ်) နေ့စဉ်သတင်းစာ၊ မြန်မာနယူးဝိခ် နေ့စဉ်သတင်းစာ၊ မဇ္ဈိမ(မြန်မာ) နေ့စဉ်သတင်းစာနဲ့ ကမ္ဘာ နေ့စဉ်သတင်းစာတို့ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့် ဗဟိုမှတ်ပုံတင်ဌာန၊ ခေတ္တညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ‘နေ့စဉ်သတင်းစာ လျှောက်တာ လောလောဆယ် ခုနစ်စောင်ရှိပါပြီ၊ စိစစ်နေပါပြီ၊ သတ်မှတ်ပုံစံတွေနဲ့ စာနယ်ဇင်းကျင့်ဝတ်တွေနဲ့ တိုက်ကြည့်ဦးမှာပါ၊ ကျွန်တော်တို့ဆီက ethic (ကျင့်ဝတ်) တွေနဲ့မတူဘူးဆိုရင်လဲ မသွေဖည်ဘူးဆိုရင် ရပါမယ်၊ လုံးဝမပေးတာမျိုး မဟုတ်ပါဘူး၊ ညှိနှိုင်းပေးမှာပါ’ လို့ တယ်လီဖုန်းနဲ့ ပြောပါတယ်။ လွတ်လပ်သော ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့် လျှောက်ထားနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ကြေညာပါတယ်။ ထုတ်ဝေခွင့် လျှောက်လွှာတွေကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားရမယ့် လိပ်စာ၊ လျှောက်လွှာပုံစံစတဲ့ အသေးစိတ်ကို ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတယ်။ ထုတ်ဝေခွင့်ရတဲ့ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေဟာ ၂၀၁၃ ခုနှစ်ဧပြီလ ၁ ရက်နေ့ စတင် ထုတ်ဝေနိုင်မှာဖြစ်တယ်။ အဲသည်နေ့ဟာ လက်ရှိ အစိုးရသက်တမ်း နှစ်နှစ်ပြည့်မယ့်နေ့လို ဆိုပါတယ်။ ပုဂ္ဂလိက နေ့စဉ် သတင်းစာထုတ်ဝေခွင့် ရမယ်ဆိုတဲ့ သတင်းထွက်ပေါ်ခါစက ပြည်တွင်း အပတ်စဉ်ဂျာနယ်ကြီးအချို့ သတင်းစာထုတ်ဖို့ စိုင်းပြင်းပြင်ဆင်နေကြောင်း သတင်းတွေလည်း ကြားသိရပါတယ်။ သည်နေ့အထိ လျှောက်ထားမှုတွေမှာတော့ နာမည်ကြီး အပတ်စဉ်ဂျာနယ်ကြီးအချို့ မပါဝင်သေးတာတွေ့ရကြောင်း မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
17 February 2013
လယ်သမားသမဂ္ဂတာဝန်များ ကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား
တောင်သူလယ်သမားသမဂ္ဂတွေ ဖွဲ့စည်းတယ်ဆိုတာ အစိုးရကို အတိုက်အခံလုပ်ဖို့မဟုတ်ပဲ လယ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုတာ နားလည်ရမယ် လို့ ကော့မှူးဒေသခံ တောင်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ကော့မှူးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချ
အခုနှစ်မှာတော့ ကော့မှူးမြို့နယ် ဒေသခံတောင်သူတွေ ကြွေးမြီတွေ ပေးဆပ်နေရာကနေ ကင်းလွတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း၊ တောင်သူလယ်သမားတွေ အကြွေးကင်းဖို့ စီမံကိန်းချပြီး နောက်ထပ် အကြွေးမနစ်အောင်၊ ယခင်ကြွေးဟောင်းတွေ ကိုလည်း ပြန်လည်ပေး ဆပ်နိုင်အောင် ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေ
Ref. RFA