07 August 2010

၁၉၈၈ ခုနှစ်၊ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနောက်ဘက်မုဒ်မှာ မြန်မာပြည်သူလူထုစုစုပေါင်း(၅)သိန်းကျော်တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့် ခွန်း(ရုပ်သံ)

ပထမဦးဆုံး မြန်မာပြည်သူလူထုကို မိန့် ခွန်း စတင်ပြောကြားပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ စတင်ပြီး မြန်မာပြည် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုကြီး ပါဝင်ဦးဆောင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆုံးဖြတ်ချက်ကို တရားဝင် ပြည်သူလူထုအား အသိပေးခဲ့ပါတယ်။

(ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ မိန့် ခွန်းစကားတွေကို သေသေချာချာ နားဆင်ကြည့်နိုင်ရန်အတွက် အသံအနည်းငယ်မြှင့်၍ နားထောင်ကြည့်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်)။







(သုံးရောင်ခြယ် ကျောင်းသား များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်)

ဤ ရှားပါးမှတ်တမ်း အားပေးပို့ ပေးသော ကိုနစ်နေမန်း အားအထူးကျေးဇူးတင်ရှိပါသည်.။

ရှစ်လေးလုံး အရေးတော်ပုံ (8.8.88)

ကျွန်တော်သည် ကာတွန်းဆရာဖြစ်လာသည်နှင့် ထူးခြားသောနေ့များ နှစ်သစ်များကို ကာတွန်းဖြင့် သရုပ်ဖေါ်ခဲ့သည်။ ထိုကြောင့် 5.5.55 ငါး လေးလုံး၊ 6.6.66 ခြောက်လေးလုံး၊ 7.7.77 ခုနစ်လေးလုံး နေ့ရက်များကို သတင်းစာများတွင် ကာတွန်းဖြင့် သရုပ်ဖေါ် ရေးဆွဲခဲ့သည်။ သတင်းစာတိုက်များ ပြည်သူပိုင် လုပ်ပြီးသည့် နောက်ပိုင်းတွင် ကျွန်တော်သည် သတင်းစာတွင် ရေးဆွဲခဲ့သော ခေါင်းကြီးကာတွန်း (Editorial Cartoon) များ ရေးဆွဲခြင်းကို တဖြည်းဖြည်း ရပ်ဆိုင်းလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် သတင်းစာများတွင် လွတ်လပ်စွာ ရေးသားခွင့်များ မရှိတော့ဘဲ တဖြည်းဖြည်း တင်းကျပ်လာသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သတင်းစာတွင် ကာတွန်းများ မရေးဆွဲတော့ဘဲ မဂ္ဂဇင်းများတွင်သာ ကျွန်တော် ကာတွန်းရေးဆွဲပါတော့သည်။


စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့သော ကာတွန်းတပုံ

(ကာတွန်း ဦးဖေသိန်း)


(ကာတွန်း ဦးဖေသိန်း၏ ကိုယ်တိုင်ရေး ပုံတူ)



(ကာတွန်း ဦးဖေသိန်း)

စာရေးဆရာ မြတ်ထန်(ဗိုလ်မှူးကြီး တင်မောင်) ထုတ်ဝေသော “ချယ်ရီ” မဂ္ဂဇင်းက နှစ်ပတ်လည် အထူးထုတ် (သြဂုတ်လ)အတွက် ကာတွန်းတောင်းရာ ကျွန်တော်သည် ထူးခြားသည့် နေ့များ၊ နှစ်များကို ရေးဆွဲခဲ့သည့်အတိုင်း စိတ်ကူးရထားပြီးသား ဖြစ်ပါသည်။ သြဂုတ်လသည် ၈ လမြောက် ဖြစ်သောကြောင့် ထိုအင်္ဂလိပ် ဂဏန်း နံပါတ် (8) သည် သံကွင်းနှင့် တူ၍ (8) များဆက်လိုက်လျှင် သံကြိုးနှင့်တူပါသည်။ ကျွန်တော့် စိတ်ကူးမှာ အချုပ်အနှောင်ခံနေရသော လူတစ်ယောက် သံကြိုးကို ရုန်းဖြတ်လိုက်ရာ (8) ရှစ်လေးလုံးများ ပြတ်ထွက်ကုန်ပြီး အနှောင်အဖွဲ့မှ လွတ်မြောက်နေပုံဖြစ်သည်။


အကယ်၍ ထိုလူတစ်ယောက်၏ ပုံကို မြန်မာအမျိုးသားပုံ ရေးဆွဲလိုက်ပါက ထိုကာတွန်းပုံမှာ “ဆင်ဆာ” လုပ်ခြင်းခံရမည်မှာ သေချာနေပါသည်။ ထိုကြောင့် ချယ်ရီ မဂ္ဂဇင်းနှင့်လည်း ဆီလျှော်အောင် ချယ်ရီပန်းများပွင့်ရာ ဂျပန်ပြည်မှ ဟီရိုရှီးမား ငြိမ်းချမ်းရေးရုပ်ထုကြီးက 8.8.88 ရှစ်လေးလုံး သံကြိုးများရုန်းကန် ဖြတ်တောက်နေပုံကို ရေးဆွဲလိုက်ပါသည်။ ထိုပြင် ဟီရိုရှီးမား ရုပ်ထုကို ရေးဆွဲခြင်းအားဖြင့် သြဂုတ်လတွင် ဟီရိုရှီးမား အနုမြူဒဏ် ခံရခြင်းကို ပေါ်လွင်စေပါသည်။ ထိုကာတွန်းကို သြဂုတ်လထုတ် ချယ်ရီမဂ္ဂဇင်းတွင်း အချိန်ကိုက် ပါလာစေရန် ဇွန်လကပင် ကြိုတင်ရေးဆွဲ၍ မဂ္ဂဇင်းတိုက် ပို့ထားရပါသည်။



စာပေစီစစ်ရေး (ကာတွန်း ဦးဖေသိန်း)

ထိုနှစ် ထိုအချိန်က ၁၉၈၈ နှစ်ဆန်း လောက်ကပင် ကျောင်းသား ဆူပူမှုများ “စ” နေလေပြီ။ ကျောင်းသား ဆူပူမှုများ တစ တစ ကြီးထွားလာသည်။ သို့နှင့် ဇူလိုင် လကုန် ရောက်လာရာ သြဂုတ်လထုတ် ချယ်ရီ မဂ္ဂဇင်းလည်း ထွက်နေပြီ။ ကျွန်တော့် (8.8.88) ရှစ်လေးလုံး ကာတွန်းလည်း ပါလာပါသည်။ ကျောင်းသားများလည်း ထူးခြားလှသည့် (8.8.88) နေ့မှာပင် ဆန္ဒပြပွဲကြီးကျင်းပရန် ကျေညာကြပြီး ချယ်ရီမှ ကျွန်တော့် ရှစ်လေးလုံး ကာတွန်းကို မိတ္တူများပွား၍ ဖြန့်ဝေပါတော့သည်။ ကာတွန်းပုံတစ်ခုလုံး၏ အနှစ်သာရမှာ “အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း” ဖြစ်၍ ကျောင်းသားများ နှစ်သက်ကြခြင်း ဖြစ်ပါသည်။ ချက်ခြင်းပင် သက်ဆိုင်ရာ စာပေ စီစစ်ရေးရုံးမှ ဆူပူမှုကို လှုံဆော်သော ကာတွန်း အဖြစ် သတ်မှတ်ပြီး မဂ္ဂဇင်းတိုက်နှင့် ကျွန်တော့်ကို အရေးယူကာ ဖြေရှင်းချက် တောင်းပါတော့သည်။ ကျွန်တော်သည် ယခုမှသာ မဟုတ် (5.5.55) ငါးလေးလုံး၊ (6.6.66) ခြောက်လေးလုံး၊ (7.7.77) ခုနစ်လေးလုံး နှစ်တွေတုန်းကလည်း ကာတွန်းရေးခဲ့ကြောင်း၊ ယခုကိစ္စမှာ တိုက်ဆိုင်မှုသာဖြစ်ကြောင်း ဖြေရှင်းချက်ရေးကာ ရုံးသို့ ချယ်ရီ အယ်ဒီတာ အောင်ပြည့်နှင့်အတူ သွားတင်လိုက်ပါသည်။

မီချေးဂေါ်ဗာချော့ဗ်၏ ခေါင်းမှ အမှတ် .. .. ( ကာတွန်း ဦးဖေသိန်း)

နောက်ထပ် တိုက်ဆိုင်မှုဟုပင် ဆိုရမည်။ ကျွန်တော် ရုံးသို့ သွားတင်သောနေ့မှာလည်း 8.8.88 ရက်နေ့ ၁၀ နာရီ ဖြစ်ပါသည်။ ရုံးမှ အရာရှိကြီးများသည် ကျွန်တော့်ကိစ္စကို စစ်မေးမြန်းခြင်းပင် မပြုဘဲ၊ ကျွန်တော့်ဖြေရှင်းချက် စာရွက်စာတမ်းနှင့် အထောက်အထား ပုံများကိုသာ ယူထားလိုက်သည်။ တစ်ရုံးလုံး ခြောက်ခြားနေကြသည်။ “ယနေ့ပဲ တစ်ခုခု ဖြစ်တော့မလိုလို …” စိုးရိမ်နေကြဟန် တူပါသည်။ ဟုတ်ပါသည်။ “ရှစ်လေးလုံး အရေးအခင်း” သည် (8.8.88) နေ့လည်မှာပင် စတင် ပေါက်ကွဲပါတော့သည်။ ကျွန်တော်၏ ရှစ်လေးလုံး ကာတွန်းသည်လည်း အလွန်ကျော်ကြားသွားပါသည်။

အရေးအခင်းတွင် ဆန္ဒပြ ကျောင်းသူကျောင်းသားများပါမက ပြည်သူများပါ အတော်သေကြေကြပါသည်။ နောက်ရက်များတွင် ဆန္ဒပြပွဲများ ပြင်းထန်လာသည်နှင့်အမျှ အပစ်အခတ်များ အသေအပြောက်များ များပြားလာပါသည်။ ကျွန်တော်၏ ရှစ်လေးလုံး ကာတွန်းကြောင့် ကျွန်တော်လည်း အရေးပါ အရာရောက်သူဖြစ်လာသောကြောင့် ဦးဝင်းတင်(အယ်ဒီတာ)က ကျွန်တော့်ဆီ ဖုန်းဆက်ပါသည်။ “ကိုဖေသိန်း ကျွန်တော်တို့ စာပေသမားတွေ တခုခု လုပ်မှ ဖြစ်တော့မယ်၊ လာခဲ့ဗျာ။” ဟု ဦးဝင်းတင် ချိန်းဆိုရာ စပယ်ဦး ဦးတင်စိုး(ဘားလမ်း) အခန်းတွင် လူစုကြပါသည်။ စာပေနှင့် အနုပညာရှင်များက လက်မှတ်ထိုးပြီး စစ် အစိုးရကို အပစ်အခတ်ရပ်စဲရန် မေတ္တာရပ်ခံ တောင်းဆိုရန် ဖြစ်သည်။

မေ ခမောက်များ ( ကာတွန်း ဦးဖေသိန်း)

ကျွန်တော်တို့ ဝိုင်း၍ လက်မှတ် ထိုးပြီး ကျွန်တော်က ပန်းချီ၊ ကာတွန်း ပညာရှင်များ၏ လက်မှတ်များရရှိရန် တာဝန်ယူပါသည်။ တခြား စာရေးဆရာ၊ ကဗျာဆရာ၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင် ပညာရှင်များ၏ လက်မှတ်များ ရရန် ကြိုးစားကြပါသည်။ လက်မှတ်ရေးထိုးရာတွင် ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ် အစရှိသောနာမည်ကြီး အနုပညရှင်များ ပါဝင်ကြပါသည်။





အစိုးရအား အပစ်အခက် ရပ်စဲရန် မေတ္တာ ရပ်ခံစာနှင့်အတူ ရသမျှ အနုပညာရှင်များ၏ လက်မှတ်များကို ပူးတွဲ၍ သက်ဆိုင်ရာ အစိုးရ ဌာနများသို့ ပေးပို့လိုက်ပါသည်။ ထိုမေတ္တာရပ်ခံစာကို မိတ္တူများပွား၍ သံရုံး အသီးသီးသို့ အပြင် ဘီဘီစီ၊ ဗွီအိုအေ၊ အေအိုင်အာ စသော ရေဒီယို သတင်းဌာန အသီးသီးသို့လည်း အချိန်မီ ပေးပို့လိုက်ပါသည်။


၁၉၉၀ နိုဗယ်ဆုရှင် (ကာတွန်း ဦးဖေသိန်း)

ထိုနေ့ညနေမှာပင် နိုင်ငံခြား ရေဒီယို သတင်းများတွင် ချက်ခြင်း ပါလာပါသည်။ ထိုအခါ အားကိုးရာမဲ့နေသော ကျောင်းသားများမှာ တတ်ကြွလာပြီး စာပေ အနုပညာရှင်များနှင့် ပူးပေါင်းမိကာ ဒီမိုကရေစီ အင်အားစုကြီး အဖြစ် “သူပစ် ကိုယ်ပစ် နှစ်ဆယ့်တစ်” ကြွေးကြော်နေကြသော သြဂုတ်လ ၂၂ ရက်နေ့တွင် ပထမဦးဆုံး ဒီမိုကရေစီ ဆန္ဒပြပွဲကြီး စတင်ဖြစ်ပေါ်လာပါတော့သည်။



ဆုတွေနဲ့ဝေ ... (ကာတွန်း ဦးဖေသိန်း)

ထိုဆန္ဒပြပွဲကြီးတွင် ပါဝင်သော ထင်ရှားသည့် စာပေနှင့် အနုပညာရှင်များမှာ စာရေးဆရာ မောင်သော်က၊ ရုပ်ရှင် အကယ်ဒမီ ဦးထွန်းဝေ၊ အယ်ဒီတာ ဦးဝင်းတင်၊ ဦးဝင်းခက်၊ ပန်းချီ ဦးဝင်းစိန်၊ စာရေးဆရာ မင်းသိင်္ခ၊ ရုပ်ရှင် ဒါရိုက်တာ ဦးအောင်လွင်၊ စပယ်ဦး ဦးတင်စိုးနှင့် ကျွန်တော် (ကာတွန်းဖေသိန်း) စသည်တို့ဖြစ်သည်။



ကျောင်းသားများ၏ ဆန္ဒပြ စခန်း စုရပ်သည် ရန်ကုန်ဆေးရုံကြီး ဖြစ်ရာ ထိုစခန်း၏ စင်မြင့်ပေါ်မှာပင် စာပေနှင့် အနုပညာရှင်များက ဟောကြ ပြောကြသည်။ ထိုနိုင်ငံရေး တတ်ကြွမှု အရှိန်အဟုန်ကြောင့် ဟောပြောပွဲများ ရန်ကုန်တမြို့လုံးသို့ ကူးစက်ပျံနှံ့သွားပါတော့သည်။ ရန်ကုန်မှ တဆင့် ဒီမိုကရေစီ ဆန္ဒပြပွဲများ တပြည်လုံးသို့ပင် ပျံနှံ့သွားပြန်သည်။



ဆရာကြီး ဦးဖေသိန်း၏ ၈ လေးလုံး ကာလ အတွင်း လက်ရာ (ကာတွန်း ဦးဖေသိန်း )အရေးအခင်းကာလအတွင်းတွင် စာစောင်များ၊ ဂျာနယ်များ၊ သတင်းစာများ လွတ်လပ်စွာ ထွက်လာရာ ကျွန်တော်သည်လည်း ကာတွန်းများ လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်ခဲ့ပါသည်။

ဤကား ရှစ်လေးလုံး (8.8.88) အရေးအခင်း (သို့မဟုတ်) ဒီမိုကရေစီ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ကျွန်တော်၏ လှုပ်ရှားမှု တပိုင်းတစသာ ဖြစ်ပါသည်။

အစိုးရအား အပစ်အခက် ရပ်စဲရန် မေတ္တာ ရပ်ခံစာနှင့်အတူ ရသမျှ အနုပညာရှင်များ၏ လက်မှတ်များကို ပူးတွဲ၍ သက်ဆိုင်ရာ အစိုးရ ဌာနများသို့ ပေးပို့လိုက်ပါသည်။ ထိုမေတ္တာရပ်ခံစာကို မိတ္တူများပွား၍ သံရုံး အသီးသီးသို့ အပြင် ဘီဘီစီ၊ ဗွီအိုအေ၊ အေအိုင်အာ စသော ရေဒီယို သတင်းဌာန အသီးသီးသို့လည်း အချိန်မီ ပေးပို့လိုက်ပါသည်။ ထိုနေ့ညနေမှာပင် နိုင်ငံခြား ရေဒီယို သတင်းများတွင် ချက်ခြင်း ပါလာပါသည်။ ထိုအခါ အားကိုးရာမဲ့နေသော ကျောင်းသားများမှာ တတ်ကြွလာပြီး စာပေ အနုပညာရှင်များနှင့် ပူးပေါင်းမိကာ ဒီမိုကရေစီ အင်အားစုကြီး အဖြစ် “သူပစ် ကိုယ်ပစ် နှစ်ဆယ့်တစ်” ကြွေးကြော်နေကြသော သြဂုတ်လ ၂၂ ရက်နေ့တွင် ပထမဦးဆုံး ဒီမိုကရေစီ ဆန္ဒပြပွဲကြီး စတင်ဖြစ်ပေါ်လာပါတော့သည်။ ထိုဆန္ဒပြပွဲကြီးတွင် ပါဝင်သော ထင်ရှားသည့် စာပေနှင့် အနုပညာရှင်များမှာ စာရေးဆရာ မောင်သော်က၊ ရုပ်ရှင် အကယ်ဒမီ ဦးထွန်းဝေ၊ အယ်ဒီတာ ဦးဝင်းတင်၊ ဦးဝင်းခက်၊ ပန်းချီ ဦးဝင်းစိန်၊ စာရေးဆရာ မင်းသိင်္ခ၊ ရုပ်ရှင် ဒါရိုက်တာ ဦးအောင်လွင်၊ စပယ်ဦး ဦးတင်စိုးနှင့် ကျွန်တော် (ကာတွန်းဖေသိန်း) စသည်တို့ဖြစ်သည်။

ကျောင်းသားများ၏ ဆန္ဒပြ စခန်း စုရပ်သည် ရန်ကုန်ဆေးရုံကြီး ဖြစ်ရာ ထိုစခန်း၏ စင်မြင့်ပေါ်မှာပင် စာပေနှင့် အနုပညာရှင်များက ဟောကြ ပြောကြသည်။ ထိုနိုင်ငံရေး တတ်ကြွမှု အရှိန်အဟုန်ကြောင့် ဟောပြောပွဲများ ရန်ကုန်တမြို့လုံးသို့ ကူးစက်ပျံနှံ့သွားပါတော့သည်။ ရန်ကုန်မှ တဆင့် ဒီမိုကရေစီ ဆန္ဒပြပွဲများ တပြည်လုံးသို့ပင် ပျံနှံ့သွားပြန်သည်။ အရေးအခင်းကာလအတွင်းတွင် စာစောင်များ၊ ဂျာနယ်များ၊ သတင်းစာများ လွတ်လပ်စွာ ထွက်လာရာ ကျွန်တော်သည်လည်း ကာတွန်းများ လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်ခဲ့ပါသည်။ဤကား ရှစ်လေးလုံး (8.8.88) အရေးအခင်း (သို့မဟုတ်) ဒီမိုကရေစီ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ကျွန်တော်၏ လှုပ်ရှားမှု တပိုင်းတစသာ ဖြစ်ပါသည်။


၁.၂.၉၈

(ကာတွန်း ဖေသိန်း တင်ပြသည်။)

ရင်းမြစ်..မိုးမခ

၁၉၈၈ ခုနှစ်မှာ နေ၀င်းခိုင်းလို့  စစ်တပ်အာဏာသိမ်းခဲ့ရတဲ့ ဗိုလ်ချူပ်ကြီး စောမောင်ကို ဘာလို့  သန်းရွှေက အနုနည်းနဲ့  အချင်းချင်း အာဏာပြန်သိမ်းခဲ့ရတာလည်း။



ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးကြောင့် အခြေအနေမလှဖြစ်ခဲ့ရတဲ့ မဆလတစ်ပါတီ အာဏာရှင်ကြီးနေ၀င်းကခိုင်းလို့  ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့ မှာ စစ်တပ်အာဏာသိမ်းခဲ့ရတဲ့ ဗိုလ်ချူပ်ကြီး စောမောင်က တိုင်းပြည်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့ မှာ ပြောခဲ့တဲ့ မိန့် ခွန်းပါ။

(စာပုံပေါ် Mouse click နှိပ်၍ အကျယ်ချဲ့ ဖတ်ရှူနိုင်ပါတယ်)။



၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့ မှာ ပြောခဲ့တဲ့ ဗိုလ်ချူပ်ကြီးစောမောင် ပြောခဲ့တဲ့စကားတွေထဲမှာ တပ်မတော်ရဲ့  မူလတာဝန်ဖြစ်တဲ့ တိုင်းပြည်ရဲ့  ကာကွယ်ရေးကိုသာ အဓိကလုပ်ဆောင်ရမှာဖြစ်ပြီး ရွေးချယ်တင်မြောက်ခြင်းခံရတဲ့ အစိုးရအဖွဲ့ အစည်းကသာလျှင် တိုင်းပြည်ရဲ့  အုပ်ချူပ်မှုရေးရာ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေကို လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ တပ်မတော်ဆိုတာ နိုင်ငံကျေးဇူးသစ္စာကိုခံယူထားတဲ့ အဖွဲ့ အစည်းသာဖြစ်ကြောင်း ရှင်းရှင်းကြီးပြောပြထားပါတယ်။ နိုင်ငံတော်နဲ့  နိုင်ငံသားများအပေါ်မှာ ထားရှိထားတဲ့ ကတိသစ္စာကို ဖောက်ဖျက်ရမှာ မဟုတ်ကြောင်း ပြောပြထားပါတယ်။

ဒီမိုကရေစီလုပ်ပိုင်ခွင့်အရ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအရ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အစိုးရကို အာဏာလွှဲပေးရမှာဖြစ်တယ်ဆိုတာကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

တပ်မတော်အနေနဲ့  ရွေးကောက်တင်မြောက်ခြင်းခံခဲ့ရတဲ့ အစိုးရကို အာဏာလွှဲပြီးတာနဲ့  စစ်တပ်ဟာ စစ်တန်းလျားကို ပြန်သွားကြရမှာဖြစ်ကြောင်းကိုလည်း သူရဲ့  မိန့် ခွန်းပြောစကားတွေထဲမှာ ပါရှိနေတာ တွေ့ ရှိကြမှာပါ။

ဗိုလ်ချူပ်ကြီး စောမောင်ဟာ ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးဖြစ်ပွားနေချိန်မှာ နေ၀င်းရဲ့  ခိုင်းစေချက်ကြောင့် အာဏာသိမ်းကာ န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်မှုအဖွဲ့ ) အနေနဲ့  ဦးဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဗိုလ်ချူပ်ကြီး စောမောင်ရဲ့  ပြောစကားတွေဟာ တပ်မတော်ဟာ နိုင်ငံနဲ့  တိုင်းပြည်အပေါ်မှာ သစ္စာရှိရမယ့်အကြောင်း၊ ၁၉၉၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ နိုင်ငံရေးပါတီကနေ ဖွဲ့ စည်းမယ့် အစိုးရကို အာဏာပြန်လွှဲပေးရမှာ ဖြစ်ကြောင်း၊ စစ်တပ်ဟာ မူလတာဝန်ဖြစ်တဲ့ တိုင်းပြည်ရဲ့  ကာကွယ်ရေးကိစ္စကိုသာ လုပ်ဆောင်ရမှာမို့  မူလစစ်တန်းလျားကို ပြန်သွားကြရမှာဖြစ်ကြောင်းတွေကို ပြောဆိုလာတဲ့အတွက် ဗိုလ်ချူပ်ကြီး စောမောင်ရဲ့ လက်အောက်က အာဏာအရသာကို မက်မောမူးယစ်မိနေကြတဲ့ သန်းရွှေတို့  ဗိုလ်ချူပ်တွေဟာ သူတို့ ရဲ့  ဆရာ ဗိုလ်ချူပ်ကြီး စောမောင်ကို အနုနည်းနဲ့ ဖယ်ရှားကာ အာဏာသိမ်းပြစ်လိုက်ပါတယ်။ သန်းရွှေဟာ ဗိုလ်ချူပ်ကြီးစောမောင်ကို ဖယ်ရှားဖို့ အတွက် အာဏာလုယူဖို့ အတွက် ကောက်ကျစ်စွာနဲ့  စီစဉ်ပါတော့တယ်။ နောက်ဆုံး ဗိုလ်ချူပ်ကြီးစောမောင်ဟာ စိတ်မမှန်တော့ဖူး စိတ်ရူးသွပ်သလိုဖြစ်နေပြီဆိုတဲ့ စိတ်ဓါတ်စစ်ဆင်ရေးတွေနဲ့  သတင်းထုတ်လွှင်ပြီး ဗိုလ်ချူပ်ကြီးစောမောင်ကို ဖယ်ရှားဖို့  အကွက်ချပါတော့တယ်။ ဗိုလ်ချူပ်ကြီးစောမောင်ခမျာ သူရဲ့  လက်အောက်ကသူက ပြန်ပြီး ကျန်းမာရေးအရ အနားပေးပါတယ်ဆိုတဲ့ တရားဝင်ကြေညာထုတ်ပြန်ချက်နဲ့ အတူ သန်းရွှေရဲ့  အာဏာလုယုမှုကို အနုနည်းနဲ့  ခံလိုက်ရပါတော့တယ်။ ၁၉၉၂ ခုနှစ် ဧပြီလမှာ ဗိုလ်ချူပ်ကြီးစောမောင်ဟာ သန်းရွှေရဲ့  ဖယ်ရှားခြင်းကို ခံလိုက်ရပြီး ၁၉၉၇ ခုနှစ် သေဆုံးသွားပါတယ်။

ဗိုလ်ချူပ်ကြီးစောမောင်ဟာ ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကို စစ်တပ်က တိုင်းပြည်အာဏာ ပြန်လွှဲပေးရမှာကို မလွှဲပေးခဲ့လို့ ၊ စစ်တပ်ဟာ တိုင်းပြည်ကာကွယ်ရေးအတွက်သာ လုပ်ဆောင်ရမယ့် နိုင်ငံ့ဝန်ထမ်းအဖွဲ့ အစည်းဖြစ်လို့  စစ်တန်းလျားကို ပြန်သွားရမှာ မသွားလို့ ၊ နိုင်ငံတော်ဖွဲ့ စည်းအုပ်ျုပ်ပုံကို ပြန်လည်ရေးဆွဲပြီး အာဏာရူးတွေက သူတို့ အလိုကျအချက်အလက်တွေ ပြုပြင်ထည့်သွင်းဖို့ ကြိုးစားနေကြတာကို မကျေနပ်နေလို့  မိန့် ခွန်းတွေထဲမှာ ထုတ်ဖေါ်ပြောဆိုလာတာမို့  အာဏာရူးသန်းရွှေနဲ့  လက်အောက် သန်းရွှေလက်ပါးစေ ဗိုလ်ချူပ်တွေက ဗိုလ်ချူပ်ကြီးစောမောင်ကိုရော အခြားသော စစ်တပ်အရာရှိကြီးများကိုပါ အချင်းချင်း ဖြုတ်ထုတ်သတ်လမ်းစဉ် လုပ်ခဲ့ပါတော့တယ်။

တကယ်ဆိုရင် သန်းရွှေတို့ ရဲ့  ဒီလုပ်ရပ်ဟာ တပ်မတော်သားအချင်းချင်း သစ္စာဖောက် အာဏာလုယုံတင်မက တိုင်းပြည်နဲ့  လူမျိုးအပေါ် သစ္စာဖောက်လိုက်တာပါဘဲ။ တပ်မတော်မှာ ရှိကြတဲ့ အရာရှိအရာခံအကြပ်တပ်သားတွေရဲ့  တပ်မတော်အပေါ် သံယောဇဉ်ကြီးမားတွယ်တာမှုတွေကို ခုတုံးလုပ်ကာ တပ်မတော်ကို အသုံးချလိုက်တာပါဘဲ ဖြစ်ပါတော့တယ်။

တပ်မတော်အပေါ် သစ္စာဖောက် အချင်းချင်းဖြုတ်ထုတ်သတ်လုပ်သူ သန်းရွှေဟာ စိတ်ပိုင်းဆိုင်ရာရူးသွပ်နေသူပီပီ သူဖြုတ်လိုက်တဲ့  ဗိုလ်ချူပ်ကြီး စောမောင်ထက် သာအောင်ဆိုပြီး ဗိုလ်ချူပ်မှူးကြီးဆိုတဲ့ ရာထူးအသစ်ကို ထွင်ခဲ့ပြီး န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်မှုအဖွဲ့ ) ကနေ နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ) ဆိုပြီး အမည်ပြောင်းပြစ်ခဲ့ပါတယ်။

တကယ်တော့ သန်းရွှေနဲ့  နအဖဗိုလ်ချူပ်ကြီးများဟာ တပ်မတော်သားအချင်းချင်း သစ္စာဖောက်ပြီး ကိုယ်ကျိုးအာဏာရူးဖို့ အတွက် တပ်မတော်ကို အသုံးချတယ်ဆိုတာ သန်းရွှေက သူ့ ရဲ့  စီနီယာ ဗိုလ်ချူပ်ကြီး စောမောင်ကို သစ္စာဖောက်လိုက်တာပါဘဲ၊ တစ်နည်းပြောရရင် တပ်မတော်အတွင်း တပ်မတော်သားအချင်းချင်း သူသာအာဏာရဖို့ အတွက် သစ္စာမဲ့ လိုက်တာဘဲ ဖြစ်တယ်ဆိုတာ တပ်မတော်သားအပေါင်းတို့  သိကြမယ်ဆိုရင် အာဏာရူးဆိုတာ သူ အာဏာတည်မြဲရေးအတွက် တပ်မတော်ဆိုတာ ခုတုံးအသုံးချတာ တပ်မတော်ထဲက ဘယ်သူ့ ကိုဘဲဖြစ်ဖြစ် ဖြုတ်ထုတ်သတ်လုပ်မှာ ၀န်မလေးဖူးဆိုတာ အဖြစ်အပျက်တွေက သက်သေပြနေပါတယ်။

ဒီတော့ တပ်မတော်သည် အာဏာရူးတွေအတွက်လား၊ တပ်မတော်သည် တိုင်းပြည်အတွက်လားဆိုတာ ချင့်ချိန်ကြဖို့ လိုနေပါပြီ။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

06 August 2010

မြတ်လေးငုံ ဘလော့ဂ်(၁) နှစ်ပြည့် မြောက်သွားခြင်း

မြတ်လေးငုံ ဆိုတဲ့ နံမည်လေးကို ကျမ မေမေ ကငယ်ငယ်တည်းကကျမအားပေးမယ်လုပ်ပြီး ကျမ ကို ဒီနံမည်မပေးဖြစ်လိုက်လို့ ကျမ ရဲ့ ဘလော့ဂ်လေး မှာ မြတ်လေးငုံ ဆိုတဲ့ ကျမ နံမည်ကို ပေးခဲ့ပါတယ်.။ကျမ ဘလော့ဂ် လုပ်ချင်စိတ်ဖြစ်ပေါ်လာတာဆိုရင်ဖြင့် ကျမဘဝတလျှောက် တွေ့မြင်ခဲ့၊ တွေ့ကြုံခဲ့တဲ့ စစ်အာဏာရှင်များဟာပြည်သူတွေ ၊ကျောင်းသားတွေ၊ရဟန်းသံဃာတော်တွေ၊ကို ရက်စက်မှုတွေ နှိပ်စက်မှု တွေကို အထောက် အထားတွေနဲ့ ပြုစုပြီး မှတ်တမ်း တင်ချင်ပါတယ်.။

နောက် တစ်ခု ကတော့မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေထဲမှာ နေနေကြရတဲ့ နိုင်ငံရေး အကျဉ်းသား တွေရဲ့ စိတ်ခံစားမှု တွေ ကိုလည်းဖော်ပြချင်တာပါ၊ ကျမမြတ်လေးငုံ အနေနဲ့လဲ မှတ်တမ်း တစ်ခုလုပ် ဖြစ်သွားခဲ့ပါတယ်၊။ကျမ တို့လိုဘဲ မှတ်တမ်းတွေနဲ့ စုစည်းထားကြတဲ့ ပြည်သူ တွေလဲရှိကြပါတယ်။

ကျမ ကတော့(၈၈၈၈) အရေးတော်ပုံကြီး ပေါ်ပေါက်တဲ့ အချိန်မှာ(၁၀) တန်း ကျောင်းသူ တယောက်ပါ။ ကျမတို့
ကျောင်း အ.ထ.က (၁) ဒဂုံ ကနေပြီးပါဝင် ၈၈၈၈ အရေးတော်ပုံကြီးမှာပါဝင်လှုပ်ရှား ခဲ့တဲ့ အထက်တန်း ကျောင်းသူ တယောက်ပေါ့ ။အဲဒီ အချိန်က ပါဝင် ခဲ့တာကတော့လူငယ်တယောက်ရဲ့ စိတ်၊ မခံချင်စိတ် တွေနဲ့ပါဘဲ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၁၉၈၈ စက်တင်ဘာလ(၂ရ)ရက်နေ့တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်.။
ကျမ မြတ်လေးငုံ သည်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွင် ထိုအချိန်မှစ၍ လူငယ် အဖွဲ့ဝင်တဦး အဖြစ် စတင်ပါဝင်ခဲ့ပါတယ်.။ ယနေ့ အချိန်ထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလံအောက်တွင် ရပ်တည် နေဆဲဖြစ် ပါသည်.။

သြဂုတ်လ ရဲ့ (၈) ရက်နေ့မှာ ကျမ နေသော အိမ်လေးကို ကျမ နဲ့ မောင်နှမလိုနေသော ကျမတို့ ပါတီက မောင်လေးနိုင်ကြီး အလည် ရောက်လာခဲ့ပါတယ်.။ကျမတို့နဲ့ စကားလက်ဆုံ ကျနေကြပြီး.။ နိုင်ကြီးက သူဘလော့ဂ် လုပ်ထားကြောင်းကို ပြောပြပါတယ်. ဥပမာ ပေးရရင်တော့ကြွားတယ် ဆိုလဲ မမှားပါဘူး။

ကျမ မြတ်လေးငုံ လဲဘလော့ဂ် တစ်ခု လောက် လုပ်ချင် ကြောင်းနဲ့နိုင်ကြီးကို လုပ်ပေး ပါလားဆိုပြီး ပြောပြဖြစ်တယ်.။နိုင်ကြီး ကလဲကြွားချင်တယ်ပေါ့ သူလုပ်တတ်ကြောင်းကိုလည်းပြချင်ပုံရပါတယ်.။ချက်ချင်းလုပ်
ပေးလိုက်ပါတယ်။

ကျမကို ဘယ်ပုံကြိုက်လဲ အမ၊ဘယ်အရောင်ကောင်းမလဲအမ၊ရွေးပါဆိုပြီမျိုးစုံသောဒီဇိုင်းလှလှလေးတွေပြသခဲ့ပါ တယ်.။ကျမကအရောင်တွေတော်တော်များကိုတွေ့တော့မရွေးတတ်တော့ပါဘူး။

အဆင်ပြေတဲ့ပုံစံဘဲလုပ်ပေးပါ ရပါတယ်လို့ ပြောပြီ မှတ်မှတ်ရရ (၈.၈.၂၀၀၉)မှ စပြီ မြတ်လေးငုံ ဆိုတဲ့ ဘလော့ဂ်လေးကိုစတင်ပြုလုပ်ခဲ့ပါတယ်.။ဒီလိုနဲ့ဘဲ မြတ်လေးငုံ ဘလော့ဂ်လေးဖြစ်လာခဲ့ရပါတယ်ရှင်.။

ကျမမြတ်လေးငုံကသူငယ်ချင်းအပေါင်းအသင်းကနည်းတယ်ဆိုတော့သူငယ်ချင်းတွေကဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားဆိုပြီ ဟိုလူကပြော၊ဒီလူကပြောနဲ့ဒီဇိုင်းကိုပြင်လိုက် တာအခေါက် (၄၀)လောက်ဖြစ်သွားခဲ့ပါတယ်.။ကျမ မြတ်လေးငုံ ဘလော့ဂ်ဒီဇိုင်းနာ လဲစိတ်တွေဆိုးပြီ ကျမကို သူ မလုပ်ပေးတော့ဘူး.။ဒီလိုနဲ့ကျမ မြတ်လေးငုံ ခမျာ နောက်ကူညီပေးမယ့်မောင်လေးတယောက် ရောက်လာခဲ့ပြန်တယ်.။သူကတော့ဘလော့ဂါ ပြည့်စုံ ပါဘဲ ။ပြည့်စုံ ကလဲ ကျမတို့ပါတီကဘဲ.။ပြည့်စုံလုပ်ပြန်တော့ မြတ်လေးငုံဘလော့ဂ်က တမျိုးဖြစ်သွားပြန်ရော်ပေါ့။ ဒီလိုနဲ့ အဆင်ပြေသလိုဘဲ လုပ်ပေးပါဆိုပြီ ပြည့်စုံ ကလည်း ပြောပြောဆိုဆိုလုပ်လိုက်ပြန်တယ်.။

ကျမမြတ်လေးငုံကဟိုလိုလေးလုပ်ပေးပါအုံး။ပြောလိုက်ရင်ပြည့်စုံကမအားဘူးဖြစ်နေပြန်တယ်.။သူကခုတော့
အမေရိကန်မှာဆိုတော့သူနဲ့ကျမနဲ့ကအချိန်ကမနက်နဲ့ညဖြစ်နေပြန်ရော်၊ကျမလဲမတတ်နိုင်ဘူးလေ.။ ကိုယ်အားကိုယ်မကိုးတတ်သေးဘူး၊နောက်ဘယ်သူကူညီပေးအုံးမလဲပေါ့.။စနည်းနာလိုက်တာဘလော့ဂါတဦး ဖြစ်တဲ့မောင်လေးခမိခဆဲဖြစ်နေပြန်တယ်သူကပြန်ပြင်ပြန်ပြောင်းလုပ်ပေးပြီသူကဘဲကျမကိုသင်ပေးတော့တာ ဘဲ၊စိတ် ရှည်လက်ရှည်နဲ့ခမိခဆဲသင်ပေးတော့ကျမလဲတတ်သွားရော်၊အော်ဘလော့ဂ်လုပ်တာလွယ်လွယ် လေးဘဲပေါ့ လို့ကျမပြောလိုက်မိပြန်တယ်.။နိုင်ကြီးကမြတ်လေးငုံ ဘလောဂ်ကိုစလုပ်ပေးချိန်မှာ ကျမ သတင်းတင်တတ်ယုံရလွှဲရင်ကျန်တာမလုပ်တတ်ခဲ့ပါဘူး.။နောက်ပြည်စုံကနည်းနည်းသင်ပေးခဲ့ပါတယ်.။နောက်
ခမိခဆဲ ကဘလော့ဂ်အကြောင်းတွေလေ့လာဘို့ဘယ်မှာသွားကြည့်ဘို့ ပြန်လုပ်ကြည့်ပါအမ ဆိုပြီးစိတ်ရှည်စွာနဲ့ သင်ပြပေးခဲ့ပါတယ်.။

မြတ်လေးငုံကတော့တတ်သည့် ပညာမနေသာဆိုသလိုပေါ့လက်တည်ဆန်းတော့မယ် ဆိုပြီ ကိုယ်စိတ်ကြိုက်ကိုယ်လုပ်ခဲ့တယ်.၊ မကြိုက်လဲခမိခဆဲကိုပြင်ခိုင်းလိုက်သင်လိုက်ပေါ့.။ မြတ်လေးငုံ ဘလော့ဂ်လေးကိုကျမ စိတ်တိုင်းကျ ကိုယ်တိုင် လုပ်ဖြစ်သွားပါတယ်.။

ဒီလိုနဲ့ဘဲဘာလိုလိုနဲ့တစ်နှစ်ပြည့်လိုသာလာပါတယ်.။သူတို့(၃)ယောက်ကတော့မေ့လို့မရပါဘူး.။ကျမမြတ်လေးငုံ ဘလော့ဂ်လေးကို တည် ထောင်ပေးခဲ့အုတ်မြစ်ချပေးတဲ့ကျမရဲ့သင်ဆရာတွေပါဘဲရှင်.။ဒီလိုနဲ့ သတင်းတွေတင်မယ်ဆိုပြီ လုပ်တော့ ကျမ ကိုအကြံပေးခဲ့တဲ့ အကို ဆိုလဲမမှား ပါဘူးကျမတို့ပါတီက ကိုမိုးဇော်ဦး သူကကျမကို ထောင်ထဲက အခြေအနေတွေကိုမေးပါလားဆိုပြီ အကြံပေးခဲ့ပါတယ်.။ ကျမကလည့်းလုပ်ဘို့ အစီစဉ်ရှိနေတော့ကျမလဲ စလုပ်ကြည့်မယ်ဆိုပြီ သံတိုင်ကြားက NLD လူငယ်များ၏ထောင်တွင်းအတွေ့အကြုံဆိုပြီအင်တာဗျူးလေး လုပ်ခဲ့ပါတယ်.။

အဲဒီမှာစတွေ့တော့တာပါဘဲ ။ ကျမလဲ လူထု မေတ္တာ ကိုစတင်ပြီး ခံယူရတော့တာပါ.။ကော်မန့်တွေ စီဘောက်တွေမှာ ဝင်လာမဆဲတသဲသဲပေါ့.။ကျမ သတင်းတွေကိုလာအားပေးတဲ့သူတွေ ကျမ သတင်းတွေကို ရှုံးချတဲ့အော်သံဆိုသံတွေတလှယ်ဟောကိုယိုစီးတော့တာပါဘဲရှင်.။ရှုတ်ချပြီးပြောတဲ့လူတွေကပိုများပါတယ်။
အောင်မြင်တယ်ဆိုတဲ့သဘောပေါ့.။ မြတ်လေးငုံ အောင်မြင်တယ်လို့ပြောလို့တမျိုးတော့ မထင်ကြပါနဲ့ ၊မိန်းကလေးနဲ့မတန်တဲ့အသုံးနှုန်းတွေ နောက် ရိုင်းစိုင်းပြီလူမဆန်တဲ့ ပြောဆိုမှုတွေ နှမချင်းမစာနာတတ်တဲ့လူတွေကိုစတွေ့ခဲ့ရပါတယ်.။

အဲဒီချိန်မှာကျမသူငယ်ချင်းဘလော့ဂါဒီမိုဝေယံကကျမကိုအားပေးပြီးဆက်လုပ်ဘို့ဘာမှမဖြစ်ဘို့.။သူက
စီဘောက် ကစာတွေကိုဖျက် တော့တာဘဲ။ ဒီမိုဝေယံလဲမအားတဲ့ကြားတဲ့က ကျမကိုကူညီပေးခဲ့ရပါတယ်၊ကျမတို့ဆီမှာကကွန်နေရှင်ကမကောင်းတော့စီဘောက်ကတချက်တချက်ရလိုက်
မရလိုက်ပေါ့.။မနက်ဆိုရင်မျက်လုံးနှလုံးပွင့်တာနဲ့စက်ဖွင့်လိုက်တယ်ဆိုရင်ဖြင့်မြတ်လေးငုံဘလော့ဂ်ကိုဖွင့်လိုက်
ရင်ဘယ်နှစ်ယောက်ဆဲသွားလဲ ဆိုပြီရင်ခုန်စွာနဲ့ ဖွင့်ခဲ့ရပါတယ်.။

နောက်တော့လဲသူငယ်ချင်း ဒီမိုဝေယံပြောသလိုပါဘဲ .။ မြတ်လေးငုံ လဲ သိပ်မတုန် လှုပ်တတ်တော့ပါဘူး.။ကျမ လုပ်ရမယ့် အလုပ်ကို ဆက်လုပ်ဘို့ ဘဲတွေးတောခဲ့တယ်.။နောက် ကျမ လဲ လာရေးတဲ့လူတွေကိုသိပ်အာရုံမထားတော့ပါဘူး.။ကိုယ်လုပ်ရမယ့်အလုပ်ကိုဘဲကိုယ်လုပ်ဖြစ်ခဲ့ပါတယ်.။ကျမလဲ အအော်သာ ခံလိုက်ရတယ်ဘာကြောင့်လာဆဲတာလဲဆိုတာကိုတော့ သေချာနားမလည်ခဲ့ပါဘူး.။

ဒီလိုနဲ့ မြတ်လေးငုံ လဲ ကိုယ့်ကိုယ် စိတ်ကို ရှည်တတ်အောင်ထားခဲ့မိပါတယ်.။ နောက် သတင်းတွေတင်တော့ တဖြေးဖြေးအော်တာနည်းနည်းလျော့လာတယ်။ဒါပေမယ့်လဲ တနေ့တခါ အမြဲလာ သလိုဆိုတဲ့စကားလေးအတိုင်း အမြဲတော့လာ အော်တာခံရပါသေးတယ်.။ မြတ်လေးငုံ ရဲ့ အကိုတယောက်ဖြစ်တဲ့ ကိုနစ်နေမန်း က ကော်မန့် တွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေပြောပြခဲ့တယ်.။ နောက် စီဘောက်တွေရဲ့ကောင်းကျိုးဆိုးကျိုးတွေပြောပြခဲ့ပါတယ်။ကိုယ်ဟာကိုယ်ကြိုးစားဘို့ သတင်းကို ကိုယ်ဟာကိုယ်ရေးတတ်အောင်လုပ်ဘို့တွေ ကိုမခံချင်အောင်အမြဲပြောပြီကြိုးစားခိုင်းခဲ့ပါတယ်.။ကိုနစ်နေမန်း အားထပ်ပြီ ကျေးဇူးတင်ရပြန်တယ်.။

မြတ်လေးငုံဘလော့ဂ်လုပ်မှခင်ခဲ့ရတဲ့ဘလော့ဂါတွေကတော့ကိုဒေါင်းမာန်ဟုန် ၊ ကိုမင်းထက်၊ ၈၈(နော်မန်)၊ မငယ်နိုင်၊ တို့ကိုလည်း ကျမ မြတ်လေးငုံရဲ့(၁)နှစ်ပြည့်မွေးနေ့လေးမှာထည့်ပြောချင်ပါတယ်ရှင်.။မြတ်လေးငုံ ဘလော့ဂ် မှာ ယနေ့ထိသတင်းဝင်ရေးပေးသော သူငယ်ချင်းဒီမိုဝေယံ ၊မြတ်လေးငုံရဲ့ အကို နစ်နေမန်း ၊ မြတ်လေးငုံ ကိုယနေ့ထိအကြံပေးခဲ့ တဲ့အကို ကိုမိုးဇော်ဦးကျမ မြတ်လေးငုံ ကိုဝိုင်းဝန်းကူညီပေးခဲ့တဲ့ မောင်လေးနိုင်ကြီး၊မောင်လေး ပြည့်စုံ၊မောင်လေး ခမိခဆဲ ၊တို့ကို လဲ ကျမ မြတ်လေးငုံက မြတ်လေးငုံ ဘလောဂ် (၁)နှစ်ပြည့် မှာ မှတ်တမ်း လေးတင်ပေးလိုက်ပါတယ်ရှင်.။

ကျမ မြတ်လေးငုံဘလော့ဂ်ကို အချိန်ပေးပြီးလာရောက်လည်ပါတ်ပြီးသတင်းတွေဖတ်ခဲ့ကြတဲ့ မြတ်လေးငုံ
ရဲ့အပေါင်းအသင်းများနှင့်မိတ်ဆွေတွေကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်၊အမြဲတမ်းအားပေးပြီးမေလ်းနဲ့အကြံ
ပေးပို့ပေးကြသောမိတ်ဆွေများကျေးဇူးတင်ရှိပါတယ်၊ပြည်တွင်းကသူငယ်ချင်းများအားပြည်တွင်းမှသတင်းများ
ပေးပို့ပေးလို့သိပ်ကိုကျေးဇူးတင်ရှိပါတယ်ရှင်။မြတ်လေးငုံဘလော့ဂ်အားအချိန်ယူပြီးဝေဖန်ပြောဆိုဘို့အတွက်
လာရောက်လည်ပါတ်ပြီးသတင်းများကိုဖတ်ရှုကြသော မိတ်ဆွေတွေကို လဲကျေးဇူးတင် ရှိပါတယ်လို့ပြောကြားရင်းနဲ့ မြတ်လေးငုံရဲ့(၁)နှစ်မြောက် မွေးနေ့လေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်..။

ကျမ မြတ်လေးငုံက ကျေးဇူးတင်ထိုက်သူများအားလုံးကိုကျေးဇူးတင်ရှိပါတယ်.။ကျမ မြတ်လေးငုံဘလော့ဂ် လေးကိုလဲ အခက်အခဲ အမျိုးမျိုးတွေ့ရှိနေသည့် ကြားထဲကနေ မြတ်လေးငုံ ထပ်ကြိုးစားပါအုံးမယ်.။ အမှန်တရားတွေကိုလည်းဆက်လက်ဖော်ပြပေးသွားပါအုံးမယ်၊စစ်အာဏာရှင်လက်ချက်ကြောင့်ကျဆုံးသွားသော ကျောင်းသားလူငယ်များနှင့်ရဟန်းသံဃာတော်များကိုလည်း လေးစား ဂုဏ်ပြု ဦးညွှတ်လိုက်ပါတယ်ရှင်.။

အားလုံးကိုလေးစားစွာဖြင့်

မြတ်လေးငုံ



ရှစ်ဆယ့်ရှစ် ရဲ့ အတိတ်......ရှစ်ဆယ်ရှစ် ရဲ့ သပိတ်......


ဘာတီးလစ်တနာ ရေးသားတဲ့ ဒေါမာန်ဟုန် စာအုပ်မှ ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံနဲ့ ပတ်သက်တဲ့ မှတ်တမ်း ဓာတ်ပုံ များကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

နိုင်ငံတော် ငြိမ်/ပိ


စက်တင်ဘာလ ၁၈ ရက် တနင်္ဂနွေ နေ့တွင် ရန်ကုန်မြို့၌ ယခင် နေ့များ ကဲ့သို့ ဆန္ဒ ပြပွဲများ ရှိနေ သေးသည်။ လူထု ၃ သိန်းခန့်မှာ လမ်းများ ပေါ်၌ ချီတက်ကာ အစိုးရ ဆန့်ကျင်ရေး ကျွေးကြော်သံများ အော်ဟစ် နေကြသည်။ မြို့တော် ခန်းမ အပြင်ဘက်၊ ရန်ကုန် ဆေးရုံကြီးနှင့် အခြား နေရာ များတွင် အစာငတ်ခံ ဆန္ဒ ပြသူများက သပိတ် တိုက်ပွဲ ဆက်လက် ဆင်နွှဲလျက် ရှိသည်။ ဒေါက်တာ မောင်မောင် အစိုးရက ကြားဖြတ် အစိုးရ ဖွဲ့ပေးရန် တောင်းဆိုမှုကို ခေါင်းမာစွာဖြင့် ငြင်းဆန်လျက် ရှိရာ ဆန္ဒပြသူ အများအပြားမှာ စိတ်မရှည် နိုင်ဘဲ ဖြစ်လာ ကြပြီး တချို့ နေရာများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြ နေရာမှာ တိုက်လိုက် လိုသည့် အသွင်မျိုးသို့ ကူးပြောင်း လာခဲ့သည်။


မြန်မာ စံတော်ချိန် ညနေ ၄ နာရီတွင် မြန်မာ့ အသံမှ အသံလွင့် နေကျ သီချင်း ပဒေသာ အစီအစဉ် ရုတ်တရက် ရပ်သွားပြီး အမျိုးသား တဦး၏ လေးနက်စွာ ကြေညာသံ ထွက်ပေါ် လာခဲ့သည်။


"နိုင်ငံ၏ အဘက်ဘက်က ယိုယွင်း နေသော အခြေအနေ များကို အချိန်မီ တားဆီး နိုင်ရန် အများ ပြည်သူ အကျိုး အတွက် တပ်မတော်က နိုင်ငံတော် အာဏာ အဝဝကို ယနေ့မှ စ၍ လွှဲပြောင်း ယူလိုက် ပါသည်"


ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပ နိုင်ရေး အတွက် ပြင်ဆင်သည့် အနေဖြင့် ငြိမ်ဝပ် ပိပြားမှု ရှိစေရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင် ခေါင်းဆောင်သော နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (ငြိမ်/ပိ) ကို ဖွဲ့စည်း လိုက်သည်။ အတိုချုံး ကြေညာချက် အပြီးတွင် တက့်ကသော စစ်ချီ တေးသံများ ထွက်ပေါ် လာခဲ့သည်။


နှစ်နာရီ အကြာ၌ ငြိမ်/ပိ အဖွဲ့ဝင် ၁၉ ဦး၏ အမည်များကို ရေဒီယိုမှ ကြေညာသည်။ ထိုအထဲတွင် စစ်တိုင်းကြီး ၉ တိုင်းမှ တိုင်းမှူးများ အားလုံး အပြင် ကြည်း၊ ရေ၊ လေမှ အချို့ စစ်ဘက် အရာရှိကြီးများ ပါဝင် ကြသည်။ ရာထူးမှ ဖယ်ရှားခြင်း ခံလိုက် ရသည်ဟု ကောလာဟလ ဖြစ်ပေါ် နေသည့် ပုဂ္ဂိုလ်များပင် ပါရှိသည်။ ငြိမ်/ပိ ဒု ဥက္ကဋ္ဌမှာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် သန်းရွှေ ဖြစ်ပြီး အတွင်းရေးမှူးမှာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ခင်ညွှန့် ဖြစ်သည်။ သူသည် မကြာသေး မီကမှ ဗိုလ်မှူးချုပ် ဖြစ်လာ ခဲ့သူ တဦး ဖြစ်သည်။


နိုင်ငံတော် ငြိမ်/ပိ အဖွဲ့က ည ၈ နာရီမှ နံနက် ၄ နာရီ အတွင်း အပြင် မထွက်ရ အမိန့်ကို ရန်ကုန် မြို့တွင် ထုတ်ပြန် လိုက်ပြီး လမ်းများ ပေါ်၌ စုရုံးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်း လှည့်လည် ကေ့းကြော်ခြင်း၊ တရားဟောခြင်း၊ လှုံ့ဆော်ခြင်း၊ ဆူပူအောင် ဖန်တီးခြင်း တို့ကို မပြု လုပ်ရဟု ချက်ချင်း ပိတ်ပင် လိုက်သည်။ ပြည်သူတို့ အနေနှင့် ဆူပူ ဖန်တီးရန် သို့မဟုတ် ပြစ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ယင်းသို့ ပြုလုပ်ရန် ရည်ရွယ်ချက် မရှိသည် ဖြစ်စေ၊ လမ်းများ ပေါ်တွင် လူ ၅ ဦးထက် ပို၍ မစုရုံးရန် ထပ်မံ ကြေညာ လိုက်ပြန်သည်။ ထို့နောက် စစ်သီချင်းများ ရေဒီယိုမှ စူးစူးဝါးဝါး ထွက်ပေါ် လာသည်။


"ဘားလမ်းမှာ နေတဲ့ ကျွန်တော့် သူငယ်ချင်း တွေဆီ သွားလည် နေတုံး မှာပဲ ရေဒီယိုက ကြေညာချက်ကို ကျွန်တော် ကြားရတာ" ဟု ကြည့်မြင်တိုင်မှ အထက်တန်း ကျောင်းသား ကျော်သူက ပြောပြသည်။ ကျော်သူနှင့် သူ့ ညီမငယ် တို့မှာ သြဂုတ်လ အစောပိုင်း ဆန္ဒ ပြပွဲများတွင် ပါဝင် ခဲ့ကြသည်။ သူက ဆက်ပြီး "အာဏာသိမ်းမှု အပေါ် ကျွန်တော် တို့ရဲ့ ပထမဆုံး တုံ့ပြန်ချက်က စိတ်ဆိုးခြင်းနဲ့ စိတ်ပျက်ခြင်းတို့ ပါပဲ။ ကျွန်တော်တို့ အစိုးရ သစ်ကို တိုက်ချင် တာနဲ့ ချက်ခြင်းပဲ မြောက်ဥက္ကလာပ၊ တောင်ဥက္ကဘာပနဲ့ သင်္ဃန်းကျွန်းက ဆန္ဒပြ သူတွေကို သွားဆက်သွယ် ခဲ့တယ်။ ကျွန်တော်တို့ ထဲက တချို့ ဆိုရင် တုတ်၊ ဓားမြှောင်၊ ဓားရှည်၊ ဒူးလေး စတဲ့ လက်နက် တွေကို ကိုင်ဆောင် ထားခဲ့ ကြတယ်"


ရေဒီယိုမှာ အာဏာ သိမ်းလိုက်ကြောင်း ကြေညာပြီး ခဏ အကြာ၌ မိုးဖွဲဖွဲ့ ရွာလာသည်။ ကောင်းကင် ပေါ်၌ မှောင်မည်း နေသော မိုးတိမ်များ ထူထပ်စွာ ဖုံးပိတ် နေသည်။ မြို့တော်၏ နေရာ အနှံ့အပြားတွင် ပြည်သူ တို့သည် ပြီးခဲ့သည့် သြဂုတ်လမှာ ကဲ့သို့ပင် သစ်ပင် များကို ခုတ်လှဲကာ လမ်းများ ပေါ်၌ ကန့်လန့် ဖြတ်၍ ပိတ်ဆို့ ကြသည်။ လမ်းဘေး ဈေး စားပွဲ ခုံများကို လမ်းပေါ်တွင် မှောက်၍လည်း ကာဆီး ထားကြသည်။ သူတို့၏ မျက်နှာထားမှာ ညှိုးနွမ်းလျက် ရှိကြပြီး သူတို့၏ ပတ်ဝန်းကျင် အခြေအနေမှာ တင်းမာလျက် ရှိသည်။


လူအများ နေထိုင်ရာ လမ်းငယ်၊ လမ်းသွယ် များတွင် သာမက လမ်းကျယ်ကြီး များတွင်လည်း အတားအဆီး များကို တိုးချဲ့ ပိတ်ဆို့ လာကြသည်။ ပိတ်ဆို့မှု များမှာ မြို့တော် မြောက်ဘက်ရှိ တပ်မတော် စစ်စခန်း များသို့ သွားသော ပြည်လမ်းမ အထိ ပျံ့နှံ့လာခဲ့သည်။ လျှပ်စစ် ဓာတ်ကြိုး များကို ဖြတ်တောက် ပစ်ကြပြီး လမ်းမီးတိုင် များကိုလည်း ဖျက်ဆီး ပစ်ကြသည်။ အချိန် မရွေး ဝင်ရောက် လာနိုင်သည့် စစ်သား များကို ဟန့်တား နိုင်ရန် ထိုသို့ ပြုလုပ် ကြခြင်းပင် ဖြစ်သည်။ တချို့က စိတ်ပျက် အားငယ် နေကြ သော်လည်း ဆန့်ကျင်သည့် သဘောဖြင့် မိမိတို့ နေအိမ် အတွင်းမှ နေ၍ အိုးခွက် များကို တီးခတ် ကြတော့သည်။ တချို့က ဒူးလေး၊ ဓားရှည်နှင့် ဂျင်ဂလိ များကို ကိုင်ဆောင်ကာ လမ်းများ ပေါ်သို့ ထွက်လာ ကြသည်။ သူတို့သည် စစ်သား များနှင့် ရင်ဆိုင် တိုက်ခိုက်ရန် အသင့် ဖြစ်နေပုံ ရ၏။


ယခု အာဏာ သိမ်းမှုမှာ အခြား စစ်တပ်မှ အာဏာ သိမ်းမှုများ ကဲ့သို့ တင့်ကားနှင့် တပ်ဖွဲ့ များက မြို့တော်၏ အချက်အချာ နေရာ များကို သိမ်းယူခြင်း၊ နိုင်ငံ့ ခေါင်းဆောင် များကို ဖမ်းဆီးခြင်း၊ ခေါင်းဆောင်သစ် တက်ခြင်း စသည် တို့ကို မတွေ့ရချေ။ ရေဒီယိုမှ ကြေညာပြီး နာရီ အနည်းငယ် အတွင်း ရန်ကုန်မြို့ရှိ လမ်းများ ပေါ်တွင် ဒေါသ ထွက်နေ ကြသည့် ထောင်ပေါင်း များစွာသော ဆန္ဒ ပြသူများနှင့် ပြည့်လျှံသွားသည် ကိုသာ နေဝင် ဆည်းဆာချိန် ရှုခင်း အဖြစ် တွေ့ခဲ့ ရလေသည်။ နဖူးစီး စာတမ်းများ၊ အလံများ၊ အိမ်တွင်းလုပ် လက်နက်များကို ဝှေ့ယမ်းကာ ခံပြင်းစွာဖြင့် အသံ ကုန်အော်ဟစ် လျက်ရှိ ကြသည်။


"ခွေးအစိုးရ ----- ကျဆုံးပါစေ"

"ခွေးအစိုးရ ----- ကျဆုံးပါစေ"


သို့တိုင်အောင် ကိုယ့်ကိုကိုယ် ခေါင်းဆောင် တင်ထား ကြသော နိုင်ငံ့ ခေါင်းဆောင် ကြီးများ မှာလည်း မည်သို့မျှ တုံ့ပြန်မှု မပြု သေးချေ။ စစ်တပ် သည်ပင် ထိုနေ့ည အချိန်လင့်မှ ထွက်ပေါ် လာခဲ့သည်။ စစ်ကား များနှင့် ဘရင်း ကယ်ရီယာများ မြို့ထဲသို့ လိမ့်ဝင် လာသည်။ မြင်ကွင်းမှာ သြဂုတ်လ တုံးက မြင်ကွင်းမျိုး မဟုတ် တော့ပေ။ စစ်ကားများ ပေါ်၌ တပ်ဆင် ထားသော အသံချဲ့စက် များမှ တဆင့် ပြည်သူ တို့အား တားဆီး ပိတ်ဆို့မှု များကို ဖယ်ရှား ပစ်ရန် အမိန့် ပေးလာသည်။ အမိန့်ကို မနာခံပါက အနီးရှိ နေအိမ် များကို စက်သေနတ်ဖြင့် ပစ်ခတ်သည်။ ထိုသို့ ပထမ ဦးဆုံး ပစ်ခတ် ပြသည့်တိုင် အမိန့် မနာခံ သေးပါက ကရိန်းကားများ ခေါ်ယူပြီး လမ်းပေါ်မှ တားဆီး ပိတ်ဆို့မှု များကို အလွယ် တကူ ဖျက်ဆီး ခဲ့ကြသည်။


စစ်ကား များနှင့် ဘရင်း ကယ်ရီယာများ လမ်းပေါ်တွင် စံနစ်တကျ မောင်းနှင် လာကာ မြင်မြင်သမျှ လူများကို ပစ်ချင်တိုင်း ပစ်ခတ် တော့သည်။ ဒဏ်ရာ ရသူ များကို ပြည်သူ များက ရန်ကုန် ဆေးရုံကြီးနှင့် ရန်ကုန် မြို့ရှိ ယာယီ ဆေးခန်း များသို့ ဝိုင်းဝန်း ကူညီ ပို့ဆောင် ပေးခဲ့ ကြသည်။ ပစ်ခတ်မှု ရပ်စဲ သွားသည့်နောက် စစ်တပ်က လမ်းမပေါ်မှ လူသေ အလောင်း များကို ဒရွတ်တိုက် ဆွဲကာ ကားပေါ်သို့ ပစ်တင်၍ မောင်းထွက် သွားကြ တော့သည်။ ထိုနေ့ ည၌ ရန်ကုန်မြို့တွင် ဟိုမှသည် ထွက်ပေါ် လာသော သေနတ်သံ များကို တညလုံး ကြားနေ ရသည်။


အတင်းမာဆုံး တနေရာမှာ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမတွင် ဖြစ်သည်။ ထိုခန်းမ ထဲ၌ ရာပေါင်း များစွာသော ကျောင်းသား များက အစည်းအဝေး ထိုင်လျက် ရှိနေ ကြသည်။ ညနေ ၆ နာရီတွင် စစ်တပ်က တက္ကသိုလ် နယ်မြေ ထဲသို့ ဝင်ရောက် လာကြပြီး ဘွဲ့နှင်း သဘင် အဆောက်အဦကို ဝိုင်းကာ ကျောင်းသား များအား အပြင်သို့ ထွက်လာ ကြရန် အမိန့် ပေးတော့သည်။ သို့သော် မည်သူမျှ ထွက်မလာ ခဲ့ကြပေ။ ခန်းမ တွင်းရှိ ကျောင်းသား အားလုံးမှာ အသေခံ ကြရန် ပြင်ဆင် ထားကြပြီး ဖြစ်၍ ဘုရားကို အာရုံပြု ရှိခိုးလျက် ရှိသည်။ နွေရာသီ ကျောင်း မပိတ်ခင် နောက်ဆုံး တရက်၌ အဖွဲ့ အလိုက် အတန်း အလိုက် အမှတ်တရ ဓာတ်ပုံများ ရိုက်သကဲ့သို့ သူတို့၏ နောက်ဆုံး ဓာတ်ပုံ များကို ရိုက်ပေး နေကြ သည်မှာလည်း သူတို့၏ စည်းလုံး ညီညွတ်မှုကို ဖော်ညွှန်းသည့် လက္ခဏာပင် ဖြစ်ပေ တော့သည်။


နိမ့်ချီ မြင့်ချီ ရှိခိုး ဆုတောင်း နေသံများကို နာရီပေါင်း များစွာ ကြားနေ ရသည်။ ည ၁၀ နာရီ ၄၅ မိနစ်တွင် ဘုန်းကြီး တချို့ ဘွဲ့နှင်း သဘင် ခန်းမ ထဲသို့ ဝင်ရောက် လာကြကာ ကျောင်းသား များကို အဆောက်အဦ၏ နောက်ဖေး တံခါး ပေါက်မှ ခေါ်ထုတ် သွားကြသည်။ ထူးဆန်း သည်မှာ အပြင်ဘက်မှ စစ်သားများက ပစ်ခတ်ခြင်း မပြု သဖြင့် မည်သူ တဦး တယောက်မှ ထိခိုက်ခြင်း မရှိ ခဲ့ချေ။


* * * * * * * *


နောက်တနေ့ နံနက်တွင် ဆန္ဒပြပွဲ များတွင် ဆက်လက် ဖြစ်ပွား ခဲ့သည်။ ချီတက် ဆန္ဒပြ နေသော လူအုပ်ကြီးသည် မြို့တော် ခန်းမနှင့် မဟာ ဗန္ဓုလ ပန်းခြံကို ဖြတ်ကျော် ချီတက် သွားကြသည်။ သို့သော် သူတို့အား ပတ်ပတ်လည် အဆောက်အဦ ခေါင်မိုးများ ပေါ်မှ စက်သေနတ် များဖြင့် ချိန်ရွယ် ထားသည်ကို မည်သူမျှ မတွေ့လိုက် ကြပေ။ ကုန်သည် လမ်းရှိ အမေရိကန် သံရုံးနှင့် ကပ်လျက် ရှိသော ပြည်ထောင်စုဘဏ်၊ မြို့တော် ခန်းမနှင့် ခြောက်ထပ်ရုံးတို့ အပေါ်တွင် စစ်သားများ နေရာ ယူထား ကြသည်။ ဆန္ဒပြသူ များက ဆူးလေ ဘုရား၏ မျက်နှာချင်း ဆိုင်ရှိ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ကော်ပိုရေးရှင်း ဘက်သို့ ချိုးကွေ့ လိုက်သော အခါ သုံးဘက် သုံးတန် ပစ်ကွင်း ထဲ၌ ချောင်ပိတ် မိလျက်သား ဖြစ်သွား လေသည်။ ခေါင်မိုး ပေါ်မှ စစ်သား များက လူအုပ်ကြီး ထဲသို့ သေနတ် များဖြင့် ပြိုင်တူ ပစ်ခတ် လိုက်ကြသည်။ ကြိုတင်၍ သတိပေးခြင်း မရှိ သောကြောင့် ဆန္ဒပြသူ အမြောက်အမြား သွေးမြေ ကျခဲ့ ရသည်။


လမ်းများ ပေါ်သို့ စစ်သားများ အဖက်ဖက်မှ ထွက်လာ ကြပြီး စံနစ်တကျ တန်းစီ၍ လျှောက်လာ ကြသည်။ သူတို့၏ နောက်တွင် ဘရင်း ကယ်ရီယာ များက ထပ်ချပ် မကွာ လိုက်ပါ လာခဲ့သည်။ ကျယ်လောင်သည့် အမိန့် ပေးသံ တချက် ထွက်ပေါ် လာပြီးနောက် စစ်သားများက ဒူးထောက်ကာ အသင့်အနေ အထားဖြင့် သေနတ်ပြောင်း များကို ဆန္ဒ ပြသူများ ဘက်သို့ ချိန်ရွယ် ထားလိုက် ကြသည်။ သူတို့ ပုံစံမှာ လက်နက်မျိုးစုံ ကိုင်ဆောင် ထားသော ရန်သူ များနှင့် ရင်ဆိုင် နေရသည့် နှယ်ပင်။ သူတို့ အမှန်တကယ် ရင်ဆိုင် နေကြရ သူများမှာ လက်နက်မဲ့ ဆန္ဒပြ သူများသာ ဖြစ်သည်။


အမေရိကန် သံရုံး အပြင် ဘက်ရှိ လူအုပ်ကြီးကို စစ်သား များက သေနတ်ဖြင့် ပစ်ခတ် ခဲ့သည်။ စစ်သား များ၏ ပစ်ခတ် သတ်ဖြတ်မှုကို ဗွီဒီယို ကင်မရာဖြင့် ရိုက်ကူးလျက် ရှိသော မြန်မာ ကင်မရာမင်း နှစ်ယောက် ဘက်သို့ စစ်သားများ လှမ်းကြည့် လိုက်သော အခါ တဦးကို အခြား တဦးက သူ့ ကိုယ်လုံးဖြင့် ကွယ်ထား လိုက်သည်။


နောက်ပိုင်းတွင် ပြည်ပသို့ ခိုးထုတ် နိုင်ခဲ့သည့် ထိုတိတ်ခွေ ထဲ၌ ဗမာလို ပြောနေသော အသံကို ပီပြင်စွာ ကြားရသည်။


"ဒို့ ဘယ်လို လုပ်ကြ မလဲ"


"ဘယ်လို လုပ်ရင် ကောင်းမလဲ"


တခြား အသံ တသံက တည်ငြိမ်စွာ အဖြေ ပေးလိုက်သည်။


"ဒို့ဘက်ကို မပစ် မချင်း ဆက်ရိုက် နေပါ"


ထိုနေ့က အစိုးရ၏ အမိန့်မှာ ကင်မရာနှင့် အတူ တွေ့သမျှ လူများကို ပစ်သတ်ရန် အမိန့် ပေးထားသည်။ မြန်မာပြည်မှ အာဏာ သိမ်းမှုနှင့် ပတ်သက်သော သတင်းများ၊ ဓာတ်ပုံ များကို နိုင်ငံ တကာက မဖော် ပြနိုင်ရန် ရည်ရွယ်ပြီး ပေးခဲ့သည့် အမိန့်ပင် ဖြစ်သည်။ ဂျပန် ရုပ်မြင် သံကြား ကုမ္ပဏီ တခု အတွက် သတင်း ရယူလျက် ရှိသော မြန်မာ ဓာတ်ပုံ ဆရာ တဦးမှာ သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်း ခံရပြီး သေဆုံး သွားသည်။ သူ၏ ဝဲဘက် မျက်လုံးကို ကျည်ဆံ ဖောက်ဝင် သွားခြင်း ဖြစ်သည်။ သို့သော် အသက် မထွက်မီ ကင်မရာကို သူ့ ရဲဘော် တယောက် လက်သို့ လွှဲပြောင်း ပေးနိုင် ခဲ့သည်။


အနော်ရထာ လမ်းနှင့် မဟာ ဗန္ဓုလလမ်း အကြားတွင် ရှိနေသော ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး) ဆီသို့ ချီတက် သွားကြသည့် ကန့်ကွက် ဆန္ဒပြ သူများနှင့် အတူ မောင်ကျော်သူလည်း လိုက်ပါ သွားခဲ့သည်။


သူသည် အထက်တန်း ကျောင်းသား တစုက ဖွဲ့စည်း ထားသည့် အဖွဲ့မှ ဖြစ်ပြီး ထိုအဖွဲ့တွင် သြဂုတ်လနှင့် စက်တင်ဘာလ အရေးအခင်းကို အခြေခံ၍ ပေါက်ဖွား လာသော အတွေးအခေါ်များ ထင်ဟပ် ပေါ်လွင် နေသည်။ သူတို့ အဖွဲ့ကို ယောနသံ အမည်ရှိ ဇင်ယော်ငှက် တကောင်၏ အကြောင်းကို ရေးသား ထားသော ဝတ္ထု နာမည်ကို ယူ၍ ယောနသံ လွတ်မြောက်ရေး အဖွဲ့ဟု အမည် ပေးထားသည်။


"စစ်တပ်က လူအုပ် ထဲကို ပစ်လိုက်တဲ့ သေနတ် သံတွေ ကြားတော့ ကျွန်တော်တို့ နောက်ကြောင်း ပြန်လှည့် ခဲ့ရတယ်။ စစ်သား တွေက ခွပ်ဒေါင်း အလံနဲ့ ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံ ကိုင်ထား သူတွေ၊ ခေါင်းစီး အနီ ပတ်ထား သူတွေကို အဓိက ထားပြီး ပစ်ကြတယ်။ ဆန္ဒ ပြသူ တွေက ထွက်ပြေးဖို့ ကြိုးစား ကြတယ်။ ထွက်ပြေး ကြတဲ့ သူတွေ နောက်က စစ်သားတွေ ထပ်ချပ် မကွာ ပြေးလိုက်ပြီး နောက်ကျောကို လှံစွပ်နဲ့ ထိုးသတ် ပစ်တယ်။ စစ်သား တွေဟာ တော်တော် ငယ်တာပဲ။ ကျွန်တော့် အထင် ဆယ်ကျော်သက် အရွယ်လေးတွေ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူတို့ အသွင် သဏ္ဍန်ဟာ ကြမ်းတမ်း ခက်ထန် နေတယ်"


ကြမ္မာဆိုး ဝင်သော တနင်္လာ နေ့တွင် ရန်ကုန်ရှိ ဝါရင့် သတင်းစာ ဆရာ ဦးစိန်ဝင်းက ဘန်ကောက် မြို့ရှိ သူ၏ အေပီ သတင်း ဌာနသို့ အောက်ပါ အတိုင်း သတင်း ပို့ခဲ့သည်။


"စစ်သားများက လူထု စုဝေးမှုကို တားဆီးရန် အမိန့် ပေးထားသည့် အတိုင်း ရန်ကုန် မြို့လယ်ခေါင်၌ ကျောင်းသားများ၊ ဗုဒ္ဓ ဘာသာဝင် ဘုန်းကြီးများနှင့် လက်နက်မဲ့ ဆန္ဒပြသူ များစွာ ပါဝင်သော လူအုပ်ကြီး ထဲသို့ သေနတ်ဖြင့် ပစ်ခတ် ခဲ့သည်။ ထိခိုက် ဒဏ်ရာ ရသူ အတော် များကြောင်း မျက်မြင် သက်သေ များက ပြောဆို ကြသည်။ သတင်းထောက် တယောက်က ကျောင်းသားတွေ ပစ်သတ် ခံနေရပြီ။ ဘာမှ မလုပ်နိုင် ကြတော့ ဘူးလားဟု အခင်း ဖြစ်ပွားရာ နေရာမှ အေပီ သတင်းထောက်ထံ တယ်လီဖုန်းနှင့် သတင်း ပို့ရင်း ငိုကေ့း နေသံကို ကြားရသည်"


တက္ကသိုလ် ကျောင်းသား တဦး ဖြစ်သော အောင်ကျော်က ကျောင်းသားကြီး များမှာ အန္တရာယ်ကို သဘောပေါက် သဖြင့် အိမ်ထဲမှ အိမ်ပြင်သို့ မထွက်ကြောင်း ပြောပြသည်။


"အထက်တန်း ကျောင်းသားလေး တွေကို ထိန်းဖို့ မလွယ်ဘူး။ သူတို့ အနေနဲ့ ဒေါသ ထွက်နေ ကြပြီး တိုက်ခိုက်လို စိတ်တွေ ပြင်းထန် နေတယ်။ ပြီးတော့ စစ်တပ် နဲ့လည်း ရင်ဆိုင် ချင်ကြတယ်။ ကျွန်တော်တို့ သူတို့ကို တားလို့ မရဘူး။ ကျောင်းသား အတော် များများ မောင်းပြန် သေနတ် ဒဏ်ရာ၊ လှံစွပ် ဒဏ်ရာ တွေနဲ့ သေဆုံး ခဲ့ကြ ရတယ်"


ကျော်သူသည် နံနက် ၁၀ နာရီ အချိန်၌ အသက် ၁၈ နှစ် အရွယ်ရှိ ညီမ ဖြစ်သူ ဝင်းမော်ဦး သေနတ် ဒဏ်ရာ အပြင်းအထန် ရသွားကြောင်း ကြားသိ လိုက်ရသည်။ သူမ၏ သူငယ်ချင်းများ ဖြစ်သော အထက်တန်း ကျောင်းသား နှစ်ဦး မှာလည်း ပစ်ခတ် ခံရပြီး ထိုနေရာ ၌ပင် ပွဲချင်းပြီး သေဆုံး ခဲ့ရသည်။ ဝင်းမော်ဦးကို ဆေးရုံသို့ ပို့ရန် ကားဆီသို့ ချီမ သွားစဉ် နိုင်ငံခြားသား တဦးက ဓာတ်ပုံ ရိုက်ခဲ့သည်။ ထိုပုံသည် အောက်တိုဘာလ ၃ ရက် နေ့ထုတ် နယူးစ်ဝစ် (Newsweek) မဂ္ဂဇင်း၌ ပါရှိ ခဲ့သည် သို့သော် ဓာတ်ပုံမှာ နောက်နာရီ အနည်းငယ်တွင် ဘာဆက်၍ ဖြစ်သည်ကို မပြောပြ နိုင်ခဲ့ချေ။


"ကျွန်တော်နဲ့ ကျွန်တော့် အဖေ ရန်ကုန် ဆေးရုံကြီးကို မနက် ၁၁ နာရီမှာ ရောက်လာ ခဲ့တယ်။ ကျွန်တော့် ညီမဟာ သွေး အတော် ထွက်နေ တာကို တွေ့ရတယ်။ သူက ဗိုလ်ချုပ် အောင်ဆန်းပုံကို တောင်းနေလို့ ကျွန်တော်တို့ သူ့ အိပ်ယာပေါ် တင်ပေး ခဲ့တယ်။ နေ့လယ် ၁ နာရီ လောက်မှာ ဓာတ်ပုံကို သူ့လက်နဲ့ ဆုပ်ကိုင်ရင်း အသက်ထွက် သွားရှာတယ်"


နောက်တနေ့တွင် ဝင်းမော်ဦအား မီးသင်္ဂြိုဟ်ရန် မိသားစုနှင့် ဆွေမျိုးများ ကြံတော သုဿန်သို့ သွားခဲ့ ကြသည်။ မီးသင်္ဂြိုဟ် စက်၏ အပြင်ဘက်တွင် အလောင်းများ စုပုံ ထားသည်ကို တွေ့ရသည်။ ကျန်ရစ် သူများက သူတို့နှင့် ပတ်သက်သည့် အလောင်း များကို ရှာဖွေ နေကြသည်။ အလောင်း များစွာ၏ မျက်နှာ များအား မည်သူ မည်ဝါ ဖြစ်မှန်း ခွဲခြား၍ မရ နိုင်အောင် ထုနှက် ဖျက်ဆီး ထားသည်ကို တွေ့မြင် ခဲ့ရကြောင်း ကျော်သူက ပြန်ပြော ပြသည်။ သေဆုံး သွားခဲ့သူ အချို့၌ ကျောင်းစိမ်း ပုဆိုးများ ဝတ်ဆင် ထားသည်ကို တွေ့ရသည်။ ကျော်သူနှင့် သူ့ မိသားစု ဝင်းမော်ဦးကို သင်္ဂြိုဟ်ပြီး နှစ်ရက် အကြာတွင် ကြံတော ပတ်ပတ်လည်၌ စစ်သားများ စောင့်ကြပ် နေကြပြီး ဘရင်း ကယ်ရီယာ တစီးလည်း သင်္ချိုင်း အပြင် ဘက်တွင် အသင့် အနေအထားဖြင့် နေရာ ယူထားသည်။ မည်သူမျှ ကြံတော သုဿန် ထဲသို့ ဝင်ခွင့် မပြု တော့ပေ။


အောက်တိုဘာလ ၃ ရက်နေ့ထုတ် နယူးစ်ဝ်ခ် မဂ္ဂဇင်း၌ မီလင်ဒါ လီယူ (Melinda Liu) က သူမ၏ မျက်နှာဖုံး သတင်းတွင် အောက်ပါ အတိုင်း ရေးသား ခဲ့သည်။


"ကြံတောသို့ ရောက်လာသည့် အလောင်း များတွင် မသေသေး သူများလည်း ပါသည်။ ထို သူများကို စစ်သားများက ပစ်သတ်ကာ အခြား အလောင်း များဖြင့် ရောနှော သင်္ဂြိုဟ် ခဲ့ကြသည်။ ပစ်သတ် ခံရသူ များ၏ အော်ဟစ် ငြီးငြူသံ များကို အတိုင်းသား ကြားနေ ရကြောင်း ကြံတော သင်္ချိုင်းမှ သက်သေ တချို့က ပြောပြသည်။"


ရန်ကုန် ဆေးရုံကြီးတွင် သေနတ် ဒဏ်ရာကြောင့် ခြေထောက်နှင့် လက် ကျိုးပြတ် နေသူများ၊ ရင်အုံတွင် ကျည်ဆံ ထိမှန် ထားသူ များကို သူမ ကိုယ်တိုင် တွေ့မြင် ခဲ့ရ သည်ဟု ဆိုသည်။ အရေးပေါ် ဌာနတွင် သေနတ် ဒဏ်ရာ ရရှိ ထားသော လူနာ များမှာ ကုတင် ပေါ်၌ လူးလှိမ့် နေကြပြီး သွေးများ ကြမ်းပြင်ပေါ်သို့ အိုင်ထွန်း ကျလျက် ရှိသည်။ လွန်ခဲ့သည့် အချိန်က သွေးလှူရှင်များ လှူဒါန်းမှုကြောင့် သွေးများ အလျှံပယ် ရှိခဲ့ သော်လည်း ယခုချိန်တွင် သွေးများ ပြတ်လု နီးပါး ဖြစ်နေသည်။ ရင်ခွဲရုံ တွင်လည်း နေရာ မဆန့် တော့ပေ။ "ရေခဲတိုက် ထဲမှာ ဖရိုဖရဲ စုပုံ ထားတဲ့ အလောင်း သုံးဆယ်ကို ကျွန်မ ကိုယ်တိုင် တွေ့ခဲ့ ရတယ်။ အလောင်း တလောင်း ဆိုရင် ခေါင်း မရှိ တော့ဘူး။ ၁၀ နှစ် အရွယ် ကလေး တယောက်ရဲ့ နှာဖူး အလယ် တည့်တည့်မှာ ကျည်ဆံပေါက် တပေါက် ကိုလည်း တွေ့ရတယ်" ဟု မီလင်ဒါ လင်ယူက ပြန်ပြော ပြသည်။


တနင်္လာ နေ့တွင် ကြည့်မြင်တိုင်၌ အသက် ၁၃ နှစ်၊ ၁၄ နှစ် ဝန်းကျင်ရှိ ဆန္ဒပြ ကျောင်းသူ တစုကို စစ်သားများက ပစ်ခတ် ခဲ့ကြကြောင်း အနောက်တိုင်း သံတမန် တဦးက ပြောကြား ခဲ့သည်။


"ဖြစ်ပျက် နေတဲ့ ကိစ္စ တွေဟာ အတော်ကို ရှက်စရာ ကောင်းပါတယ်။ ဒီအတွက် စကား လုံးတောင် ရှာမတွေ့ နိုင်အောင် ပါပဲ။ လူတစုဟာ သူတို့ အာဏာ တည်မြဲရေး အတွက် ကျောင်းသား ကျောင်းသူ လေးတွေနဲ့ လက်နက်မဲ့ ဆန္ဒပြ သူတွေကို သတ်ဖြတ်ဖို့ ဝန်မလေး ခဲ့ကြဘူး။ ဒါဟာ အာဏာ သိမ်းတာ မဟုတ်ဘူး။ သူတို့က အာဏာကို ဆုပ်ကိုင် ထားပြီး တိုင်းပြည်ကို အုပ်ချုပ် နေမှတော့ အာဏာ သိမ်းတယ် ဆိုတာ ဖြစ်နိုင် ပါအုံး မလား" ဟူ၍ ထို သံတမန်က ဆက်၍ ပြောပြသည်။


ဖိနှိပ်မှုမှာ တပြည်လုံး၌ တပုံစံထဲ ဖြစ်သည်။ အာဏာ မသိမ်းမီ ရက်သတ္တပတ်က တပ်လှန့် ထားပြီး ဖြစ်သည့် တပ်များမှာ ၁၉ ရက်နေ့ စောစောပိုင်းတွင် တနိုင်ငံလုံးရှိ သပိတ် စခန်း များကို တပြိုင်နက် ဝင်ရောက် တိုက်ခိုက် ခဲ့ကြသည်။


မန္တလေး၌ ဆန္ဒ ပြသူများက စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင် ခဲ့ကြရာ ကျွဲများကို ရှေ့မှ မောင်းသွင်းပြီး အကာအကွယ် ယူခဲ့ ကြသည်။ သို့သော် စစ်သေနတ်နှင့် မောင်းပြန် သေနတ် အန္တရာယ်မှ မကာကွယ် နိုင်ခဲ့ကြပေ။ စစ်တင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့ အသံမှ "မသမာသူ တစုက တိရစ္ဆာန် များကို အကာအကွယ် ယူကာ လုံခြုံရေး တပ်များကို လေးဂွ၊ ဂျင်ဂလိ များဖြင့် ပစ်ခတ် ခဲ့ကြောင်း၊ ထို့ကြောင့် လုံခြုံရေး တပ်သား များက ပြန်လည် ပစ်ခတ် ခဲ့သဖြင့် ကျွဲ ၅ ကောင် ထိမှန် သေဆုံး ခဲ့ရကြောင်း" ကြေညာ ခဲ့သည်။


မန္တလေး မြို့ခံများ ပေးပို့သည့် သတင်း အရ မန္တလေးမှ သပိတ် စခန်း တခုကို စစ်တပ်က ဖြိုခွင်း ပစ်ခတ် ခဲ့ရာ လူဦးရေ ၁၅၀ ခန့် သေဆုံး ခဲ့ရကြောင်း သိရှိ ရသည်။ ထိုစခန်းမှာ တနိုင်ငံလုံးတွင် အရေးပါဆုံး သပိတ် စခန်း တခု ဖြစ်သည်။ ဧရာဝတီ မြစ်ကမ်း ပေါ်မှ ရေနံမြို့ တမြို့ ဖြစ်သော ချောက်မြို့တွင် အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒ ပြခဲ့ ကြသော ပြည်သူ များအား ဒေသခံ စစ်တပ်က ပစ်ခတ် ခဲ့သဖြင့် လူနှစ်ဆယ် သေဆုံး ခဲ့သည်။ ရှမ်းပြည်နယ် တောင်ကြီး မြို့တွင် ၁၈ ရက်နေ့က ဖြစ်ပွား ခဲ့သော ပစ်ခတ်မှု၌ အမျိုးသမီးငယ် တဦး သေဆုံး ခဲ့သည်။ နောက်တနေ့တွင် သူမ၏ ဈာပနာကို ပြင်ဆင်ရန် မြို့လယ်ခေါင် လမ်းပေါ်ရှိ တရုတ် ဘုရားကျောင်း အပြင် ဘက်တွင် လူများ စုဝေး ခဲ့ကြသည်။ ထိုအခိုက် စစ်ကား တစီး ရောက်လာပြီး လူအုပ်ထဲသို့ မောင်းပြန် သေနတ် များဖြင့် ပစ်ခတ် လေတော့သည်။ ဒေသခံ လူများ၏ ခန့်မှန်းချက် အရ စုစုပေါင်းလူ ၄၀ ခန့် သေဆုံး ခဲ့ရသည်ဟု ဆိုသည်။


အစိုးရ သတင်း ကမူ အဖျက် သမား ၁၀၀ ခန့်သည် ဂျင်ဂလိ၊ လေးဂွ တို့ဖြင့် လုံခြုံရေး တပ်သား များကို တိုက်ခိုက် သဖြင့် စစ်တပ်က ပြန်လည် ပစ်ခတ်ရာ တဦး သေဆုံးပြီး တဦး ဒဏ်ရာ ရရှိ ခဲ့သည်ဟု ကြေညာ ခဲ့သည်။


၁၉ ရက်နေ့ နံနက်ခင်း၌ ထားဝယ် မြို့ရှိ သပိတ် စခန်း အပြင် ဘက်တွင် ပြည်သူများ စုဝေး ခဲ့ကြသည်။ တံခွန်နှင့် ဒေါင်းအလံများ လေထဲတွင် တလူလူ လွှင့်နေသည်။ ဒေသခံ သပိတ် ခေါင်းဆောင်များ ဖြစ်ကြသည့် အသက် ၅၁ နှစ် အရွယ်ရှိ အထက်တန်း ကျောင်းဆရာ ဦးချမ်းလှနှင့် ကျောင်းအုပ် ဆရာကြီး ဦးပန်ကျော်တို့ တရား ဟောနေရာသို့ စစ်တပ် ရောက်လာပြီး လူစုခွဲရန် ပြောသည်။ လူအုပ်ကြီးက အမိန့် မနာခံ သဖြင့် အဖွဲ့ ခေါင်းဆောင် ဒုဗိုလ်မှူးကြီး မြင့်သိန်း ဆိုသူက ပစ္စတိုဖြင့် ကျောင်းအုပ် ဆရာကြီးအား ပစ်သတ် လိုက်သည်။


ထို့နောက် ဦးချမ်းလှနှင့် တခြား ဆန္ဒ ပြသူများ ကိုလည်း စစ်သား များက ချက်ချင်း သေနတ်ဖြင့် ပစ်ခတ် ခဲ့သည်။


ထိုင်းနိုင်ငံ မဲဆိုင်နှင့် မျက်နှာချင်း ဆိုင်ရှိ မြန်မာ နယ်စပ် မြို့လေး တမြို့ ဖြစ်သည့် တာချီလိတ်တွင် ၁၉ ရက်နေ့ အာရုဏ်ဦး၌ ကျောင်းသား ၁၂ ဦး ဖမ်းဆီးခြင်း ခံရသည်။ ၄ ရက် အကြာ၌ စစ်သားနှင့် အရပ်သားများ တင်ဆောင် လာသည့် စစ်ကားများ အမှောင်ထဲ၌ မြို့၏ တောင်ကုန်း ပေါ်မှ စစ်တပ် ရှိရာသို့ ဦးတည် မောင်းနှင် သွားကြောင်း မျက်မြင် သက်သေ တဦးက ပြောဆို ခဲ့သည်။ များမကြာမီ စစ်တပ်မှ စက်သေနတ် သံများကို ကြားခဲ့သည်။ စစ်ကားများ စစ်တပ်မှ ပြန်လာသည့် အခါ ကားပေါ်၌ အရပ်သားများ မပါလာ တော့ချေ။


ငြိမ်/ပိ အာဏာ သိမ်းပြီးနောက် ရန်ကုန် မြို့ရှိ မြို့နယ် အသီးသီးတွင် အလားတူ ရက်စက်မှု သတင်းများ ထွက်ပေါ် လာခဲ့သည်။ တောင်ဥက္ကလာပ မြို့နယ်တွင် မိဘများ ရှေ့မှောက်၌ လူငယ် နှစ်ဦး ပစ်သတ် ခံခဲ့ရသည်ဟု ဒေသခံ လူများက ပြောကြသည်။ နေအိမ် များသို့ စစ်သားများ ဝင်ရောက်ပြီး ဆန္ဒပြပွဲ၌ တက့်ကစွာ ပါဝင် ခဲ့သော ကျောင်းသားများ၊ ဒီမိုကရေစီနှင့် ပတ်သက်သည့် လက်ကမ်း စာစောင် များကို ရှာဖွေ ခဲ့ကြသည်။ ရန်ကုန် မြို့ခံ တဦး၏ ပြောပြချက် အရ ယူပီအိုင် သတင်း ဌာနက စက်တင်ဘာလ ၂၄ ရက်နေ့ သတင်း ဖော်ပြချက်တွင် စစ်သားများက တအိမ်တက် တအိမ်ဆင်း လက်နက် များကို ဝင်ရောက် ရှာဖွေ ပြီးနောက် အဖိုးတန် ပစ္စည်းများ ကိုလည်း ယူဆောင် သွားခဲ့ ကြသည်။ ပြည်သူ များမှာ မည်သို့မျှ ပြန်မပြော နိုင်ခဲ့ဟု ပါရှိသည်။


စက်တင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန် ကြေညာချက်၌ တိမ်းရှောင် နေသော မင်းကိုနိုင်က နောက်ဆုံး အနေနှင့် တနိုင်ငံလုံးက အစိုးရကို ခုခံ တိုက်ခိုက် သွားရန် ပြင်ဆင်လျက် ရှိကြောင်း၊ အမိနိုင်ငံ လွတ်လပ်ရေး အတွက် စတေး လိုသည့် ဆန္ဒထက် ဂုဏ်ယူစရာ မည်သည့် အရာမှ မရှိကြောင်း၊ သူတို့ အနေနှင့် ရပ်ဆိုင်း တော့မည် ဖြစ်ပြီး အစိုးရအား နောက်ဆုံး ထမင်း စားထားရန် သတိ ပေးလိုက် သည်ဟု ပါရှိ လေသည်။


အမာခံ အဖွဲ့ငယ် များက စစ်တပ်ကို တိုက်ခိုက်ရန် ကြိုးစား ခဲ့သော်လည်း အချဉ်းနှီး ဖြစ်သွား ရသည်။ ထွန်းထွန်းဦး ခေါင်းဆောင်သော အမျိုးသား လွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦးက မှောင်ခို ဈေးမှ ဝယ်ယူ ခဲ့သော ဒုံးကျည် များဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့က မြို့တော် ခမ်းမကို ပစ်ခတ် ခဲ့သော်လည်း အနည်းငယ်သာ ပျက်ဆီး ခဲ့သည်။ များမကြာမီ ထွန်းထွန်းဦးမှာ ထိုင်း နယ်စပ်သို့ ထွက်သွား ခဲ့သည်။ မြေအောက် လှုပ်ရှားမှု အတွက် သူ့နေရာတွင် ကျော်သန်းက ဝင်ရောက် နေရာ ယူခဲ့သည်။ စင်စစ် ထိုအစီအစဉ်မှာ ထောက်လှမ်းရေး၏ ခြေလှမ်း ဖြစ်လေသည်။ နောက်ပိုင်း၌ ကျော်သန်း ဦးဆောင်မှု အောက်ရှိ အဖွဲ့ဝင် အတော် များများမှာ လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရ လေတော့သည်။ တနင်္လာနှင့် အင်္ဂါနေ့တွင် ရဲစခန်း အမြောက်အမြား မီးရှို့ ဖျက်ဆီးခြင်း ခံရလေသည်။ မီးရှို့ သူများက ရဲစခန်းမှ လက်နက် များကို သိမ်းယူ သွားခဲ့သည်။ တစုံတဦးက ရန်ကုန်ရှိ မိုက်ကရိုဝေ့ဖ် (Mivrowave Antenna) မျှော်စဉ်ကို ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ နိုင်ငံ၏ ကြေးနန်း ဆက်သွယ်မှုများ ခေတ္တ ရပ်ဆိုင်း သွားခဲ့သည်။


တိုက်ခိုက်မှု များ၏ စွမ်းအားမှာ သေးငယ် လှသည်။ စစ်တပ်ကို သရော် ခဲ့သည့် လုပ်ရပ် တခုမှာ မည်သူမှန်း မသိသော မြန်မာ တဦးက မြန်မာ့ အသံမှ သတင်း ထုတ်လွှင့်မှု တခုကို နှောင်ယှက် နိုင်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး စောမောင်၏ ဖမ်းယူ ထားသော မိန့်ခွန်း များကို မြန်မာ့ အသံမှ ထုတ်လွှင့်တိုင်း အဆိုပါ ပုဂ္ဂိုလ်၏ အသံ ကလည်း ပါဝင်လျက် ရှိသည်။ ဗိုလ်ချုပ် စောမောင်က မိန့်ခွန်း ပြောရင်း "မသမာသော အဖွဲ့အစည်းများ" ဟူသော နေရာ ရောက်သည့် အခါ အသံ တသံက "ခင်ဗျား တို့သာ မသမာ သူတွေ" ဟု၍ လည်းကောင်း၊ "ကျွန်တော်တို့ လူနည်းစုနဲ့ အစိုးရ ဖွဲ့လိုက်ရတဲ့ အကြောင်းက ကျွန်တော် တို့ဟာ တိုင်းပြည် အာဏာကို အကြာကြီး ဆုပ်ကိုင် ထားလိုတဲ့ ဆန္ဒ မရှိဘူး ဆိုတာ ပေါ်လွင် နေပါတယ်" ဟု ဆိုသော အခါ တဖက်မှ တကိုယ်တော် ဆန့်ကျင်ရေး သမားက "ဆန္ဒ မရှိရင် ဘာလို့ အာဏာ သိမ်းလဲ" ဟူ၍ လည်းကောင်း၊ ဗိုလ်ချုပ် စောမောင်က ခေတ္တမျှ ရပ်တန့်ကာ "ကျွန်တော် စကား အနည်းငယ် ပြောချင် ပါသေးတယ်" ဟူသော အသံ နောက်မှ "ဘာမှ မပြောပါနဲ့" ဟူ၍ လည်းကောင်း ထွက်ပေါ် လာခဲ့သည်။ ဗိုလ်ချုပ် စောမောင် မိန့်ခွန်းကို အနှောင့်အယှက် ပေးနေသည့် ထိုအသံမှာ တိုးလွန်း လှသည်ကို ထောက်ရှုခြင်း အားဖြင့် သူ့ ကိုယ်ပိုင် ရေဒီိယို အသံလွှင့် စက်ကို အသုံး ပြုခဲ့ကြောင်း ညွှန်ပြလျက် ရှိသည်။ ဘီဘီအက်စ် အသံလွှင့် ခန်းမမှ လာသည့် အသံတော့ မဖြစ်နိုင်ပေ။ လျှို့ဝှက် ဆန်းကျယ်သည့် ထိုအသံရှင် မည်သူ ဖြစ်သည်ကို မည်သူမျှ မသိနိုင် ခဲ့ပေ။ ရက် အနည်းငယ် ကြာသည့် အခါ ထိုအသံ သည်လည်း ငြိမ်သက် ပျောက်ကွယ် သွားခဲ့ တော့သည်။


* * * * * * * *

ဗုဒ္ဓဟူးနေ့ ရောက်သည့် အခါ ရန်ကုန် မြို့သည် ငြိမ်သက်လျက် ရှိသည်။ လူသတ်ပွဲများ ပြီးဆုံး သွားပြီး ဖြစ်ပြီး ရန်ကုန် မြို့မှာ ပုံမှန် အခြေအနေသို့ ထူးထူးဆန်းဆန်း ပြန်ရောက် လာခဲ့သည်။ ဆရာဝန် များနှင့် သံတမန် များက သေဆုံးသည့် လူဦးရေမှာ ၅၀၀ နှင့် ၁၀၀၀ အကြား ရှိမည်ဟု ခန့်မှန်း ကြသည်။ ၎င်းတို့ ထဲတွင် အများဆုံးမှာ ကျောင်းသားလေး များနှင့် အခြား လက်နက်မဲ့ ဆန္ဒ ပြသူများ ဖြစ်ကြသည်။ ထိုစဉ်က သံတမန် အကဲခတ် ပုဂ္ဂိုလ်များက ရန်ကုန် မြို့သည် နိုင်ငံရပ်ခြား တိုင်းတပါးက သိမ်းယူ၍ အန္တရာယ် ပြုတော့မည့် ပုံစံနှင့် တူနေ သည်ဟု ဆိုသည်။ နေရာတိုင်း၌ လက်နက်ကိုင် စစ်သားများ ပြည့်နှက်လျက် ရှိပြီး ဆင်ခြေဖုံးမှ မြို့လယ်ထိ အဓိက ကျသော လမ်းတိုင်း၌ အတားအဆီး များစွာ ချထားသည်။ သို့သော် စစ်တပ်နှင့် ပြည်သူ တို့၏ ဆက်ဆံရေး ကိုမူ မမြင်တွေ့ ရပေ။ စစ်သားတို့ အပေါ် အညှိုး ထားသည့် အကြည့်မျိုးသာ ပြည်သူတို့ မျက်နှာတွင် ပေါ်လွင် နေသည်။


စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ် ခင်ညွန့် နိုင်ငံခြား စစ်သံမှူး များနှင့် တွေ့ဆုံရာတွင် အာဏာ သိမ်းစဉ် ကာလ၌ လူပေါင်း ၂၆၃ ဦးသာ သေးဆုံး ခဲ့ပြီး ယင်းတို့ အနက် ၂၃၈ ဦးမှာ အရပ်သားများ ဖြစ်ကြ၍ ကျန်ပုဂ္ဂိုလ် များမှာ စစ်တပ်နှင့် ရဲဘက်မှ ဖြစ်ကြောင်း၊ သေဆုံးခဲ့သူ အများအပြားမှာ လုယက်သူနှင့် မသမာ သူများ ဖြစ်ကြကြောင်း ပြောကြား ခဲ့သည်။ သူက ဆက်လက်၍ တပ်မတော် အနေနှင့် တိုင်းပြည် ငြိမ်ဝပ် ပိပြား စေရေး အတွက် ဝင်ရောက် လာခဲ့ရ ခြင်းသာ ဖြစ်ပြီး ဆူပူ သူများမှာ တပ်မတော်၏ စေတနာကို အခွင့်ကောင်း ယူပြီး မင်းမဲ့ စရိုက် အခြေအနေ ရောက်အောင် ဖန်တီး ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။


စစ်တပ်မှ အာဏာ သိမ်းယူရခြင်း အကြောင်းကို ဗိုလ်မှူးချုပ် ခင်ညွန့်က ရှင်းလင်း ပြောကြားရာတွင် ၁၇ ရက်နေ့ ဖြစ်ပွား ခဲ့သည့် ကုန်သွယ်ရေး ဝန်ကြီး ဌာန အပြင် ဘက်မှ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့မှုကို လက်ညှိုး ထိုးပြ ခဲ့သည်။


မြန်မာပြည်မှ ခိုးထုတ်ကာ ကမ္ဘာ အဝှမ်း ပြသ ခဲ့သည့် အရေးအခင်း ဗွီဒီယို တိတ်ခွေ များကို ရည်ညွန်း၍ ဗိုလ်မှူးချုပ် ခင်ညွန့်က "တပ်မတော်ရဲ့ အရှက်တကွဲ ဖြစ်မှုကို တကမ္ဘာလုံးက မြင်တွေ့ ခဲ့ကြ ရတယ်" ဟူ၍ ပြောကြား ခဲ့သည်။ သို့သော် လက်နက်မဲ့ ကလေး သူငယ် များအား အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့ခြင်းဖြင့် ကမ္ဘာ အလယ်တွင် တပ်မတော်၏ ထိခိုက် သွားသည့် ဂုဏ် သိက္ခာကို ပြန်လည် အဖတ်ဆယ် နိုင်ပြီဟု မည်သည့် အတွက်ကြောင့် တွေးထင် ခဲ့သည်ကို ရှင်းပြ မသွား ခဲ့ပေ။


ဗိုလ်မှူးချုပ် ခင်ညွန့်၏ ရှင်းလင်းချက် များ၌ အဓိက အချက်အလက်များ မပါ ရှိခဲ့ချေ။ ကုန်သွယ်ရေး ဝန်ကြီး ဌာန အရေးအခင်းသည် ချက်ခြင်း အာဏာ သိမ်းယူရန် အကြောင်း အမှန် တကယ်ပင် ဖြစ်ပါက စစ်တပ်မှ မြို့တော် အတွင်းသို့ လက်နက် ခဲယမ်း မီးကျောက် များကို အာဏာ သိမ်းရန် ရက်သတ္တပတ် အလို၌ ကြိုတင် သွင်းယူ ခဲ့ပြီး အဓိက မြို့ကြီးများ သို့လည်း စစ်သားများ စေလွှတ် ခဲ့သည်မှာ အဘယ်ကြောင့် ပါနည်း။


စစ်တပ် နောက်လိုက် အဖွဲ့က မည်သည့် အတွက် စက်တင်ဘာလ ၁၆ ရက်နေ့၌ (ကုန်သွယ်ရေး ဝန်ကြီး ဌာန အရေးအခင်း မဖြစ် ပေါ်မီ) တပ်မတော် သားများ အနေနှင့် မဆလ ပါတီမှ နှုတ်ထွက် ကြရမည်ဟု ကြေညာ ခဲ့သည်ကို ယခု အချိန်၌ ရန်ကုန် မြို့နေ လူအများ သဘောပေါက် လာကြပြီ ဖြစ်သည်။


ခွဲခြား မရ နိုင်သည့် တပ်မတော်နှင့် ပါတီကို တသီးတခြား ခွဲထုတ် ပစ်လိုက်ခြင်း အားဖြင့် စစ်တပ် အနေနှင့် ပါတီ အကျိုးထက် အမျိုးသား အကျိုးကို ကာကွယ်ရန် ဝင်ရောက်ရခြင်း ဖြစ်သည်ဟု လွတ်လပ်စွာ ပြောဆို နိုင်မည် ဖြစ်သည်။


ထိုအဆိုကို အားဖြည့်ရန် ငြိမ်/ပိ သည် ၁၉ ရက်နေ့၌ ၁၉၆၄ ခုနှစ် အမျိုးသား ညီညွတ်ရေးအား ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်း ခဲ့သည်။ ထို ဥပဒေမှာ မဆလ ပါတီမှ လွဲ၍ တခြား ပါတီ အားလုံးကို ပိတ်ပင် တားမြစ်သည့် ဥပဒေ ဖြစ်သည်။ အာဏာရ ပါတီနှင့် အဖွဲ့အစည်း များကို အကာအကွယ် ပေးသည့် ၁၉၇၄ ခုနှစ် ဥပဒေ ကိုလည်း ရုပ်သိမ်း ခဲ့သည်။


ငြိမ်/ပိ ဖွဲ့စည်းပြီး နောက်ပိုင်း ဖြစ်ရပ် များမှာ ကုန်သွယ်ရေး အရေးအခင်းက လတ်တလော ဆုံးဖြတ်ချက် ချရန် ဆွပေး လိုက်ခြင်း မဟုတ်ကြောင်းကို ယုံကြည် စေခဲ့သည်။


ငြိမ်/ပိ တို့၏ လတ်တလော ဆုံးဖြတ်ချက် မဟုတ်။ စနစ်တကျ ပြင်ဆင်၍ ကျွမ်းကျင်စွာ ညွှန်ကြား ခဲ့သည့် အစီအစဉ် တခုသာ ဖြစ်သည်။ ထို အစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ခြင်းပင် ဖြစ်သည်။


* * * * * * * *


၁၈ ရက်နေ့ နံနက် စောစော၌ ဦးနေဝင်းသည် သူ၏ အေဒီလမ်းရှိ နေအိမ်သို့ ဗိုလ်ချုပ်ကြီး စောမောင်အား ခေါ်ယူ တွေ့ဆုံ ခဲ့သည်။ ပိုမို ဆိုးဝါး လာသော တရား ဥပဒေ အခြေအနေက အာဏာ သိမ်းရန် ခိုင်လုံသော အကြောင်း ပြချက် တခု ဖြစ်ကြောင်းကို တွေ့ရှိ နိုင်သည်။ အေဒီ လမ်းသို့ ရောက်လာသော နောက်ဧည့်သည် တယောက်မှာ ဒေါက်တာ မောင်မောင် ဖြစ်သည်။ ညနေ ၃ နာရီတွင် ဒေါက်တာ မောင်မောင်အား ရာထူးမှ နှုတ်ပယ် မည်ဟု ဦးနေဝင်းက ပြောကြား ခဲ့သည်။ ထိုနေ့ မွန်းလွဲပိုင်း၌ နိုင်ငံတော် ငြိမ်/ပိ အစိုးရသည် ပြည်သူ့ လွှတ်တော်၊ နိုင်ငံတော် ကောင်စီ၊ ဝန်ကြီးများ အဖွဲ့နှင့် အခြား အာဏာပိုင် အဖွဲ့အစည်းများ အားလုံးကို ဖျက်သိမ်း ပစ်လိုက်သည်။ မဖျက်သိမ်းဘဲ ထားသည့် တခု တည်းသော အဖွဲ့အစည်းမှာ ရွေးကောက်ပွဲ ကော်မရှင်ပင် ဖြစ်သည်။


၂၀ ရက်နေ့တွင် ငြိမ်/ပိသည် ဝန်ကြီး ၉ ဦး ပါသော အစိုးရကို သူတို့ ဘာသာ ဖွဲ့စည်း လိုက်သည်။ တဦးလျှင် ဝန်ကြီး ဌာန နှစ်ခုမှ သုံးခု အထိ ကိုင်ထား ကြသည်။ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီး ဌာန ဝန်ကြီး အဖြစ် ခန့်ထားသော ဒေါက်တာ ဖေသိန်း တဦးမှ လွဲ၍ ကျန် အားလုံးမှာ စစ်ဘက်မှ အရာရှိ များသာ ဖြစ်ကြသည်။ အထွေထွေ သပိတ် တိုက်ပွဲတွင် ပါဝင် ခဲ့ကြသည့် ဝန်ထမ်းများ (တနိုင်ငံလုံး နီးပါး) အား စက်တင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံး ထားပြီး အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်ရန် အမိန့် ထုတ်ပြန် ခဲ့သည်။ ထိုရက်မှ ကျော်လျှင် အလုပ်မှ ထုတ်ပစ် မည်ဟု ကြေညာ ခဲ့သည်။


အေးချမ်း တည်ငြိမ်မှု ပြန်လည် ရှိလာ စေရန် အတွက် နိုင်ငံ အဝှမ်းရှိ သပိတ် စခန်း များကို ဖြိုခွဲ ခဲ့ကြောင်းနှင့် ဖြိုခွဲ ခဲ့သော သပိတ် စခန်း စာရင်း ရှည်ကြီးတွင် နေရာ အတိအကျကို ထည့်သွင်း၍ အစိုးရ အသံလွှင့် ဌာနမှ ကြေညာ ခဲ့သည်။ ပြည်သူနှင့် နိုင်ငံတကာ အဖွဲ့အစည်း များ၏ အထင်အမြင် တမျိုး ပြောင်းလာ စေရန် အများ သိအောင် ကြေညာ ခဲ့ဟန် တူသည်။ သို့သော် တချိန်တည်း ၌ပင် ငြိမ်/ပိ အစိုးရက တော်လှန်မှု အတိုင်းအတာ မည်မျှ ကျယ်ပြန့် ခဲ့သည်ကို မရည်ရွယ်ဘဲ ဝန်ခံ မိလျက်သား ဖြစ်နေ တော့သည်။ နိုင်ငံခြားမှ လေ့လာသူ များမှာ မြို့ကလေး များနှင့် မြိုကြီးများ ၌သာ အရေးအခင်း အဓိက ဖြစ်ပွား ခဲ့သည်ဟု ယူဆ ခဲ့ကြသည်။ သို့သော် ယခု မြန်မာ့ အသံမှ မြို့ငယ်နှင့် ရွာကြီး များရှိ သပိတ် စခန်းများ ကိုလည်း ဖြိုခွင်း ခဲ့ကြောင်း ဝင့်ကားစွာ ကြေညာ ခဲ့လေပြီ။ ၎င်းတို့မှာ ကယား ပြည်နယ်တွင် မောချီး၊ ဘော်လခဲ နှင့် ဖာဆောင်၊ ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသတွင် ငပုတော၊ သာပေါင်း၊ ရခိုင် ပြည်နယ်တွင် ကျောက်ဖြူ၊ သံတွဲ၊ ရှမ်း ပြည်နယ်တွင် မိုင်းယောင်း၊ မိုင်းဖြတ်၊ မန္တလေး တိုင်းတွင် ကျောက်ပတောင်း၊ လယ်ဝေးနှင့် တပ်ကုန်း စသည့် မြို့ရွာ တို့မှ သပိတ် စခန်းများ ဖြစ်သည်။ အံ့သြဖွယ် ကောင်းသည်မှာ ယခင် ကတည်းက နိုင်ငံတော် အပေါ် သစ္စာ အရှိဆုံး ပြည်နယ် အဖြစ် သတ်မှတ်ခြင်း ခံရပြီး ကာလ ရှည်ကြာစွာ အေးဆေး ငြိမ်သက် နေခဲ့သော ချင်းပြည်နယ်တွင် တီးတိန်၊ ဖလမ်းနှင့် ဟားခါး မြို့များရှိ သပိတ် စခန်း တို့မှ အဖျက်သမားများ ကိုလည်း အစိုးရက လိုက်လံ ဖမ်းဆီး နေသည်ဟု ကြေညာ ခဲ့ခြင်းပင် ဖြစ်သည်။


ထိုသို့ လိုက်လံ ဖမ်းဆီးမှု များကို စနစ်တကျ လုပ်ဆောင် ခဲ့ခြင်းသည် "စစ်တပ်မှ အာဏာ လွှဲပေးရန် လုံးဝ အကြံအစည် မရှိ" ဟူသော ယူဆချက်ကို ပိုမို ခိုင်မာ စေခဲ့သည်။ နောက်ကွယ်မှ နေ၍ အခြေအနေ ရှုပ်ထွေးအောင် မင်းမဲ့ စရိုက် ဆန်လာအောင် ဆွပေး ခဲ့ခြင်းမှာ သူတို့ အတွက် အာဏာ သိမ်းရန် အကောင်းဆုံး အကြောင်း ပြချက်ကို ရရှိ စေခဲ့သည်။ ထိုမျှ မက သေးဘဲ အရေးကြီးသည့် အကြောင်း တရပ်မှာ စစ်တပ်က တလခန့် လျှိုနေ ခဲ့ပြီး ပြည်သူ များအား အပြောင်းအလဲ ဖြစ်တော့ မလိုလို အယုံ သွင်းခဲ့ခြင်း ဖြစ်သည်။ သို့နှင့် မြေအောက် အတိုက်အခံ များကို မြေပေါ်သို့ ထွက်ပေါ် လာစေသည်။


ရန်ကုန် မြို့နှင့် နေရာ အနှံ့အပြား၌ စစ်တပ်က ဖမ်းဆီးမှုများ ပြုလုပ် ကြသည့် အခါ စစ်အရာရှိများ လက်ထဲ၌ သပိတ် ခေါင်းဆောင် များ၏ အမည် စာရင်းနှင့် ဓာတ်ပုံများ ကိုပင် ကိုင်ဆောင် ထားကြောင်း တွေ့ရသည်။ ထိုအခါ သြဂုတ် လလယ်တွင် ထင်ထင်ပေါ်ပေါ် ဆန္ဒ ပြခဲ့ကြ သူများက သူတို့၏ အမှားများ အပေါ် နောင်တ ရကြသည်။


အာဏာ သိမ်းပြီးနောက် မကြာခင် မှာပင် တောင်ကြီးမြို့ ဆေးရုံမှ ဆရာဝန် ၃ ဦး ဖြစ်ကြသော ဒေါက်တာ စောရန်နိုင်၊ ဒေါက်တာ တင်ဝင်းနှင့် ဒေါက်တာ နေလင်း တို့မှာ သပိတ် ခေါင်းဆောင်များ အဖြစ် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ မြစ်ဝ ကျွန်းပေါ်ရှိ ပုသိမ်မြို့မှ သပိတ် ခေါင်းဆောင် ကျန်းမာရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်ရှိန် သည်လည်း အဖမ်း ခံခဲ့ရသည်။


အောက်တိုဘာလ ၂ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ များက ရန်ကုန်မြို့ ဘားလမ်းရှိ စပယ်ဦး စာပေ တိုက်သို့ ဝင်ရောက်ကာ သြဂုတ်လနှင့် စက်တင်ဘာလ ဆန္ဒ ပြပွဲများ၌ တက့်ကစွာ ပါဝင် ခဲ့၍ အစိုးရအား သရော်သော ပြက်လုံး များဖြင့် ထင်ရှားသူ ရုပ်ရှင် သရုပ်ဆောင် ဇာဂနာကို ဖမ်းဆီး ခဲ့သည်။ သူနှင့် အတူ စပယ်ဦး စာပေ တိုက်မှ ထုတ်ဝေသူ ဦးတင်စိုး၊ ရုပ်ရှင် သရုပ်ဆောင် မင်းသားများ ဖြစ်ကြသည့် ဇင်ဝိုင်း၊ မိုးဝင်းနှင့် ညီဝင်းစိန် တို့လည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ၎င်းအပြင် သာမန် ဆန္ဒပြသူ အမြောက်အမြား အဖမ်း ခံခဲ့ကြ ရပြီး သူတို့၏ သတင်း အစအန မှာလည်း ပျောက်ကွယ် သွားခဲ့ လေသည်။ တကယ်တမ်း၌ စစ်တပ် အနေနှင့် သပိတ် ထိပ်ပိုင်း ခေါင်းဆောင် များကို ချန်လှပ်ကာ ဒေသခံ စည်းရုံးရေးမှူးများ၊ ရန်ကုန်မှ အချို့ ခေါင်းဆောင် များနှင့် အခြေခံ အဖွဲ့အစည်း များ၏ ကျောရိုး တို့ကို ပို၍ အာရုံ စိုက်ခဲ့ ကြသည်။


အထူးသဖြင့် ရဲ၊ ကြည်းတပ်နှင့် လေတပ် တို့မှ ပြည်သူ ဘက်သို့ ပူးပေါင်း လာသူ များသည် အကြပ်အတည်းနှင့် ရင်ဆိုင် ကြရ တော့သည်။ သူတို့ ပုန်းအောင်း နေကြရာ ဘုန်းကြီး ကျောင်းများကို စစ်တပ်က ဝင်ရောက် ရှာဖွေသော အခါ အများအပြား အဖမ်း ခံရပြီး အချို့မှာ လွတ်မြောက် သွားခဲ့သည်။ တနင်္ဂနွေနေ့ ညနေပိုင်းတွင် သင်္ကန်း စီးခဲ့ကြသူ အတော် များလေသည်။ သို့နှင့် ရန်ကုန်မြို့ရှိ ရဟန်း ဦးရေမှာ နေ့ခြင်း ညခြင်းပင် ရာချီ၍ တိုးလာ ခဲ့သည်။


အရေးအခင်း၌ စစ်သား များသည် လက်နက်မဲ့ ဆန္ဒ ပြသူများကို ပစ်ခတ်ရန် လက်နှေးသည် ဟူသော သတင်းများ မကြား ခဲ့ရပေ။ ထို့ကြောင့် နိုင်ငံခြားမှ လေ့လာ သူများတွက် အံ့အား သင့်စရာ ဖြစ်ခဲ့ ရသည်။ ထိုသတင်းများ အစား စက်တင်ဘာလ စောစောပိုင်းက အက်သံ ထွက်နေသော စစ်တပ် အတွင်းတွင် သူတို့ အချင်းချင်း စနစ်တကျ ပြန်လည် စုစည်း နိုင်ခဲ့သည့် သတင်းသာ ကြားသိ ရသည်။ စစ်အစိုးရ ပြုတ်ကျ ခဲ့လျှင် သူတို့၏ အကျိုး စီးပွားများ ထိခိုက် နစ်နာ သွားမည် ဟူ၍ စစ်ဘက် အရာရှိ အတော် များများက နားလည် သဘောပေါက် ထားကြသည်။ ထို့အပြင် မြန်မာ လူ့အဖွဲ့ အစည်း၌ သူတို့၏ အခွင့်ထူးခံ ဘဝကို ချိန်းခြောက် လာနိုင် သောကြောင့် အရေးကြီးချိန်တွင် သူတို့ အားလုံး အမိန့်ကို နာခံ ကြလေ တော့သည်။


တပ်၏ အစဉ်အလာ ဖြစ်သော တပ်သားများ ပညာ နည်းပါးခြင်း၊ စည်းကမ်း တိကျခြင်း၊ မျက်ကန်း သစ္စာရှိခြင်း၊ မိမိ အထက် အရာရှိကို ကြောက်ရွံ့ခြင်း တို့၏ အကျိုး သက်ရောက်မှု အဖြစ် သာမန် စစ်သား များမှာ ကလေး သူငယ် များနှင့် လူအုပ်များ ထဲသို့ သေနတ်ဖြင့် ပစ်ခတ်ရန် စိုးရိမ် ကြောင့်ကြမှု မရှိ ခဲ့ကြပေ။ နယ်မှ ရန်ကုန်သို့ အားဖြည့် ခဲ့သည့် စစ်သား များအား အထက် အရာရှိများက ရန်ကုန်မြို့ကို ကွန်မြူနစ် သူပုန်များက သိမ်းယူ ထားကြောင်း၊ ရန်ကုန်မြို့ လွတ်မြောက်ရန် အတွက် လုပ်ဆောင် ကြရမည် ဖြစ်ကြောင်းနှင့် ကွန်မြူနစ် များသည် ခေါင်းစီး အနီ ပတ်ထား သူများ ဖြစ်ကြောင်း စသည်ဖြင့် သွေးထိုး လှုံ့ဆော် ပေးခဲ့ သည်ဟု အများက ပြောဆိုလျက် ရှိသည်။ စစ်သားများက သူတို့ ရင်ဆိုင် ခဲ့ကြရသည့် ကွန်မြူနစ် သူပုန် များသည် မည်သည့် အတွက်ကြောင့် ငယ်ရွယ် လွန်းလှပြီး လက်နက်မဲ့များ ဖြစ်ကြကာ မြို့ပေါ် အဝတ်အစားများ ဝတ်ဆင် ထားကြ သနည်းဟု တွေးမိပါက ထို မေးခွန်းကို ထို စစ်သားများ ကသာ ဖြေဆိုနိုင် ပေလိမ့်မည်။


ငြိမ်ဝပ် ပိပြားရေးကို ထိန်းသိမ်း ထားနိုင်ရန် လက်နက် ခဲယမ်း မီးကျောက် များမှာ အရေး ပါလှသည်။ အထူးသဖြင့် နိုင်ငံတော် ဘဏ္ဍာမှ နိုင်ငံခြား ငွေများ ကုန်ဆုံးလု နီးပါး ဖြစ်လာ သည်တွင် လက်ရှိ လက်နက် ခဲယမ်း မီးကျောက်များ မည်မျှ ကြာအောင် ခံမည်ကို နိုင်ငံခြားသားတို့ သုံးသပ်စ ပြုလာသည်။ အောက်တိုဘာလ ၆ ရက်နေ့ ညတွင် ရန်ကုန်မြို့ ပြည်လမ်း တလျှောက်၌ ထူးခြားစွာ အမှောင်ချ ထားသည်ကို တွေ့ရသည်။ ထိုအချိန်တွင် ကုန်ပစ္စည်းများ လေးလံစွာ တင်ဆောင် ထားသည့် စစ်ကားကြီးများ ဖြတ်မောင်း သွားကြသည်။ ထိုကားများမှာ မြို့တော်၏ ဆိပ်ကမ်းမှ လေဆိပ် မြောက်ဘက်ရှိ မင်္ဂလာဒုံ စစ်နယ်မြေ ဆီသို့ ဦးတည်လျက် ရှိသည်။ ပြည်လမ်းတွင်နေထိုင် သူများ၏ ပြောပြချက် အရ စစ်ကား ၇၅ စီးသည် စုစုပေါင်း ၃ ခေါက် ဖြတ်သန်း သွားသည်ဟု သိရသည်။ ဆိပ်ကမ်း အလုပ်သမား များက "မဟာမိတ် စစ်ပစ္စည်းများ စင်္ကာပူ" ဟု ရေးမှတ် ထားသော သေတ္တာ များအား သင်္ဘော တစင်း ပေါ်မှ ချနေ သည်ကို တွေ့မြင် ခဲ့ကြ ရသည်။


သင်္ဘောဖြင့် တင်ပို့ လိုက်သော ပစ္စည်း များတွင် မော်တာများ၊ လက်နက် ခဲယမ်းများ၊ ရိုင်ဖယ် ကျည်ဆံ ပြုလုပ်ရန် ကုန်ကြမ်း အပြင် ၈၄ မမ Carl Gustaf ဒုံးကျည်များ ပါဝင်သည်။ ထိုဒုံးကျည် များကို ဆွီဒင်နိုင်ငံ FFV ကုမ္ပဏီ၏ ခွင့်ပြုချက် အရ စင်္ကာပူ နိုင်ငံမှ Chartered Industries ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံသို့ တင်ပို့မှုမှာ FFV နှင့် စင်္ကာပူမှ ကုမ္ပဏီတို့ ချုပ်ဆို ထားသည့် စာချုပ်ကို ချိုးဖောက်ရာ ရောက်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် စာချုပ် အရ ဆွီဒင် အစိုးရ၏ သဘော တူညီမှု မပါရှိဘဲ စင်္ကာပူ ကုမ္ပဏီ အနေနှင့် တတိယ နိုင်ငံသို့ တင်ပို့ခွင့် မရှိ သောကြောင့် ဖြစ်သည်။ စင်္ကာပူရှိ ထို ဒုံးကျည်ထုတ် စက်ရုံ မှာလည်း တခြား နိုင်ငံသို့ တင်ပို့ရန် ဆွီဒင် အစိုးရ၏ ခွင့်ပြုချက်ကို မည်သည့် အခါမှ လျောက်ထားခြင်း မရှိခဲ့ပေ။


စင်္ကာပူနှင့် ရန်ကုန် အစိုးရ တို့၏ အထူး ဆက်ဆံရေးမှာ ၁၉၈၆ ခုနှစ် ဇန်နဝါရီလ၌ စင်္ကာပူ ဝန်ကြီးချုပ် လီကွမ်ယု မြန်မာ နိုင်ငံသို့ သွားရောက် လည်ပတ် ခဲ့စဉ်မှ စခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီလ ၁၆ ရက်နေ့၌ ဝန်ကြီးချုပ် မောင်မောင်ခ တည်ခင်း ခဲ့သည့် ဂုဏ်ပြု ညစာ စားပွဲတွင် လီကွမ်ယုက မိမိ အနေနှင့် ရန်ကုန်သို့ ပထမဦးဆုံး လာရောက် ခဲ့သည့် ခရီးမှာ ၁၉၆၂ ခုနှစ် ဧပြီလတွင် ဖြစ်ပြီး ဗိုလ်ချုပ် နေဝင်းနှင့် သိခွင့် ရခဲ့ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး မှာလည်း ၂၅ နှစ် အတွင်း တိုးတက် ခဲ့ကြောင်း၊ မြန်မာ - စင်္ကာပူ ဆက်ဆံရေးမှာ ချစ်ကြည် ရင်းနှီးမှု ရှိခဲ့ကြောင်း၊ ထိုကာလ အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြား သွားစေမည့် ပြဿနာ မရှိခဲ့ကြောင်း ပြောကြား သွားခဲ့သည်။


အောက်တိုဘာလ ၆ ရက်နေ့က တင်ပို့ ခဲ့သည့် စစ်ပစ္စည်းများ အတွက် နိုင်ငံခြားငွေ ချို့တဲ့ နေသော မြန်မာ နိုင်ငံနှင့် စင်္ကာပူတို့ ကုန်ချင်း ဖလှယ်မှု ဖြစ်ကောင်း ဖြစ်မည်။ သို့သော် စင်္ကာပူက မြန်မာ နိုင်ငံမှ မည်သည့် ပစ္စည်းများ ရရှိ ခဲ့သည်ကို သေချာစွာ မသိရှိ ရသေးပေ။ မည်သို့ပင် ဖြစ်စေ ရန်ကုန်မြို့နှင့် အထူးသဖြင့် နယ်ခြား ဒေသများရှိ ရှေ့တန်းမှ စစ်တပ်၏ လက်နက် စွမ်းအား တိုးပွား လာခြင်းသည် သူတို့၏ အာဏာကို ပြန်လည် ဆုတ်ကိုင် နိုင်ရေး အတွက် အထောက်အပံ့ ဖြစ်စေ ခဲ့လေသည်။


* * * * * * * *


စက်တင်ဘာလနှင့် အောက်တိုဘာလ အတွင်း စစ်တပ်က ရန်ကုန်မြို့ရှိ အတိုက်အခံ ဌာန များသို့ ဝင်ရောက် ဖမ်းဆီးမှု များကို ပြုလုပ် ခဲ့သည်။ ဆန္ဒပြပွဲ များတွင် ပါဝင် ခဲ့သည့် ရာပေါင်း များစွာသော အစိုးရ ဝန်ထမ်း များမှာ အလုပ်မှ ထုတ်ပယ်ခြင်း ခံရသည်။ အချို့မှာ ဖမ်းဆီးခြင်း ခံရပြီး အချို့မှာ အလုပ်လည်း ပြုတ်၊ အဖမ်းလည်း ခံကြရသည်။ ထို အထဲတွင် မြန်မာ့ လေကြောင်း သယ်ယူ ပို့ဆောင်ရေး ကော်ပိုရေးရှင်းမှ ထိပ်တန်း လေယာဉ်မောင်း တဦး ပါဝင်ကာ အခြား သူများမှာ မြန်မာ့ အသံမှ အမှုထမ်း ၁၈ ဦး ဖြစ်သည်။ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက် ခဲ့ကြသော ဝန်ထမ်းများ မှာလည်း စစ်ဆေး မေးမြန်းချက် ပုံစံကို ဖြည့်စွက် ကြရသည်။ မေးခွန်းများမှာ စီတန်း လှည့်လည် ဆန္ဒပြရာတွင် ပါဝင်ခဲ့ခြင်း ရှိ မရှိ၊ တရား ဟောခဲ့ခြင်း ရှိ မရှိ၊ ပိုစတာ ရေးသား ဖြန့်ဝေခဲ့ခြင်း၊ ကပ်ခဲ့ခြင်း ရှိ မရှိ စသည်တို့ ဖြစ်သည်။


စက်တင်ဘာလ ၂၀ ရက်နေ့တွင် ငြိမ်/ပိက တရားမဝင် လက်နက်များ ဖြစ်သည့် ဂျင်ဂလိ၊ လေးဂွနှင့် ဒူးလေးများ လက်ဝယ် ထားရှိခြင်းကို တားမြစ်သည့် အမိန့် တရပ် ထုတ်ပြန် ခဲ့သည်။ ငြိမ်/ပိ က အိမ်နှင့် ဘုန်းကြီး ကျောင်းများသို့ ဝင်ရောက် ရှာဖွေ ဖမ်းဆီး ခဲ့ရာ ရဲဌာနမှ အသိမ်း ခံခဲ့ရသော သေနတ် အများအပြားကို ပြန်လည် ရရှိ သွားသည်။ မြန်မာ့ အသံက စက်တင်ဘာလ ၂၂ ရက်နေ့တွင် မြောက်ဥက္ကလာပ၌ စကား ပြောစက် ၁၁ လုံး သိမ်းဆည်း ရမိကြောင်း ကြေညာ ခဲ့သည်။ ဆက်လက် ရှာဖွေရာ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရန်ကုန် မြို့လယ်ရှိ သရက်တော ဘုန်းကြီး ကျောင်းမှ လက်နက် ခဲယမ်းမီးကျောက် အမြောက်အမြားကို သိမ်းဆည်း ရမိသည်ဟု အစိုးရ သတင်း ဌာနက သတင်း ထုတ်ပြန် ခဲ့သည်။ မသမာသူ အချို့က စက်တင်ဘာလ ၇ ရက်နေ့၌ ကုန်သွယ်ရေး ဝန်ကြီး ဌာန အပေါ်ဆုံး ထပ်တွင် တပ်စွဲ ထားသော လုံခြုံရေး တပ်ဖွဲ့များ ထံမှ လက်နက် ၂၃ လက်ကို လုယူ သွားကြောင်း၊ မသမာ သူတို့ လုယူ သွားသည့် လက်နက် ၁၂ လက်ကို ပြန်လည် ရရှိခဲ့ပြီး ၁၁ လက်မှာ ပျောက်ဆုံး နေကြောင်း ကိုလည်း ပြောကြား ခဲ့သည်။ သရက်တော ကျောင်းတိုက် ရေတိုင်ကီ ထဲ၌ ဝှက်ထားသည့် ၇ ဒဿမ ၆၂ ကျည်ဆံ အတောင့် ၁၄၀၀ အပြင် ၂ လက်မ မော်တာဆံ စုစုပေါင်း ၃၅ တောင့်နှင့် အခြား ဖောက်ခွဲ ပစ္စည်းမျာကို ပြန်လည် ရရှိခဲ့သည်။


အံ့သြ စရာမှာ ငြိမ်/ပိ အစိုးရက လူသတ်မှုနှင့် စပ်လျဉ်း၍ သူတို့ မသင်္ကာ သူများကို ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။ ထိုသူတို့မှာ သြဂုတ်လနှင့် စက်တင်ဘာလ အတွင်း ရဲများနှင့် စစ်ထောက်လှမ်းရေး သူလျှိုများအား သတ်ဖြတ်ရာတွင် ပါဝင် ခဲ့သူများပင် ဖြစ်သည်။ ဆက်စပ်မှု ရှိသူ ၃၈ ဦး ကိုလည်း ဖမ်းဆည်း ရမိခဲ့ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့တွင် အစိုးရ သတင်း ဌာနမှ ကြေညာ ခဲ့သည်။ နောက်ပိုင်း၌ လူများစွာ တို့ကို ထပ်မံ ဖမ်းဆီး ခဲ့ကာ သူတို့၏ ဓာတ်ပုံများ ကိုလည်း သတင်းစာ ထဲ၌ ထည့်သွင်း ဖော်ပြ ခဲ့သည်။


ဖမ်းဆီးမှု များသည် လပေါင်း အတော် ကြာသည် အထိ ဖြစ်ပွား ခဲ့သည်။ သြဂုတ်နှင့် စက်တင်ဘာ ဆန္ဒပြပွဲ ကာလတွင် DDSI သည် ထောက်လှမ်းရေး ယန္တရား ပျက်စီးယောင် ဆောင်၍ ဆူပူမှု အမျိုးမျိုးနှင့် ဆက်နွယ် နေသူ များအား မဖမ်းဆီးဘဲ အဝေးမှ လေ့လာပြီး မှတ်တမ်း ပြုခဲ့သည်မှာ ထင်ရှား လှသည်။ ဖမ်းဆီးရန် မဆိုထားနှင့်၊ သူတို့၏ လက်ပါးစေ သူလျှိုများ ကိုပင် ကယ်တင်ရန် မကြိုးစား ခဲ့ပေ။


သို့သော် ဖမ်းဆီး သုတ်သင်မှုများ အားလုံးမှာ နိုင်ငံရေးနှင့် ပတ်သက်သည် မဟုတ်။ အောက်တိုဘာလ ၁၄ ရက်နေ့ အာရုဏ် မတက်မီ အချိန်၌ မြောက်ဥက္ကလာပ သုနန္ဒာ လမ်းမှ ပြည်သူ တို့သည် သေနတ်သံ နှစ်ချက်ကြောင့် လန့်နိုး လာခဲ့ ရသည်။ ထိုနောက် နားယဉ် နေပြီ ဖြစ်သော စစ်ကား တစီး မောင်းသွား သံကို ကြားလိုက် ရသည်။ ရပ်ကွက်ရှိ လူများ အရဲစွန့်ပြီး အပြင်ထွက် ကြည့်ကြသည့် အခါ လမ်းပေါ်၌ လူငယ် နှစ်ဦး ငြိမ်သက်စွာ လဲနေသည်။ သေနတ်ဖြင့် တချက်စီ အနီးကပ် ပစ်သတ် သွားသည်ကို တွေ့ခဲ့ ကြရသည်။ ထို အသတ်ခံ လိုက်ရသည့် လူငယ် နှစ်ဦးမှာ ရက်အနည်းငယ်က စစ်တပ်မှ တပ်ကြပ်ကြီး တဦးနှင့် စကား များကြပြီး စစ်တပ်မှ လိုက်လံ ဖမ်းဆီးမှု ပြုလုပ် ချိန်တွင် လူငယ် နှစ်ဦးမှာ ပုန်းအောင်း နေခဲ့ ကြသည်။ သို့သော် မကြာမီပင် စစ်သား များက သူတို့ကို တွေ့ရှိ သွားပြီး အဆုံး စီရင်ခဲ့ခြင်း ဖြစ်သည်။ အစိုးရ သတင်း ဌာန များက အသတ်ခံ ခဲ့ရသော လုယက်သူများ စာရင်းတွင် နောက်ထပ် နှစ်ဦး ထည့်သွင်း လိုက်တော့သည်။


အလား တူပင် ကိုမြန်ဟန်နှင့် မအုံးကြည်တို့ ဇနီး မောင်နှံ မှာလည်း ဆက်မလိုက် ဆိပ်ကမ်း၌ ပစ်သတ်ခြင်း ခံလိုက် ရသည်။ ပစ်သတ် သူမှာ စစ်တပ်မှ ဗိုလ်မှူး မောင်မောင်အောင် ဖြစ်သည်။ ထိုဗိုလ်မှူးမှာ ကိုမြတ်ဟန်တို့ ဇနီးမောင်နှံပိုင် အိမ်တွင် ငှားရမ်း နေထိုင်သူ ဖြစ်ပြီး အိမ်ပေါ်မှ ဆင်းပေးရန် ပြောသဖြင့် အခြင်းအခုံ ဖြစ်ခဲ့ဖူးသည်။ စစ်တပ် ကြီးစိုးချိန်တွင် ဆင်မလိုက် သင်္ဘောကျင်း အလုပ်သမားများ ရှေ့၌ လူလတ်ပိုင်း ဇနီးမောင်နှံ နှစ်ဦး စလုံးကို ပစ်သတ်ကာ မြစ်ထဲသို့ ပစ်ချ လိုက်သည်။


အားလုံး ပြန်သုံးသပ်သော် သြဂုတ်လ ၂၃ ရက်နေ့က ဦးနေဝင်း အိမ်တော်၌ အစည်းအဝေး တခု ပြုလုပ် ခဲ့သည်ဟု သံသယ ဖြစ်နေသည့် အစည်းအဝေး အမှန်တကယ်ပင် ပြုလုပ် ခဲ့ကြသည်။ အကယ်၍ အစည်းအဝေး မှတ်တမ်း များကို ဖြန့်ဝေ ခဲ့လျှင် အစည်းအဝေး ပြီးသည့်နောက် ဖြစ်ပေါ် ခဲ့သော အရာ အားလုံးသည် ချမှတ် ခဲ့သည့် အစီအစဉ် အတိုင်း မိနစ် စက္ကန့် မလွဲဘဲ တိကျ မှန်ကန် ခဲ့ပေလိမ့်မည်။ အရှင်းအလင်းဆုံး ညွှန်းပြ နိုင်သော အကြောင်းတရပ်မှ အာဏာ သိမ်းမှုကို ကြိုတင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့မှာ ၁၈ရက် (၁ + ၈ = ၉) ဖြစ်ပြီး၊ လမှာလည်း ၉ လပိုင်း (စက်တင်ဘာလ) ဖြစ်သည်။ ၁၇ ရက်နေ့တွင် ကုန်သွယ်ရေးရုံး အပြင်ဘက်၌ အရေးအခင်း မဖြစ် ပေါ်ခဲ့လျှင် DDSI တပ်မတော် ထောက်လှမ်းရေးက အာဏာ သိမ်းရန် အကြောင်း ပြချက် တခုကို မုချ လုပ်ကြံ ဖန်တီး ခဲ့မည်သာ ဖြစ်သည်။


* * * * * * * *
ဝန်ထမ်းများ လုပ်ငန်းခွင် ပြန်ဝင်ရန် သတ်မှတ်ရက်ကို အောက်တိုဘာလ ၃ ရက်နေ့ အထိ တိုးမြှင့် ပေးခဲ့သည်။ အောက်တိုဘာလ ၂ ရက် (တနင်္ဂနွေ) နေ့တွင် ငြိမ်/ပိက မြန်မာ့ အသံမှ ဝန်ထမ်း များအား လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် တားဆီးခြင်း၊ အနှောက်အယှက် ပြုခြင်း၊ စွတ်ဖက်ခြင်းတို့ ပြုလုပ် လာသူ များကို ပြင်းပြင်းထန်ထန် အရေး ယူမည်ဟု သတိ ပေးခဲ့သည်။ နောက်တနေ့တွင် ရက်သတ္တပတ် ၈ ပတ်မျှ ကြာမြင့် ခဲ့သည့် အထွေထွေ သပိတ်ကြီးမှာ ပြိုကွဲ သွားခဲ့သည်။ ဝန်ထမ်းနှင့် အလုပ်သမား များမှာ အလုပ်မှ ထုတ်ပစ်မည် ဟူသော ခြိမ်းခြောက်မှုနှင့် ငွေပြတ် သွားမှု တို့ကြောင့် စက်ရုံ အလုပ်ရုံ များသို့ ပြန်လည် ဝင်ရောက် ခဲ့ကြ ရသည်။


"ကျွန်တော်တို့ လုပ်ငန်းခွင်ကို ပြန်မဝင်လို့ မဖြစ်ဘူး။ ကျွန်တော် တို့မှာ ငွေလို နေတယ်။ ပြီးတော့ ရုံးက သီးသန့် ဖြန့်ဝေ ပေးတဲ့ ဆန်နဲ့ ဆီ ကလည်း မရှိ မဖြစ်တဲ့ လိုအပ်ချက် တခု ပါဘဲ" ဟု လုပ်ငန်းခွင်ကို ပြန်လည် ဝင်ရောက် လာကြသော ရုံးတရုံးမှ စာရေး တဦးက အထက်ပါ အတိုင်း ပြောကြား ခဲ့သည်ကို အေပီ သတင်း တရပ်တွင် ကိုးကား ဖော်ပြ ထားသည်။


အစပိုင်း၌ ဝန်ထမ်း အများစုသည် နံနက် ၁၀ နာရီမှ ရုံးသို့ ရောက်လာ ကြသည်။ ပြီးလျှင် လက်ဘက်ရည် ထွက်သောက် ကြကာ ညနေ ၃ နာရီ သို့မဟုတ် ၄ နာရီ၌ အိမ်သို့ ပြန်ကြ လေသည်။ အလုပ် အနည်း ငယ်သာ ပြီးစီး နိုင်ခဲ့သည်။ အကြောင်းမှာ ငြိမ်/ပိ အစိုးရ အာဏာပိုင် တို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် စိတ်မဝင်စား သောကြောင့် ဖြစ်သည်။ သူတို့ အနေနှင့် လစာ ရရှိရေးကြောင့် ရုံးတက် ရုံးဆင်း မှတ်တမ်း၌ လက်မှတ် ရေးထိုးရန် အတွက်သာ စိတ်ဝင် စားကြ လေသည်။ သို့သော် ဆန္ဒပြပွဲများ အပြီးတွင် ရုံး၊ အလုပ်ရုံ၊ စက်ရုံများမှာ မြင်မကောင်း၊ ရှုမကောင်းအောင် ဖျက်ဆီးထားခြင်း ခံရပြီး ဖြစ်သည်။ အာဏာသိမ်း အပြီး သမဝါယမ ဝန်ကြီး အဖြစ် လည်းကောင်း၊ ရေလုပ်ငန်းနှင့် မွေးမြူရေး ဆိုင်ရာ ဝန်ကြီး အဖြစ် လည်းကောင်း အသစ် ခန့်အပ်ခြင်း ခံရသော ဗိုလ်ချုပ် ချစ်ဆွေက သူ၏ ရုံးများကို လှည့်လည် စစ်ဆေးသည့် အခါ အလုပ် လုပ်နေကြသူ ဆို၍ အစိုးရ ကော်ပိုရေးရှင်းမှ အကြီးအကဲ ၃ ဦး ကိုသာ တွေ့ရပြီး အဆောက်အဦများ မှာလည်း ရက်ပေါင်းများစွာ ပစ်ထား သဖြင့် အမှိုက်များ ရေမြောင်းနံ့ များဖြင့် နံစော်လျက် ရှိသည်။


အရေးအခင်း မတိုင်မီ ကတည်းက မြန်မာပြည်ရှိ စက်ရုံ တထောင်ကျော်မှာ အားလုံးလိုလို ကုန်ကြမ်း များနှင့် အပို စက်ပစ္စည်းများ ပြတ်လပ်လျက် ရှိသည်။ အထွေထွေ သပိတ် ကာလ အတွင်း လုယက် သူများက စက်ရုံ အတော် များများကို ဖျက်ဆီး ပစ်ခဲ့ကြသည်။ စက်ပစ္စည်းများ၊ မီးသတ် ဗူးများပါ မကျန် လက်လှမ်း မီသမျှကို ဖြုတ်ယူ သွားကြပြီး ကျန်သော စက်ကရိယာ များကို ဖျက်ဆီး ပစ်ခဲ့ ကြသည်။ သွပ်ပြားများ ကိုလည်း ခွာယူ သွားကြသည်။


အာဏာ သိမ်းပြီးနောက် ငြိမ်/ပိ အစိုးရ၏ ပထမ ခြေလှမ်းမှာ စာနယ်ဇင်း များကို ပြန်လည် ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်သော သတင်းစာ များမှာ ချက်ချင်း ပျောက်သွား ကြပြီး အစိုးရ သတင်း များလည်း ထွက်မလာ တော့ချေ။ လုပ်သား ပြည်သူ့ နေ့စဉ်သာ နိုင်ငံ၏ တခု တည်းသော သတင်းစာ အဖြစ် ကျန်ရှိ ခဲ့ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရိုက်နှိပ် ဖြန့်ချီလျက် ရှိသည်။ သတင်းစာ လွတ်လပ်ခွင့် ရရှိခဲ့သည့် တိုတောင်း လှသော ကာလမှာ ကုန်ဆုံး သွားခဲ့ လေပြီ။ လုပ်သား ပြည်သူ့ နေ့စဉ်၏ အစိုးရ အာဘော်သည် ငြီးငွေ့စရာ ကောင်းလှပြီး ယခင် ကလောက် သတင်းများ ပြည့်ပြည့်စုံစုံ မပါ ရှိတော့ပေ။ စစ်တပ်ကို ချီးမွမ်းခန်း ဖွင့်ခြင်းနှင့် စစ်တပ်သို့ပေးလှူသည့် အလှူရှင် တို့၏ အမည် စာရင်း ရှည်ကြီး များမှာ အဓိက ဖြစ်ပြီး ကျန် ကော်လံများ၌ လုပ်ငန်းခွင် အသီးသီးသို့ ပြန်လည် ဝင်ရောက် လာကြသည့် ဝန်ထမ်းများ သတင်း၊ စက်ရုံများ၏ ကုန်ထုတ်လုပ်မှု ပြန်လည်ပတ်မှု သတင်း၊ မီးရထားနှင့် လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများ ပြန်လည် ပြေးဆွဲမှု သတင်း စသည် တို့ဖြင့် ပြည့်နှက် နေတော့သည်။ ထို့ပြင် ရန်ကုန်ရှိ ဆင်းရဲသား ရပ်ကွက် များသို့ စစ်တပ်က ဆန်များ ဝေငှသည့် သတင်းလည်း ပါရှိသည်။


ပထမတွင် လူထုက ဝေငှသော ဆန်များကို လက်ခံရန် တုံ့ဆိုင်း နေကြသည်။ စစ်သားများ အနားသို့ ကပ်သွားလျှင် ပစ်သတ် ခံရမည်။ တချို့က ဆန်များတွင် အဆိပ်ခပ် ထားလိမ့်မည် ဟူ၍လည်း ယုံကြည် နေကြသည်။ စစ်တပ်က ပေးမည့် မည်သည့် ပစ္စည်းမျိုးကို မဆို လက်ခံရန် ပြည်သူများက ငြင်းပယ် ခဲ့ကြသည်။ မြောက်ဥက္ကလာပတွင် သြဂုတ်လက ကျဆုံး သွားသူ များကို ဂုဏ်ပြု တည်ဆောက် ထားသော အထိမ်းအမှတ် ကျောက်တိုင်ကို အာဏာ သိမ်းပြီး မကြာမီ စစ်တပ်က ဖျက်ဆီး လိုက်သည်။ သေဆုံး သွားကြ သူများမှာ ပြစ်မှု ကျူးလွန် သူများနှင့် အဖျက်သမားများ ဖြစ်ကြပြီး ၎င်းတို့အား သတိရ နေစေရန် မလို ဟူ၍ စစ်တပ်က ပြောဆို ခဲ့သည်။ ဤသို့သော ဆင်ခြေဖုံး ရပ်ကွက် များတွင် စစ်သား များကို အလွန် ရွံ့ရှာ မုန်းတီး နေကြသည်။ သို့သော် စစ်တပ်၏ လက်ဆောင် များကို တဖြေးဖြေး လက်ခံ လာကြသည်။ ငတ်မွတ် နေသော ပြည်သူ တို့မှာ ခေါင်းမမာ နိုင်တော့ချေ။ အစိုးရ၏ ပေါ်လစီမှာ မပြောင်းလဲဘဲ ပြည်သူ များအား တုတ်နှင့် ရိုက်ပြီးနောက် မုန့်ကျွေးခြင်းသာ ဖြစ်သည်။


မကြာမီ စစ်တပ်က မြို့တော်ရှိ ညစ်ပေ နေသည့် လမ်းများကို သန့်ရှင်းမှုများ ပြုလုပ် ခဲ့ကြပြီး အဆောက်အဦ များကိုလည်း ဆေးသစ် သုတ်ခဲ့ ကြသည်။ ပုဂ္ဂလိကပိုင် အဆောက်အဦ များကို နှစ်မကုန်မီ ဆေးသုတ် ကြရန် ရာဇသံ ပေးကာ နောက်ဆုံးရက်ကို သတ်မှတ် ပေးခဲ့သည်။ ထိုအမိန့်ကို မလိုက်နာလျှင် ရေနှင့် မီး ဖြတ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ ပြည်သူ လူထုက သူတို့ တတ်နိုင် သမျှ ဆေးများဖြင့် ချယ်မှုန်း ခဲ့ရာ ဖြူ၊ နီ၊ စိမ်း၊ ပြာ၊ ပန်းရောင် တို့ဖြင့် ရန်ကုန် မြို့ကြီးမှာ အစ အမျိုးမျိုးဖြင့် စပ်၍ ချုပ်ထားသည့် စပ်စောင်ကြီး သဖွယ် ဖြစ်နေ လေတော့သည်။ ရန်ကုန်မြို့တွင် ပြန့်နေသည့် ပြက်လုံး တခုမှာ ဘက်စ်ကားဂိတ် တခု၌ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် နေသော လူတယောက်ကို အခြား တယောက်က မည်သည့် အတွက်ကြောင့် ဤသို့ ပြုလုပ် နေရ သနည်းဟု မေးခဲ့ရာ ထိုလူက "ကျုပ်တို့ မတ်တတ် ရပ်နေရင် တယောက်ယောက်က ဆေးနဲ့ လုသုတ် သွားမှာ စိုးလို့ဗျို့" ဟူ၍ ဖြစ်သည်။


မြန်မာ နိုင်ငံသည် အရေးအခင်း မဖြစ်မီက အခြေအနေ မျိုးသို့ တဖြေးဖြေး ပြန်လည် ရောက်ရှိခဲ့ပုံ ရသည်။ ဤသည်မှာ ငြိမ်/ပိ အတွက် ဥပဒေနှင့် အမိန့် အာဏာကို ပြန်လည် ထိန်းသိမ်းရန် ကြိုးစားမှု အောင်မြင်သည့် အမှတ်အသား ဖြစ်ပြီး ပြည်သူတို့ အတွက် အခဲမကျေ နိုင်သော အုပ်စိုး သူများနှင့် ပြန်လည် ရင်ဆိုင်ရမည့် ဝမ်းနည်း ဖွယ်ရာ သတိ ပေးမှုပင် ဖြစ်သည်။ ကောက်ကျစ်မှု၊ လှည့်စားမှုနှင့် ခြိမ်းခြောက်မှုနှင့် မယုံကြည် နိုင်ဖွယ်ရာ ရက်စက်မှုများ လုပ်ဆောင် ခဲ့ပြီး အပြုံးရယ် မျက်နှာဖြင့် ဆင်းရဲသား များကို အစားအစာ ဝေငှ နေသည့် စစ်တပ်သည် အာဏာကို လုံးဝ ဆုပ်ကိုင် ထားရန် အပြီးအပိုင် ဆုံးဖြတ် ခဲ့ပြီးဟန် တူသည်။


နိုင်ငံတော်၏ တရားဝင် အမည် ဖြစ်သော ပြန်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံကို ဆိုရှယ်လစ်နှင့် သမ္မတ ဖြုတ်၍ ခေါ်ဆိုရန်လည်း ဆုံးဖြတ် ခဲ့သည်။ အထူး တလည် မကြေညာ တော့ဘဲ တိုင်းပြည် အမည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံသို့ ရုတ်တရက် ကူးပြောင်း သွားခဲ့သည်။ နှစ်ပေါင်း နှစ်ဆယ် ကျော်ကြာမျှ ကြာခဲ့ ရသော ဆိုရှယ်လစ် စနစ်၊ ဆိုရှယ်လစ် ဝါဒ၊ မာ့စ်ဝါဒကို လေ့လာ အသုံး ပြုတတ်သော ပညာ စသည့် အစိုးရ၏ လက်သုံး စကား များလည်း ချုပ်ငြိမ်း သွားခဲ့သည်။ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မဆလ ပါတီကို တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ(တစည) အဖြစ် ပြောင်းလဲ ပစ်လိုက် တော့သည်။ ပြည်သူတို့၏ စိတ်ထဲ၌ မဆလနှင့် တစညမှာ အတူတူပင် ဖြစ်သည် ဟူ၍ နားလည် ထားကြသည်။


ဒေါက်တာ မောင်မောင်၊ ဦးစိန်လွင်၊ ဦးအေးကို၊ ဦးကျော်ထင်နှင့် ဦးထွန်းတင် စသည့် မဆလ ပါတီ ခေါင်းဆောင်ဟောင်း များပင် အစိုးရ ကြေညာချက်မှ ပျောက်ကွယ် သွားကြသည်။ သို့သော် တစည ပါတီသစ် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးသာကျော် အပါအဝင် အားလုံး လိုလိုမှာ မဆလ၏ ဒုတိယတန်း ခေါင်းဆောင်များ ဖြစ်ကြပြီး စစ်တပ်နှင့် နီးစပ်မှု ရှိကြသည်။


ပိုမိုအံ့ကြစရာ ကောင်းသည်မှာ နိုင်ငံတော် ငြိမ်/ပိ သည် လွတ်လပ်၍ တရား မျှတသော ပါတီစုံ ရွေးကောက်ပွဲများ ကျင်းပ ပေးမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။ သို့သော် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် ကြေညာချက် တရပ်တွင် ဗိုလ်ချုပ်ကြီး စောမောင်က တရား ဥပဒေ ထိမ်းသိမ်းရေး၊ လူနေမှု အဆင့်အတန်း တိုးမြှင့်ရေး၊ လမ်းပမ်း ဆက်သွယ်မှု အဆင်ပြေ ချောမွေ့ စေရေး စသည့် အချက် ၃ ချက်ကို ပထမဆုံး လုပ်ဆောင် ရမည်ဟု ပြောဆို ခဲ့သည်။ စစ်အစိုးရက ထိုလုပ်ဆောင်ချက် များကို လိုအပ် သည်ဟု ယူဆလျှင် ငြိမ်/ပိ အုပ်ချုပ်မှုကို ကာလ အတိုင်းအတာ မရှိ ခွင့်ပြုနိုင်ရန် မတိကျသော ရည်မှန်းချက် ၃ ရပ်ကို ချမှတ် ခဲ့ခြင်းသာ ဖြစ်သည်။


* * * * * * * *


မြန်မာ့ အတိုက်အခံ နိုင်ငံရေး သမား များသည် ထိုဖြစ်ရပ် များကြောင့် အများနည်းတူ အံ့အား သင့်သွား ခဲ့ကြသည်။ သို့သော်လည်း သူတို့ အားလုံးက သတ်ဖြတ်မှု များကို တိုင်းသိ ပြည်သိ ရှုတ်ချ ခဲ့ကြပြီး ဒီမိုကရေစီ အတွက် ဆက်လက် လှုပ်ရှားရန် အဓိဋ္ဌာန် ပြုခဲ့ ကြသည်။ ဦးနုက သူ၏ ကြားဖြတ် အစိုးရကို ထပ်ခါ တလဲလဲ ကြေညာခဲ့ပြီး သူ သာလျင် ပြည်ထောင်စု မြန်မာ နိုင်ငံ၏ တရားဝင် ဝန်ကြီးချုပ် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ အတိုက်အခံ များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရေး အတွက် ငြိမ်/ပိကို ဖိအား ပေးရန် ဒေါ်အောင်ဆန်းစုကြည်က ကုလ သမဂ္ဂကို တိုက်တွန်း ခဲ့သည်။ သူမက စက်တင်ဘာလ ၂၁ ရက်နေ့တွင် "ကမ္ဘာ နိုင်ငံ တိုင်းက ဗမာ ပြည်သူတွေ အဓိပ္ပါယ်မဲ့ ပစ်သတ် ခံခဲ့ရတယ် ဆိုတဲ့ အချက်ကို အသိအမှတ် ပြုစေ ချင်ပါတယ်" ဟူ၍ ပွင့်ပွင့်လင်းလင်း မေတ္တာ ရပ်ခံ ခဲ့သည်။


စက်တင်ဘာလ ၂၄ ရက်နေ့တွင် အဓိက အတိုက်အခံ ခေါင်းဆောင် ၃ ဦး ပူးပေါင်း၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD; National League for Democracy) ဟူသော အမည်ဖြင့် နိုင်ငံရေး ပါတီ တခု ဖွဲ့စည်း တည်ထောင် ခဲ့သည်။ ဥက္ကဋ္ဌ အဖြစ် ဦးအောင်ကြီး၊ ဒုဥက္ကဋ္ဌ အဖြစ် ဦးတင်ဦးနှင့် အထွေထွေ အတွင်းရေးမှူး အဖြစ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ရွေးချယ် တင်မြှောက် ခဲ့ကြသည်။ အောင်၊ စု၊ တင် ဟု လူသိ များလာသော သူတို့ ၃ ဦး ပါဝင်သည့် ပါတီ၏ အခြေခံရည် ရွယ်ချက်မှာ စစ်မှန်သော ဒီမိုကရက်တစ် အစိုးရ ပေါ်ထွက် လာရေး ဖြစ်သည်ဟု ဆိုခဲ့ ကြသည်။ ငြိမ်/ပိက ကတိ ပြုခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ရန် ချီတုံချတုံ ဖြစ်နေ ခဲ့ပြီးနောက် ဆန္ဒ ရှိကြောင်း ကိုလည်း ထုတ်ပြန် ကြေညာ ခဲ့သည်။ သို့သော် ထူးခြားသော အခြေအနေတွင် အတွေ့အကြုံ မရှိသေးသည့် ထိုအဖွဲ့အစည်းမှာ မကြာသေး မီက ကျောင်းသား ငယ်များကို လမ်းများ ပေါ်တွင် ပစ်သတ် ခဲ့ပြီး ယခု ပါတီစုံ ဒီမိုကရေစီနှင့် လွတ်လပ်သော စီးပွားရေး ဈေးကွက်များ အကြောင်း ပြောနေသည့် နိုင်ငံတော် ငြိမ်/ပိ အစိုးရအား မည်သို့ ဆက်ဆံ ရမည်ကို မရေရာ သေးပေ။


* * * * * * * *


စစ်တပ်မှ အာဏာ သိမ်းမှု အပေါ် ကမ္ဘာ့ ပြည်သူ တို့၏ တုံ့ပြန်မှုမှာ အာဏာ သိမ်းယူမှု၏ သားကောင် ဖြစ်သော မြန်မာ ပြည်သူများ အပေါ် စာနာခြင်းနှင့် စစ်တပ်က ဗိုလ်ကျမှု အပေါ် အမျက် ဒေါသ ထွက်ခြင်း တို့ဖြင့် ရော့ပန်း နေခဲ့သည်။ ကမ္ဘာ့ ကုလ သမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ (UNICEF) က စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာ ရခဲ့သူများ အတွက် အရေးပေါ် ထောက်ပံ့ ပေးခဲ့သည့် ဆေးဝါးများကို ရန်ကုန်သို့ လေယာဉ်ဖြင့် စတင် ပို့ဆောင်လျက် ရှိသည်။ ရန်ကုန် ဆေးရုံကြီးမှ ဆရာဝန် များက စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိ ထားသူ ၅၀၀ ခန့်ကို ဆေးကုသရန် ရှိကြောင်း၊ ရင်ဘတ်နှင့် နောက်ကြောတွင် ဒါဏ်ရာ ရသူ အများဆုံး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ နိုင်ငံ တကာ ကြက်ခြေနီ အဖွဲ့ ကလည်း မြန်မာပြည် အထက်ပိုင်း ဆေးရုံ များသို့ ဆေးဝါး ပစ္စည်း များကို မော်တော်ကား များဖြင့် စတင် ပို့ဆောင်လျက် ရှိ၏။ သို့နှင့် ဆိုးဝါး လှသော ဆေးဝါး ပြတ်လပ်မှု ဘေးမှ ရှောင်လွှဲ နိုင်ခဲ့သည်။


ဂျပန်ပြီးလျှင် မြန်မာပြည်သို့ ကူညီ ထောက်ပံ့မှု အများဆုံး ပေးခဲ့သော အနောက် ဂျာမဏီ အစိုးရက သတ်ဖြတ်မှု များကို မနှစ်မြို့ကြောင်း ပြသရန် တနှစ်လျင် ဂျာမန် မတ်ငွေ ၆၈ သန်း ထောက်ပံ့ ပေးနေကျ အစီအစဉ်ကို သြဂုတ်လ ကတည်းက ရပ်ဆိုင်း ခဲ့သည်။ အမေရိကန် နိုင်ငံသည် စစ်တပ် အာဏာ သိမ်းပြီးနောက် မြန်မာပြည်သို့ ကူညီ ထောက်ပံ့မှု အစီအစဉ် များကို ပထမဆုံး တရားဝင် ရပ်ဆိုင်း ခဲ့သည့် နိုင်ငံ ဖြစ်လေသည်။ ယခင်က အမေရိကန် နိုင်ငံသည် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် အတွက် အမေရိကန်ဒေါ်လာ ၇ သန်း၊ ရွှေတြိဂံ နယ်မြေမှ မူးယစ် ဆေးဝါး နှိမ်နှင်းရေး အစီအစဉ် အတွက် ဒေါ်လာ ၅ သန်းနှင့် စစ်ရေး လေ့ကျင့်မှု အတွက် ဒေါ်လာ ၂၆ သိန်းမျှ ကူညီ ခဲ့သည်။


စက်တင်ဘာလ ၂၆ ရက်နေ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ၌ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျက်ဖရီ ဟောင်း (Sir Geoffery Howe) က သူ၏ မိန့်ခွန်း တရပ်တွင် မြန်မာ စစ်အစိုးရ၏ လူသတ်ပွဲများ အပေါ် အောက်ပါ အတိုင်း ပြတ်ပြတ်သားသား ပြစ်တင် ဝေဖန် ခဲ့သည်။


"ဗမာပြည်မှာ လက်နက်မဲ့ ဆန္ဒပြ သူတွေ၊ အမျိုးသမီးနဲ့ ကလေး သူငယ်တွေ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ အတွက် ကျွန်တော်တို့ ထိန့်လန့် တုန်လှုပ် မိပါတယ်။ ပြည်တွင်းရေး ပြဿနာ များကို ဖြေရှင်းရန် တခုတည်းသော နည်းလမ်းနဲ့ ကြာရှည်စွာ တည်တန့် ခိုင်မြဲမဲ့ ဖြေရှင်းချက်ဟာ လွတ်လပ်မှုနဲ့ ပါတီစုံ ဒီမိုကရေစီ လိုလား နေကြတဲ့ ပြည်သူ တွေရဲ့ဆန္ဒ ဖြည့်ဆည်း ပေးရန်သာ ဖြစ်တယ် ဆိုတာကို မြန်မာ အာဏာပိုင်တို့ အနေနဲ့ လုံးဝ လက်ခံ ရလိမ့်မယ်"


မြန်မာ နိုင်ငံအား အကူအညီ အများဆုံး ပေးခဲ့သည့် ဂျပန် နိုင်ငံ ကမူ သတိထား ဝေဖန် ခဲ့သည်။ စက်တင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံ အမတ်ကြီး ဟီရိုရှီအိုတာကာသည် နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ နိုင်ငံရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုံးကျော်နှင့် တွေ့ဆုံ ခဲ့ပြီး သွေးကြောင်းစီးမှုကို အဆုံး သတ်ရန်နှင့် ဗမာပြည်သူ တို့၏ ဆန္ဒကို ထင်ဟပ် စေသည့် ဒီမိုကရေစီ နည်းလမ်း ကျသော နိုင်ငံရေး ဖြေရှင်းမှုများ ပြုလုပ်ရန် လိုလားကြောင်း ပြောကြား ခဲ့သည်။ ထို့နောက် ဂျပန်သံ အမတ်ကြီးက ဤနိုင်ငံရေး ဖြေရှင်းမှု များနှင့် အရေးအခင်း အတွင်းက တရား ဝင်ဖြတ် တောက်ခြင်း မပြုလုပ် ခဲ့သော တိုကျိုမှ အကူအညီများ ပြန်လည် ရရှိ စေရန် ဆက်စပ် ပေးခဲ့သည်။


တခြား နိုင်ငံ များ၏ ပြည်တွင်းရေး ကိစ္စ များနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ခဲ့သော ဂျပန်နိုင်ငံ ပင်လျှင် မြန်မာပြည် ဒီမိုကရေစီ ရရှိရေး အတွက် ပြည်သူဘက်မှ ရပ်တည် လာခဲ့ သည်မှာ အရေး ပါသော ကိစ္စ တခု ဖြစ်သည်။ အရေးအကြီးဆုံး အချက်မှာ ငြိမ်/ပိ ဖွဲ့စည်းခြင်းနှင့် မြန်မာပြည် ဒီမိုကရေစီ ဆန္ဒပြပွဲ များတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့ခြင်း တို့ကို နိုင်ငံတကာ အနေနှင့် မြန်မာ ပြည်တွင်းရေး တခု အဖြစ် မစဉ်းစား တော့ဘဲ ကမ္ဘာ အရေး တခု အဖြစ် အာရုံစိုက် လာခြင်း ဖြစ်သည်။ စစ်အစိုးရသာ အကျိုး ခံစား နိုင်သော သူတို့ ကိုယ်တိုင် ချမှတ် ထားသည့် သီးခြား ရပ်တည်ရေး လမ်းစဉ် ဟောင်းကို ပြန်လည် အသက်သွင်းရန် မဖြစ်နိုင် တော့ပေ။


********
Outrage - Burma's Struggle for Democracy by Bertil Lintner စာအုပ်ကို စံဝင်းမောင်နှင့် မင်းမျိုးနိုင် တို့က မြန်မာပြန်ကာ 1st Burmese edition published in the UK in 1990 by Peacock Press, က ထုတ်ဝေခဲ့တဲ့ ဘာတီလင်တနာရဲ့ 'ဒေါမာန်ဟုန် - ဗမာပြည် ဒီမိုကရေစီ တိုက်ပွဲ'၊ အခန်း (၆)၊ "နိုင်ငံတော် ငြိမ်/ပိ" ကို ပြန်လည် ကူးယူ ဖော်ပြ လိုက်တာ ဖြစ်ပါတယ်။

နအဖစစ်အာဏာရှင် ကြီးဦးသန်းရွှေ ရန်ကုန်တွင် ဆေးကုသမှုခံယူ


ပြီးခဲ့သည့်လက အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းနှင့် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - AP)


တပ်ချုပ်ကြီးဟု အများခေါ်ဆိုကြသည့် နအဖ အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရန်ကုန်မြို့ ပန်းလှိုင် ဆေးရုံတွင် တစ်ရက်တာ ဆေးကုသမှုခံယူခဲ့သည် ဟု ဆေးရုံနှင့် နီးစပ်သည့် အမည် မဖော်လိုသူ တဦးက ပြောဆိုသည်။

ရုတ်တရက် မကျန်းမာသဖြင့် ခေတ္တ ဆေးကုသမှု ခံယူခြင်းလား၊ သို့မဟုတ် ကျန်းမာရေး စစ်ဆေးရန် လိုအပ်သဖြင့် မြန်မာနိုင်ငံတွင် ဆေးကုသမှု ပစ္စည်းကိရိယာ စုံလင်သည့် ပုဂ္ဂလိကပိုင် ပန်းလှိုင်ဆေးရုံတွင် တက်ရောက်ခြင်းလား ဆိုသည်ကို ရှင်းလင်းစွာ မသိရှိရသေးပေ။

ပန်းလှိုင်ဆေးရုံသည်။ မြန်မာနိုင်ငံတွင် မွေးဖွားပြီး ဟောင်ကောင်နိုင်ငံသား ခံယူထားသူ ဆာ့ဂျပန်း ပိုင်ဆိုင်သည့် ဆေးရုံဖြစ်ပြီး ရန်ကုန်တဖက်ကမ်း လှိုင်သာယာ မြို့နယ်တွင်တည်ရှိသည်။ ပြည်ပမှ အထူးကု ဆရာဝန်များ ရှိသည့် ရန်ကုန်မြို့ရှိ ကုသမှု စရိတ် အမြင့်ဆုံး ဆေးရုံတရုံလည်း ဖြစ်သည်။

အသက် ၇၇ နှစ် ရှိပြီဖြစ်သည့် နအဖ အစိုးရအဖွဲ့၏ အာဏာ အရှိဆုံး ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လွန်ခဲ့သည့် သီတင်းပတ်အတွင်းကပင် အိန္ဒိယနိုင်ငံသို့ ၅ ရက်ကြာ ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့သေးသည်။

သူ့၏ ကျန်းမာရေး အခြေအနေအပေါ် ပြည်တွင်း ပြည်ပမှ နိုင်ငံရေး လေ့လာသူ အကဲခတ်သူများက စိတ်ဝင်စားလျက် ရှိသည်။ နအဖ စစ်အစိုးရအဖွဲ့၏ အုပ်ချုပ်ပုံမှာ စုပေါင်း ခေါင်းဆောင်မှု မဟုတ်ဘဲ တဦး တယောက်၏ တသွေး တသံ အမိန့်ဖြင့် စီမံ ကွပ်ကဲနေသည့် အတွက် သူ့၏ ခေါင်းဆောင်မှုနေရာ လစ်လပ်သွားခြင်းက မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအပေါ်တွင် သက်ရောက်မည့် အကျိုးဆက်များကို လည်းကောင်း၊ မြန်မာ့ တပ်မတော်အတွင်း. အာဏာ ချိန်ခွင်လျှာ ပြောင်းလဲမှုဖြစ်ပေါ်နိုင်သည့် အချက်တို့ကို လည်းကောင်း စိတ်ဝင်စားနေကြသည်ဟု သိရသည်။

စစ်ထောက်လှမ်းရေးများ ဖြုတ်ထုတ်ခံရအပြီး ၂၀၀၅ ခုနှစ် နှစ်လယ် ရန်ကုန်မြို့၌ စစ်အစိုးရ ရုံးစိုက်စဉ်ကာလ အတွင်းကလည်း သူ၏ ကျန်းမာရေး အခြေအနေ မကောင်းသည့် သတင်းများ ထွက်ပေါ်ခဲ့ဖူးပြီး နအဖ စစ်အုပ်စု၏ ဒုခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီးမောင်အေးက အာဏာ သိမ်းလိုက်သည်ဆိုသည့် ကောလဟလများလည်း ထွက်ပေါ်ခဲ့ဖူးသည်။

ရင်းမြစ်..မိုးမခ

ပေးပို့ ပေးသော ကိုမောင်ရစ် အား ကျေးဇူး တင်ရှိပါသည်.။

ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ရပ်များ ပြက္ခဒိန် ၁၉၈၇ - ၁၉၈၈



ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ရပ်များ ပြက္ခဒိန် ၁၉၈၇ - ၁၉၈၈

၁၉၈၇ ခုနှစ်။


သြဂုတ်လ ၁၀ ရက်။ ဦးနေဝင်းက ရေဒီယိုနှင့် ရုပ်မြင် သံကြားမှ မိမိ ၂၅ နှစ်ကြာ အုပ်ချုပ် ခဲ့စဉ် ကာလ အတွင်း အမှားများ ပြုလုပ် ခဲ့ကြောင်း၊ အချိန် အခါနှင့် လျော်ညီစွာ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း ၉ မိနစ်ခွဲကြာ ပြောကြားသော မိန့်ခွန်းတွင် ဝန်ခံ လိုက်သည်။


စက်တင်ဘာလ ၁ ရက်။ ၁၉၆၆ ခုနှစ် ကတည်းက အစိုးရ ချုပ်ကိုင် ခဲ့သည့် ဆန်၊ ပြောင်းနှင့် ပဲ အမျိုးမျိုး ရောင်းဝယ် ဖောက်ကားမှုများ အပေါ် ကင်းလွတ်ခွင့် ပြုလိုက်သည်။


စက်တင်ဘာလ ၅ ရက်။ ကျပ်ငွေ ၂၅၊ ၃၅ နှင့် ၇၅ ကျပ်တန် များကို သုံးစွဲရန် တရား မဝင်တော့ကြောင်း နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး ဦးစိန်လွင် လက်မှတ် ရေးထိုး ခဲ့သည့်အမိန့်ကို ထုတ်ပြန်သည်။ တိုင်းပြည်၏ ငွေကြေး လည်ပတ်မှု ၈၉ ရာခိုင်နှုန်းမှာ ပျောက်ကွယ် သွားပြီး ပြည်သူများအား သုံးစွဲခွင့် ရပ်စဲ လိုက်သည့် ငွေစက္ကူများ အတွက် လျော်ကြေး မပေးပေ။


စက်တင်ဘာလ ၆ ရက်။ အစိုးရက တက္ကသိုလ်နှင့် ကောလိပ် အားလုံးကို ပိတ်လိုက်သည်။ မြန်မာနိုင်ငံ အထက်ပိုင်းမှ ရန်ကုန်တွင် လာရောက် ပညာ သင်ကြား နေသော ကျောင်းသားများကို နေရပ်သို့ ပြန်ပို့ လိုက်သည်။


စက်တင်ဘာလ ၇ ရက်။ အခွန်ကောက် ဥပဒေ အများအပြားကို ပြန်လည် ပြင်ဆင် လိုက်သည်။ လယ်သမားများ ငွေအစား ကုန်ပစ္စည်း များဖြင့် အခွန် ပေးရန် ဥပဒေကို ချမှတ်ခဲ့ရာ ကျေးလက် ဒေသများတွင် မကျေနပ်မှုများ ပေါ်ပေါက် လာသည်။


အောက်တိုဘာလ ၉ ရက်။ ဦးနေဝင်းက ထိုနေ့ မဆလ ပါတီ အစည်းအဝေး တရပ်တွင် "ကျွန်တော်တို့ အနေနဲ့ နိုင်ငံသားတိုင်း ဘယ်သူမဆို ပုဂ္ဂလိက လုပ်ငန်းများကို မှတ်ပုံတင်ပြီး လုပ်ကိုင်နိုင်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ကြေညာခဲ့ပြီး ဖြစ်ပါတယ်" ဟူ၍ ပြောကြားသည်။


အောက်တိုဘာလ ၁၄ ရက်။ ပြည်သူ့ လွှတ်တော်က စက်တင်ဘာလ ၅ ရက်နေ့တွင် ငွေစက္ကူ တန်ဖိုး ချခဲ့မှုကို သဘောတူကြောင်း အတည် ပြုလိုက်သည်။ အသုံး မပြု နိုင်တော့သည့် ၂၅၊ ၃၅ နှင့် ၇၅ ကျပ်တန် ငွေစက္ကူများ အစား ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် ငွေစက္ကူ များဖြင့် အစား ထိုးလိုက်သည်။


အောက်တိုဘာလ ၂၈ ရက်။ နံနက် ၄ နာရီ ခွဲခန့်တွင် ရန်ကုန် မြို့လယ်ရှိ သမ္မတ ရုပ်ရှင်ရုံ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။ တစုံတယောက်မှ ထိခိုက်မှု မရှိပေ။


အောက်တိုဘာလ ၂၉ ရက်။ ကုလ သမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကောင်စီက မြန်မာပြည်သည် ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံး နိုင်ငံ အဆင့်အတန်းတွင် ပါဝင်ကြောင်း လက်ခံလိုက်သည်။


နိုဝင်ဘာလ ၂-၃ ရက်။ ရခိုင်ပြည်နယ် စစ်တွေ ဒေသ ကောလိပ်မှ ကျောင်းသားများ အစိုးရ ဆန့်ကျင်ရေး ကေ့းကြော်သံ များဖြင့် ဆန္ဒ ပြကြသည်။


နိုဝင်ဘာလ ၇ ရက်။ မန္တလေးတိုင်း ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်နှင့် ပျဉ်းမနား တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်မှ ကျောင်းသားများက ဦးနေဝင်း ရုပ်ပုံများကို မီးရှို့၍ ဆန္ဒ ပြကြသည်။


ဒီဇင်ဘာလ ၁၁ ရက်။ ကုလ သမဂ္ဂ အထွေထွေ ညီလာခံက မြန်မာနိုင်ငံသည် ဖွံဖြိုး တိုးတက်မှု အနည်းဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်ကြောင်း သဘောတူ အတည် ပြုလိုက်သည်။ ကမ္ဘာ့ ငွေကြေး ရံပုံငွေ အဖွဲ့အစည်း ကိန်းဂဏန်း အရ မြန်မာ့ နိုင်ငံခြား ငွေသည် အမေရိကန် ဒေါ်လာ ၂၈ သန်း အထိ ကျဆင်း သွားသည်။


ဒီဇင်ဘာလ။ ရန်ကုန် စက်မှု တက္ကသိုလ်မှ ကြိုးကြား ကြိုးကြား သတင်းများ ကြားရသည်။ မန္တလေးရှိ ရဲအဖွဲ့သို့ မြေအောက် ကျောင်းသား အဖွဲ့က ခြိမ်ချောက် စာများ ပေးပို့သည်။


၁၉၈၈ ခုနှစ်။

ဖေဖော်ဝါရီလ ၂ ရက်။ မြန်မာ အသံမှ အဖွဲ့အစည်း အနေဖြင့် သော်လည်းကောင်း၊ တသီး ပုဂ္ဂလ အနေဖြင့် သော်လည်းကောင်း ဆန်နှင့် ဆန်ကွဲ များကို နိုင်ငံခြားသို့ တင်ပို့ ရောင်းချခွင့် ပေးမည် ဖြစ်ကြောင်း ကြေညာသည်။


ဖေဖော်ဝါရီလ ၁၂ ရက်။ ဆိုရှယ်လစ် စီပွားရေး စနစ် ပန်းတိုင်သည် သစ်လွင်ပြီး ငြိမ်းချမ်းသော လူမှု အဖွဲ့အစည်း တည်ဆောက်ရန် ဖြစ်သည်။ ဤတာဝန်များ ထမ်းဆောင်ရန် အတွက် ပါတီ၊ နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရား အားလုံးနှင့် လူထု လူတန်းစား အဖွဲ့အစည်း များသည် တိုင်းရင်းသား များ၏ ပူးပေါင်း ဆောင်ရွက်မှု ရရှိအောင် ကြိုးစား ကြရမည် ဟူ၍ ဦးစန်းယုက ပြည်ထောင်စုနေ့ မိန်းခွန်းတွင် ပြောကြားသည်။


မတ်လ ၇ ရက်။ ည ၉ နာရီ ခွဲခန့်တွင် ပြည်လမ်းပေါ်ရှိ ချက်သံရုံး အပြင်ဘက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်။ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးက ဦးနေဝင်း ထံသို့ အိပ်ဖွင့် ပေးစာတွင် စီးပွားရေး ပြုပြင် ပြောင်းလဲရန်နှင့် အစိုးသစ် ဖွဲ့စည်းရန် အကြံ ပြုလိုက်သည်။


မတ်လ ၁၂ ရက်။ ရန်ကုန် ဆင်ခြေဖုံး ကြို့ကုန်း အနောက်ပိုင်းရှိ စန္ဒာဝင်း လက်ဖက်ရည်ဆိုင်တွင် စက်မှု တက္ကသိုလ် ကျောင်းသား တချို့နှင့် အရပ်သားများ ခိုက်ရန် ဖြစ်ပွားသည်။ စက်မှု တက္ကသိုလ် ကျောင်းသား တဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး တရားခံ များကို သက်ဆိုင်ရာက ဖမ်းဆီး လိုက်သည်။


မတ်လ ၁၃ ၇က်။ တရားခံအား ဆိုင်ရာက လွှတ်ပေး ခဲ့သဖြင့် ကျောင်းသား ၂၀၀ ခန့် ရပ်ကွက် ပြည်သူ့ ကောင်စီရုံးကို သွားဝိုင်းကာ ကန့်ကွက် ကြသည်။ လုံထိန်း များနှင့် ကျောင်းသား အုပ်စု အဓိကရုဏ်း ဖြစ်ပွားသည်။ လုံထိန်းများ၏ ပစ်ခတ်မှုကြောင့် ကျောင်းသား မောင်ဖုန်းမော် သေဆုံးရပြီး ရက်အနည်းငယ် အကြာတွင် ကျောင်းသား ၆ ယောက်မှ ၇ ယောက်ထိ သေနတ် ဒဏ်ရာဖြင့် သေဆုံး သွားကြသည်။


မတ်လ ၁၄ ရက်။ စက်မှု တက္ကသိုလ် ကျောင်းသား များသည် ရန်ကုန်ရှိ အခြား တက္ကသိုလ် များတွင် လက်ကမ်း စာစောင်များ ဖြန့်ဝေ ကြသည်။ လုံထိန်းများ၏ ရက်စက်စွာ သတ်ဖြတ်မှုနှင့် စက်တင်ဘာလ ၅ ရက်နေ့က ငွေစက္ကူများ ဖျက်သိမ်းခြင်းကို ရှုတ်ချ ထားသော လက်ကမ်း စာစောင်များ ဖြစ်သည်။


မတ်လ ၁၅ ရက်။ အာအိုင်တီ ကျောင်းဝင်း အတွင်းသို့ စစ်တပ်မှ ဝင်စီး လိုက်သည်။ အစိုးရ၏ ထုတ်ပြန် ကြေညာချက်တွင် ကျောင်းသား များကို အပြစ်ပုံ ချထားပြီး၊ အာအိုင်တီ ကျောင်းသားများ အဖမ်း ခံရသည်။


မတ်လ ၁၆ ရက်။ ရန်ကုန် တက္ကသိုလ် (ပင်မ) မှ ကျောင်းသားများ လှိုင်ဒေသ ကောလိပ်နှင့် စက်မှု တက္ကသိုလ်သို့ ပြည်လမ်းမ အတိုင်း ချီတက် ကြသည်။ သူတို့အား အင်းလျားကန် အနီး လုံထိန်း တပ်ဖွဲ့နှင့် စစ်တပ်က ပိတ်ဆို့ ခဲ့သည်။ ကျောင်းသား များစွာ ပစ်သတ် ခံရသည်။ ရန်ကုန် တက္ကသိုလ် (ပင်မ) ဝင်းထဲသို့ လုံထိန်းများ ဝင်ရောက် လာသည်။


မတ်လ ၁၇ ရက်။ မောင်ဖုန်းမော် အသုဘသို့ နောက်ဆုံး အကြိမ် ဂါဝရ ပြုရန် ထောင်ပေါင်း များစွာသော လူထုက ကျန်တော သင်္ချိုင်း အပြင် ဘက်တွင် စုဝေး ကြသည်။ သို့သော် မောင်ဖုန်းမော် ရုပ်အလောင်းကို တနေရာတွင် တိတ်တဆိတ် မီးသင်္ဂြိုဟ် ခဲ့ပြီး ဖြစ်ကြောင်း သိလိုက် ရသည်။ မောင်ဖုန်းမော် သေဆုံး ရသည့် ကိစ္စကို စုံစမ်းရန် စုံစမ်း စစ်ဆေးရေး ကောင်မရှင် တရပ် ဖွဲ့စည်း လိုက်ကြောင်း အစိုးရက ကြေညာသည်။ သို့သော်လည်း အခြား သူများ ထိခိုက် သေဆုံးရခြင်း အတွက် စုံစမ်းရန် ဖော်ပြခြင်း မရှိပေ။ ပင်မ တက္ကသိုလ် ကျောင်းဝင်း အတွင်း ပြုလုပ်သော အစည်းအဝေး တခုတွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ဖွဲ့စည်း လိုက်သည်။ ကျောင်းသား တထောင်ခန့်ကို ဖမ်းဆီး၍ ရန်ကုန်မြို့ မြောက်ပိုင်းရှိ အင်းစိန် ထောင်သို့ ပို့လိုက်သည်။


မတ်လ ၁၈ ရက်။ ထောင်ပေါင်း များစွာသော ကျောင်းသားများ ရန်ကုန် မြို့လယ်ရှိ ဆူးလေ ဘုရားသို့ ချီတက် လာကြပြီး တခြား ကျောင်းသား များနှင့် ပူးပေါင်း ကြသည်။ အစိုးရက တပ်မ ၂၂၊ ၆၆နှင့် ၇၇ တို့ကို ခေါ်ယူ လိုက်သည်။ ထောင်ပေါင်း များစွာသော ကန့်ကွက် ဆန္ဒပြသူ များကို ဖမ်းဆီး ကြသည်။ "သွေးစွန်းသော သောကြာနေ့" အဖြစ် လူသိ များသော ထိုနေ့တွင် လုံထိန်းတို့၏ တပ်မှူး ဦးစိန်လွင် မှာလည်း "ရန်ကုန်မြို့၏ လူသတ်သမား" ဟု အမည် စတွင် ခဲ့သည်။ ကျောင်းများနှင့် တက္ကသိုလ်များ ပိတ်လိုက်သည်။


မတ်လ ၂၇ ရက်။ ဦးနေဝင်းနှင့် အဖွဲ့သည် အနောက် ဂျာမဏီ နှင့် ဆွစ်ဇာလန်သို့ ထွက်ခွာ သွားသည်။


ဧပြီလ ၉ ရက်။ အစိုးရက ဖွဲ့စည်း ထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင်က မတ်လ အဓိကရုဏ်းတွင် ကျောင်းသား ၃ ယောက် သေဆုံးပြီး၊ ၆၂၅ ယောက် အဖမ်း ခံရကာ ၁၄၁ ယောက်ကို ဆက်လက် ထိန်းသိမ်း ထားသည်ဟု ကြေညာသည်။ စာမျက်နှာ ၄၀ ပါသော အိပ်ဖွင့် ပေးစာကို ဦးအောင်ကြီးက ဦးနေဝင်းထံ ရေးသား ပေးပို့ ခဲ့သည်။ ထိုစာ၌ စီးပွားရေး ပြုပြင် ပြောင်းလဲမှု လိုအပ်ကြောင်း ရေးသား ထားသည်။


မေလ ၁၀ ရက်။ အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ထုတ်ဝေ ခဲ့သော စာမျက်နှာ ၇၁ မျက်နှာ ရှိသည့် ထုတ်ပြန်ချက်တွင် မြန်မာ့ တပ်မတော်သည် ဖမ်းဆီး သတ်ဖြတ်မှုများ၊ နယ်စပ် ဒေသ များတွင် ညှဉ်းပမ်းမှု၊ အမျိုးသမီး များကို အဓမ္မ ပြုကျင့်မှု များနှင့် ရွာသား များကို ပေါတာ အဖြစ် အတင်း စေခိုင်းကာ လူမျိုးစု သူပုန် များကို တိုက်ခိုက်ရာတွင် "လူသား မိုင်းရှင်း ကရိယာ" အဖြစ် တပ်ဖွဲ့ ရှေ့မှ သွားစေခြင်းတို့ အတွက် တာဝန် ရှိကြောင်း ပါရှိသည်။


မေလ ၂၆ ရက်။ ဥရောပသို့ ခရီး ထွက်ခဲ့သူ ဦးနေဝင်း ရန်ကုန်သို့ ပြန်ရောက် လာသည်။


မေလ ၃၀ ရက်။ ကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ် လိုက်သော်လည်း ကျောင်းပြန် တက်သည့် ကျောင်းသား ဦးရေမှာ ၃၀ ရာခိုင်နှုန်းသာ ရှိသည်။ တက္ကသိုလ် ကျောင်းဝင်း များ၌ အစိုးရ ဆန့်ကျင်ရေး စာရွက် စာတမ်းများ ပြန်လည် ထွက်ပေါ် လာသည်။ အင်းစိန် ထောင်မှ ပြန်လွှတ် ခဲ့သော ကျောင်းသားများ နှင့်အတူ ထောင်တွင်း အတွေ့အကြုံများ ပါလာသည်။ ၎င်းတို့မှာ ညှဉ်းပမ်း နှိပ်စက် ခံရခြင်း၊ အရိုက်အနှက် ခံရခြင်းနှင့် လျှပ်စစ် ဓာတ်ဖြင့် တို့ခြင်းတို့ ဖြစ်သည်။ အကျဉ်းကျ ခံနေရသည့် အတွင်း လုံထိန်းများက ကျောင်းသူများကို အဓမ္မ ကျင့်ခဲ့သည့် သတင်း များလည်း ထွက်ပေါ် လာသည်။


ဇွန်လ ၈ ရက်။ ဦးအောင်ကြီးက ဦးနေဝင်း ထံသို့အိပ်ဖွင့် ပေးစာ နောက်ထပ် တစောင် ရေးသား ပြန်သည်။ ဤ တကြိမ်တွင် စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာရပ် များကို မီးမောင်း ထိုးပြပြီး မတ်လတွင် ဖြစ်ပွား ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စများကို ဖော်ပြ ထားသည်။


ဇွန်လ ၁၃ ရက်။ မတ်လတွင် အသတ် ခံရသူများ အတွက် အောင်းမေ့ဖွယ် အခမ်းအနား ကျင်းပရန် စီစဉ် ကြသည်။ သို့သော် အကောင်အထည် မပေါ်ခဲ့။ အချို့ ကျောင်းသားများက မတ်လ အတွင်း ဖြစ်ရပ်များကို ဂျွန်လ ၁၇ ရက်နေ့ နောက်ဆုံး ထားပြီး တိကျ မှန်ကန်စွာ မထုတ်ပြန် ပေးပါက ပြဿနာများ ပိုမို ကြီးထွား လာလိမ့်မည်ဟု ရာဇသံ ပေးခဲ့သည်။


ဇွန်လ ၁၅ ရက်။ ဆန္ဒပြပွဲများနှင့် စည်းဝေးပွဲများ အဓိက အားဖြင့် ရန်ကုန် တက္ကသိုလ် (ပင်မ) ၌ စတင်၍ ပေါ်လာ ပြန်သည်။


ဇွန်လ ၁၆ ရက်။ ရန်ကုန်ရှိ တက္ကသိုလ် ကျောင်းဝင်း များတွင် ဆန္ဒပြမှုများ ထပ်မံ ဖြစ်ပွားသည်။ မောင်မောင်ကျော်၊ မိုးသီးဇွန်တို့ ဟောပြော ကြသည်။


ဇွန်လ ၁၇ ရက်။ တက္ကသိုလ် ကျောင်းဝင်း များတွင် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားသည်။ ရန်ကုန် တက္ကသိုလ် (ပင်မ) မှ သင်တန်း ရပ်စဲ လိုက်သည်။ ဆန္ဒပြပွဲ များနှင့် ဆွေးနွေးပွဲများ ပြည်လမ်း ဆေးတက္ကသိုလ် (၁) သို့ ရွေ့ပြောင်း သွားသည်။


ဇွန်လ ၂၀ ရက်။ ရန်ကုန်မြို့တွင် ကျောင်းသား ၅၀၀၀ မှ ၆၀၀၀ အထိနှင့် အခြား ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒ ပြကြသည်။ ရန်ကုန် တက္ကသိုလ် (ပင်မ) တွင် ပြုလုပ်သော လူထု အစည်းအဝေးပွဲ များသို့ သံဃာတော်များ တက်ရောက် သည်ကို တွေ့ရ၏။ တောင်းဆိုချက် များမှာ ကျောင်းထုတ် ခံရသော ကျောင်းသား များကို ကျောင်းပြန် တက်ခွင့် ပေးရန်နှင့် မတ်လ အတွင်း သတ်ဖြတ်မှု များကို ကျူးလွန် ခဲ့သူတို့အား အပြစ် ပေးရန်တို့ ဖြစ်သည်။ ဦးနေဝင်းကို ထိုးနှက် တိုက်ခိုက်သော ပိုစတာများ ထွက်ပေါ် လာသည်။ ဦးနေဝင်း၏ ဆွစ်ဇာလန် ဘဏ်တွင် ထားရှိသော ငွေစာရင်းများ အကြောင်း ကိုလည်း ဖော်ပြ ကြသည်။ ကျောင်းသား များကို စာနာ၍ ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ) အနီးရှိ အထည်အလိပ် စက်ရုံ အလုပ်သမားများ ဆန္ဒ ပြကြသည်။ တက္ကသိုလ် နယ်မြေကို ရဲနှင့် စစ်တပ်က ညနေ ၆ နာရီတွင် ဝိုင်းရံ ပိတ်ဆို့ လိုက်၏။


ဇွန်လ ၂၁ ရက်။ ပြည်လမ်းရှိ ဆေးတက္ကသိုလ် (၁) မှ ထောင်ပေါင်း များစွာသော ကျောင်းသား များသည် ရန်ကုန် မြို့လယ်သို့ ကေ့းကြော်သံ များဖြင့် ချီတက် ဆန္ဒ ပြကြသည်။ ဟံသာဝတီ လမ်းဆုံတွင် ကျောင်းသား များကို လုံထိမ်း များက တားဆီးကာ မျက်ရည်ယို ဗုံးများ၊ ရိုင်ဖယ် သေနတ် များဖြင့် ပစ်ခတ် ကြသည်။ ကျောင်းသား အုပ်စုက ဂျင်ဂလိ များဖြင့် ပြန်လည် ပစ်ခတ် ကြ၍ လုံထိန်းများ ထွက်ပြေး သွားကြ၏။ ရဲနှင့် ပြည်သူများ အဓိကရုဏ်း တနေ့လုံး ဆက်ဖြစ် ပွားသည်။ ပြည်သူ ၈၀ နှင့် လုံထိန်း ၂၀ ခန့် သေဆုံး သွားသည်။ အာဏာပိုင် များက လူစု ဝေးခြင်းကို ရက်ပေါင်း ၆၀ မျှ မပြု လုပ်ရန် ကြေညာ ခဲ့သည်။ ရန်ကုန်မြို့၌ ဂျွန်လ ၂၁ ရက်မှ သြဂုတ်လ ၁၉ ရက်နေ့ အထိ ညနေ ၆ နာရီမှ နံနက် ၆ နာရီ အတွင်း အပြင် မထွက်ရ အမိန့်ကို အာဏာပိုင် များက ထုတ်ပြန်သည်။ ဆေးတက္ကသိုလ် (၁) နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် များမှ သင်တန်း အားလုံး ရပ်စဲ လိုက်သည်။

ဇွန်လ ၂၂ ရက်။ ဆေးတက္ကသိုလ် (၂) မှ သင်တန်း အားလုံး ရပ်စဲ လိုက်သည်။ ကျောင်းသား များစွာ တို့သည် သမိုင်းဝင် ရွှေတိဂုံ ဘုရားသို့ နေရာ ရွှေ့ပြောင်း လိုက်ကြသည်။


ဇွန်လ ၂၃ ရက်။ ကျောင်းသား များသည် လူစုဝေးခြင်း မပြုရ ဟူသော ပိတ်ပင် တားမြစ်မှုကို ဆန့်ကျင်၍ ရွှေတိဂုံ စေတီတော်၌ သပိတ် စခန်း ဖွင့်လိုက်သည်။ လူထု မငြိမ်သက်မှုသည် ရန်ကုန်နှင့် ကီလိုမီတာ ၅၀ ကွာဝေးသော ပဲခူး အထိ ပြန့်နှံ့ သွားသည်။ ပဲခူး၌ အနည်းဆုံး လူ ၇၀ ပစ်သတ် ခံရသည်။ မော်လမြိုင်နှင့် ပြည်မြို့ တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားသည်။ မန္တလေး ဆေးတက္ကသိုလ် သင်တန်း အားလုံး ရပ်ပစ် လိုက်သည်။


ဇူလိုင်လ ၁ ရက်။ အပြင် မထွက်ရ အမိန့်ကို ည ၈ နာရီမှ နံနက် ၄ နာရီသို့ လျော့ပေါ့ ပေးလိုက်သည်။ ထိုကန့်သတ်ချိန်၌ အပြင်ဘက် ထွက်ခဲ့သူ အတော် များများကို ရဲနှင့် စစ်တပ်က ပစ်သတ် ခဲ့သည်။


ဇူလိုင်လ ၃ ရက်။ ကုန်သည် များကို ကုန်ဈေးနှုန်း မကစားရန် အစိုးရက သတိ ပေးလိုက်သည်။ အပြင် မထွက်ရ အမိန့်ကြောင်း လည်းကောင်း၊ ငွေစက္ကူများ တရား မဝင်တော့ကြောင်း နောက်ထပ် ကြေညာ ဦးမည် ဟူသော ကောလာဟလ များကြောင့် လည်းကောင်း ကုန်ဈေးနှုန်း ကြီးမြင့် လာသည်။


ဇူလိုင်လ ၇ ရက်။ မဆလ ပါတီက အရေးပေါ် ညီလာခံကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြုလုပ်မည်ဟု ကြေညာ ခဲ့သည်။ မြန်မာ့ အသံမှ မတ်လ အတွင်း ဖမ်းဆီး ခဲ့သော ကျောင်းသား အားလုံးကို ပြန်လွှတ် ပေးမည်ဟု ကြေညာသည်။


ဇူလိုင်လ ၉ ရက်။ ညမထွက်ရ အမိန့်ကို ရန်ကုန်တွင် ပြန်လည် ရုပ်သိမ်း လိုက်သည်။ ပဲခူး၊ ပြည်နှင့် မော်လမြိုင် တို့တွင်လည်း အလားတူ ပိတ်ပင် တားမြစ်ချက် များကို ပြန်လည် ရုပ်သိမ်း ပေးသည်။ ကျောင်းထုတ် ခံရသော ကျောင်းသားများ အနေနှင့် သူတို့၏ တက္ကသိုလ် များတွင် ကျောင်းပြန် တက်ခွင့် ပြန်လည် လျှောက်ထား နိုင်ကြောင်း ကြေညာ ခဲ့သည်။


ဇူလိုင်လ ၁၂ ရက်။ ဗုဒ္ဓဘာသာနှင့် မူဆလင် ဘာသာဝင်များ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွား ခဲ့ပြီးနောက် ရှမ်းပြည်နယ် တောင်ကြီး မြို့တွင် အရေးပေါ် အမိန့် ထုတ်ပြန် လိုက်သည်။ ပဋိပက္ခ များမှာ လက်ရှိ တွေ့ကြုံ နေရသော ပြဿနာ များကို အာရုံ ပြောင်းပစ်ရန် အာဏာပိုင် များက လှုံ့ဆော် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသား များက ဆိုသည်။


ဇူလိုင်လ ၁၆ ရက်။ အလားတူ ပဋိပက္ခမျိုး ပြည်မြို့တွင် ဖြစ်ပွားပြီး နောက်တနေ့တွင် လူသူ စုဝေးခြင်း ကိုလည်း ပိတ်ပင် တားမြစ် လိုက်သည်။


ဇူလိုင်လ ၁၈ ရက်။ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဦးမင်းဂေါင်အား နှုတ်ထွက်ခွင့် ပြုလိုက်သည်။ မတ်လ အတွင်း အင်းစိန်ထောင် အပြင် ဘက်၌ ဖမ်းဆီး ခံရသူ ဆန္ဒပြသူ ၄၁ ဦး ထောင်ကား ပေါ်၌ အသက်ရှု ကြပ်ကာ သေဆုံး ခဲ့မှုတွင် သူ တာဝန် ရှိကြောင်း ဝန်ခံသည်။ အာဏာပိုင် များက မတ်လအတွင်း လူနှစ်ဦးထက် ပို၍ သေဆုံး ခဲ့ကြောင်း ဝန်ခံသည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။


ဇူလိုင်လ ၁၉ - ၂၀ ရက်။ ပြည်မြို့ အရှေ့ဘက်ရှိ ဦးနေဝင်း၏ ဇာတိ ပေါင်းတလည် မြို့တွင်လည်း အဓိကရုဏ်းများ ဖြစ်ပေါ် သည်ဟု သတင်းများ ထွက်လာသည်။


ဇူလိုင်လ ၂၁ ရက်။ ရန်ကုန် ပြည်သူ့ ရဲတပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်ကို အငြိမ်းစား ယူခွင့် ပြုခဲ့ပြီး ပြည်သူ့ ရဲတပ်ဖွဲ့ ရဲချုပ် ဦးဖေကြည်ကို ရာထူးမှ ချကာ စစ်တပ်သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင် စေသည်။


ဇူလိုင်လ ၂၂ ရက်။ ပြည်မြို့တွင် အရေးပေါ် အခြေအနေ ကြေညာပြီး အုပ်ချုပ်ရေး တာဝန် အားလုံးကို တပ်မတော်သို့ လွှဲအပ် ပေးလိုက်သည်။


ဇူလိုင်လ ၂၃ ရက်။ မဆလ ပါတီ အရေးပေါ် ညီလာခံ စတင် ပြုလုပ်သည်။ ဦးနေဝင်းက မိန့်ခွန်း ပြောကြားကာ သူနှင့် အတူ မဆလ ပါတီ ဒုဥက္ကဋ္ဌ ဦးစန်းယု၊ အထွေထွေ အတွင်းရေးမှူး ဦးအေးကို၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးစိန်လွင်၊ ဗဟို ကော်မတီ အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကျော်ထင်နှင့် ဦးထွန်းတင်တို့ အနား ယူတော့ မည်ဟု ပြောကြားသည်။ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် တပါတီ စနစ်နှင့် သို့မဟုတ် ပါတီစုံ စနစ် ကျင့်သုံးရန် ကိစ္စ အတွက် ပြည်သူ့ ဆန္ဒ ခံယူပွဲ ကျင်းပရန် အဆို တင်သွင်း လိုက်သည်။


ဇူလိုင်လ ၂၄ ရက်။ ကိုယ်စားလည် များက ဦးနေဝင်းအား ရာထူး၌ ဆက်လက် နေရန် တိုက်တွန်း ကြပြီး စီးပွားရေး ပြုပြင် ပြောင်းလဲမှု အစီအစဉ်ကို ထိခိုက် နိုင်သည် ဟူသော အကြောင်း ပြချက်ဖြင့် ပါတီစုံ စနစ် ကျင့်သုံးရေး အတွက် ပြည်သူ့ ဆန္ဒ ခံယူရန် အဆိုကို ကန့်ကွက် ကြသည်။


ဇူလိုင်လ ၂၅ ရက်။ စီးပွားရေး ပြုပြင် ပြောင်းလဲမှုကို အရှိန်အဟုန် မြှင့်ရန်နှင့် ညီလာခံက ပြည်သူ့ ဆန္ဒ ခံယူပွဲကို သဘော မတူကြောင်း ဦးအေးကိုက အဆို တင်သွင်းသည်။ ညီလာခံက နောက်ဆုံးတွင် ဦးနေဝင်းအား ပါတီ ဥက္ကဋ္ဌ အဖြစ်မှ အနားယူမှု ကိုသာ ခွင့်ပြုခဲ့ကာ ပြည်သူ့ ဆန္ဒ ခံယူပွဲ မပြုလုပ်ရန် သဘောတူ ဆုံးဖြတ် ခဲ့သည်။


ဇူလိုင်လ ၂၆ ရက်။ မဆလ ပါတီ ဗဟို ကော်မတီ အစည်းအဝေး ကျင်းပ၍ ဦးစိန်လွင်ကို ပါတီ ဥက္ကဋ္ဌသစ် အဖြစ် ရွေးချယ် ခဲ့သည်။ ဦးစန်းယုအား နှုတ်ထွက်ခွင့် ပြုသော်လည်း ဦကျော်ထင်၊ ဦးအေးကိုနှင့် ဦးထွန်းတင် တို့ကို ပြန်လည် ရွေးကောက် တင်မြှောက် ကြသည်။ နိုင်ငံတော် ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်မောင်နှင့် အတူ ဝန်ကြီးချုပ် ဦးမောင်မောင်ခ တို့ကို ရာထူးမှ ထုတ်ပယ် လိုက်သည်။


ဇူလိုင်လ ၂၇ ရက်။ ပြည်သူ့ လွှတ်တော် အစည်းအဝေး ကျင်းပသည်။ ဦးစိန်လွင်ကို နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ (နိုင်ငံတော် သမ္မတ) အဖြစ် ရွေးချယ် တင်မြှောက် လိုက်သည်။ ဦးကျော်ထင်အား နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး၊ ဦးထွန်းတင်အား ဝန်ကြီးချုပ်နှင့် ဒေါက်တာ မောင်မောင်အား နိုင်ငံတော် ပြည်သူ့ ဥပဒေ အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ အဖြစ် အသီးသီး ရွေးကောက် တင်မြှောက်လိုက်ကြသည်။


ဇူလိုင်လ ၂၈ ရက် (ဝါဆိုလပြည့်နေ့)။ အဓိကရုဏ်း ဖြစ်ပေါ် ခဲ့ပြီးနောက် ရန်ကုန်မြို့နှင့် ၃၅၄ ကီလိုမီတာ အကွာရှိ မြေထဲမြို့ (အလံမြို့) တွင် ညမထွက်ရ အမိန့် ထုတ်ပြန်သည်။ ရွှေတိဂုံ ဘုရားတွင် ကျောင်းသားနှင့် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများ စုရုံးကြသည်။


ဂျူလိုင် ၂၉ ရက်။ ရွှေတိဂုံ အပြင်ဘက်တွင် ကျောင်းသားများ ဆန္ဒ ပြကြသည်။ ထိုနေ့ ညနှောင်းပိုင်း အချိန်၌ ဦးအောင်ကြီး၊ အေပီ သတင်းထောက် ဦးစိန်ဝင်းနှင့် တခြား အငြိမ်းစား စစ်ဘက် အရာရှိ ၉ ဦး အဖမ်း ခံရသည်။


သြဂုတ်လ ၁ ရက်။ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်က သြဂုတ်လ ၈ ရက်နေ့တွင် တပြည်လုံး အနှံ့ အထွေထွေ သပိတ်ကြီး ဆင်နွှဲရန် ဆော်သြသည့် စာရွက် စာတမ်းများ ဖြန့်ဝေ ကြသည်။


သြဂုတ်လ ၂ ရက်။ ဦးစိန်လွင်နှင့် တခြား ပါတီ ခေါင်းဆောင်များက ပျက်သုန်း သွားသည့် စီးပွားရေး ပြန်လည် ရှင်သန်ရန် အစီအစဉ် များကို ဆွေးနွေး ကြသည်။ ရွှေတိဂုံ ဘုရား အပြင် ဘက်၌ ကျောင်းသားများ အစည်းအဝေး ကျင်းပကာ ဟောပြော ကြသည်။


သြဂုတ်လ ၃ ရက်။ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၌ စစ်ဥပဒေ အမိန့် ထုတ်ပြန်သည်။ ဆန္ဒပြသူ တသောင်းက အမိန့်ကို ဖီဆန်၍ မြို့တွင်းသို့ လှည့်လည် ဆန္ဒ ပြကြသည်။


သြဂုတ်လ ၅ ရက်။စစ်ဥပဒေကို ဖီဆန်မှုဖြင့် ရာပေါင်း များစွာသော ပြည်သူ တို့ကို ဖမ်းဆီး လိုက်သည်။ သို့သော် ဆန္ဒ ပြပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။


သြဂုတ်လ ၆ ရက်။ တရားဝင် နယ်စပ် ကုန်သွယ်ရေး ဖွင့်လှစ်ရန် သဘော တူညီမှုကို တရုတ်ပြည် ယူနန်နယ်ရှိ ထုတ်ကုန် သွင်းကုန် ကော်ပိုရေးရှင်းနှင့် မြန်မာ့ ကုန်သွယ်ရေး ဝန်ကြီး ဌာန တို့က လက်မှတ် ရေးထိုး ကြသည်။ အထက် မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားကာ ရေနံချောင်း၊ သနပ္ပင်နှင့် ပဲခူးမြို့ တို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်သည်။


သြဂုတ်လ ၈ ရက်။ ရန်ကုန်မြို့ လမ်းပေါ်တွင် ဆန္ဒပြပွဲများ အများအပြား ပြုလုပ်ခြင်းဖြင့် အထွေထွေ သပိတ်ကြီးကို စတင် ကြသည်။ ထောင်ပေါင်း များစွာသော ဆန္ဒပြ လူထုက ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရန်၊ မဆလ ပါတီ နှုတ်ထွက် ပေးရန်နှင့် ဆိုရှယ်လစ် စီးပွားရေး စနစ် အဆုံး သတ်ရန် တောင်းဆို ကြသည်။ တနိုင်ငံလုံးရှိ အဓိက မြို့များနှင့် အခြား မြို့ရွာ များတွင် အလားတူ ဆန္ဒပြပွဲများ တပြိုင်နက် ကျင်းပ ပြုလုပ် ကြသည်။ အစတွင် စစ်တပ်က နောက်ကွယ်၌ နေပြီး ည ၁၁ နာရီ ၄၅ မိနစ်တွင် တပ်သားများက မြို့တော်ခန်းမ အပြင်ဘက်ရှိ ဆန္ဒပြ နေကြသူ လူအုပ် ထဲသို့ မောင်းပြန် သေနတ်များဖြင့် ပစ်ခတ် ကြသည်။



သြဂုတ်လ ၉ ရက်။ လူထု ဆန္ဒပြပွဲများ တနိုင်ငံ လုံးရှိ နေရာပေါင်း ၄၀ အထိ ပြန့်နှံ့ သွားသည်။ ရန်ကုန်မြို့တွင် တပ်မ ၂၂ မှ တပ်ဖွဲ့ များက ဆန္ဒ ပြသူများကို ပစ်ခတ် ကြသည်။ အစိုးရက ၅ ဦးသာ သေဆုံး ခဲ့သည်ဟု ပြောဆို သော်လည်း တခြား သတင်း ရပ်ကွက်များ အဆိုအရ ရာပေါင်း များစွာ သေဆုံး ခဲ့ရသည်ဟု သိရှိ ရသည်။ ထောင်ပေါင်း များစွာ အဖမ်း ခံရသည်။ သို့သော် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွား နေသည်။ ကျောင်းများ အားလုံး ပိတ်လိုက်သည်။ စစ်ကိုင်းမြို့တွင် ရဲနှင့် စစ်တပ်က ဆန္ဒ ပြနေသော လူထုကို ပစ်ခတ် ခဲ့သဖြင့် ရာပေါင်းများစွာ သေဆုံး ကြရသည်။



သြဂုတ်လ ၁၀ ရက်။ ရန်ကုန်မြို့၌ ဘရင်း ကယ်ရီယာများ ပေါ်မှ စစ်သားများ၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ အမြောက်အများ သေဆုံး သွားကြရသည်။ ဆန္ဒ ပြသူများက စစ်သား များအား ဓာတ်ဆီဗုံး၊ ဂျင်ဂလိ၊ ဓားရှည်နှင့် လှံများ အသုံးပြုကာ ပြန်လည် တိုက်ခိုက် ကြသည်။ ရန်ကုန် ဆေးရုံကြီး၌ စစ်တပ်က ဆေးရုံ အမှုထမ်း များကို ပစ်ခတ်သည်။ မြောက်ဥက္ကလာပတွင် ဒေါသ ထွက်နေသော လူအုပ်ကြီးက ရဲတပ်သား တချို့အား ပထမဆုံး အကြိမ် ခေါင်းဖြတ် သတ်လိုက် ကြသည်။


သြဂုတ်လ ၁၁ ရက်။ အထွေထွေ သပိတ်ကြောင့် အစိုးရ ယန္တရားများ ရပ်ဆိုင်း သွားသည်။ စစ်တပ်ဖွဲ့များ သွားလာမှုကို ဟန့်တားရန် တားဆီး ပိတ်ဆို့မှုများ ချထား ကြသည်။ ရန်ကုန် တမြို့ တည်း၌ သေဆုံး ခဲ့သော ဆန္ဒ ပြသူများ အနည်းဆုံး တထောင် ရှိမည်ဟု အနောက်တိုင်း သံတမန် များက ခန့်မှန်း ကြသည်။ စစ်ကိုင်းမြို့ မြောက်ဘက်တွင် ရဲတပ်သားနှင့် စစ်သား များက ဆန္ဒ ပြသူများကို ပစ်ခတ်ကြရာ အနည်းဆုံး လူ ၁၀၀ သေဆုံး ရသည်။ အမေရိကန် ဆီးနိတ် လွှတ်တော်က မဆလ အစိုးရနှင့် မြန်မာပြည်မှ လူသတ်မှု များအား ရှုတ်ချသည့် အဆိုကို တညီ တညွတ်တည်း အတည် ပြုလိုက်သည်။



သြဂုတ်လ ၁၂ ရက်။ သက်တမ်း ၁၈ ရက်သာ ခံသည့် ဦးစိန်လွင်သည် သမ္မတ ရာထူးမှ ဆင်းပေး ရသည်။ ရန်ကုန် မြို့လယ် လမ်းများ ပေါ်၌ ပြည်သူများက ပျော်ရွှင်စွာ ကခုန် ကြသည်။ ရန်ကုန် ဆေးရုံကြီး၌ သေနတ် ဒဏ်ရာ ရထားသည့် လူနာ များဖြင့် ပြည့်ကြပ်လျက် ရှိ၏။ ပြည်သူများက ပျော်ရွှင် မြူးနေသည့် တိုင်အောင် စိတ်သက်သာ စရာ မဟုတ်သော ငြိမ်သက်ခြင်းက လွှမ်းမိုးလျက် ရှိသည်။


သြဂုတ်လ ၁၅ ရက်။ သြဂုတ်လ ၉ ရက်နေ့မှ စ၍ ရန်ကုန်၊ စစ်ကိုင်းနှင့် အခြား မြို့များတွင် လုံခြုံရေး တပ်ဖွဲ့က ကလေးများ၊ ကျောင်းသား များနှင့် ပြည်သူ များကို သေနတ်ဖြင့် ပစ်ခတ်ခြင်းနှင့် လှံစွပ်ဖြင့် ထိုးသတ်ခြင်း တို့မှာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ များကို လုံးဝ ဆန့်ကျင်ရာ ရောက်ကြောင်း ရန်ကုန် ရှေ့နေများ ကောင်စီက ထုတ်ပြန် ကြေညာသည်။ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားနှင့် အစိုးရ ကြားတွင် ဝင်ရောက် စေ့စပ် ပေးနိုင်ရန် အတွက် ပြည်သူ့ အတိုင်ပင်ခံ ကော်မတီ တရပ် ဖွဲ့စည်းပေးရန် အဆို ပြုလိုက်သည်။ ဦးနု၊ ဦးဝင်းမောင် အပြင် ၁၉၆၂ ခုနှစ် မတိုင်မီက နိုင်ငံ ခေါင်းဆောင် တချို့ မှာလည်း သူမ အဆိုကို ထောက်ခံ ကြသည်။


သြဂုတ်လ ၁၆ ရက်။ မြန်မာနိုင်ငံ ဆရာဝန် အသင်းက ရန်ကုန်မြို့တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို ကန့်ကွက် လိုက်သည်။ ထိုကန့်ကွက် ခဲ့သည့် ကြေညာချက်မှာ အစစ်အမှန် မဟုတ်ကြောင်း အာဏာပိုင် များက ပြောဆိုသည်။ သြစတြေးလျ၊ ဂျပန်နှင့် စင်္ကာပူမှ ကုမ္ပဏီ များနှင့် ပူးပေါင်း၍ ကမႝာလှည့် ခရီးသည်များ အတွက် ရန်ကုန်၊ မန္တလေးနှင့် ပုဂံ တို့တွင် ဟိုတယ်များ တည်ဆောက် မည်ဟု အစိုးရက ကြေညာသည်။


သြဂုတ်လ ၁၇ ရက်။ ရန်ကုန် ဆေးရုံကြီး အပြင်ဘက်၌ လူ ၃၀၀၀ ခန့် စုရုံး မိကြသည်။ ဘရင်း ကယ်ရီယာ များနှင့် တပ်ဖွဲ့ များက ဆန္ဒ ပြသူများကို ဝန်းရံ ထားလိုက်သည်။ မန္တလေး တခွင် ဆန္ဒပြပွဲများ ထပ်မံ ဖြစ်ပွား ခဲ့ကြောင်း သတင်းများ ပေါ်လာသည်။ ရန်ကုန် ဆေးရုံကြီးမှ ဆရာဝန်နှင့် သူနာပြု များက သတ်ဖြတ်မှု များကို ထပ်မံ ကန့်ကွက် ကြသည်။


သြဂုတ်လ ၁၉ ရက်။ မဆလ ပါတီ ဥက္ကဋ္ဌသစ် အဖြစ် ဒေါက်တာ မောင်မောင်အား ခန့်ထား လိုက်သည်။ ပြည်သူ့ တရားသူကြီး အဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်ဟိန်း ဦးဆောင်သည့် ပြည်သူ့ ဆန္ဒ လေ့လာရေး ကော်မရှင်ကို ပြည်သူ့ လွှတ်တော်က ဖွဲ့စည်း ပေးလိုက်သည်။


သြဂုတ်လ ၂၀ ရက်။ ဆန္ဒ ပြသူများက ဒေါက်တာ မောင်မောင် ရာထူးမှ နှုတ်ထွက် ပေးရန်နှင့် အထွေထွေ ရွေးကောက်ပွဲ များကို ပြင်ဆင်ရန် အတွက် ကြားဖြတ် အစိုးရ ဖွဲ့ပေးရန် တောင်းဆို ကြသည်။


သြဂုတ်လ ၂၂ ရက်။ ပြည်သူပေါင်း များစွာ လမ်းပေါ် ထွက်၍ ဆန္ဒ ပြကြသည်။ အထွေထွေ သပိတ်ကြီးက အစိုးရ နှုတ်ထွက် ပေးရန် တောင်းဆိုသည်။ မန္တလေး၊ ဟင်္သာတ၊ မကွေး၊ မုံရွာ၊ ရေဦးနှင့် အထက် မြန်မာပြည် မြို့များတွင် နေ့စဉ် ဆန္ဒပြပွဲများ ဖြစ်ပေါ် ခဲ့သည်။


သြဂုတ်လ ၂၃ ရက်။ ဆန္ဒ ပြပွဲများတွင် လူထု ခြောက်သိန်း ပါဝင် ဆန္ဒ ပြကြသည်ဟု ခန့်မှန်း ရသည်။ အေဒီ လမ်းရှိ ဦးနေဝင်း အိမ်တွင် အရေးပေါ် အစည်းအဝေး တခု ပြုလုပ် ခဲ့ကြောင်း သတင်း ထွက်ပေါ် လာသည်။ ထို အစည်းအဝေးတွင် လူထု မငြိမ်သက်မှုကို ဖြိုခွင်းရန် သေနင်္ဂဗျူဟာ အသစ် ရေးဆွဲ ကြသည်။


သြဂုတ်လ ၂၄ ရက်။ မာရှယ်လော (စစ်ဥပဒေ) ရုပ်သိမ်း လိုက်သည်။ ရန်ကုန်မှ တပ်များ ပြန်လည် ရုပ်သိမ်း သွားသည်။ ဒေါက်တာ မောင်မောင်က တပါတီ စနစ် သို့မဟုတ် ပါတီစုံ စနစ် ကျင့်သုံးရန် ကိစ္စ အတွက် ပြည်သူ့ ဆန္ဒခံယူပွဲ ပြုလုပ်ပေးရန် ကတိ ပြုလိုက်သည်။


သြဂုတ်လ ၂၅ ရက်။ ဇူလိုင်လ ၂၉ ရက်နေ့က ဖမ်းဆီး ခဲ့သည့် ဦးအောင်ကြီး၊ ဦးစိန်ဝင်းနှင့် အခြား သူများကို ပြန်လွှတ် ပေးလိုက်သည်။ ရန်ကုန်မြို့ စမ်းချောင်း မြို့နယ်၌ ဦးအောင်ကြီး မိန့်ခွန်း ပြောရာ ပရိသတ် ၃၀,၀၀၀ ကျော် တက်ရောက်သည်။ တနိုင်ငံလုံး၌ ဆန္ဒပြပွဲနှင့် လူထု စည်းဝေးပွဲများ နေ့စဉ် ပြုလုပ်သည်။ ညဘက်တွင် လက်နက်ကိုင် စစ်သားများက မြန်မာ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်မှ ကျပ်သိန်း ၆၀၀ သယ်ယူ သွားသည်။ ရန်ကုန်တွင် တပ်စွဲ ထားသော တပ်ဖွဲ့ အားလုံးကို ကြိုတင်၍ လစာငွေ ခြောက်လစာ ထုတ်ပေး လိုက်သည်။ ထိုကိစ္စကို အသစ် ဖွဲ့စည်း လိုက်သော ဘဏ် အလုပ်သမား သမဂ္ဂက ကန့်ကွက် လိုက်သည်။


သြဂုတ်လ ၂၆ ရက်။ အထွေထွေ သပိတ်က လေကြောင်းနှင့် မီးရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း များကို ရပ်ဆိုင်း လိုက်သည်။ ရွှေတိဂုံ စေတီ အပြင်ဘက်၌ ထောင်ပေါင်း များစွာသော လူထုအား ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားသည်။


သြဂုတ်လ ၂၆ - ၂၈ ရက်။ အင်းစိန်ထောင် အတွင်း အဓိကရုဏ်း စတင် ဖြစ်ပေါ် လာသည်။ နိုင်ငံ အဝန်းရှိ မြို့ပေါင်း ၉ မြို့မှ ထောင်များ တွင်လည်း အဓိကရုဏ်းများ တပြိုက်နက် ဖြစ်ပေါ် လာသည်။ အကျဉ်းသား ၉၀၀၀ နီးပါး ထွက်ပြေး ကြသည် (သို့မဟုတ်) လွှတ်ပေး လိုက်သည်။


သြဂုတ်လ ၂၇ ရက်။ ကာကွယ်ရေး ဝန်ကြီးနှင့် စစ်ဦးစီးချုပ်ဟောင်း ဦးတင်ဦး ရန်ကုန် ဆေးရုံကြီး ရှေ့တွင် မိန့်ခွန်း ပြောကြားသည်။


သြဂုတ်လ ၂၈ ရက်။ ရန်ကုန်မြို့တွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကို ဖွဲ့စည်း တည်ထောင် လိုက်သည်။ မင်းကိုနိုင်အား ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက် ကြသည်။ ဦးနုက ဒီမိုကရေစီနှင့် ငြိမ်ချမ်းရေး အဖွဲ့ချုပ် (ယာယီ) ကို တည်ထောင်သည်။ ယင်း အဖွဲ့တွင် ဦးတင်ဦးက အထွေထွေ အတွင်းရေးမှူး ဖြစ်လာသည်။


သြဂုတ်လ ၂၉ ရက်။ ရှေ့နေများ၊ စာရေး ဆရာများ၊ ရုပ်ရှင် သရုပ်ဆောင်နှင့် အဆိုတော်များ ဆန္ဒ ပြပွဲများတွင် ပါဝင် လာကြသည်။


သြဂုတ်လ ၃၀ ရက်။ လူထု ဆန္ဒပြပွဲ အများအပြား ဖြစ်လာပြီး မဆလ ပါတီဝင် ထောင်ပေါင်း များစွာ ပါတီမှ နှုတ်ထွက် ခဲ့ကြသည်။


သြဂုတ်လ ၃၁ ရက်။ အစိုးရက လမ်းပေါ်သို့ ထွက်၍ ဆန္ဒပြခြင်းနှင့် စည်းဝေးပွဲများ ပြုလုပ်ခွင့် ပေးခဲ့သည်။ အနောက် ဂျာမဏီက ရန်ကုန်မှ သတ်ဖြတ်မှု များကို သဘော မတူကြောင်း ပြသရန် ဒွိုက်ခ်ျမာခ်(DM) ငွေ ၆၅ သန်း ထောက်ပံ့ ကူညီမှုကို ရပ်စဲ လိုက်သည်။


စက်တင်ဘာလ ၂ ရက်။ မြန်မာ ရှေ့နေများက ၁၉၇၄ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ဖျက်သိမ်း ပေးရန် တောင်းဆို ကြသည်။ ၁၉၆၂ ခုနှစ် အာဏာ သိမ်းမှုမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို ချိုးဖောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား လိုက်သည်။ ဆန္ဒ ပြပွဲများ ဆက်လက် ဖြစ်ပွားဆဲ ဖြစ်သည်။ မြို့ကြီး မြို့ငယ် စုစုပေါင်း ၅၀ ခန့်မှာ ဆန္ဒ ပြသူများ လက်ထဲ ကျရောက် သွားသည်။ ဗုဒ္ဓဘာသာ ဘုန်းကြီးများက အဓိက မြို့များ၌ တရားရုံးများ ဖွင့်လှစ်ကာ နေ့စဉ် ပြဿနာ များကို ဖြေရှင်း ပေးကြသည်။


စက်တင်ဘာလ ၃ - ၄ ရက်။ အမေရိကန် လွှတ်တော် အမတ် စတီဗင် ဂျေ ဆိုလာဇ် (Stephen J Solarz) ရန်ကုန်မြို့သို့ ရောက်ရှိ နေသည်။


စက်တင်ဘာလ ၅ ရက်။ အတိုက်အခံ များ၏ တောင်းဆိုမှုကို လိုက်လျောရန်၊ သို့မဟုတ် ပါက အဆုံး မသတ် နိုင်သည့် ကန့်ကွက် ဆန္ဒပြပွဲ များကို ရင်ဆိုင်ရန် ပြည်သူများက အစိုးရအား ရာဇသံ ပေးလိုက်သည်။ အလုပ်သမား များနှင့် အစိုးရ ဝန်ထမ်း များက လွတ်လပ်သော အလုပ်သမား သမဂ္ဂ များကို ဖွဲ့စည်း ကြသည်။


စက်တင်ဘာလ ၆ ရက်။ ရဲဘော် သုံးကျိပ်ဝင် ၉ ဦးက လူထု အုံ့ကမှုကို ထောက်ခံရန် စစ်တပ်အား တောင်းဆို လိုက်သည်။ ချက်ကိုစလိုဗက်ကီးယား သံရုံး အပြင် ဘက်တွင် ဆန္ဒပြသူ များက ဒေါက်တာ မောင်မောင် အစိုးရထံ သဝဏ်လွှာ ပေးပို့မှုကို ကန့်ကွက် ဆန္ဒ ပြကြသည်။


စက်တင်ဘာလ ၇ ရက်။ အစိုးရ အဖွဲ့ နှုတ်ထွက်လျှင် နှုတ်ထွက် သို့မဟုတ်ပါက ဆန္ဒပြမှု များကို ရင်ဆိုင်ရန် ဆန္ဒပြ သူများ၏ ရာဇသံကို အစိုးရက လစ်လျူ ရှုလိုက်သည်။


စက်တင်ဘာ ၉ ရက်။ ဦးနုက မိမိ ဝန်ကြီးချုပ် အဖြစ်နှင့် ဦးတင်ဦး ကာကွယ်ရေး ဝန်ကြီး အဖြစ် ပါဝင်သော စင်ပြိုင် အစိုးရ ဖွဲ့စည်း လိုက်ကြောင်း ကြေညာသည်။ တပ်မတော် (လေ) မှ စစ်သည် စုစုပေါင်း ၂၀၀ ခန့် လူထု ဆန္ဒပြပွဲ များတွင် ပူးပေါင်း ပါဝင် လာကြသည်။


စက်တင်ဘာလ ၁၀ ရက်။ မဆလ ပါတီ ဒုတိယ အကြိမ် အရေးပေါ် ညီလာခံ ကျင်းပပြီး ပါတီစုံ စနစ် အောက်တွင် အထွေထွေ ရွေးကောက်ပွဲများ ပြုလုပ်ရန် အဆို တင်သွင်း ခဲ့ပြီး အကြံ ပြုခဲ့သော ပြည်သူ့ ဆန္ဒခံယူပွဲ အဆိုကို ပယ်ဖျက် လိုက်သည်။ တပ်မှူးဟောင်း ၃ ဦး ဖြစ်ကြသည့် ဦးတင်ဦး၊ ဦးအောင်ရွှေနှင့် ဦးစောမြင့်တို့ ဒီမိုကရေစီနှင့် ငြိမ်ချမ်းရေး ပါတီ (ယာယီ) မှ နှုတ်ထွက် ကြသည်။


စက်တင်ဘာလ ၁၁ ရက်။ ပြည်သူ့ လွှတ်တော် အရေးပေါ် အစည်းအဝေးက အထွေထွေ ရွေးကောက်ပွဲများ ပြုလုပ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ရန်ကုန်မြို့ ဆန္ဒပြပွဲ များတွင် ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ ပါဝင် လာကြသည်။ ပြည်သူ လူထု ထောင်ပေါင်း များစွာ ပါဝင်သည့် လူထု အုံ့ကမှုကြီး များနှင့် အစာငတ်ခံ ဆန္ဒပြပွဲ များက၊ ဒီမိုကရေစီနှင့် ကြားဖြတ် အစိုးရ တောင်ဆိုမှု အပေါ် ဖိအား ပေးကြသည်။ ပြည်သူတို့က အစိုးရ၏ အဆိုပြုချက်ကို ပယ်ချ လိုက်သည်။

စက်တင်ဘာလ ၁၂ ရက်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးအောင်ကြီးတို့ ပူးတွဲ၍ ကြားဖြတ် အစိုးရ ဖွဲ့စည်းရန် ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်သည်။


စက်တင်ဘာလ ၁၃ ရက်။ ဂျပန်က မြန်မာပြည်သို့ မိမိ ကူညီ ထောက်ပံ့ နေမှုကို တိုင်းပြည် အခြေအနေ မအေးမချင်း ရပ်စဲ ထားမည်ဟု ကြေညာ လိုက်သည်။ ဆန္ဒ ပြပွဲများ ဆက်လက် ဖြစ်ပွားသည်။


စက်တင်ဘာလ ၁၆ ရက်။ စုစုပေါင်း အင်အား တသိန်း ရှစ်သောင်း ရှိသော စစ်တပ်ကို မဆလ ပါတီမှ နှုတ်ထွက်ခွင့် ပြုကြောင်း အစိုးရက ကြေညာသည်။ ကာကွယ်ရေး ဝန်ကြီး ဌာန အပြင် ဘက်တွင် ဆန္ဒ ပြသူများနှင့် စစ်သားများ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားသည်။ ဦးအောင်ကြီးနှင့် အခြား ပုဂ္ဂိုလ်များက အခြေအနေကို ထိန်း၍ လူစုခွဲ ပေးလိုက်သည်။ စစ်သားများ ပြန်ရုပ် သွားကြသည်။


စက်တင်ဘာလ ၁၇ ရက်။ ကုန်သွယ်ရေး ဝန်ကြီး ဌာန အပေါ်မှ သေနတ်ဖြင့် ပစ်ခတ် ခဲ့သော စစ်သား နှစ်ဆယ့်လေးဦး စလုံးမှာ နောက်ဆုံးတွင် လက်နက် ချလိုက်သည်။ အစိုးရက နှုတ်ထွက် ပေးရန်နှင့် ကြားဖြတ် အစိုးရ ဖွဲ့စည်း ပေးရန် ငြင်းဆန် ခဲ့သဖြင့် ဆန္ဒပြမှုများ ပို၍ ပြင်းထန် လာသည်။ ကျောင်းသား အချို့မှာ လူမျိုးစု သူပုန်များ ထံမှ စစ်သင်တန်းများ တက်ရောက် နိုင်ရန်နှင့် လက်နက်များ ရရှိရန် အတွက် ထိုင်းနယ်စပ် ဒေသ များသို့ စတင်၍ ထွက်ခွာ သွားကြသည်။


စက်တင်ဘာလ ၁၈ ရက်။ ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားသည်။ ညနေ ၄ နာရီတွင် ဗိုလ်ချုပ်ကြီး စောမောင်က စစ်တပ်မှ အာဏာကို လွှဲပြောင်း ယူလိုက်ပြီး နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း ရေဒီယိုမှ ကြေညာသည်။ ညဘက်တွင် ပြည်သူများက တားဆီး ပိတ်ဆို့မှုများ ချထား လိုက်ပြီး လျှပ်စစ် ဝါယာ ကြိုးများကို ဖြတ်တောက်ကာ လမ်းမီးမှောင် ချထားခြင်းဖြင့် အပြင် မထွက်ရ အမိန့်ကို ဆန့်ကျင် ကြသည်။ စစ်တပ်က ဆန္ဒ ပြသူများအား ပစ်ခတ်သည်။ လူ ၄ ဦးထက် ပို၍ စုဝေးခြင်း မပြုရန် အမိန့်ထုတ် တားမြစ် လိုက်သည်။


စက်တင်ဘာလ ၁၉ ရက်။ လမ်းများ ပေါ်တွင် စစ်တပ်နှင့် ဆန္ဒ ပြသူများ၏ တိုက်ခိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။ ရာပေါင်း များစွာသော ပြည်သူများ လုံခြုံရေး တပ်ဖွဲ့ဝင် များ၏ ပစ်ခတ်ခြင်း ခံရသည်။ မြို့ပေါ်ပြောက်ကျား များက ရန်ကုန် မြို့လယ်ရှိ မိုက်ကရိုဝေ့ဗ် (microwave antenna) ကြေးနန်း တိုင်ကို ဒုံးကျည်ဖြင့် ပစ်ခတ်သည်။ နိုင်ငံတော် ငြိမ်/ပိက ပြည်သူ့ လွှတ်တော်၊ နိုင်ငံတော် ကောင်စီနှင့် အခြား အာဏာပိုင် အဖွဲ့အစည်း များကို ဖျက်သိမ်း လိုက်သည်။


စက်တင်ဘာလ ၂၀ ရက်။ ဗိုလ်ချုပ် စောမောင်၏ ငြိမ်/ပိ အဖွဲ့က ကိုယ်ပိုင် အစိုးရ ဖွဲ့လိုက်သည်။ ဗိုလ်ချုပ် စောမောင်သည် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီး ဖြစ်လာသည်။


စက်တင်ဘာလ ၂၃ ရက်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များကို ကန့်ကွက်သည့် အနေဖြင့် အမေရိကန် ပြည်ထောင်စုက ကူညီ ထောက်ပံ့မှု များကို ဖြတ်တောက် လိုက်သည်။ ထိုင်းနယ်စပ် အနီး KNU သူပုန် စခန်း များတွင် ကျောင်းသား အချို့ စစ်သင်တန်း စတင် တက်ရောက် ကြသည်။


စက်တင်ဘာလ ၂၄ ရက်။ ဦးအောင်ကြီး၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့စည်း လိုက်သည်။ ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြသူ များကို အစုလိုက် ဖမ်းဆီးခြင်းနှင့် လျှို့ဝှက်စွာ ညှဉ်းပမ်း သတ်ဖြတ်မှုများ နိုင်ငံအနှံ့ ပြုလုပ် လာသည်။ ထိုင်း လေကြောင်း ကုမ္ပဏီမှ ရန်ကုန်သို့ ပျံသန်းမှုကို ပြန်လည် စတင် လိုက်သည်။ ကွန်မြူနစ် သူပုန်များက တရုတ် နယ်စပ် အနီးရှိ မိုင်းယန်းမြို့ကို သိမ်းပိုက် လိုက်ပြီး ရက်အနည်းငယ်ကြာ ထိန်းထား နိုင်ခဲ့သည်။ ပြင်းထန်သော တိုက်ပွဲများ အဆိုပါ နေရာ တဝိုက်၌ ရက်သတ္တပတ်ပေါင်း များစွာ ဖြစ်ပွား ခဲ့သည်။


စက်တင်ဘာလ ၂၆ ရက်။ မဆလ ပါတီသည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ဖြစ်လာသည်။ ဥရောပ ဘုံဈေး အဖွဲ့ (European Community) က သတ်ဖြတ်မှုများ ရပ်တန့်ကာ ဒီမိုကရေစီ တည်ဆောက်ရန် မြန်မာ အစိုးရအား တောင်းဆို လိုက်သည်။


စက်တင်ဘာလ ၂၇ ရက်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံ တင်လိုက်သည်။


စက်တင်ဘာလ ၂၈ ရက်။ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျက်ဖရီ ဟောင်း (Sir Geoffrey Howe) က ကုလ သမဂ္ဂတွင် မိန့်ခွန်း ပြောကြား ခဲ့ရာ၌ မြန်မာပြည်မှ လူမဆန်စွာ သတ်ဖြတ်မှုများ အပေါ် စိုးရိမ်မိကြောင်း ပြင်းထန်သော စကားလုံးများ သုံး၍ ပြောကြားသည်။


အောက်တိုဘာလ ၁ ရက်။ ယူနီဆက် (UNICEF) နှင့် နိုင်ငံ တကာ ကြက်ခြေနီ အဖွဲ့ကြီးက မြန်မာပြည်သို့ လေကြောင်းဖြင့် ဆေးဝါးများ တင်ပို့ ပေးသည်။ ကျောင်းသား တသောင်း ခန့်နှင့် အခြား ဒီမိုကရေစီ လိုလားသော ဆန္ဒ ပြသူများသည် ထိုင်း၊ တရုတ်၊ အန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒေသ များသို့ ထွက်ပြေး လာကြသည်။


အောက်တိုဘာလ ၃ ရက်။ အထွေထွေ သပိတ် ပြိုကွဲ သွားသည်။ အစိုးရက ဝန်ထမ်းများ အလုပ်ခွင်သို့ ဝင်ရောက်ရန်နှင့် မလိုက်နာ ပါက အလုပ်မှ ထုတ်ပယ်မည် (သို့မဟုတ်) အခြား အပြစ် ပေးမည်ဟု ခြိမ်းခြောက်၍ အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက် စေသည်။


အောက်တိုဘာလ ၆ ရက်။ စစ်တပ် အတွက် လက်နက် ခဲယမ်းများ သဘောင်္ဖြင့် စင်္ကာပူမှ ရောက်လာသည်။ စစ်တပ်က ရန်ကုန်မြို့မှ ပြည်သူ များအား လူမျိုးစု သူပုန်များကို တိုက်ခိုက်ရာတွင် ပေါ်တာ အဖြစ် အတင်းအကြပ် စေခိုင်းမှု စတင် ပြုလုပ်သည်။ အာဏာသိမ်း အပြီး၌ နယ်စပ်သို့ ထွက်ပြေး သွားခဲ့သူများ အညံ့ခံ၍ ပြန်လည် ဝင်ရောက် လာနိုင်ရန် နယ်စပ် ဒေသ များတွင် ကြိုဆိုရေး စခန်း ၂၇ ခုကို ဖွင့်လှစ် လိုက်သည်။ စစ်တပ်က ကျောင်းသားများ နိုဝင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံး ထား၍ ကြိုဆိုရေး စခန်း များသို့ ရောက်မလာ ကြလျှင် ၎င်းတို့အား သူပုန် အဖြစ် သတ်မှတ် မည်ဟု ပြောကြား လိုက်သည်။


အောက်တိုဘာလ ၇ ရက်။ ဂျပန်က ယူနီဆက်မှ တဆင့် မြန်မာပြည်သို့ အရေးပေါ် ကူညီ ထောက်ပံ့မှုကို ပေးအပ် သွားမည်ဟု ကြေညာသည်။ မြန်မာနိုင်ငံ ကုလ သမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် မောင်မောင်ကြီးက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ပြုလုပ် ပေးမည်ဟု ကတိ ပြုခဲ့သည်။ ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူ များကို ဖမ်းဆီးခြင်းနှင့် တိတ်တဆိတ် ညှဉ်းပမ်း သတ်ဖြတ်မှုများ ဆက်လက် ဖြစ်ပွား နေသည်။ စစ်တပ်က သြဂုတ်လနှင့် စက်တင်ဘာလ အတွင်းက ဖြစ်ပွား ခဲ့သော ဆန္ဒပြပွဲ များတွင် ပါဝင် ခဲ့သည့် ရာပေါင်း များစွာသော ဝန်ထမ်း များကို အလုပ်မှ ဖြုတ်ပစ် လိုက်သည်။


အောက်တိုဘာလ ၁၂ ရက်။ ကေအန်ယူ သူပုန်များက ၁၉၈၄ ခုနှစ် ဇန်နဝါရီလတွင် စစ်တပ်က သိမ်းပိုက် ခဲ့သော ထိုင်းနယ်စပ် အနီးရှိ သူတို့၏ စခန်းဟောင်း မယ်သဝေါကို ပြန်လည် သိမ်းပိုက် လိုက်သည်။


အောက်တိုဘာလ ၁၇ ရက်။ သြဂုတ်လ ကတည်းက ပိတ်ခဲ့သော ရန်ကုန်မြို့မှ ဘဏ်တိုက် များကို ပြန်လည် ဖွင့်လှစ် လိုက်သည်။


အောက်တိုဘာလ ၂၆ ရက်။ ရွှေတိဂုံ ဘုရား အပြင် ဘက်တွင် ကျောင်းသားများ စုရုံး ကြပြီး အစိုးရ ဆန့်ကျင်သည့် ကေ့းကြော်သံ များကို အော်ဟစ် ကြသည်။ စစ်တပ် ရောက်လာသည့် အခါ ကျောင်းသား များက လူစု ခွဲလိုက် ကြသည်။


အောက်တိုဘာလ ၃၀ ရက်။ လုံခြုံရေး တပ်သား များက သူတို့ ပျောက်သွားသည့် သေနတ် များကို သရက်တော ကျောင်းတိုက် အတွင်းမှ ပြန်လည် တွေ့ရှိပြီ ဖြစ်ကြောင်း မြန်မာ့ အသံမှ ကြေညာသည်။


အောက်တိုဘာလ ၃၀ ရက် - နိုဝင်ဘာလ ၁၀ ရက်။ ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ်၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း တို့ရှိ မြို့/ရွာ ၅၀ ကျော် တို့ကို လှည့်လည်၍ စည်းရုံးရေး ဆင်းရာ ထောင်ပေါင်း များစွာသော လူထု ပရိသတ် များက သောင်းသောင်းဖျဖျ ကြိုဆို ကြသည်။


အောက်တိုဘာလ ၃၁ ရက်။ စစ်အစိုးရ အဖွဲ့မှ ဗိုလ်မှူးကြီး အေဘယ်လ်က မြန်မာပြည် အနေနှင့် ၂၆ နှစ် တာမျှ ကုန်သွယ်ရေး ချုပ်ကိုင်မှုကို အဆုံး သတ်လိုက်ကြောင်း ကြေညာသည်။ ဗိုလ်မှူးကြီး အေဘယ်လ်က နိုင်ငံခြားမှ ရင်းနှီး မြှုပ်နှံမှု ကိုလည်း ကြိုဆိုကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။


နိုဝင်ဘာလ ၁ ရက်။ နိုင်ငံခြားတွင် အမှုထမ်း နေသူများကို ဖယ်ရှားခြင်းများ စတင်သည်။ နိုင်ငံခြားမှ သံတမန်များ ကိုလည်း ပြန်လည် ခေါ်ယူ လိုက်သည်။


နိုဝင်ဘာလ ၂ ရက်။ မှတ်ပုံတင် ထားသည့် နိုင်ငံရေး ပါတီပေါင်း ၄၃ ခုက နယ်စပ် ဒေသများမှ ပြန်လည် ရောက်ရှိ လာသော ကျောင်းသား များအား ဖမ်းဆီးခြင်းနှင့် နှောင့်ယှက်ခြင်း များကို ကန့်ကွက် လိုက်သည်။


နိုဝင်ဘာလ ၄ ရက်။ ဗြိတိန် နိုင်ငံက မြန်မာ နိုင်ငံသို့ ပေးအပ် နေသော အကူအညီ များကို ရပ်စဲ လိုက်သည်။


နိုဝင်ဘာလ ၅ ရက်။ ထိုင်းနယ်စပ် ဒေသ တဝိုက်ရှိ ကျောင်းသား များက ကရင် သူပုန် စစ်စခန်းတွင် ပြုလုပ် ခဲ့သော အစည်းအဝေး တရပ်၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ) ခေါ် All Burma Students' Democratic Font (ABSDF) ကို ဖွဲ့စည်း လိုက်သည်။


နိုဝင်ဘာလ ၈ ရက်။ ကင်ဘရာမြို့ရှိ မြန်မာ သံရုံးမှ သံတမန် ၃ ဦး သြစတြေးလျ နိုင်ငံ၌ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသည်။ အလုပ် ဖြုတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ခေါ်ယူ စစ်ဆေး သုတ်သင်ခြင်းများ ဆက်လက် ပြုလုပ်လျက် ရှိသည်။


နိုဝင်ဘာလ ၉ ရက်။ ရန်ကုန်မြို့တွင် ရဟန်းရှင်များ ဦးစီး ကျင်းပသည့် ဆန္ဒပြပွဲကို တားဆီးခြင်း ခံရသည်။


နိုဝင်ဘာလ ၁၂ ရက်။ ထိုင်း အစိုးရက ထိုင်း ကျောင်းသားနှင့် လူ့အခွင့်အရေး အဖွဲ့အစည်း များ၏ ဝေဖန် ပြစ်တင်မှုကြောင့် ထိုင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ပရာပတ်စ်လင်ပါဖန် မြန်မာ နိုင်ငံသို့ အလည်အပတ် သွားမည့် ခရီးစဉ်ကို ဖျက်လိုက်သည်။


နိုဝင်ဘာလ ၁၅ ရက်။ အမေရိကန် လွှတ်တော်မှ ဒါနာရိုရာဗက်ချာ (Dana Rohrabacher) ထိုင်း နယ်စပ်ရှိ သေဘောဘိုး စခန်းသို့ သွားပြီး စိတ်ဓာတ် အရ လည်းကောင်း၊ နိုင်ငံရေး အရ လည်းကောင်း ကူညီ အားပေးရန် ကတိ ပေးလိုက်သည်။


နိုဝင်ဘာလ ၁၆ ရက်။ နယ်စပ်သို့ ထွက်ပြေး သွားသော ကျောင်းသား များကို ပြန်လက်ခံရန် သတ်မှတ်ရက် အချိန် ကာလကို နှစ်ကုန်သည် အထိ တိုးမြှင့် ပေးလိုက်သည်။


နိုဝင်ဘာလ ၁၉ ရက်။ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုမှ လူမျိုးစု သူပုန်၁၀ ဖွဲ့၊ မြေအောက် ကျောင်းသား အဖွဲ့ ၁၂ ဖွဲ့နှင့် အတိုက်အခံ ပါတီ အဖွဲ့အစည်း များသည် ထိုင်းနယ်စပ် အနီးရှိ ကလယ်ဒေး စခန်းတွင် တွေ့ဆုံ ဆွေးနွေး ကြပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ (Democratic Alliance of Burma, DAB) ကို ဖွဲ့စည်း လိုက်သည်။ ဥက္ကဋ္ဌ အဖြစ် ကေအန်ယူ ခေါင်းဆောင် ဗိုလ်မြ၊ ဒုဥက္ကဋ္ဌ အဖြစ် ကချင် သူပုန် ခေါင်းဆောင် ဘရမ်ဆိုင်း တို့အား ရွေးချယ် တင်မြှောက် ကြသည်။


နိုဝင်ဘာလ ၂၂ ရက်။ ထိုင်း အစိုးရက စောမောင် အာဏာ သိမ်းပြီးနောက် ထွက်ပြေး ခဲ့သော ကျောင်းသား များကို ထိုင်းနိုင်ငံ၌ ယာယီ ခိုလှုံခွင့် ပေးလိုက်သည်။


နိုဝင်ဘာလ ၂၄ ရက်။ မလေးရှား နိုင်ငံ သံအမတ်သည် သူ၏ သံတမန် ခန့်အပ်လွှာကို ဗိုလ်ချုပ် စောမောင် အစိုးရအား ပေးအပ် ခဲ့သဖြင့် စစ်အစိုးရနှင့် ပထမဦးဆုံး ဆက်သွယ်သော နိုင်ငံ ဖြစ်လာသည်။


နိုဝင်ဘာလ ၃၀ ရက်။ စစ်အစိုးရသည် နိုင်ငံခြားငွေ ရရှိနိုင်ရန် ၎င်း၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ကြေညာ ခဲ့သည်။


ဒီဇင်ဘာလ ၃ ရက်။ ဦးအောင်ကြီးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကွန်မြူနစ်ဟု စွပ်စွဲခြင်း ခံရသော သူ ၈ ဦးကို ထုတ်ပယ်ရန် ငြင်းဆန် ခဲ့သဖြင့် ထို အဖွဲ့ချုပ်မှ နှုတ်ထွက် လိုက်သည်။


ဒီဇင်ဘာလ ၁၀ ရက်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ဦးတင်ဦးအား ရွေးချယ် တင်မြှောက် လိုက်သည်။


ဒီဇင်ဘာလ ၁၄ ရက်။ ထိုင်းနိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗာလစ် ယောင်ချာယွတ် မြန်မာပြည်သို့ သွားရောက်ပြီး ထိုင်း - မြန်မာ နယ်စပ် များတွင် နေထိုင်လျက် ရှိသည့် အစိုးရ ဆန့်ကျင်ရေး ကျောင်းသား များကို ပြန်လည် ပို့ဆောင် ပေးရန် အတွက် အပြန်အလှန် သဘောဖြင့် ရရှိခဲ့သည့် မြန်မာ အစိုးရ၏ ရက်ရော လှသော သစ်ခုတ်ခွင့်နှင့် ငါးဖမ်းခွင့်များ ပိုက်၍ ထိုင်း နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာသည်


ဒီဇင်ဘာလ ၁၆ ရက်။ ဦးအောင်ကြီးက ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီ ပါတီကို ထူထောင် လိုက်သည်။


ဒီဇင်ဘာလ ၁၈ ရက်။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည် အရှေ့တောင်ပိုင်း ခရီးမှ ရန်ကုန်သို့ ပြန်ရောက် လာသည်။ ထိုဒေသ တွင်လည်း ဒေသခံ ပြည်သူ လူထု အများစု၏ ထောက်ခံ ကြိုဆိုမှု ရလာ ခဲ့သည်။


ဒီဇင်ဘာလ ၁၉ ရက်။ လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာ ခေါင်းကြီးပိုင်းတွင် နိုင်ငံရေး ပါတီများ အနေနှင့် လိုက်နာရမည့် စည်းကမ်း၊ တရား ဥပဒေနှင့် အစိုးရ အမိန့် ထုတ်ပြန် ကြေညာချက် များကို လိုက်နာ ကြရန် ဖြစ်ပြီး ပြည်သူ များကို သွေးထိုး လှုံ့ဆော်ရန် အချိန် မဟုတ် တော့ကြောင်း ရေးသား လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က "သန့်ရှင်းပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင် မဖြစ်နိုင် ကျွန်မတို့ မေးကြ ရပါမယ်။ ကျွန်မတို့က ဒါကို ဆန့်ကျင် နေတာ ဖြစ်ပါတယ်" ဟု ပြန်လည် ဖြေကြားသည်။


ဒီဇင်ဘာလ ၂၁ ရက်။ ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်ချုပ်ကြီး ချာဗာလစ် ယောင်ချာယွတ်တို့ ရခဲ့သည့် သဘော တူညီမှု၏ တစိတ် တဒေသ အဖြစ် ထိုင်း နယ်စပ်မှ ကျောင်းသား များအား မြန်မာပြည် ပြန်ပို့ရန် အတွက် ထိုင်းနိုင်ငံ တာ့ခ်လေဆိပ် အနီး၌ ကြိုဆိုရေး စခန်း တခု ဖွင့်လှစ် လိုက်သည်။ အစိုးရ စစ်တပ်မှ မယ်သဝေါ ကရင် သူပုန် စခန်းကို ပြန်လည် သိမ်းပိုက် လိုက်သည်။


ဒီဇင်ဘာလ ၂၆ ရက်။ ပထမ အသုတ် ဖြစ်သော မြန်မာ ကျောင်းသား ၈၀ ကို ထိုင်းနိုင်ငံ တာ့ခ်မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ပို့ဆောင် ပေးလိုက်သည်။


ဒီဇင်ဘာလ ၂၇ ရက်။ ဗိုလ်ချုပ် အောင်ဆန်း၏ ဇနီးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဖြစ်သူ ဒေါ်ခင်ကြည် (အသက်- ၇၆ နှစ်) ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ထိုင်း အစိုးရက မြန်မာ အစိုးရအား ထိုင်းလေကြောင်း ပိုက်နက် ထဲတွင် လေယာဉ်ပျံဖြင့် နယ်စပ် ဒေသ များကို ကောင်းကင် ဓာတ်ပုံ ရိုက်နိုင်ရန် ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ ခွင့်ပြု လိုက်သည်။


ရင်းမြစ်..ဘာတီလင်တနာရဲႚ 'ဒေၝမာန်ဟုန် - ဗမာပြည်ဒီမိုကရေစီတိုက်ပွဲ မှ ပြန်လည် မျှဝေလိုက်ပါတယ်.။