05 October 2012

တရုတ်ပိုင်ကုမ္ပဏီများအား သပ်သပ်ရပ်ရပ်ဖြင့် နောက်ပြန်လှည့်ရန်နည်းလမ်းများ ရှာဖွေထားဖို့လိုကြောင်း ၈၈ ဆို


ယခင်အစိုးရလက်ထက်၌ တရုတ်ပိုင်ကုမ္ပဏီများမှ ချုပ်ဆိုထားခဲ့သော စာချုပ်များတွင်နိုင်ငံ၏ပုံရိပ်ဖြစ်သော ဧရာဝတီမြစ်စုံစီမံကိန်းအပါအဝင် အခြားစီမံကိန်းများအတွက် သပ်သပ်ရပ်ရပ်ဖြင့် နောက်ကြောင်းပြန်လှည့်နိုင်သော နည်းလမ်းများကို ရှာဖွေ၍ ရှေ့ဆက်မတိုးသင့်တော့ကြောင်းနှင့် နိုင်ငံရှိ ပြည်သူများအား ထိခိုက်နိုင်သော မည်သည့်စီမံကိန်းကိုမဆို ကန့်ကွက်ရန်ပြင်ဆင်လျက်ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုပြုံးချိုက အောက်တိုဘာလ ၃ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရန်ကုန်မြို့၊ တောင်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သော ဧရာဝတီကိုကယ်တင်ခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုပွဲ၌ ပြောကြားခဲ့ ခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲခြင်းကို အခွင့်ကောင်းယူ၍ အမြတ်ထုတ်ယူနေသော လုပ်ငန်းရှင်များအား ရည်ညွှန်း၍ ပြောကြားခြင်းဖြစ်ကြောင်းနှင့် ယခု အစိုးရသစ် သမ္မတကြီးဦးသိန်းစိန်လက်ထက်တွင် ၎င်း၏သမ္မတသက်တမ်း၌ မြစ်စုံစီမံကိန်းအား ပြုလုပ်ခြင်းမပြုရန် ရပ်ဆိုင်းထားသောလည်း ထာဝရရပ် ဆိုင်းသွားရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“နိုင်ငံမှာမရှိမဖြစ်တဲ့၊ တိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့၊ နိုင်ငံရဲ့ပုံရိပ်ကြီး ဧရာဝတီကိုဖျတ်စီးဖို့ မကြိုးစားပါနဲ့၊ အရင်အစိုးရလက်ထက်က အမဲစက်တွေကို ရအောင်ဟန့်တားမယ်၊ တရုတ်တွေလည်း အရင်အစိုးရလက်ထက်ကစာချုပ်တွေနဲ့ ပတ်သက်ပြီး သပ်သပ်ရပ်ရပ် နောက်ပြန်လှည့်မည့် နည်းလမ်းတွေကို ရှာထားဖို့လိုမယ်၊ နောက်စာချုပ်တွေချုပ်တဲ့အခါမှာလည်း နိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့အခွင့်အရေးကို ကာကွယ်မယ့် ကိစ္စတွေပါဝင်လာ မယ့်အပြင် နိုင်ငံတကာစံနှုန်းတွေနဲ့ပါ ချုပ်ဆိုစေရမယ်” ဟု ကိုပြုံးချိုက ပြောသည်။
၈၈ မျိုးဆက်ကျောင်းသာများအနေဖြင့် မြစ်စုံစီမံကိန်းအား နိုင်ငံတော်သမ္မတကြီးမှ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ရက်တွင် ၎င်း၏သမ္မတသက် တမ်းတစ်လျှောက်တွင် ဆိုင်းငံထားမည်ဟုကြေညာခဲ့သော်လည်း ထာဝရရပ်ဆိုင်းသွားစေရန်အတွက် တိုင်းရင်းသားများ၏ နစ်နာဆုံးရှုံးမှုအား နားလည်စာ နာတက်သူများ၏ ပူးပေါင်းပါဝင်မှုကိုလိုလားကြောင်းနှင့် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးထွန်းလွင်က “ကျနော်အသက်ကြီးပြီ ကြောက်လည်း ကြောက်တက်ပါတယ်၊ ဒါပေမယ့် ဒီဧရာဝတီ မြစ်စုံစီမံကိန်းကို လုံးဝသဘောမတူဘူး”ဟု ငြင်းဆိုခဲ့ကြောင်း ညွှန်းဆိုခဲ့သည်။
“နိုင်ငံတကာမှာ မြန်မာလို့ပြောနေပြီး မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ပုံရိပ်ကိုမြှင့်ဖို့ လိုပါတယ်၊ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို မြင့်ချင်တယ်လို့ ပြောနေ ပြီး မြန်မာပြည်သူတွေမွဲနေရင်တော့ မကောင်းပါဘူး”ဟု မြစ်ဆုံစီမံကိန်းအား လုပ်ဆောင်ရန်အတွက် တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့် သဘောတူလက်မှတ် ထိုးခဲ့သော ယခင်အစိုးရအား ထပ်မံပြောဆိုပြီး“မြစ်ကြီးရှိနေမှ ကျနော်တို့ မိသားစုဝင်တွေဖြစ်တဲ့ တိုင်းရင်းသားတွေအပြင် မှီခိုနေတဲ့ လူသန်းပေါင်းများစွာ ထမင်းစားရမှာပါ”ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ အကြီးဆုံးရေကာတာဆောက်လုပ်ရေးကုမ္ပဏီ CPI ၏ဥက္ကဌ လီချီဂျိုနှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းလွင်တို့ သည် တရုတ်နိုင်ငံပီကင်းမြို့ရှိ ပြည်သူ့ခန်းမ တွင် မြစ်ဆုံရေကာတာဆောက်လုပ်ရန်အတွက် အတည်ပြုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ၂၀၀၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာတွင် ဖော်ပြထားသည်။
မြစ်ဆုံရေကာတာ စီမံကိန်းအား ကချင်ပြည်နယ်မြစ်ကြီးနားမြို့အထက် ၂၅ မိုင်အကွာတွင် တည်ဆောက်မည်ဖြစ်ပြီး ရေကာတာအမျိုးအစားမှာ ကျောက်ကွန်ကရစ်၊ အမြင့်ပေ ၅၀၀နှင့်အရှည် ၂၉၀ မီတာရှည်လျားကြောင်း၊ ၎င်းရေကာတာမှ လျှပ်စစ်မီဂါဝပ် (၆၀၀၀)အား ထုတ်လုပ်မည်ဖြစ်ကြောင်းနှင့် အဆိုပါလျှပ်စစ်ဓက်အားများအား တရုတ်နိုင်ငံအား ရောင်းချခြင်းဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်း(၅၀၀)ခန့်ရရှိမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါမြစ်ဆုံစီမံကိန်းပြုလုပ်ပါက ရေလွှမ်းမိုးမည့်ဧရိယာမှာ စင်္ကာပူနိုင်ငံ၏အကျယ်အန်းနှင့်ညီမျှမည်ဖြစ်ပြီး ဟတ်တာ ၄၈၀၀၀ ခန့်ရှိမည်ဖြစ် ကြောင်းနှင့် ရေဝပ်ဧရိယာအတွင်း ကျေးရွာပေါင်း(၄၉)ရွာ၊ လူဦးရေ (၁၈၀၀၀) ခန့် နေရာရွှေ့ပြောင်းရမည့်အပြင် မြစ်ကြောင်းတစ်လျှောက် မှီတင်းနေထိုင် လျက်ရှိသော လူသန်းပေါင်းများစွာအတွက် အခက်အခဲများဒုက္ခများဖြစ်စေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များနှင့် နိုင်ငံရေးအသိုင်းအ ဝိုင်းမှ သိရသည်။

သတင်း....  yangonchronicle

04 October 2012

မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး

မြန်မာနိုင်ငံမှ အမျိုးသမီးများကို တရုတ် နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန် ကူးရန် ဗြောင်ကျစွာ စည်းရုံးလာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီး ညွန့်လှိုင်က ပြောကြားသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို လူကုန်ကူးမှု ဥပဒေများနှင့်ပတ်သက်၍ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ပန်ဒါ ဟိုတယ်၌ပြုလုပ်သော အသိပညာပေး ဆွေးနွေးပွဲ အပြီးတွင် ၎င်းက သတင်းထောက် များကို ပြောကြားခြင်း ဖြစ်သည်။

“တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ ကလေးတစ်ယောက် မွေးပေးရမယ်။ သိန်းသုံးဆယ် ရမယ်။ ပြီးရင် ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီး လုပ်တာ အများကြီးပဲ” ဟု ၎င်းက ရှင်းပြသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသား ဦးရေနှင့် အမျိုးသမီး ဦးရေ ကွာဟမှုကြောင့် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ဈေးကွက် တစ်ခု သဖွယ်ဖြစ်လာပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လူကုန်ကူးမှု များတွင် တရုတ်အမျိုးသားများ အတွက် မြန်မာ အမျိုးသမီးများကို အဓမ္မ ထိမ်းမြားစေခြင်းမှာ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ သိရှိရသည်။

ယင်းလူကုန်ကူးမှုကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိများနှင့် တရုတ် သမ္မတ နိုင်ငံမှ အဆင့်မြင့် အရာရှိများအောက်တိုဘာလ အတွင်းတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ဆိုသည်။

အဆိုပါ အမျိုးသမီးများကို တရုတ် အမျိုးသားများက ပိုက်ဆံပေး ဝယ်ယူခြင်းကို တရုတ် ရဲတပ်ဖွဲ့ကလည်း အချိန်မရွေး ဖမ်းဆီးနိုင်သဖြင့် မည်သို့မျှ တရားမဝင်ကြောင်း၊ ယင်းသို့ လူကုန်ကူးမှုများ မဖြစ်စေရန် မန္တလေး၊ လားရှိုး၊ မူဆယ် နယ်စပ်ဒေသတို့တွင် လိုက်လံ တားဆီး နေကြောင်း ၎င်းက ရှင်းပြသည်။

စစ်မက် ဖြစ်ပွားနေသော ဒေသများတွင် အသက် ၁၄ နှစ်ခန့်အမျိုးသမီးငယ်များသည် တရုတ် သမ္မတ နိုင်ငံ သို့ လိင်ပိုင်းဆိုင်ရာ ရောင်းစားခြင်း ခံနေရပြီး အချို့ မိန်းကလေးငယ်များမှာ မိသားစု အခြေအနေကြောင့် မိမိကိုယ်တိုင် ရောင်းချမှု ရှိနေကြောင်း အလုပ်သမား အရေးများကိုဆောင်ရွက် သူ တစ်ဦးဖြစ် သူ ဒေါ်ဘောက် ဂျာက ပြောကြားသည်။

မြန်မာအစိုးရ၏ နိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို အမေရိကန် အစိုးရ က စောင့်ကြည့် အဆင့်လျှော့ချ အသိအမှတ် ပြုခဲ့သည်။

မြန်မာနိုင်ငံမှ လူကုန်ကူးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဦးတည်မှု ၈၄ ရာခိုင်နှုန်းရှိကြောင်း၊ လူကုန် ကူး ခံရမှု အမျိုးအစားများတွင် အဓမ္မ ထိမ်းမြားခြင်းမှာ ၆၀ ရာခိုင်နှုန်း ရှိကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

တစ်ဦးတစ်ယောက်၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေခေါင်းပုံဖြတ်ခြင်း ပြုရန် ရည်ရွယ် ၍ ခြိမ်းခြောက်၊ သွေးဆောင်၊ လိမ်လည်လှည့်ဖျား၊ အခွင့်အာဏာ အလွဲသုံးစားပြုခြင်း သို့မဟုတ် ဘဝရပ် တည်ရန် ခက်ခဲနေ သော အခြေအနေကို အလွဲသုံးစားပြုခြင်း စသည်တို့ကို အကြောင်းပြုပြီး သိမ်းသွင်း စုဆောင်း၊ သယ်ယူပို့ဆောင်၊ လွှဲပြောင်းရောင်းချခြင်း၊ ခိုလှုံခွင့်ပေးခြင်း စသည်တို့ကို လူကုန်ကူးမှုဟု အဓိပ္ပာယ် သက်ရောက်ကြောင်း လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေတွင် ဖော်ပြထားသည်။

ရင်းမြစ်... The Voice Weekly

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် တစ်ယောက်အနေဖြင့် မမြင်ဘဲ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတစ်ဦးအဖြစ်သာ မြင်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တစ်ယောက်အနေဖြင့် မမြင်ဘဲ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတစ်ဦးအဖြစ်သာ မြင်စေလိုကြောင်း ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။
အောက်တိုဘာလ ၂ ရက်နေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ ၌ မြန်မာမိသားစု များနှင့် တွေ့ဆုံစဉ်တွင် ရခိုင်ပြည်နယ်အရေးအပေါ် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တစ်ယောက် အနေဖြင့် အမြင်များ၊ အကြံပြုချက်များကို မေးမြန်းရာ တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်မကို နိုဗယ်ငြိမ်းချမ်းရေးဆုရှင် တစ်ယောက်အနေနဲ့ မမြင်ဘဲနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေး အတွက် လှုပ်ရှားနေတဲ့သူ တစ်ယောက်လို့ပဲ မြင်စေချင်ပါတယ်။ ဒီလိုလှုပ်ရှားနေတဲ့သူ တစ်ယောက်အနေနဲ့ ဘယ်လိုလူ့အခွင့်အရေး ချိုးဖောက်မှုကိုမှ လက်မခံနိုင်ပါဘူး။ ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာတွေနဲ့ မွတ်စလင်တွေရဲ့ကြားမှာ ရန်ပွားစေမယ့် စကားတွေကို ကျွန်မ မပြောချင်ဘူး။ ဘာလို့လဲဆိုရင် ကျွန်မတို့ ဦးတည်တာဟာ အားလုံး အဆင်ပြေရေးပဲ ဦးတည်တာပါ''ဟု ပြောကြားခဲ့ပါသည်။

ပဋိပက္ခဖြေရှင်းရေးနှင့် ပတ်သက်၍ ''နံပါတ်တစ်အားဖြင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းတာမရှိဘဲနဲ့ ဘယ်လိုမှ မလုပ်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ ငါတို့အချင်းချင်း ဘာလို့အဆင်မပြေတာလဲဆိုတာ စဉ်းစားရမယ်။ နောက်တစ်ခု အကြံပြုပါရစေ။ တချို့တွေက ပြဿနာဖြစ်ပြီဆိုရင် ဟိုဖက်ကဘာလုပ်သလဲဆိုတာကို အရင်ကြည့်တယ်။ အဲတော့ ကျွန်မက တိုက်တွန်းပါရစေ။ ကိုယ့်ဘက်ကို အရင်ကြည့်ကြပါ။  ငါတို့လုပ်တာမှာ ဘာတွေများ လိုနေသလဲ၊ ဘာများ မလုပ်သင့်တာတွေ ပါနေသလဲ၊ လုပ်သင့်တာတွေကို မလုပ်တာတွေရှိသလား အဲဒါတွေကို ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ နှစ်ဖက်စလုံးက ကိုယ့်ဘက်ကို အရင်ပြန်ကြည့်ပြီးမှ ဟိုဘက်ကို လက်ညှိုးထိုးမယ်ဆိုရင် အများကြီး ပိုအဆင်ပြေသွားလိမ့်မယ်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တာနဲ့တင် ဟိုဘက်ကို လက်ညှိုးထိုးဖို့က နည်းသွားတာ ကိုတောင် မြင်ရင်မြင်ကြရ ပါလိမ့်မယ်။ အဲဒီဟာကိုတော့ ကြိုးစားကြည့်ကြပါလို့ ကျွန်မတိုက် တွန်းချင်ပါတယ်''ဟု ပြောကြားခဲ့သည်။


စစ်မီးဒဏ်ကို မည်သူ့ကိုမှ မခံစေချင်ကြောင်း၊ စစ်မီးငြိမ်းသွားဖို့အတွက် မိမိအနေဖြင့် လုပ်ပေးနိုင်တာရှိရင် လုပ်ပေးပါမယ်ဟု ကမ်းလှမ်းထားတာ ရှိပါကြောင်း။ သို့ရာတွင် သက်ဆိုင်ရာ ကာယကံရှင်များ လိုလားမှသာ မိမိအနေဖြင့် ပါဝင်နိုင်မည်ဖြစ်ကြောင်း
''ရခိုင်ပြည်နယ်ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အစိုးရကဖွဲ့ထားတဲ့ စုံစမ်းရေးကော်မရှင်ရဲ့ တွေ့ရှိချက်တွေကိုလည်း နည်းနည်းတော့ စောင့်ကြည့်သင့်တယ်လို့ ကျွန်မထင်ပါတယ်။ သူတို့ရဲ့အကြံပြုချက်တွေက ဘယ်လိုရှိသလဲ၊ ဒီအကြံပြုချက်တွေကို အကောင်အထည်ဖော်ခြင်းအားဖြင့် ရခိုင်ပြည်နယ်က ပြဿနာတွေ ငြိမ်းအေးသွားနိုင်မလားဆိုတာကိုတော့ နည်းနည်းစောင့်ကြည့်သင့်တယ်လို့ ကျွန်မထင်ပါတယ်''ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာမိသားစုများမှမေးသော ကချင်ပြည်နယ်အရေး၊ နိုင်ငံရေး အကျဉ်းသားများကိစ္စ၊ လာဘ်ပေးလာဘ်ယူ ကိစ္စများစသည့် အကြောင်းအရာများနှင့် ပတ်သက်သည့်မေးခွန်းများ ကို ပြန်လည်ဖြေကြားခဲ့ပါသည်။

ကချင်ပြည်နယ်အရေးနှင့်ပတ်သက်၍ စစ်မီးဒဏ်ကိုမည်သူ့ကိုမှ မခံစေချင်ကြောင်း၊ စစ်မီးငြိမ်းသွားဖို့အတွက် မိမိအနေဖြင့် လုပ်ပေးနိုင်တာရှိ ရင်လုပ်ပေးပါမယ်ဟု ကမ်းလှမ်းထားတာ ရှိပါကြောင်း။ သို့ရာတွင် သက်ဆိုင်ရာ ကာယကံရှင်များ လိုလားမှသာ မိမိအနေဖြင့် ပါဝင်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပေးထားသော စာရင်းအရ အကျဉ်းသားဦးရေနှစ်ရာကျော် ရှိနေသေးကြောင်း ပြောကြားခဲ့သည်။

''လာဘ်ပေးလာဘ်ယူမှုဟာ လူ့အဖွဲ့အစည်းတစ်ခုမှာ အကျင့်တစ်ခုလို ဖြစ်သွားရင် ဒီဟာကို ဖြတ်ပစ်လိုက် ဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ဖက်ကနေ လခတွေ တိုးပေးရမယ်မှန်တယ်၊ အခွင့်အရေးတွေ တိုးပေးရမယ် မှန်တယ်။ တစ်ဖက်ကလည်း လာဘ်ပေးလာဘ်ယူလုပ်တဲ့ ၀န်ထမ်းတွေကို ဥပဒေအရ အရေးယူဖို့ လိုတယ်။ အရေးယူရုံနဲ့တင် ဒီကိစ္စက ပြီးသွားမလားဆိုတော့လည်း မဟုတ်သေးဘူး။ စိတ်ဓာတ်ရေးရာကိုလည်း အများကြီး ပြင်ယူရမယ်''ဟု ဆိုပါသည်။

ကျောင်းသင်ရိုးညွှန်းတမ်းများတွင် မိမိနှင့် ဘာသာမတူသူ၊ လူမျိုးမတူသူ၊ အတွေးအခေါ်မတူသူတွေကို လေးစားသင့်တယ်ဆိုတာကို ထည့်၍ သင်သင့်သည်ဟု မိမိထင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ရင်းမြစ်... EMG

02 October 2012

အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ်


လတိုင်း၊ လတိုင်း၏ စက်တင်ဘာလ ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ Fort Wayne မြို့တော်ဝန် Tom Henry ကသတ်မှတ်ခဲ့ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကိုရောက်နေတုန်း ဖို့ဝေးမြို့မှာ မိန့်ခွန်းပြောခဲ့ပြီးတော့ စက်တင်ဘာ ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစု ကြည်နေ့သတ်မှတ်ဖို့ မြို့တော်ဝန်က ပြောကြားခဲ့တာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာတွေအတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးပာာ တစ်ခေတ်မှာတယောက်ပဲ ပေါ်လာနိုင်မှာပါ”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီကြိုးပမ်းမှုတွေအတွက် အမေရိကန်နိုင်ငံ ကတောင် အသိအမှတ်ပြုတဲ့အနေ နဲ့ ခုလိုသတ်မှတ်ပေးခဲ့တာ အရမ်းကိုကောင်း ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက်လည်း တကယ်ကို ဂုဏ်ယူဖွယ်ရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ ပာန်ချက်ညီညီနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်နိုင်မယ်ဆိုရင် ပန်းတိုင်က သိပ်မဝေးတော့ပါဘူး”ပာု မြန်မာ့အရေးလေ့လာနေ သူတစ်ဦးက ဆိုသည်။
       အမေရိကန် နယူးယောက်မြို့သို့ရောက်ရှိနေ သည့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစု ကြည်သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဝါရှင်တန်မြို့၊ ကပ်ပီတော်၌ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံး ဆု(ကွန်ဂရက်)ရွှေတံဆိပ်ဆုအားလည်းကောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဝါရှင်တန်မြို့ ကက်ပီတော်၌ ရုံးစိုက်သော NED(National Endowment for Democracy)ဆုအား လည်းကောင်း၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် နယူးယောက်မြို့အခြေစိုက် အတ္တလန်တစ်ကောင်စီမှ ချီးမြှင့်သော ၂၀၁၂ ဂလိုဘယ်နိုင်ငံကြီးသားဆုအားလည်းကောင်း၊  နယူးယောက်မြို့၊ ကွင်းစ်ကောလိပ်ကျောင်းသားများအား စကားပြော အပြီး ကျောင်း အထိမ်း အမှတ် လက်ဆောင်အားလည်းကောင်း ရရှိခဲ့သည်။

သတင်း....  yangonchronicle

စိုက်ပျိုးခင်းပေါ် ကြေးနီကုမ္ပဏီ မြေစာဆက်ပုံနေ


စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ ဆည်တဲရွာနား က နှမ်းခင်းတွေ ထဲကို မနေ့ညပိုင်းက ကုမ္ပဏီက စက်ကြီးတွေနဲ့ မြေစာတွေ လာပုံတာကြောင့် ဒီကနေ့ မနက်ပိုင်းက စပြီး ရွာသူ ရွာသား တထောင်ခန့်က လူစုပြီး တားဆီးခဲ့ကြတယ်လို့ သိရပါတယ်။

ရွာသူရွာသားတွေ ရောက်လာချိန်မှာတော့ အဲဒီစက်မောင်း အလုပ်သမားတွေ ရှောင်တိမ်းသွားသလို တရုတ် ကုမ္ပဏီက လူတွေလည်း ထွက်ပြေးသွားတယ်လို့ ဆည်တဲရွာသား တစ်ဦးက ပြောပါတယ်။

စီမံကိန်းကို တာဝန်ယူ လုပ်ကိုင်နေတဲ့ ဦးပိုင်လီမိတက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံလိုကြောင်း ရွာသားတွေ က တောင်းဆိုနေတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ကုမ္ပဏီက အလုပ်ခန့်ထားတဲ့ အနီးအနား ကျေးရွာက ရွာသားအလုပ်သမား ၂၀၀ လောက် ကလည်း အမြဲတန်းဝန်ထမ်းအဖြစ် ခန့်ထားရေး၊ လစာတိုးရေးနဲ့ တန်းတူအခွင့်အရေး စတာတွေ ရရှိဖို့ ၀မ်ပေါင်ကုမ္ပဏီကို ဒီကနေ့ အချက် ၁၁ ချက် တောင်းဆိုတယ်လို့တောင်းဆို တဲ့ အထဲမှာ ပါဝင်သူ ၀က်မှေးရွာသူတစ်ဦးက ပြောပြပါတယ်။

ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်နေတဲ့ ရွာသူရွာသားတွေဟာ နိုင်ငံခြားသား အလုပ်ရှင်ကို ကြောက်ရတာ ရှိသလို ကိုယ့်လူမျိုး ၀န်ထမ်း အချင်းချင်း နိုင်ထက်စီးနင်း ပြောဆိုခံရတာတွေလည်း ရှိတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 

သတင်း...: RFA Burmese

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား

ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် လက်ခံသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က BBC ၏ Hardtalk အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ BBC ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မည်သူမဆို သူတို့ ရွေးချယ်ချင်သည်ကို ရွေးချယ်နိုင်ပြီး လူထုဆန္ဒသဘော ကို လေးစားရမည်ဖြစ်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်က ''သူမအနေနဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတယ်၊ မဖြစ်လာဘူးဆိုတာ ပြည်သူတွေ ရဲ့ ဆန္ဒသဘောပေါ်မှာ မူတည်ပါတယ်။ တစ်ကယ်လို့ ပြည်သူတွေက သူမကို

လက်ခံတယ်ဆိုရင် ကျွန်တော့်အနေနဲ့ သူ့ကို လက်ခံ ရမှာပါပဲ''ဟု ပြောကြားခဲ့သည်။

''မိမိနဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာ ပြသနာ တစ်စုံတစ်ရာ မရှိပါဘူး။ ကျွန်တော်တို့ အတူလက်တွဲ လုပ်ဆောင်နေကြပါတယ်''ဟုလည်း ၄င်းက ပြောကြားခဲ့သည်။

ထို့ပြင် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာရယူထားသော စစ်တပ်အနေဖြင့် တိုင်းပြည်၏ နိုင်ငံရေးတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သမ္မတဦး သိန်းစိန် က ဖြည့်စွက်ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် စက်တင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြား ခဲ့ပြီး ''ယခင်က နိုင်ငံရေး အဓိက အတိုက်အခံ အင်အားစု   ခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ ဥက္ကဌအနေနဲ့ လွှတ်တော်စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက်

အမေရိကန်ပြည်ထောင်စုမှ ဂုဏ်ပြုခံနေရတာတွေကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်ဝမ်းမြောက်ဂုဏ်ယူပါတယ်။''ဟုလည်း ချီးကျူးဂုဏ်ပြူစကား ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိပေ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ''နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မ ဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည်

နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။'' ဟု နိုင်ငံတော် သမ္မတ၏ အရည်အချင်းများနှင့် စပ်လျဉ်းပြီး ထည့်သွင်းပြဋ္ဌာန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးမှာ လက်ရှိတွင် မြန်မာနိုင်ငံသားများ မဟုတ်သောကြောင့် ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်လာရန်အတွက် အဆိုပါပြဋ္ဌာန်းချက်ကို လွှတ်တော်က ပြင်ဆင်ပေးရန် လို အပ်နေ သည်။

အဆိုပါပြဋ္ဌာန်းချက်ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း   ကျော် က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာ ရယူထားသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်မျာ၏ အခန်းကဏ္ဍမှာ အဓိကနေရာမှ ပါဝင်နေသည်။

သတင်း....  Eleven Media Group

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းရန် အစီအစဉ်မရှိကြောင်းလက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့်ပတ်သက်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီးတန်း အရာရှိ ဦးဝင်းကြည်ကပြောသည်။

"စပြီးလုပ်တုန်းက ဘာပြဿနာမှမရှိပါဘူး။ ဒေသခံတွေကိုယ်တိုင် ကြည်ကြည်ဖြူဖြူ နဲ့ လျော်ကြေးတွေ ယူတယ်။ လျော်ကြေး ထပ်တိုးတောင်းတယ်။ အဲဒီပြဿနာတွေပဲရှိတယ်။ အခုဟာက စီမံကိန်းရပ်ဆိုင်းပေး ပါဆိုတာ အရမ်းကို ပြင်းထန်တယ်။ ရပ်ဖို့ အစီအစဉ်မရှိပါဘူး။ ဒီလိုတွေ ဖြစ်လာတယ် ဆိုတာ နိုင်ငံရေး အင်အား စုတွေပါလာလို့ သွေးထိုးလှုံ့ဆော်လို့ဖြစ်ရတာပါ"ဟု မြန်မာစီးပွားရေး ဦးပိုင်လီမိတက် မှ အကြီးတန်း အရာရှိ ဦးဝင်းကြည်ကပြောသည်။

ဦးပိုင်လီမိတက် ပိုင်ဆိုင်သော သတ္တုတွင်း၏ အကျိုးတူပူးပေါင်းခွဲဝေ ခံစားမှုစာချုပ် အရ မြန်မာစီးပွားရေး ဦးပိုင်လီမိတက်မှ ထုတ်လုပ်သည့်ရလဒ်အပေါ် ၅၁ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရပြီး၊ တရုတ်ဝမ်ပေါင် ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရကာ နိုင်ငံတော်အစိုးရက မြေငှားစရိတ်၊ ၀င်ငွေအခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ အကျိုးခံစားရကြောင်း ယင်းပုဂ္ဂိုလ်ကပြောသည်။

ဒေသခံများဘက်ကလည်း ယင်းစီမံကိန်းသည် ပြည်သူတို့၏ သဘောဆန္ဒမပါရှိဘဲ အစိုးရ အချင်းချင်း လုပ်သော စီမမံကိန်းဖြစ်ကြောင်း၊ ထို့အပြင် လူမှုစီးပွားကို တွက်ချက်ရာတွင်လည်း တစ်အိမ်ထောင် လူ တစ်ယောက် ၀န်ထမ်းလုပ်ခွင့်ရသည့်အစီအစဉ်မှလွဲပြီး ရေရှည်ဒေသခံများအတွက် လူမှုဘ၀အာမခံချက် မရှိသော စီမံကိန်းဖြစ်သောကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ လေ့လာ လိုက်နာမှုအပေါ်ကိုလည်း စိုးရိမ်မှုများ ရှိနေခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ပထမပတ်က တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယင်းစီမံကိန်းကို တရုတ်နိုင်ငံသားပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်။ Production Sharing Contract စနစ် ကျင့်သုံးနေသော်လည်း မိုင်းပါမစ်ကို ဦးပိုင်လီမိတက်ကသာ ပိုင်ဆိုင်သည်ဟုဆိုသည်။ လက်ပံတောင်းတောင်၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီ ယံရှိကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီ ဥက္ကဋ္ဌကပြောသည်။

သတင်း....  7Day News Journal